← Chapters

မင်းကိုသတ်တာ ဓားနတ်ဘုရားရွှီယန်ပဲ(၂)

Vol. 22 Ch. 319

မင်းကိုသတ်တာ ဓားနတ်ဘုရားရွှီယန်ပဲ(၂)

Vol. 22 Ch. 319

သူ၏ ကြမ်းကြုတ်သည့် တိုက်ခိုက်မှုကို နောက်ထပ် ဓားအလင်းတစ်ခုက ကာလိုက်၏။ ဤသည်မှာ ကျယ်ပြောကာ အဆုံးမသတ်နိုင်အောင် ရှိနေပြီး ခုခံခြင်းကို အသွင်ဆောင်သည်။

သို့ပေမယ့် သူက ၎င်းကို ခုခံခြင်းဓားဟု တွေးမိလောက်ချိန်တွင် ၎င်းသည် လျှပ်တပြက်အတွင်း သေခြင်းဓားအဖြစ် ပြောင်းလဲသွားခဲ့၏။ သူ၏လက်ကိုပင် ခုတ်ပိုင်းခံရလုမတတ် ဖြစ်သွားစေခဲ့သည်။

တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်နှင့်အမျှ ရွှီယန်၏ နားလည်သဘောပေါက်မှုတို့က နက်ရှိုင်းလာခဲ့၏။

သေခြင်းဓားနှင့် ရှင်ခြင်းဓားတို့က ဆက်လက်ဖွံ့ဖြိုးတိုးတက်နေပြီး သူ၏ရှေ့တွင် ထိုက်ကျိသင်္ကေတကဲ့သို့ လှည့်လည်လာသည့် အချိန်အထိ ရောက်ရှိလာခဲ့သည်။

ဓားအလင်းက တဖြည်းဖြည်းနှင့် အဖြူနှင့်အမဲအဖြစ် ပြောင်းလဲလာကာ ဆက်တိုက် ဆင့်ကဲပြောင်းလဲမှုတို့နှင့် ဓားဆန္ဒအသစ်တစ်ခု မွေးဖွားလာသည့်ဟန် ရှိသည်။

သို့ရာတွင် သူသည် သေခြင်းရှင်ခြင်း ဓားဆန္ဒအား ပြည့်စုံစွာ နားလည်သဘောပေါက်ရန် အချိန်အနည်းငယ် လိုအပ်နေသေး၏။

"ဒီနေ့က တကယ့်ကို အကျိုးအမြတ်များတဲ့ နေ့ပဲ။ သိုလှောင်အိတ် တစ်အိတ်ကို ရခဲ့တယ်။ ပြီးတော့ သေခြင်းရှင်ခြင်း ဓားစက်ဝန်းကိုလည်း အစောပိုင်း ဖမ်းဆုပ်နိုင်မှုတစ်ခု ရလာခဲ့ပြီ။ သွေးနတ်ဆိုးဘုရင်... မှတ်ထား... မင်းကိုသတ်တဲ့လူက ဓားနတ်ဘုရားရွှီယန်ပဲ.."

ရွှီယန်၏ လက်ထဲရှိ သေခြင်းရှင်ခြင်း ဓားစက်ဝန်းက ရုတ်တရက် နှစ်ခုကွဲသွားကာ ကြောက်စရာကောင်းသည့် ဓားအလင်းများအဖြစ် ပြောင်းလဲသွားသည်။ တစ်စက္ကန့်ပင် မကြာသည့် အချိန်အတွင်းတွင် သွေးနတ်ဆိုးဘုရင်ကို အတွင်းထဲ၌ ချုပ်နှောင်သွား၏။

ဓားအလင်းများက လျှပ်တပြက်နိုင်ကာ စုစည်းလာခဲ့သည်။ သေခြင်းရှင်ခြင်းတို့က ပြောင်းလဲနေပြီး သွေးနတ်ဆိုးဘုရင်ကို ပြင်းထန်စွာ ခုတ်ပိုင်း၏။

"စိတ်ကူးယဉ်နေတဲ့ ကောင်လေး... ငါ့ကိုသတ်ချင်တယ်ပေါ့။ မင်းက တော်တော်မောက်မာတာပဲ.."

သွေးနတ်ဆိုးဘုရင်၏ မျက်လုံးများထဲ၌ အေးစက်သည့် အလင်းတစ်ချက် လက်သွားသည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သွေးရောင်အလင်းက ကောင်းကင်သို့ ထိုးတက်သွားပြီး သူ၏ ပြင်းထန်သည့် သွေးမီးတောက်များက ကောင်းကင်တစ်ဝက်ကို အရောင်စိုးသွားသည်။

သွေးနီရောင် အဖျားကောက်ဓားက ကောင်းကင်ကို ပိုင်းဖြတ်သွားသည့်ပုံ ပေါ်၏။ ဒီအချိန်၌ တစ်ဝက်တစ်ပြက် ကောင်းကင်လူသား တစ်ယောက်၏ စွမ်းအားကို ပြီးပြည့်စုံစွာ ထုတ်လွှတ်ထားပါသည်။

အရေးကြီးသည့် အခိုက်အတန့်အတွက် ချန်လှပ်ထားသည့် လျှို့ဝှက်အတတ်ကိုလည်း အသုံးပြုလိုက်ပြီးဖြစ်၏။

သွေးနတ်ဆိုးဘုရင်၏ နှလုံးသားထဲ၌ အေးစက်မှုတစ်ခု စီးဆင်းလာခဲ့သည်။ သူသည် သေခြင်းရှင်ခြင်း၏ အန္တရာယ်ကို ကြီးစွာ ခံစားလိုက်ရပုံ ပေါ်၏။

ဓားစက်ဝန်းနှစ်ခု၏ အလင်းများက အလွန်အန္တရာယ်များလှသည်။ သူ့ကို အချိန်မရွေး အသက်နှုတ်သွားနိုင်၏။

အတိတ်တုန်းက များပြားလှသည့် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရတုန်းကပင်လျှင် ယခုမျှ ပြင်းထန်သည့် သေခြင်းရှင်ခြင်း အန္တရာယ်အငွေ့အသက်ကို ခံစားခဲ့ရခြင်း မရှိပေ။

သူသည် ထိတ်လန့်သွားခဲ့၏။ ဒီလူငယ်ကို အဘယ်ကြောင့် အလွန် စွမ်းအားကြီးမားနေ သနည်းဟု အံ့သြနေမိသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ အသက်ကယ်လျှို့ဝှက်အတက်ကို ပြတ်သားစွာ အသုံးပြုလိုက်၏။

"ဘုန်း.."

သေခြင်းရှင်ခြင်း ဓားစက်ဝန်းက သက်ဆင်းလာပြီး သေခြင်းနှင့် ရှင်ခြင်းတို့ ပြောင်းလဲကာ ရန်သူ၏ ခုခံမှုကို ချိုးဖျက်ပြီး တိုက်ခိုက်လာမှုတို့ကို ဖျက်ဆီးသည်။

သွေးနတ်ဆိုးဘုရင်မှာ မည်မျှပင် အရူးအမူး တန်ပြန်တိုက်ခိုက်စေကာမူ သေခြင်းရှင်ခြင်း ဓားစက်ဝန်းအတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေ၏။

"ရွှက်.."

အခိုက်အတန့်တစ်ခုတွင် သေခြင်းရှင်ခြင်းဓားက အတူတူ ပေါင်းစည်းကာ ကြောက်စရာကောင်းသည့် ဓားဆန္ဒတစ်ခု မြင့်တက်လာခဲ့သည်။ လျှပ်တပြက်အတွင်း တောင်နှင့်မြစ်တို့သဖွယ် ပြောင်းလဲသွားပုံ ပေါ်၏။ သေခြင်းရှင်ခြင်းက တစ်ခုတည်းအဖြစ် ပေါင်းစည်းသည်။

အရာအားလုံးအား သုတ်သင်ခြင်း...

သွေးနတ်ဆိုးဘုရင်၏ အသိစိတ်က မှင်သက်သွား၏။

ဓားအလင်းအောက်တွင် ပြာအဖြစ် ပြောင်းလဲလာနေသည့် သူ၏ခန္ဓာကိုယ်ကိုသာ ကြည့်နေနိုင်သည်။

ဤသည်မှာ မည်ကဲ့သို့သော ဓားသိုင်းဖြစ်သနည်း။

သူသည် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက်သာ ဖြစ်ပေမယ့် အသွေးနှင့်အသားတို့ ပျက်စီးသွားလျှင်တောင် အသိစိတ်က ကျန်ရှိသေးသည်။

ရွှီယန်လည်း မမြင်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ အသိစိတ်ကို ခံစားလိုက်ရပြီး မျက်မှောင်ကျုံ့သွား၏။ ဤသည်မှာ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများ ကျင့်ကြံသည့် စိတ်ဝိဉာဉ်ခန္ဓာလေလား။

"ဝိဉာဉ်ကို ဖျက်ဆီးရမယ်... အသေအချာပဲ... လူတစ်ယောက်က သက်ဆိုင်ရာ ခွန်အားအဆင့် တစ်ခုကို ရောက်သွားပြီဆိုရင် သူတို့ကို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သတ်ဖြတ်တာက မလုံလောက်တော့ဘူး။ ဒါက အပြီးအပြတ် မရှင်းထုတ်နိုင်ဘူး.."

ရွှီယန်က သက်ပြင်းချသည်။ ဆရာဖြစ်သူက အစောပိုင်းကတည်းက ရန်သူကို သုတ်သင်လျှင် ဝိဉာဉ်ကိုပါ ဖျက်ဆီးရမည်ဟု သင်ကြားခဲ့တာ အံ့ဩစရာ မရှိပေ။

မဟုတ်ပါက လွတ်မြောက်သွားစေနိုင်၏။

ဓားစက်ဝန်းက လည်ပတ်ကာ သေခြင်းရှင်ခြင်းဓားက မမြင်နိုင်သည့် စိတ်ဝိဉာဉ်ခန္ဓာအား ထိုးစိုက်သွား၏။ သေခြင်းဓားအလင်းက ထွက်ခွာကာ စိတ်ဝိဉာဉ်ခန္ဓာကို လုံးဝဖျက်ဆီးလိုက်သည်။ သွေးနတ်ဆိုးဘုရင်သည် ကျဆုံးခဲ့လေသည်။

သွေးနတ်ဆိုးဘုရင်ကို သတ်ဖြတ်ပြီးနောက် ရွှီယန်က စဉ်းစားသည်။ ဒီလူသည် တစ်ဝက်တစ်ပြက် ကောင်းကင်လူသား တစ်ယောက်သာ ဖြစ်ပေမယ့် စစ်မှန်သည့် ကောင်းကင်လူသားတစ်ယောက်မှာလည်း သူ့ထက် အများကြီး ပိုမိုသန်မာနေမည် မဟုတ်ကြောင်းကို သာဓကယူနိုင်၏။

"အတွင်းဘက်နယ်မြေမှာ စစ်မှန်တဲ့ ကောင်းကင်လူသားများ ရှိလားမသိဘူး.."

ရွှီယန်၏ မျက်လုံးများထဲ၌ သိလိုစိတ်လို့ ပြည့်နက်လာခဲ့၏။

ယနေ့အချိန်အထိ အတွင်းဘက်နယ်မြေတွင် ကောင်းကင်လူသားအဆင့် သိုင်းသမားများ၏ တည်ရှိမှုကို ဘယ်တုန်းကမှ ကြားသိဖူးခြင်း မရှိပါ။ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများ၏ တည်ရှိမှုကို သိရှိသည့် သိုင်းသမားများပင်လျှင် အလွန် အကန့်အသတ်ကြီးမား၏။ ထိပ်တန်းအင်အားစုများနှင့် အထွတ်အထိပ် စစ်ဘုရင်အချို့လောက်သာ သိပါသည်။

ထို့ကြောင့် ကြည့်ရသည်မှာ အတွင်းဘက်နယ်မြေတွင် မည်သည့် စစ်မှန်သည့် ကောင်းကင်လူသားမှ မရှိသည့်ပုံ ရှိသည်။

'ငါ့သာ ကောင်းကင်လူသား တစ်ယောက်နဲ့ ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင် ငါ့ရဲ့ သေခြင်းရှင်ခြင်း ဓားစက်ဝန်းက ပိုပြီးတော့ ပြည့်စုံလာမှာ..'

ရွှီယန်က နောင်တရစွာ စဉ်းစား၏။ သို့ပေမယ့် သူသည် ပြန်လည် စိတ်လှုပ်ရှားလာခဲ့သည်။ နောက်ဆုံးတွင် မျှော်လင့်တောင့်တနေခဲ့သည့် သိုလှောင်အိတ်အား ရရှိခဲ့လေပြီ။ အချိန်တို့ အလွန်ကြာညောင်းခဲ့၏။

ခါးတွင် ချိတ်ထားသည့် သိုလှောင်အိတ်ကို ဖြုတ်လိုက်သည်။ အစစ်အမှန်ချီကို ထိုးသွင်းကာ ဖွင့်ပြီး အတွင်းထဲသို့ကြည့်၏။ အိတ်၏ အတွင်းတွင် စိတ်ဝိဉာဉ်လက်မှတ် အထပ်လိုက်နှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အပုံလိုက် ရှိပါသည်။ ထို့အပြင် စိတ်ဝိဉာဉ်ဆေးပင်များ၊ ပုလင်းများနှင့် အိုးအချို့တို့လည်း ရှိသည်။

'နတ်ဆိုးရှင်သခင် ဟော်ထူက တကယ့်ကို ချမ်းသာတာပဲ..'

ရွှီယန်က ရေတွက်ပြီးနောက် ချက်ချင်းပင် စိတ်လှုပ်ရှားမှုနှင့် ပြည့်နက်လာခဲ့သည်။ သူသည် နောက်ဆုံးတွင် ပြန်လည် ချမ်းသာလာခဲ့ပြီ ဖြစ်၏။

သိုလှောင်အိတ်မှာ ဖားတစ်ကောင်နှင့် တူသည်။ ခါးတွင် ချိတ်ဆွဲထားခြင်းမှာ သေးငယ်သည့် ဖားတစ်ကောင်အား ချိတ်ထားသည်နှင့် တူ၏။ ပိတ်နေသည့် ဖား၏ပါးစပ်မှာ သိုလှောင်အိတ်၏ ဖွင့်လှစ်ရာ အပေါက်ဖြစ်သည်။

အစစ်အမှန်ချီကို ထိုးသွင်းကာ အိတ်၏ နှုတ်ခမ်းဝနှင့် ကိုယ်ထည်တို့ကို ချဲ့ထွင်နိုင်၏။ ဤသည်က ပစ္စည်းများကို သိုလှောင်ခြင်းနှင့် ထုတ်ယူခြင်းအတွက် များစွာ ပိုမို အဆင်ပြေစေသည်။

နတ်ဆိုးအရှင်သခင် ဟော်ထူ၏ ရတနာများကို အောင်မြင်စွာ ရရှိခဲ့ပြီး သွေးနတ်ဆိုးဘုရင်ကိုလည်း အလွယ်တကူ သတ်ဖြတ်ကာ သေခြင်းရှင်ခြင်းဓားစက်ဝန်းက တိုးတက်လာခဲ့၏။

ပြီးနောက် ရွှီယန်က အချိန်ဖြုန်းမနေတော့ပါ။ ခြောက်သွေ့တိတ်ဆိတ်သည့် တောင်မှ ထွက်ခွာပြီး ချန်းလန်ကျွန်းဆီသို့ ခရီးဆက်ခဲ့၏။

မြို့တစ်မြို့ အတွင်းတွင် ဓားသခင်ချောက်ကမ်းပါး၏ ဆက်သွယ်ရေး အမှတ်တစ်ခုကို တွေ့ရပြီး ရှဲ့လင်ဖုန်းအား ချန်းလန်ကျွန်းသို့ လာရန် အကြောင်းကြားလိုက်သည်။

'အတွင်းဘက်နယ်မြေရဲ့ ပြဿနာကြီးတွေနဲ့ ပဋိပက္ခကြီးတွေကို ရှောင်ရှားဖို့အတွက် သဟွသိုင်းပညာကို ပြောင်းလဲကျင့်ကြံနိုင်ဖို့ အသေးစိတ် သုတေသနာပြုဖို့ လိုအပ်တယ်။ အဲ့ဒါမှပဲ သဟွသိုင်းပညာက အတွင်းဘက်နယ်မြေရဲ့ ရှိရင်းစွဲသိုင်းပညာကို အစားထိုးနိုင်မှာ..'

ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစား၏။ ယခုအချိန်၌ သူ့တွင် ထိုကိစ္စအတွက် အဖြေကောင်း မရှိသေးပါ။ အစစ်အမှန်ချီကို စုစည်းခြင်းက ဖြစ်နိုင်၏။ သို့ပေမယ့် အစစ်အမှန်ချီ တစ်ခုတည်းအား စုစည်းခြင်းဖြင့် အောင်မြင်စွာ ပြောင်းလဲနိုင်ပြီဟု ဆိုလိုခြင်း မဟုတ်ပါ။

'ခုနှစ်စင်ကြယ် အကယ်ဒမီရဲ့ သိုင်းပညာ ပညာရှင်တွေက အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာတွေနဲ့ အရမ်းကို ရင်းနှီးတယ်။ အဲ့ဒီ့အပေါ်မှာ နက်ရှိုင်းတဲ့ သုတေသန ပြုလုပ်ထားမှုတွေလည်း ရှိတယ်။ ငါသာ သူတို့ကို သဟွသိုင်းပညာ သင်ပေးလိုက်ရင် ဖြစ်နိုင်တာက နည်းလမ်းတစ်ခုကို ဖန်တီးလာနိုင်မယ် ထင်တယ်..'

'ဒါမှမဟုတ် သူတို့ဆီကနေ ငါလည်း အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာအနှစ်သာရကို ပိုမိုနားလည်လာပြီး နည်းလမ်းတစ်ခုကို ရှာထုတ်လာနိုင်လိမ့်မယ်..'

ရွှီယန်က တိတ်ဆိတ်စွာ စဉ်းစားသည်။

ရွှီယန်၏ ချန်းလန်ကျွန်းတွင် အထွတ်အထိပ် စစ်ဘုရင်များအား သတ်ဖြတ်ခဲ့စဉ်ကတည်းက မည်သူမှ ထိုနေရာသို့ ခြေချရဲခြင်း မရှိတော့ပါ။

ချန်ချင်းစံအိမ်၏ တိုက်ပွဲပြီးဆုံးကာ ချန်းလန်ကျွန်း၏ ပိုင်နက်မှာ သဟွ၏ ပိုင်နက်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် မြစ်ပြင်ပေါ်တွင် သွားသွားလာလာ ပြုကြသည့် လူများသည် ကျွန်းကို မျှော်လင့်စွာဖြင့် ကြည့်မိကြပေမယ့် ရွှီယန်၏ ကြောက်စရာကောင်းသည့် ဂုဏ်သတင်းကြောင့် မည်သူမှ ချဉ်းကပ်သွားရဲခြင်း မရှိပေ။

ခုနှစ်စင်ကြယ် အကယ်ဒမီမှ ဖန်းယွမ်တို့ လူတစ်စု ရောက်ရှိလာသည့် အချိန်အထိ ဖြစ်၏။

ဖန်းယွမ်နှင့် ခုနှစ်စင်ကြယ် အကယ်ဒမီမှ သိုင်းပညာ ပညာရှင်များ ရောက်ရှိလာခဲ့တာ အချိန်တစ်ခုကြာပြီး ဖြစ်သည်။ သူတို့သည် နေ့စဉ်နေ့တိုင်း လက်ထဲတွင် စာအုပ်ကို ကိုင်ဆောင်ကာ ဖတ်ရှု့လိုက်၊ စဉ်းစားလိုက် အကြိမ်ကြိမ်လုပ်နေကြ၏။ သို့မဟုတ် စာရွက်နှင့် စုတ်တံတို့အား ကိုင်ကာ တစ်ခုခုအား ရေးချနေကြ၏။ သိုင်းပညာအား လေ့လာမှုကို ဘယ်တော့မှ ရပ်တန့်ခြင်းမရှိပေ။

"ပညာရှင်ရွှီ ရောက်လာပြီလား။ ကျေးဇူးပြုပြီး ထိုင်ပါဦး.."

ရွှီယန်ကို တွေ့ရပြီးနောက် ဖန်းယွမ်တို့ လူစုက အလျှင်အမြန် ချဥ်းကပ်လာကြ၏။ ကုလားထိုင်တစ်ခုကို ဆွဲယူပေးကာ ထိုင်စေသည်။

ရွှီယန်မှာ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ စီနီယာ သိုင်းပညာ ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီး ဖြစ်၏။

ထို့ကြောင့် ထိုကဲ့သို့ ခေါ်ဆိုခြင်းဖြစ်သည်။

ချန်ချင်းစံအိမ်ရှိ တိုက်ပွဲအကြောင်းကို သူတို့အားလုံး သိရှိပြီး ဖြစ်သည်။

"ပညာရှင်ဖန်က အားနာလွန်းနေပါပြီ.."

ရွှီယန်က သူ့ကို အပြုံးတစ်ခုဖြင့် လက်သီးနှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။

ဖန်းယွမ်တို့ လူစုမှာ ရွှီယန်ရွေးချယ်ထားသည့် သိုင်းပညာ ပညာရှင်အုပ်စု ဖြစ်သည်။ သူတို့၏ ဦးနှောက်များသည် သိုင်းပညာ လေ့လာရာ၌သာ နှစ်မြုပ်နေပြီး မဲမှောင်သည့် မျက်လုံးများက ၎င်းကို ပိုမို သိသာလာစေ၏။

"သိုင်းပညာလေ့လာမှုမှာ ဘယ်အခိုက်အတန့်ကိုမှ ဖြုန်းတီးလို့ မရဘူး။ ပညာရှင်ရွှီ.. ဒါက သဟွသိုင်းပညာ စာအုပ်လား.."

ဖန်းယွမ်တို့၏ မျက်လုံးများသည် မျက်ကွင်းများညိုနေပေမယ့် အထူးတောက်ပနေ၏။ ရွှီယန်ကို မျှော်လင့်စွာဖြင့် စိုက်ကြည့်နေကြသည်။

"ကောင်းပါပြီ။ ဒါဆိုလည်း အချိန်မဖြုန်းကြရအောင်.."

ရွှီယန်က သေးငယ်သည့် စာအုပ်တစ်အုပ်ကို ထုတ်သည်။ ထိုအထဲတွင် အခြေခံနှင့် စတင်ခြင်းအဆင့် ကျင့်ကြံမှုတို့ ပါဝင်၏။ အရေပြား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းမှ ချီနှင့်သွေးအဆင့်အထိ ပါရှိသည်။

"ဒါက သိုင်းပညာရဲ့ အခြေခံနဲ့ စတင်ခြင်း အဆင့်ပဲ။ ခင်ဗျားတို့တွေ ကြည့်ကြည့်လို့ရတယ်။ ပြီးတော့ သဟွသိုင်းပညာက အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာနဲ့ လုံးဝခြားနားနေတယ်။ အခုအချိန်မှာ သိုင်းသမားများစွာက သဟွသိုင်းပညာကို ပြောင်းလဲလိုကြပေမယ့် နည်းလမ်းမရှိဘဲ ဖြစ်နေတယ်.."

"ခင်ဗျားတို့တွေက အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာကို လေ့လာရင်းနဲ့ တစ်ဘဝလုံး ကုန်ဆုံးခဲ့ကြတယ်။ သဟွသိုင်းပညာကို နားလည်မှုရပြီးရင် အတွင်းဘက်နယ်မြေက သိုင်းပညာစနစ်ကို သဟွသိုင်းပညာစနစ်အဖြစ် ဘယ်လိုပြောင်းလဲရမယ် ဆိုတာ သုတေသန ပြုနိုင်လောက်တယ်.."

ဖန်းယွမ်တို့က ချက်ချင်းပင် လေးနက်လာကြသည်။ သဟွသိုင်းပညာ၏ ပေါ်ထွက်လာမှုသည် အတွင်းဘက်နယ်မြေ၏ သိုင်းလောကအပေါ်ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်စေ၏။

အချက်အလက်များစွာတို့က သဟွသိုင်းပညာကို အတွင်းဘက်နယ်မြေ၏ သိုင်းပညာထက် ပိုမိုသန်မာသည်ဟု ညွှန်ကြားပြသနေသည်။

မည်သည့် သိုင်းသမားက စွမ်းအားကို လိုက်လံ ရှာဖွေမှု မပြုလို့နည်း။ သဟွသိုင်းပညာသာ ပျံ့နှံ့သွားပါက အဖွဲ့အစည်းကြီးများအားလုံး ထိုင်နေနိုင်မည် မဟုတ်တော့ပေ။

ဘာပဲဖြစ်ဖြစ် သူတို့၏ စွမ်းအားကြီးမားနေခြင်းမှာ ကိုယ်ပိုင်အရင်းအမြစ်တို့ အပြင် အဓိကအချက်မှာ အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းခဲ့သည့် သိုင်းကျင့်စဉ်များမှ လာခြင်း ဖြစ်သည်။

ဤသည်တို့သည် အပြင်ဘက်လောကရှိ ကျင့်စဉ်များထက် များစွာပိုမို စွမ်းအားကြီး၏။ ဤသည်မှာ ထိပ်တန်း အင်အားစုကြီးများ၏ စွမ်းအားအရင်းအမြစ်လည်း ဖြစ်သည်။ သို့ပေမယ့် သဟွသိုင်းပညာက သူတို့၏ ထိုအခြေခံကို လှုပ်ခါလာခဲ့၏။

ချန်ချင်းစံအိမ်ရှိ အံ့သြစရာကောင်းလှသည့် တိုက်ပွဲကြောင့် ထိုအဖွဲ့အစည်းများသည် အလွန် သတိကြီးနေကြပြီး လှုပ်ရှားမှု မပြုရသေးပေ။ သို့ပေမယ့် အချိန်တစ်ခုကြာပြီးပါက သူတို့၏ သိုင်းပညာ အမွေအနှစ်အား ခြိမ်းခြောက်မှုတို့ ပါဝင်နေသည့် အန္တရာယ်ကို ခံစားလာရပြီး အတူတူပူးပေါင်းကာ ရှင်သန်နိုင်မည့် နည်းလမ်းကို ရှာဖွေမှာ သံသယဝင်စရာ မရှိပေ။

ထိုသိုင်းပညာ တိုက်ပွဲကြီးကို လျှော့ချရန် သို့မဟုတ် ရှောင်ရှားရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ပြောင်းလဲခြင်း နည်းလမ်းကို ဖြန့်ဝေရန် ဖြစ်သည်။

အဓိက အဖွဲ့အစည်းကြီးများရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များတွင် ခိုင်မာသည့် အခြေခံတို့ ရှိကြသည်။ သူတို့သာ အောင်အောင်မြင်မြင် ပြောင်းလဲကျင့်ကြံနိုင်ပါက အားသာချက်တို့ ရှိနေဆဲဖြစ်မှာ ဖြစ်၏။ ဤနည်းအားဖြင့် အသက်ကို စွန့်စားရလောက်အောင် လုပ်ဆောင်မည် မဟုတ်တော့ပေ။

အမွေအနှစ်က အရေးကြီးပေမယ့် ပိုမိုစွမ်းအားကြီးသည့် သိုင်းပညာကို ကျင့်ကြံရန်မှာ ပိုမို အရေးကြီးပါသည်။

"စိတ်ချပါ ပညာရှင်ရွှီ.. ကျွန်တော်တို့တွေ အကောင်းဆုံးလုပ်ပါမယ်... ဒီကိစ္စက အခြားလူတွေအတွက်ပဲ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်အတွက်လည်းပဲ အရမ်းကို အရေးကြီးတယ်။ ကျွန်တော်တို့တွေ သေချာပေါက် ပြောင်းလဲမယ့် နည်းလမ်းတစ်ခုကို အဖြေထုတ်ဖို့ နည်းလမ်းတစ်ခု ရှာပါမယ်.."

ဖန်းယွမ်က လေးနက်စွာ ပြောသည်။

All Chapters