မင်းကိုသတ်တာ ဓားနတ်ဘုရားရွှီယန်ပဲ
Vol. 22 Ch. 318
ရွှီယန်က လက်ကိုဆန့်ကာ ကျောက်စားပွဲပေါ်ရှိ သိုလှောင်အိတ်ကို ယူသည်။ ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ကြက်သွေးရောင် ခေါင်းတလားက ပွင့်ထွက်သွားပြီး အတွင်းထဲမှ ကြက်သွေးရောင် လက်တစ်ချောင်း ထွက်လာခဲ့၏။ သူ၏ လက်ကောက်ဝတ်ကို လှမ်းကာ ဖမ်းဆွဲသည်။
"လူငယ်...ဟော်ထူကို သတ်ပြီးတော့ ဒီနေရာကို ရောက်လာတာလား။ မင်းက သာမန်မဟုတ်ဘူး။ ငါလည်း အသွေးအသားအစာကို လိုအပ်နေတာနဲ့ အတော်ပဲ.."
အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရွှီယန်မှာ တည်ငြိမ်စွာသာ ရှိနေ၏။ အရာအားလုံးကို သိနေပြီး ဖြစ်သည့်နှယ် ရှိသည်။ သူ၏လက်ကို ရုတ်သိမ်းခြင်းမရှိဘဲ ရတနာအိတ်ကို တစ်ခါတည်း ဆက်လက် ဆုပ်ကိုင်ကာ တစ်ချိန်တည်းတွင် လက်ကောက်ဝတ်ကို ကြက်သွေးရောင်လက်က ဖမ်းဆုပ်ခြင်းအား ခံလိုက်ရ၏။
ကြက်သွေးရောင်လက်မှ စွမ်းအားကြီးမားကာ ခြောက်ခြားဖွယ် အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ ၎င်းသည် သွေးနီရောင် မီးတောက်ကဲ့သို့ အလင်းတစ်ခုကို ရေးတေးတေး ထုတ်လွှတ်နေပြီး အသွေးအသားတို့ကို တိုက်စားကာ အဆီအနှစ်ကို သန့်စင်ပြီး ဝါးမြိုမည့်နှယ် ရှိသည်။
ရွှီယန်သည် သိုလှောင်အိတ်ကို ကိုင်ဆွဲထားရင်းမှ သူ၏ မျက်လုံးများ၌ အေးစက်သည့် အလင်းတစ်ခု လက်သွားသည်။ ခါးမှ ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး လည်ပတ်နေသည့် ဘီးတစ်ခုနှယ် ကြက်သွေးရောင်လက်ဆီသို့ ပြေးဝင်သွား၏။
ဓားစက်ဝန်းက ကြက်သွေးရောင်လက်အား ဖြတ်တောက်တော့မှာပါ။
"ဟန်.."
ပျက်စီးနေသည့် ကြက်သွေးရောင် ခေါင်းတလားအတွင်းမှ အံ့ဩသံတစ်ခု ထွက်ပေါ်လာ၏။ ရွှီယန်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားသည့် လက်ကို ပြန်ရုတ်သွားသည်။
သို့ပေမယ့် ဓားစက်ဝန်းက လက်ကောက်တစ်ခုသဖွယ် လက်ကောက်ဝတ်တွင် ရစ်ပတ်နေပြီး လှည့်လည်နေပါသည်။
"ဒါကဘာလဲ.."
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ခေါင်းတလားက လုံးဝ ပေါက်ကွဲထွက်သွားပြီး ကြက်သွေးရောင် ပုံရိပ်တစ်ခု မတ်တတ်ရပ်လာသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ သွေးနီရောင် အငွေ့အသက်တို့ ထူးဆန်းစွာ ထွက်ပေါ်နေ၏။ နောက်ထပ် လက်တစ်ဖက်နှင့် ရိုက်ထုတ်ကာ ဓားစက်ဝန်းကို ဖျက်ဆီးရန် ကြိုးစားသည်။
ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့၏။ ဓားစက်ဝန်းက ရုတ်တရက် ကြီးထွားလာကာ တစ်ဖက်လူကို ဖုံးလွှမ်းလှည့်လည်ရန် ကြိုးစားသည်။
"ကောင်းလိုက်တဲ့ကောင်.."
ကြက်သွေးရောင်ပုံရိပ်က ကြောက်ရွံ့ခြင်းမရှိပေ။
"အုန်း.."
သူ၏ခန္ဓာကိုယ်မှ သွေးနီရောင်မီးတောက်များ ထွက်ပေါ်လာ၏။ ညှို့မှိုင်းကာ တိုက်စားသည့် အငွေ့အသက်က လေထဲတွင် ပြည့်နက်လာပြီး ညှီစို့သည့် သွေးများအဖြစ် ပြောင်းလဲသွားသည်။ ဓားစက်ဝန်းကို လွှမ်းခြုံသွား၏။ တဟစ်ဟစ်မြည်သံများ ထွက်ပေါ်လာတော့သည်။
ရွှီယန်က အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။ သူသည် ပိုမိုကာ သတိကြီးလာခဲ့၏။ သွေးနှင့်မီးတောက်တို့၏ ဖုံးလွှမ်းမှုအောက်တွင် ဓားစက်ဝန်းက အရည်ပျော်လာခဲ့သည်။
ရွှီယန်က ဆက်လက် တိုက်ခိုက်ခြင်းမပြုဘဲ ကြက်သွေးရောင်ပုံရိပ်ကို မျက်မှောင်ကျုံ့ကာ ကြည့်နေ၏။ တစ်ဖက်လူတွင် ရှည်လျားသည့် အနီရောင်ဆံပင်များ ရှိကာ မျက်နှာမှာ အလွန် အိုမင်းလှပါသည်။ သို့ပေမယ့် သူ၏ခန္ဓာကိုယ်တွင် သွေးများနှင့် ပုံမှန်မဆန်သည့် ကြက်သွေးရောင်တို့ ပြည့်နက်နေကြောင်းကို ခံစားရ၏။
အချိန်တိုင်းတွင် ညှို့မှိုင်းသည့် လေထုက ပတ်ဝန်းကျင်ကို ထိုးဖောက်စိတ်ဝင်လာပြီး သွေးညှီနံ့က လိုက်ပါလာခဲ့သည်။
"ဖြစ်နိုင်တာက ခင်ဗျားကမှ မီးတောက်သတ်ဖြတ်ခြင်း နတ်ဆိုးအရှင်သခင်လား.."
ရွှီယန်က အံ့သြစွာပြော၏။
"ငါက နတ်ဆိုးဂိုဏ်းရဲ့ သွေးနတ်ဆိုးဘုရင်ပဲ။ ဟော်ထူက ငါ့ရဲ့ တပည့်တစ်ယောက်ပဲ ဖြစ်တယ်.."
သွေးနတ်ဆိုးဘုရင်၏ မျက်လုံးများက နီရဲနေပြီး ကြက်သွေးရောင် အလင်းဖျော့ဖျော့ကို ထုတ်လွှတ်နေပါသည်။
"သွေးနတ်ဆိုးဘုရင်လား.."
ရွှီယန်က မျက်မှောင်ကျုံ့သွားသည်။ ထိုနာမည်ကို တစ်ခါမှ ကြားဖူးခြင်းမရှိပေ။
သို့ပေမယ့် တစ်ဖက်လူမှာ နတ်ဆိုးအရှင်သခင် ဟော်ထူ၏ ဆရာဖြစ်ရာ စွမ်းအားကြီးမားပြီး နတ်ဆိုးဂိုဏ်း၏ အရေးပါသူတစ်ယောက် ဖြစ်ရပေမည်။
"ခင်ဗျားရဲ့တပည့် ဟော်ထူကသေပြီ။ ပြီးတော့ သူနဲ့လောင်းကြေးလည်း ထပ်ထားတယ်။ သူ့ကို သတ်ပြီးရင် သူ့တစ်ဘဝလုံး ပိုင်ဆိုင်ခဲ့သမျှ ရတနာတွေက ကျွန်တော့်အပိုင်ပဲ။ ဒါကြောင့်မို့လို့ ဒီအိတ်ကို ယူသွားလိုက်မယ်.."
ရွှီယန်က သိုလှောင်အိတ်ကို ခါးတွင်ချိတ်လိုက်၏။
သွေးနတ်ဆိုးဘုရင်က မျက်မှောင်ကျုံ့သွားပြီး အလိုမကျစွာ ပြောသည်။
"ကောင်လေး... မင်းငါ့ကို တစ်ခါမှ မကြားဖူးဘူးလား.."
သူသည် နတ်ဆိုးဂိုဏ်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် သွေးနတ်ဆိုးဘုရင် ဖြစ်သည်။ တစ်ခါတုန်းက မြို့တစ်မြို့လုံးကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့ပြီး သွေးအဆီအနှစ်အဖြစ် သန့်စင်ကာ စစ်ဘုရင်အဆင့်သို့ ဝင်ရောက်ခဲ့၏။
ထိုအပြင် စွမ်းအားကြီးသူ များစွာတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် တန်ပြန်သတ်ဖြတ်မှု ပြုကာ သွေးများကို သန့်စင်ခဲ့သည်။ အထွတ်အထိပ် စစ်ဘုရင်များပင်လျှင် ပါဝင်၏။
နောက်ဆုံးတွင် သွေးသန့်စင်ခြင်းနှင့် အထွတ်အထိပ် စစ်ဘုရင်၏ အတားအဆီးကို ချိုးဖျက်ကာ ပိုမိုသန်မာလာခဲ့သည်။
နတ်ဆိုးအရှင်သခင်ကြီးက ပျောက်ကွယ်သွားပြီး နတ်ဆိုးဂိုဏ်းမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့၏။ သူသည် ပုလ္လင်အတွက် အခြား ပုဂ္ဂိုလ်များစွာဖြင့် တိုက်ခိုက်ခဲ့လေသည်။
အလစ်အငိုက် တိုက်ခိုက်ခြင်း ခံလိုက်ရပြီး နောက်ဆုံးတွင် ဒဏ်ရာအပြင်းအထန်ရကာ သေချင်ယောင်ဆောင်ပြီး ဒီနေရာတွင် ယခုအခြေအနေထိ နေနေခြင်းဖြစ်၏။
မီးတောက်သတ်ဖြတ်ခြင်း(ဟော်ထူ) နတ်ဆိုးရှင်သခင်မှာ သူ၏တပည့် ဖြစ်သည်။ သူ၏ အသက်ဓာတ်ကို ထိန်းသိမ်းရန်အတွက် သွေးအစာကို ရှာဖွေပေး၏။ထို့ကြောင့် ယနေ့အချိန်အထိ အသက်ရှင်နေခြင်း ဖြစ်သည်။
နတ်ဆိုးဂိုဏ်းနှင့် အတွင်းဘက်လောကရှိ သိုင်းလောကအကြောင်းကို ဗဟုသုတရှိသည့် မည်သူမဆို သွေးနတ်ဆိုးဘုရင်၏ ရက်စက်သည့် ဂုဏ်သတင်းကို ကြားသိပြီးကြမှာ ဖြစ်သည်။
ရွှီယန်က သူ့ကိုကြည့်ကာ တည်ငြိမ်စွာ ပြော၏။
"ခင်ဗျားလို အမှိုက်အိုကြီး အကြောင်းကို နားလည်ဖို့ ကျွန်တော် စိတ်မဝင်စားဘူး... မသိတာလည်း ပုံမှန်ပါပဲ.."
"အမှိုက်အိုကြီး..."
သွေးနတ်ဆိုးဘုရင်က ဒေါသတကြီး ရယ်၏။
"သွေးအစာ... မင်းကမြန်း ငါ့ကို အထင်သေးရဲတယ်... ငါ့ရဲ့ဘဝမှာ မင်းလိုကောင်မျိုးကို တစ်ခါမှမမြင်ဖူးခဲ့ဘူး။ အချိန်အတော်ကြာအောင် အသက်ရှင်ပြီးတဲ့နောက်မှာ တကယ်ပဲ ကိစ္စသစ်တွေကို ကြုံတွေ့လာရတာပဲ.."
သူ၏ ခန္ဓာကိုယ်မှ ထူထဲသည့် သွေးကဲ့သို့ စွမ်းအင်တစ်ခု မြင့်တက်လာခဲ့သည်။
ရွှီယန်က အေးစက်စွာ ပြော၏။
"ခင်ဗျားက အသက်ရှင်နေတာ တော်တော်လေး ရှည်ကြာနေပြီ။ ဒါပေမယ့် အရမ်း အားနည်းနေတုန်းပဲ။ ဒါတောင်မှ မောက်မောက်မာမာ ပြောရဲသေးတယ်ပေါ့။ ကိုယ့်ကိုယ်ကို အရှုံးသမားလို့ ဝန်ခံရမှာ အဲ့လောက်ထိ ခက်ခဲနေလား.."
ရွှီယန်သည် နတ်ဆိုးဂိုဏ်းမှ လူများအတွက် ကောင်းမွန်သည့် ခံစားချက်မရှိပါ။ အထူးသဖြင့် မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံထားသည့် နတ်ဆိုးမျိုး ဖြစ်သည်။
သွေးနတ်ဆိုးဘုရင်သည် ယခုမျှ ကြောက်စရာကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထားပြီး ကြက်သွေးရောင် အငွေ့အသက်တို့ဖြင့် လွှမ်းခြုံနေ၏။ ကျင့်ကြံရန်အတွက် မည်မျှ များပြားသည့် လူသားများကို သတ်ဖြတ်ခဲ့လဲ မသိနိုင်ပေ။
"ငါ့ရှေ့မှာ ချက်ချင်းဒူးထောက်စမ်း.."
သွေးနတ်ဆိုးဘုရင်က ဒေါသတကြီး ဖြစ်သွား၏။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ တစ်ဖက်လူကို တစ်ဝက်တစ်ပြက် ကောင်းကင်လူသား၏ စွမ်းအားဖြင့် ဖိနှိပ့်လိုက်သည်။
ရွှီယန်မှာ တည်ငြိမ်စွာသာ ရှိနေဆဲဖြစ်၏။ သက်ရောက်ခြင်း လုံးဝမရှိပေ။ သူ၏ခန္ဓာကိုယ်မှ ဓားဆန္ဒ အငွေ့အသက်တစ်ခု ရေးတေးတေး ထုတ်လွှတ်နေပြီး တောင်နှင့်မြစ်တို့ ထွက်ပေါ်လာသည့်နှယ် ရှိသည်။ ၎င်းသည် ရုတ်တရက် သေခြင်းရှင်ခြင်း ဓားစက်ဝန်းအဖြစ် ပြောင်းလဲသွား၏။
"မင်းကို အသုံးပြုပြီး ငါ့ရဲ့ဓားသိုင်းကို အရည်သွေးရမယ်.."
ဓားစက်ဝန်း ဖွင့်လှစ်လာပြီးနောက် သေခြင်းဓားနှင့် ရှင်ခြင်း ဓားနှစ်ချောင်းတို့က သွေးနတ်ဆိုးဘုရင် ဆီသို့ ရုတ်တရက် ပြေးဝင်သွားသည်။
ထိုအချိန်၌ သွေးနတ်ဆိုးဘုရင်၏ ပုံစံက ကြီးစွာပြောင်းလဲသွား၏။ တစ်ဖက်ရန်သူသည် သူ၏ တစ်ဝက်တစ်ပြက် ကောင်းကင်လူသား ဒီဗိုင်းစွမ်းအားဖြင့် သက်ရောက်ခြင်း လုံးဝမရှိပေ။
ဖြစ်နိုင်သည်မှာ ဒီကောင်လေးသည် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက် လေလား။ ထို့အပြင် ရွှီယန်၏ အငွေ့အသက်မှာ ပုံမှန် မဟုတ်ကြောင်းကို ရုတ်တရက် တွေ့လိုက်ရသည်။ ဤသည်မှာ သိုင်းသခင် သို့မဟုတ် စစ်ဘုရင်တစ်ယောက်၏ အငွေ့အသက်မျိုး မဟုတ်ပေ။ တူညီစွာပင် တစ်ဝက်တစ်ပြက် ကောင်းကင်လူသား တစ်ယောက်၏ အငွေ့အသက်လည်း မဟုတ်ပါ။
"ဘုန်း.."
ခြောက်သွေ့သည့် တောင်ကုန်း၌ ကြီးမားသည့် အပေါက်ကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး ပုံရိပ်နှစ်ခုတို့ ပျံသန်းထွက်လာခဲ့သည်။
တစ်ယောက်မှာ သွေးကဲ့သို့ အနီရောင်ရှိပြီး ကြောက်စရာကောင်းသည့် ကြက်သွေးရောင်အလင်းကို ထုတ်လွှတ်နေပါသည်။ ညှီစို့သည့် သွေးလှိုင်းများက ရစ်ဝဲနေပြီး အလွန်ကြောက်ဖို့ကောင်းလှ၏။
သူ၏လက်ထဲရှိ အဖျားကောက်ဓားမှာလည်း သွေးကဲ့သို့ နီရဲကာ ရက်စက်စဥ်းလဲသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပါသည်။
ရွှီယန်မှာ လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး ဓား၏ ခုတ်ပိုင်းမှုနှင့်အတူ သေခြင်း
ရှင်ခြင်းဓားက ထွက်ပေါ်လာခဲ့သည်။ သေခြင်းနှင့်ရှင်ခြင်း စက်ဝန်းက အဆုံးမသတ်နိုင်အောင် ဆက်လက် ဖြစ်ပေါ်နေပြီး တိုက်ခိုက်မှုများက ပြောင်းလဲနေပါသည်။
တိုက်ခိုက်လေလေ သွေးနတ်ဆိုးဘုရင်မှာ ပိုမိုပိုမိုကာ ကြောက်လန့်လာလေ ဖြစ်လာခဲ့၏။ ထူးဆန်းသည့် ဓားစက်ဝန်းကို ခြေဖျက်လိုက်သည့် အချိန်တိုင်းတွင် ဒုတိယမြောက် ဓားစက်ဝန်းက ချက်ချင်း ထွက်ပေါ်လာ၏။
ပထမတွင် ဓားစက်ဝန်း၏ပုံက အနည်းငယ် ပုံရိပ်ယောင်ဆန်ကာ ပြည့်စုံခြင်း မရှိပေ။ သို့ပေမယ့် တဖြည်းဖြည်းနှင့် ပိုမိုသိပ်သည်းကာ စွမ်းအားကြီးမားလာခဲ့၏။
ထို့အပြင် ဓားစက်ဝန်း၏ လှည့်ပတ်မှုနှင့်အတူ တိုက်ခိုက်မှုနှင့် ခုခံမှုက ခန့်မှန်း၍ မရနိုင်အောင် ရှိနေပြီး ခုခံရသည်မှာ ပိုမိုပိုမိုကာ ရှုပ်ထွေးလာခဲ့သည်။
အခိုက်အတန့်တစ်ခုတွင် ဓားအလင်းတစ်ခုမှ သေခြင်း၏ အငွေ့အသက်ကိုပင် ခံစားခဲ့ရ၏။