ပြောင်းလဲခြင်းနည်းလမ်း၊ မျက်နှာပြာနှင့်လူ၏ လှုပ်ရှားမှုများ(၂)
Vol. 22 Ch. 327
သို့ရာတွင် အထောက်အကူပြု ဒန်ဆေးလုံး၏ အသုံးပြုနိုင်မှုအတွက် သက်ဆိုင်ရာ အကန့်အသတ်တို့ ရှိနေမှာဖြစ်ပြီး ကျင့်ကြံမှုစနစ် ပြောင်းလဲသည့် နည်းလမ်းကိုလည်း ချန်ချင်းစံအိမ်က ထိန်းချုပ်ထားမှာ ဖြစ်သည်။
"အတွင်းဘက်နယ်မြေမှာ မရေမတွက်နိုင်တဲ့ သိုင်းသမားတွေရှိပြီး မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ရှိနေတယ်။ ဖြစ်နိုင်တာက ကျင့်ကြံခြင်းစနစ် ပြောင်းခဲ့တဲ့ နည်းလမ်းသာ ပျံ့နှံ့သွားရင် တစ်ယောက်ယောက်က ဒန်ဆေးလုံးတွေကို မလိုအပ်ပဲ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားကို စုစည်းမဲ့ နည်းလမ်းတစ်ခုကို နားလည်လာနိုင်မှာလည်း ဖြစ်နိုင်တယ်.."
လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။
ရှဲ့လင်ဖုန်း၏ အောင်မြင်သည့် ပြောင်းလဲမှုကို တွေ့ရပြီးနောက် သိုင်းပညာ ပညာရှင်များထဲမှ သိုင်းသခင်များလည သူတို့၏ ကျင့်ကြံခြင်းစနစ်အား မူလအဆင့်သို့ ပြောင်းလဲရန် စိတ်လှုပ်ရှားနေကြသည်။
ပြီးနောက် အတွင်းဘက်နယ်မြေ၏ သိုင်းပညာနှင့် သဟွတို့အကြား ခြားနားချက်များကို ဆက်လက် လေ့လာမည်ဖြစ်သည်။
ဟူရှန်းလည်းပဲ သိုင်းပညာစနစ်အား ပြောင်းလဲရန် ပြင်ဆင်ထားသည်။ ရှဲ့လင်ဖုန်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို ဆက်လက် စုစည်းပြီး အတွင်းဘက်မှ မြှင့်တင်မှုတို့ ပြုလုပ်၏။
ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန်မှာတော့ ထိုစိတ်ကူးကို မေ့လျော့ထားပါသေးသည်။ သူ၏ အခြေခံက အားနည်းနေသေးရာ အဆင့်ချိုးဖျက်ရန် မဖြစ်နိုင်အောင် ဖြစ်စေ၏။
ယခုအချိန်၌ သူအနေနှင့် အလုပ်ဆောင်ချင်ဆုံး အရာမှာ မူလအဆင့် ကျင့်ကြံသူ တစ်ယောက်၏ ပြည့်စုံသည့် စွမ်းအားကို ပိုင်ဆိုင်လာပြီး စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူနိုင်ရန် ဖြစ်သည်။
ရွှီယန်သည် မူလအဆင့်၏ ပြီးပြည့်စုံသည့် အထွတ်အထိပ် အခြေအနေကို တက်လှမ်းနိုင်ခဲ့ပြီး အထွတ်အထိပ် စစ်ဘုရင်တို့ကို သတ်ဖြတ်ခဲ့၏။
ရှဲ့လင်ဖုန်းမှာ ပိုမိုနိမ့်ပါးသည့် ရည်မှန်းချက်တို့ ရှိပါသည်။ အလယ်အလတ် စစ်ဘုရင်တစ်ယောက်အား သူ၏ မူလအဆင့် ပြီးပြည့်စုံခြင်း စွမ်းအားနှင့် ရင်ဆိုင်နိုင်လျှင် လုံလောက်ပြီ ဖြစ်၏။
ချန်းလန်ကျွန်းတွင် ချန်ချင်းစံအိမ်၏ ဒန်ဆေးခန်းမက ဖြစ်တည်လာခဲ့၏။ ၎င်းကို ဆေးဆရာဖန်က ကြီးကြပ်သည်။
ပုံမှန်အားဖြင့် ထန်းပေါင်စံအိမ်ရှိ လူများက ဆေးလုံးများကို လာရောက်ကူးသန်းကာ လိုအပ်သည့် စိတ်ဝိဉာဉ်ဆေးပင်များကို ပို့ဆောင်ပေးသည်။
ရွှီယန်က ဓားဆန္ဒကို ဆက်လက် လေ့လာနေပြီး ကျိုးယင်မှာ မူလအဆင့်သို့ ချိုးဖျက်ရန်အတွက် ပြင်ဆင်၏။
လီရွှမ်မှာ သက်တောင့်သက်သာ ရှိလှသည့် ဘဝကို ဆက်လက် နေထိုင်နေ၏။ ရံဖန်ရံခါ မြစ်ပြင်ပေါ်တွင် မျောလွင့်ရင်းမှ ငါးမျှားလေ့ရှိသည်။ သူ၏ နေ့ရက်များက အေးအေးဆေးဆေး နိုင်လှ၏။
တစ်နေ့တွင်...
"သင်၏တပည့် မုန့်ချုံသည် စစ်ဘုရင်တစ်ယောက်ကို လက်သီးတစ်ချက်ဖြင့် အနိုင်ယူခဲ့သည်။ သင်၏ တိုက်ခိုက်မှုအတွေ့အကြုံတို့ မြင့်တက်လာခဲ့သည်.."
ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့၏။ မုန့်ချုံသည် စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူခဲ့လေသည်။
"သူတို့တွေ ကျစ်ယွင်(ခရမ်းရောင်တိမ်)နိုင်ငံကို ရောက်နေပြီးပြီလား.."
လီရွှမ်က စဉ်းစားသည်။ ဖြစ်နိုင်သည်မှာ မကြာခင်တွင် မုန့်ချုံသည်လည်း အထွတ်အထိပ်စစ်ဘုရင် များကို အနိုင်ယူနိုင်လောက်၏။
သူ၏ လက်ရှိခွန်အားနှင့် ထုံးရွှမ်အဆင့်ကို ချိုးဖျက်ရန်အတွက် မွမ်းမံမှုများကို ပြုလုပ်ထားရာ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို နိုင်ရန် ခက်ခဲမည် မဟုတ်ပေ။
"သင်၏တပည့် မုန့်ချုံသည် အထွတ်အထိပ်စစ်ဘုရင်များကို ဆက်တိုက် သတ်ဖြတ်ခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်း ဆေဘာ၏ စွမ်းအားက မြင့်တက်လာခဲ့ပြီး သင်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဆေဘာ၏ ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်.."
လီရွှမ်က မှင်သက်သွားသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဆေဘာသည် အဆင့်မြင့်တက်သွားခဲ့လေသည်လား။
မုန့်ချုံ၏ အထွတ်အထိပ် စစ်ဘုရင်များကို ဆက်တိုက် သတ်ဖြတ်ပြီးမှု နောက်တွင် နောက်ထပ် တန်ပြန်အကျိုးပြုမှုများ ထပ်မံရောက်လာခြင်း မရှိတော့ပါ။
ရွှီယန်က ဓားဆန္ဒကို ဆက်လက် လေ့လာနေ၏။ သူ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် လေညင်းက ဆက်တိုက် မျောလွင့်နေပြီး ညင်သာမှုအတွင်းတွင် သုတ်သင်လိုသည့် အားတစ်ခုလည်း ပါဝင်နေပါသည်။
ကြည့်ရသည်မှာ စိတ်ဝိဉာဉ်နှင့် အသိစိတ်တို့ကို သတ်ဖြတ်လိုပုံ ပေါ်၏။ လီရွှမ်က စိတ်လှုပ်ရှားလာခဲ့သည်။
'ရွှီယန်က သာမန် ဓားလမ်းစဥ်တစ်ခုကို လေ့လာနေတာ မဟုတ်ဘဲ အဲ့ဒီ့အစား ဒီဗိုင်းဝိဉာဉ်ကို တစ်ခါတည်း သတ်ဖြတ်တဲ့ ဓားဆန္ဒကို လေ့လာနေတာပဲ..'
ရွှီယန်သာ ၎င်းကို နားလည်သဘောပေါက်နိုင်ပါက တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများကို သက်တောင့်သက်သာဖြင့် သတ်ဖြတ်နိုင်မှာ ဖြစ်သည်။
စစ်မှန်သည့် ကောင်းကင်လူသားများကို ရင်ဆိုင်ရပင်လျှင် ကြောက်စရာလိုခြင်း မရှိပေ။ ထို့အပြင် ဓားဆန္ဒကိုသာ နားလည်သွားပါက သူလည်းပဲ အသုံးပြုနိုင်၏။
'ကြီးမြတ်သောနေ ရွှေခန္ဓာရဲ့ နောက်တစ်ဆင့်ကိုလည်း ငါစဉ်းစားသင့်တယ်။ ဘာအားနည်းချက်မှ မရှိအောင် ကောင်းကောင်း သုံးသပ်ရမယ်..'
လီရွှမ်က အတွေးနက်သွားသည်။ ချန်းလန်ကျွန်းသည် တည်ငြိမ်ပြီး အေးချမ်းစွာ ရှိနေ၏။
သို့ရာတွင် အတွင်းဘက်နယ်မြေ၏ အပြင်ပန်းအောက်၌ တိတ်ဆိတ်စွာ လှုပ်ရှားသွားလာနေသည့် ဝဲဂယက်များ ရှိနေပါသည်။
ယန်ဒေသရှိ သေးခဲ့သည့် ရွာငယ်တစ်ခုတွင် အဝါရောင် အရေပြားနှင့် အဘိုးအိုတစ်ယောက်သည် ဆံဖြူခါးကိုင်းစွာဖြင့် ယိုယွင်းနေသည့် သစ်သားအိမ်တစ်ခု အတွင်း၌ နေထိုင်နေ၏။ သူသည် လက်ရှိအချိန်၌ သစ်သားရုပ်ထုတစ်ခုကို ထွင်းနေပြီး သစ်သားစများက နေရာတိုင်းတွင် လွင့်ပျံနေပါသည်။
မကြာခင် အေးစက်ကာ တင်းမာသည့် မျက်နှာထားနှင့် လူလတ်ပိုင်း လူကြီးတစ်ယောက်ပုံ ပေါ်လာခဲ့သည်။
မျက်လုံးများက မကောင်းဆိုးဝါးဆန်ကာ အကြည့်က အေးစက်လှ၏။
အဘိုးကြီးသည် ထိုပန်းပုရုပ်ထုအား လှုပ်ရှားခြင်းမရှိဘဲ အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီး အတွေးထဲ၌ ပျောက်ဆုံးနေသည့်ဟန် ရှိသည်။
ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် မျက်နှာပြာနှင့် လူက ဖြေညှင်းစွာ လျှောက်လှမ်းလာပြီး အဘိုးအို၏ ရှေ့တွင် ရပ်တန့်သွား၏။ သူ၏အကြည့်က အဘိုးအို၏ လက်ထဲရှိ ရုပ်ထုအပေါ်သို့ ခဏတာ ကျရောက်သွားပြီးနောက် ပြုံးကာ ပြောသည်။
"ဘယ်သူတွေးမိမှာလဲ။ တစ်ချိန်က နာမည်ကျော်ကြားခဲ့တဲ့ နတ်ဆိုးသားတော်က အသက်ရှင်နေသေးပြီး ဒီလိုချောင်ကျတဲ့ ရွာငယ်လေးမှာ တိတ်တဆိတ် နေထိုင်နေမယ်လို့.."
အဘိုးအိုက ရုပ်ထုကိုသာ မှင်သက်စွာ ကြည့်နေ၏။ မျက်နှာပြာနှင့်လူ ရောက်ရှိလာမှုကို သတိမထားမိဟန် တူသည်။
မျက်နှာပြာနှင့်လူက စိတ်မရှိပေ။ ဆက်လက်ပြောသည်။
"နတ်ဆိုးအရှင်သခင်ကြီး နတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့စဉ်အချိန်တုန်းက သူ့ရဲ့အနားမှာ အသက်၇နှစ် ၈နှစ်လောက်ရှိတဲ့ ကလေးငယ်တစ်ယောက် လိုက်ပါလာလေ့ရှိတယ်။ သူက နတ်ဆိုးအရှင်သခင်ကြီးရဲ့ အနီးကပ်ဆုံးလူတစ်ယောက် ဖြစ်ပြီး နတ်ဆိုးသားတော်လို့လည်း လူသိများကြတယ်။ နတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးအရှင်သခင် ၉ယောက်ထဲမှာ အဆင့်အမြင့်ဆုံးနဲ့ အသန်မာဆုံးလည်း ဖြစ်တယ်။ နတ်ဆိုးအရှင်သခင်ကြီး ပျောက်ကွယ်သွားပြီး နတ်ဆိုးဂိုဏ်း အစိတ်စိတ်မွှာမွှာ ဖြစ်သွားတဲ့နောက်မှာ နတ်ဆိုးဂိုဏ်းက အခြား စွမ်းအားကြီးမားတဲ့ လူများစွာရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရပြီး ဆုတ်ခွာခဲ့ရတယ်.."
"အဲ့ဒီ့ကတည်းက အတွင်းဘက်နယ်မြေမှာ သွေးဆာတဲ့ နတ်ဆိုးသားတော်ရဲ့ အမည်က ပျောက်ကွယ်သွားခဲ့တာ ကြာပြီ။ ဘယ်သူတွေးမိမှာလဲ... အရမ်းကို အောင်မြင်ကျော်ကြားခဲ့တဲ့ အတိတ်ရဲ့ နတ်ဆိုးသားတော်က ဒီလိုရွာငယ်လေးမှာ အနားယူနေမယ်လို့.."
နတ်ဆိုးသားတော်က ခေါင်းကိုမော့ကာ မျက်နှာပြာနှင့်လူကို ကြည့်သည်။
"လိုရင်းကိုပြော... မလိုအပ်တာ တစ်ခွန်းထပ်ပြောရင် မင်းသေပြီ.."
မျက်နှာပြာနှင့်လူက နက်ရှိုင်းစွာ ပြောသည်။ "အကြီးအကဲယင် သေပြီ.."
"သူသေတော့ ဘာဖြစ်လဲ.."
နတ်ဆိုးသားတော်က ဂရုစိုက်ခြင်းမရှိပေ။ အကြီးအကဲယင်မှာ နတ်ဆိုးဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် မဟုတ်သည့်ပုံ ရှိသည်။ ထိုသူ၏ သေဆုံးမှုက သူနှင့် အဘယ်သို့ သက်ဆိုင်သနည်း။
အကြီးအကဲယင်မှာ နတ်ဆိုးဂိုဏ်းမှ ဖြစ်လျှင်တောင် ထိုသူ၏ သေဆုံးမှုက သူနှင့် မသက်ဆိုင်ဆဲ ရှိသည်။
"အကြီးအကဲယင်... သူ.. လူတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် တာဝန်တစ်ခုကို ရခဲ့တယ်။ အဲ့ဒီ့တာဝန်ကို ဖြည့်တင်းနိုင်ရင် လင်းယွီရဲ့ဂိတ်ကို ဝင်ခွင့်ရလိမ့်မယ်.."
မျက်နှာပြာနှင့်လူက နတ်ဆိုးသားတော်ကို စူးစိုက်စွာကြည့်သည်။ နတ်ဆိုးသားတော်က ခေါင်းမော့လာ၏။
သူ၏မျက်နှာက ပြောင်းလဲခြင်းမရှိပေ။ တည်ငြိမ်စွာသာ ရှိနေဆဲ ရှိ၏။
"လူတစ်ယောက်ကို ဖမ်းပေးတာက လင်ယွီရဲ့ ဂိတ်တံခါးကို ဝင်ခွင့်ရမယ်လို့ မင်းသေချာရဲ့လား.."
မျက်နှာပြာနှင့်လူက လက်ကိုမြှောက်ကာ စာလိပ်တစ်ခုကို ပေးလိုက်၏။
နတ်ဆိုးသားတော်က ဖွင့်လိုက်ပြီးနောက် အတွင်းထဲသို့ ကြည့်ကာ သူ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်လာခဲ့သည်။
"ဒီလူကို ဘယ်နေရာမှာ ရှာတွေ့နိုင်မလဲ.."
"ချန်းလန်ကျွန်းမှာ.."
မျက်နှာပြာနှင့်လူက နက်ရှိုင်းသည့် အသံဖြင့် ဖြေကြားသည်။
နတ်ဆိုးသားတော်က ကိုင်ဆောင်ထားသည့် ရုပ်တုကို ခုံပေါ်သို့ ဂရုတစိုက်ဖြင့် တင်ဆောင်ပြီးနောက် မေးသည်။
"မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ... သူ့လိုလူတစ်ယောက်ကို ဖမ်းဆီးဖို့က လွယ်ကူတဲ့ တာဝန်တော့ မဟုတ်ဘူး မလား.."
"အကြီးအကဲယင်နဲ့ အခြား အကြီးအကဲတွေအားလုံး သေပြီ... အထွတ်အထိပ် စစ်ဘုရင်တွေ ၁၀ယောက်ကျော်လောက်လည်း သေဆုံးခဲ့ရတယ်။ အခု အဖွဲ့အစည်းအားလုံးက စွမ်းအားကြီး ပုဂ္ဂိုလ်တွေကို ကျွန်တော် ဆက်သွယ်ပြီးပြီ။ ငါတို့တွေ ချန်းလန်ကျွန်းကို အတူတူ ပူးပေါင်းတိုက်ခိုက်ပြီး အဲ့ဒီ့လူကို လက်လွှဲပေးဖို့ ဖိအားပေးဖို့ စီစဉ်ထားတယ်.."
မျက်နှာပြာနှင့်လူက မည်သည်ကိုမှ ဖုံးကွယ်ခြင်း မရှိပေ။ သူ၏ အစီအစဉ်တစ်ခုလုံးကို ပြောပြ၏။
ခဏတာ စဉ်းစားချင့်ချိန်ပြီးနောက် နတ်ဆိုးသားတော်က သစ်သားတံဆိပ်ပြား တစ်ခုကို ထုတ်ကာ မျက်နှာပြာနှင့်လူဆီသို့ ပစ်ပေးလိုက်သည်။
"လန်းဖူကို သွားရှာလိုက်.."
"ငါ့ကို ကိုယ်တိုင် လှုပ်ရှားစေချင်ရင်တော့ မင်းတို့မျက်နှာပြာအဖွဲ့က ကျစ်ကျွယ်ကို ကိုယ်တိုင်လာပြီး ဖိတ်ခေါ်ဖို့ပြောလိုက်.."
မျက်နှာပြာနှင့်လူက ဒေါသထွက်ခြင်း မရှိပေ။ သစ်သားတံဆိပ်ပြားကို ယူကာ ဦးညွှတ်ပြီးနောက် ပြော၏။
"ကျွန်တော် သွားပါဦးမယ်.."
ထို့နောက် သူက လှည့်ထွက်သွားသည်။ သို့ပေမယ့် ရုတ်တရက် ခေါင်းလှည့်ကြည့်ကာ မေး၏။
"အဲ့ဒါက နတ်ဆိုးအရှင်သခင်ကြီးရဲ့ ရုပ်ထုလား.."
နတ်ဆိုးသားတော်က သူ့ကိုလျစ်လျူရှု့ကာ သစ်သားစတစ်ခုကို ကောက်ယူပြီး အာရုံစူးစိုက်စွာဖြင့် စတင်ထွင်းထုနေ၏။ သစ်သားစများက ပျံ့လွှင့်နေပြီး ရုပ်တု၏ အသွင်အပြင်က စတင် ပေါ်ထွက်လာခဲ့သည်။
မျက်နှာပြာနှင့်လူက ထွက်ခွာသွား၏။
ချန်းလန်ကျွန်းမှ မိုင်ထောင်ချီဝေးသည့် တောတစ်ခု၏ အလယ်တွင် ဝတ်စုံဖြူဝတ် မျက်နှာပြာလူက တောထဲတွင် ရပ်နေ၏။ သူ၏နောက်တွင် ဝတ်စုံနီဝတ် မျက်နှာပြာ ၁၀ယောက်တို့ ရှိနေပါသည်။
ထိုဝတ်စုံနီဝတ် မျက်နှာပြာအားလုံးတို့မှာ အထွတ်အထိပ်စစ်ဘုရင်များ ဖြစ်ကြ၏။
မကြာခင် ခြေသံများ ထွက်ပေါ်လာခဲ့သည်။ ရေခဲရေထဲတွင် စိမ်ထားသကဲ့သို့ ဖြူရော်သည့် မျက်နှာနှင့် လူတစ်ယောက် သူတို့ဆီသို့ ဖြေးညှင်းစွာ လျှောက်လှမ်းလာ၏။
လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဓားရှည်က အေးစက်သည့် အလင်းရောင်ကို ထုတ်လွှတ်နေပါသည်။
ထိုလူ ချဥ်းကပ်လာသည်နှင့်အမျှ လေထုက တဖြည်းဖြည်းနှင့် အေးစိမ့်လာခဲ့၏။ သူသည် သစ်ပင်ကြီးတစ်ပင်၏ ရှေ့သို့ ရောက်ရှိပြီးနောက် ရပ်တန့်သွားပြီး ၎င်းပေါ်တွင် အသာမှီရပ် နေလိုက်၏။
သူ၏နောက်ရှိ သစ်ပင်၌ အေးစက်သည့် ရေခဲလွှာတစ်ခု ဖုံးလွှမ်းလာပြီး သစ်ပင်ပင်စည်၌ အသက်ဓာတ်တို့ ဖြေးညှင်းစွာ ဆုံးရှုံးလာခဲ့သည်။
ထိုလူကိုကြည့်ကာ ဝတ်စုံဖြူဝတ် မျက်နှာပြာနှင့် လူ၏ မျက်လုံးများ၌ ထိတ်လန့်မှုတို့ ပေါ်လာခဲ့၏။ မကြာခင် နောက်ထပ် ပုံရိပ်နှစ်ခုတို့ ပေါ်လာကြသည်။
အားလုံးမှာ ခေါင်းစွပ်များ ဝတ်ထားကြပြီး မျက်နှာကို ဖော်ပြလိုခြင်း မရှိပေ။ သိသာစွာပင် နောက်ခံကို ထုတ်ဖော်လိုခြင်း မရှိပါ။
ရောက်ရှိလာပြီးနောက် သူတို့က ဖြူရော်နေသည့် မျက်နှာနှင့်လူကို ကြည့်သည်။ တစ်ယောက်က အံ့ဩစွာ အသံပြု၏။
"အဲ့ဒါက လန်းဖူမလား... နတ်ဆိုးအရှင်သခင် လန်းဖူပဲ.."
လန်းဖူက သူတို့နှစ်ယောက်ကိုကြည့်ကာ နှာခေါင်းရှုံ့သည်။
"လူသတ်ပြီး လုယက်ချင်ရင် နည်းနည်းလောက် ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းလုပ်။ ခေါင်းကိုဖွက်ထားပြီး အမြှီးကိုပဲပြတာက ငကြောက်တွေရဲ့ လုပ်ရပ်ပဲ။ ပေါ်သွားမှာ ကြောက်နေရင် ထွက်မလာတာ ပိုကောင်းတယ်.."
ခေါင်းစွပ်နှင့် လူနှစ်ယောက်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး လန်းဖူကို လျစ်လျူရှု့သွားကြသည်။
"အခု အားလုံးရောက်လာကြပြီ.. သွားကြရအောင်.."
လန်းဖူက ပြော၏။
"မစုံသေးဘူး.."
ဝတ်စုံဖြူဝတ် မျက်နှာပြာနှင့်လူက နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
လန်းဖူက မျက်မှောင်ကျုံ့သွားပြီး အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။ ရုတ်တရက် ပုံရိပ်ဆယ်ချီတို့ ပေါ်လာ၏။
အားလုံးတို့မှာ အထွတ်အထိပ်စစ်ဘုရင်များ ဖြစ်ကြသည်။ ထိုလူများ အားလုံးသည် မျက်နှာဖုံးများကို ဝတ်ဆင်ထားကြပြီး သူတို့၏ နောက်ခံကို ဖုံးကွယ်ထားကြ၏။ တစ်ယောက်နှင့် တစ်ယောက်လည်း စကားများကြီး ပြောခြင်းမရှိကြပေ။
ဝတ်စုံဖြူဝတ် မျက်နှာပြာနှင့်လူက လူအားလုံးတို့ကို ရေတွက်ကြည့်သည်။ စုစုပေါင်း အထွတ်အထိပ်စစ်ဘုရင် ၅၅ယောက်နှင့် သူ၏နောက်ရှိ ၁၀ယောက် စုစုပေါင်း အထွတ်အထိပ်စစ်ဘုရင် ၆၅ယောက်ရှိပါသည်။
ခွန်အားအရာကို ပြောရလျှင် ချန်ချင်းစံအိမ်ကို ဝိုင်းဝန်းတိုက်ခိုက်စဉ်ကထက် ကျော်လွန်နေပြီးဖြစ်၏။
ထို့အပြင် ဒီတစ်ကြိမ်၌ လန်းဖူနှင့် အခြားတစ်ဝက်တစ်ပြက် ကောင်းကင်လူသား နှစ်ယောက်တို့လည်း ပါလာခဲ့သည်။
လူတစ်ယောက်ကို ဖမ်းဆီးရန်အတွက် ယခုမျှသော အင်အားမှာ လုံလောက်ခြင်း မရှိပါက နောက်ဆုံးအနေနှင့် အခြားနည်းလမ်းကို အသုံးပြုကာ တစ်ဖက်လူကို ဖိအားပေးရန်သာ ရှိပါတော့သည်။
စုလင်းရှုံ၏ လင်းယွီ ဂိတ်တံခါးနှင့် ပတ်သက်နေကြောင်းသာ ပျံ့နှံ့သွားပါက သိုင်းလောကရှိ အင်အားစုအားလုံးတို့ ထိုလူကို ဖိအားပေးကာ စုလင်းရှုံအား လက်လွှဲခိုင်းမှာ ဖြစ်သည်။
ဤသည်မှာ စစ်ဘုရင်အဆင့် အထက်ရှိ သိုင်းပညာလမ်းကြောင်း ဖြစ်၏။ မည်သည့် အင်အားစု သို့မဟုတ် စွမ်းအားကြီးပုဂ္ဂိုလ်မှ လက်လျှော့မည် မဟုတ်ပေ။
သို့ပေမယ့် ထိုကဲ့သို့သာ ဖြစ်ပွားပါက လင်းယွီဂိတ်တံခါး၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ဘဲ များပြားလှသော လူများ သိရှိသွားမှာဖြစ်သည်။
မည်သူမှ လျှို့ဝှက်ချက်နှင့် အခွင့်အလမ်းတို့ကို ဖြစ်နိုင်သမျှ ဝေမျှလိုခြင်း မရှိကြပေ။
"လူကို လက်လွှဲပေးရင်ပေး။ မဟုတ်ရင် ငါတို့တွေ ချန်းလန်ကျွန်းကို အကုန်ဖျက်ဆီးပစ်မယ်.."
ဝတ်စုံဖြူဝတ် မျက်နှာပြာနှင့်လူက အေးစက်စွာပြောသည်။ ဝတ်စုံနီဝတ် မျက်နှာပြာနှင့်လူ ၁၀ယောက်တို့ကို ဦးဆောင်ကာ သူတို့သည် ချန်းလန်ကျွန်းဆီသို့ ရှေ့ဆုံးမှ ဦးတည်ထွက်ခဲ့၏။
လန်းဖူက အခြား တစ်ဝက်တစ်ပြက် ကောင်းကင်လူသားနှစ်ယောက်တို့နှင့်အတူ နောက်မှ နီးကပ်စွာလိုက်ပြီး အထွတ်အထိပ်စစ်ဘုရင် အုပ်စုက တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ သူတို့၏ နောက်မှ တိတ်ဆိတ်စွာဖြင့် ခြေလှမ်းညီညီ လိုက်ကြ၏။
ဒီတိုက်ပွဲသည် နိုင်ကို နိုင်ရပေမည်။ ချန်ချင်းစံအိမ်ကို ဖျက်ဆီးရမည် ဖြစ်၏။ သဟွသိုင်းပညာလည်း အတွင်းဘက်နယ်မြေမှ ပျောက်ကွယ်သွားရမည် ဖြစ်သည်။