ထုံးရွှမ်၏အထက်၊ သိုင်းပညာဒီဗိုင်းဆန္ဒ
Vol. 22 Ch. 330
ထိုဓားချက်က လန်းဖူ၏ ကျင့်ကြံမှုအားလုံးတို့ကို သယ်ဆောင်သွား၏။ သူသည် ရန်သူနှင့်အတူတူ သေဆုံးရန်အတွက် ရည်ရွယ်ခဲ့သည်။
ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့ကာ သူ၏ဓားကို ဝှေ့ရမ်းလိုက်၏။ တောင်နှင့်မြစ်တို့က ထွက်ပေါ်လာပြီး ဓားရှည်ကို လွှမ်းခြုံသွားသည်။
ထိုတောင်နှင့်မြစ်များ၏ အလယ်တွင် ညင်သာသည့် လေညှင်းတစ်ခု စတင်တိုက်ခတ်လာပြီး အေးစက်သည့် ဓားချက်ကို ဖြတ်သန်းသွား၏။
လန်းဖူ၏ အသိစိတ်က ထိုလေညှင်းနှင့်အတူ လုံးဝ သုတ်သင်ခြင်း ခံလိုက်ရသည်။ ထိုသို့ဆိုလျှင်တောင် ဓားချက်၏ စွမ်းအားက ပျောက်ကွယ်သွားမည့် မည်သည့်လက္ခဏာရပ်မှ ပြသခြင်း မရှိပါ။
၎င်းသည် တောင်နှင့်မြစ်တို့ကို ထိုးဖောက်ဖြတ်သန်းပြီး ၎င်း၏ သတ်ဖြတ်ခြင်းကို ဆက်လက်လုပ်ဆောင်လို၏။
"ဘဇ်.."
သေခြင်းရှင်ခြင်း ဓားစက်ဝန်းက လည်ပတ်လာပြီး ဓားရှည်ကို ဆန့်ကျင်သည်။ နောက်ဆုံးဓားချက်ကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီး ဓားရှည်မှာလည်း ပျက်စီးကာ ပြုတ်ကျသွားရ၏။
ယခုအချိန်မှ စတင်ပြီး မည်သည့် ကျူးကျော်သူမှ မရှိတော့ပေ။ အားလုံး သုတ်သင်ခံလိုက်ရပြီး ဖြစ်၏။
ရွှီယန်က လက်ကိုဆန့်ပြီး ချန်းလန်မြစ်ပေါ်မှ ဝတ်စုံဖြူဝတ် မျက်နှာပြာလူနှင့် အခြားအလောင်းတို့ကို ဖမ်းယူကာ ချန်းလန်ကျွန်းဆီသို့ ပြန်ခဲ့သည်။ အလောင်းများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
ရွှီယန်၏ ခန္ဓာကိုယ်ပေါ်တွင် ညင်သာသည့် လေညှင်းတစ်ခု ရှိနေပါသည်။ ဤသည်မှာ အသစ် နားလည်သဘောပေါက်လာခဲ့သည့် ဓားဆန္ဒ ဖြစ်၏။
"ဒီဓားဆန္ဒကို လျှပ်တပြက်လေ ဓားဆန္ဒလို့ ခေါ်မယ်"
ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် စဉ်းစားသည်။
လီရွှမ်လည်းပဲ ပြုံး၏။ ဒီတိုက်ပွဲ၏ အကျိုးရလဒ်များက အမှန်တကယ်ကို များပြားလှသည်။ သူတို့သည် ရွှီယန်အား ဓားဆန္ဒကို စောစီးစွာ နားလည်သဘောပေါက်မှု ရလာစေပြီး အသိစိတ်ကို တစ်ခါတည်း သုတ်သင်နိုင်သည့် ဓားဆန္ဒအား ပိုင်ဆိုင်လာစေ၏။
"သင်၏တပည့် ရွှီယန်သည် လျှပ်တပြက်လေ ဓားဆန္ဒကို နားလည်သဘောပေါက်ခဲ့သည်။ သင်၏ လျှပ်တပြက်လေ ဓားဆန္ဒသည် အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသည်.."
ရွှီယန်က ဓားဆန္ဒကို နားလည်သဘောပေါက်လိုက်သည့်အချိန်၌ ရွှေလက်ချောင်းကလည်း တန်ပြန်အကျိုးပြုမှုအား ပေးလာခဲ့၏။
လျှပ်တပြက်လေ ဓားဆန္ဒကို သဘာဝတရားရှစ်ပါးပုံကြမ်းရှိ ရွှမ်မှ နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။ ဒီတိုက်ပွဲသည် အခြား မည်သူတို့၏ အာရုံစိုက်မှုကိုမှ ခံရခြင်းမရှိဘဲ လျှပ်တပြက် ဖြစ်ပွားကာ လျှပ်တပြက် အဆုံးသတ်သွားခဲ့၏။
အချိန်က ညအချိန်သို့ ရောက်ရှိခဲ့ပါပြီ။ ချန်းလန်ကျွန်းရှိ အလင်းများက လင်းလက်စွာ တောက်ပနေ၏။ ကြောင်နီက သွားပြန်အိပ်နေပြီး ဖြစ်ကာ ရှဲ့လင်ဖုန်းနှင့် အခြားသိုင်းသမားအချို့မှာ စိတ်လှုပ်ရှားမှုဖြင့် သွေးများ ဆူပွက်နေကြ၏။ သူတို့သည် သိုင်းပညာကို အပတ်တကုတ် ကြိုးစားကျင့်ကြံကြသည်။
ထုံးရွှမ်အဆင့်၏ စွမ်းအားမှာ အမှန်တကယ်ကို မနှိုင်းယှဉ်သာအောင် သန်မာလှ၏။
ရွှီယန်က လျှပ်တပြက်လေ ဓားဆန္ဒကို ဆက်လက်လေ့လာရင်းမှ တိုက်ပွဲမှ ရရှိလာသည့် အကျိုးအမြတ်များကို ချင့်ချိန်သုံးသပ်သည်။
စုလင်းရှုံမှာ သူမ၏အတွေး အားလုံးတို့ကို သိုင်းပညာအတွင်းသို့ နှစ်မြှုပ်ထား၏။ ပိုမို စွမ်းကြီးမားလာစိတ်တို့ ပြင်းထန်လာခဲ့သည်။ ဆရာဖြစ်သူနှင့် စီနီယာအစ်ကိုကြီးတို့၏ အကာအကွယ်ကို မှီခိုစရာမလိုဘဲ အန္တရာယ်များကို တစ်ကိုယ်တည်း ရင်ဆိုင်လို၏။
ကျိုးယင်မှာလည်း တူညီစွာပင် လှုံ့ဆော်ခြင်း ခံလိုက်ရသည်။ ဒီအချိန်၌ သူမသည် မူလအဆင့်သို့ ချိုးဖျက်ရန်အတွက် အဆင်သင့်ဖြစ်နေပြီး ဖြစ်၏။ တူညီစွာပင်။ ရှီအာလည်းပဲ မူလအဆင့်သို့ ချိုးဖျက်ရန်အတွက် စတင်ပြင်ဆင်သည်။
ချန်းလန်ကျွန်းပေါ်တွင် လူတိုင်းက ကိုယ့်ကိုယ်ကို ကျင့်ကြံမှုအတွင်း၌ နှစ်မြုပ်ထားကြ၏။ သိုင်းပညာ ကျင့်ကြံမှုတွင် ဘယ်တုန်းကမှ ဝီရိယမထားခဲ့သည့် ရွှီမိခင်လည်းပဲ ရှားပါးသည့် ကြိုးစားကျင့်ကြံမှုတို့ကို လုပ်လာခဲ့သည်။
လီရွှမ်သာ သက်တောင့်သက်သာနှင့် သက်ရောက်ခြင်း ကင်းမဲ့စွာ ရှိနေ၏။ စုလင်းရှုံမှ ယူဆောင်လာသည့် ပြဿနာများမှာတော့ သူ့အနေနှင့် စိတ်ထဲသို့ ထားနေခြင်း မရှိပေ။ သူ၏လမ်းကြောင်းသို့ ရောက်လာကြသည့် မည်သူမဆိုကို ရှင်းပစ်ရန် ဆုံးဖြတ်ထား၏။
ထိုအရာအားလုံး၏ နောက်ရှိ လျှို့ဝှက်ချက်များမှာတော့ သူ့အနေနှင့် စိတ်ဝင်စားခြင်း မရှိပါ။
ချန်းလန်ကျွန်းရှိ ဒီတိုက်ပွဲသည် သိုင်းလောကအတွက် မည်သည့် လှိုင်းကြီးမှ ဖြစ်ပေါ်စေခြင်း မရှိခဲ့ပေ။ မည်သူမှ သတိမထားမိပုံ ပေါ်၏။
တစ်ဝက်တစ်ပြက် ကောင်းကင်လူသား လေးယောက်တို့နှင့် အထွတ်အထိပ် စစ်ဘုရင်များ၏ ပျောက်ကွယ်သွားမှုက မည်သည့်ဂယက်ထမှုမှ မဖြစ်စေခဲ့ပါ။
ထိုကိစ္စကို တီးခေါက်မိသည့် လူများသာလျှင် ချန်းလန်ကျွန်း၏ စစ်မှန်သည့် ခွန်အားကို နားလည်သွားကြ၏။
ယွဲ့နိုင်ငံ၏ တော်ဝင်နန်းတော်အတွင်းရှိ အင်ပါရီယာ စာကြည့်ခန်းအတွင်းတွင် ဧကရာဇ်ယွဲ့က တိတ်ဆိတ်စွာ ထိုင်နေ၏။ သတင်းအချို့ကို စောင့်စားနေသကဲ့သို့ ရှိသည်။
"အရှင်မင်းကြီး.."
တော်ဝင်နောက်လိုက် တစ်ယောက်က ရောက်ရှိလာ၏။
"ချန်ချင်းစံအိမ်ကကိစ္စ ဘယ်လိုရှိလဲ.."
ယွဲ့ဧကရာဇ်က နက်ရှိုင်းသည့် အသံဖြင့် မေးသည်။ သူ၏ စိတ်တို့က အနည်းငယ် တက်ကြွလာခဲ့၏။
ထန်းရီအစောင့်၊ ထန်းယွီအစောင့်နှင့် ယွဲ့နိုင်ငံ၏ ဒီဗိုင်းလှံစစ်တပ် အားလုံးတို့ကို စုစည်းပြီးဖြစ်ကာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပါပြီ။ သူတို့သည် ချန်းလန်ကျွန်း ဖျကိဆီးခံရသည်ဟူသည့် သတင်းကိုသာ ရရှိပါက သဟွသို့ အခုချက်ချင်း စစ်ချီတက်မည် ဖြစ်၏။
"မင်းသားကြီးဆီကရော နောက်လိုက်နှစ်ယောက် ဆီကပါ ဘာသတင်းအချက်အလက်မှ မရပါဘူး.."
တော်ဝင်နောက်လိုက်က ဦးညွှတ်ကာ ပြောသည်။
ဧကရာဇ်ယွဲ့သည် ထိုင်ခုံပေါ်သို့ ထိုင်ကျသွား၏။ သူ၏ မျက်နှာက ချက်ချင်းပင် မှုန်ကုတ်သွားသည်။ အချိန်အတော်ကြာအောင် စကားမပြောနိုင်ဘဲ ရှိနေ၏။
မည်သည့်သတင်းမှ လက်ခံရရှိမှု မရှိခြင်းမှာ ရလဒ်ကို ပြောကြားနေပြီး ဖြစ်သည်။ ဒီတစ်ကြိမ်တွင် သဟွကို ဖျက်ဆီးရန်အတွက် သွားရောက်ကြသည့် စွမ်းအားကြီးမားသူများမှာ ပထမအကြိမ် သွားရောက်စဉ်ကထက် များစွာ ပိုမို အင်အားတောင့်ပါသည်။
အထူးသဖြင့် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားလေးယောက်တို့ ဖြစ်ကြသည်။ ထိုအထဲတွင် တစ်ယောက်မှာ ယွဲ့နိုင်ငံ၏ အခြေခံဖြစ်သည့် မင်းသားကြီးဖြစ်၏။
အချိန်အတော် ကြာပြီးနောက် ယွဲ့ဧကရာဇ်က လက်ကိုဝှေ့ရမ်းကာ သူ၏ လူများကို ထွက်ခွာသွားခိုင်းလိုက်သည်။
သဟွကို သုတ်သင်ရန်အတွက် စုစည်းထားသည့် လက်ရွေးစင် စစ်တပ်များကိုလည်း တိတ်ဆိတ်စွာဖြင့် ပြန်ရန် အမိန့်ပေးလိုက်၏။
သူ့အနေနှင့် မည်သည့် သတင်းအချက်အလက်မှ ပေါက်ကြားသွားစေလိုခြင်း မရှိပါ။ ဒီတိုက်ခိုက်မှုသည် ယွဲ့နိုင်ငံနှင့် မည်သည်မှ သက်ဆိုင်ခြင်း မရှိပါ။ မဟုတ်ပါက ချန်ချင်းစံအိမ်က သေချာပေါက် လက်စားချေမှာ ဖြစ်၏။
ဧကရာဇ်ယွဲ့မှာ အလွန် စိတ်ဓာတ်ကျနေပါသည်။ ပြီးလျှင် သူလုပ်ဆောင်ရမည်မှာ ယွဲ့နိုင်ငံ၏ တည်ငြိမ်ဝပ်ပြားရေးကို ကောင်းမွန်စွာ ထိန်းသိမ်းပြီး သဟွနှင့် ဆက်ဆံရေးအား ပြေလျော့စေရန် နည်းလမ်းတစ်ခု ရှာဖို့ဖြစ်သည်။
နောက်ဆုံးတွင် စိတ်ကိုတင်းကာ သဟွနှင့် စီးပွားရေးလမ်းကြောင်းတစ်ခုကို တည်ဆောက်မည်ဟူသည့် အကြောင်းပြချက်ပေးပြီး ယွင်ဖုန်းစီရင်စု တစ်ခုလုံးကို သဟွဆီသို့ အပ်နှင်းလိုက်၏။
ထိုအချိန်မှ စတင်ပြီး လန်းဖင်နှင့် ယွင်ဖုန်း နှစ်ခုစလုံး သဟွ၏ လက်အောက်သို့ ရောက်ရှိသွားသည်။ ယွဲ့နိုင်ငံအပြင် ဒီကိစ္စတွင် ပါဝင်ခဲ့သည့် အခြားအဖွဲ့အစည်းများလည်း အလွန် နှိမ့်ချကုန်ကြသည်။ လူတိုင်းသည် လွှမ်းမိုးမှုနယ်ပယ်များကို ချုံ့လိုက်ကြ၏။
အတွင်းဘက်နယ်မြေ၏ သိုင်းလောကရှိ အခြေအနေတို့က တိတ်ဆိတ်စွာဖြင့် ပြောင်းလဲသွားသည်။
ယန်နိုင်ငံရှိ အင်ပါရီယာနန်းတော် အတွင်းတွင် ယန်ဧကရာဇ်က အောက်ရှိ မိန်းမစိုးအိုကြီးကို ကြည့်ကာ မေးသည်။
"တော်ဝင်ဦးလေး တကယ်ပဲ သေဆုံးသွားပြီလား.."
"အရှင်မင်းကြီးကို ပြန်ကြားပါတယ်။ အသက်ရှင်ကျန်ရစ်သူ ဘယ်သူမှ မရှိပါဘူး.."
မိန်းမစိုးအိုကြီးက ခေါင်းငြိမ့်သည်။
"ကြေငြာလိုက်။ တော်ဝင်ဦးလေးက တံခါးပိတ်ကျင့်ကြံနေပြီး နိုင်ငံရေးရာ ကိစ္စတွေမှာ မပါဝင်တော့ဘူးလို့။ ဒီနေ့က စတင်ပြီး အနက်ရောင်ဆန်းကြယ် အစောင့်တပ်ဖွဲ့က ငါ့ရဲ့ တိုက်ရိုက်အမိန့်ကို ခံယူလိမ့်မယ်။ အမိန့်တော်ကို သွားရောက်ပြန်ကြားနှင့်..."
ဧကရာဇ်ယန်၏ မျက်လုံးထဲတွင် မည်သည့် ဝမ်းနည်းမှု တစ်စုံတစ်ရာမှ မရှိပါ။ အဲ့ဒီ့အစား စိတ်သက်သာရာ ရသွားပုံ ပေါ်၏။
တော်ဝင်မိသားစု အနေနှင့် စစ်မှန်သည့် ထောက်တိုင်တစ်ခုအား ဆုံးရှုံးခဲ့ရပေမယ့် ယခုအချိန်၌ သူသည် စစ်မှန်သည့် ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခဲ့ပြီ ဖြစ်သည်။
ယန်နိုင်ငံ၏ ရုံးတော်အခြေအနေက ညတွင်းချင်း ပြောင်းလဲသွားခဲ့၏။ ဧကရာဇ်ယန်က စွမ်းအား အားလုံးကို လုံးဝ ထိန်းချုပ်သွားသည်။
သေးငယ်သည့် တောင်ရွာတစ်ခုတွင် နတ်ဆိုးသားတော်က လက်ထဲရှိ သစ်သားကို ထွင်းနေ၏။ ပုံရိပ်တစ်ခုက ဖြေညှင်းစွာ လျှောက်လာခဲ့သည်။ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင် အပြာရောင် မျက်နှာဖုံးရှိ၏။
နတ်ဆိုးသားတော်က ပန်းပုထုမှုကို ရပ်ကာ ရောက်လာသူကို အံ့ဩစွာဖြင့်မေး၏။
"သူတို့အားလုံး သေကုန်ပြီလား.."
ဝတ်စုံဖြူသာ အသတ်ခံရခြင်း မရှိပါက လက်ရှိရောက်လာမည့်လူမှာ ထိုလူ ဖြစ်သည်။ ဝတ်စုံနီနှင့်လူ ဖြစ်နေမည်မဟုတ်ပေ။
ဝတ်စုံနီနှင့်လူက တည်ငြိမ်စွာ ပြော၏။
"သူတို့ ကျရှုံးခဲ့ကြတယ်.."
"လူဘယ်နှစ်ယောက်လဲ.."
နတ်ဆိုးသားတော်၏ အသွင်က လေးနက်သွား၏။
"ဝတ်စုံဖြူ၊ လန်းဖူနဲ့ အခြားယွဲ့နိုင်ငံနဲ့ ယန်နိုင်ငံက တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတွေနဲ့.. စုစုပေါင်းလေးယောက်၊ ပြီးတော့ အထွတ်အထိပ်စစ်ဘုရင် ဆယ်ချီပါတယ်.."
ဝတ်စုံနီနှင့်လူက နက်ရှိုင်းစွာ ပြော၏။
"ကောင်းကင်လူသား တစ်ယောက်လား.."
နတ်ဆိုးသားတော်က ထိုစကားလုံးလေးလုံးကို ခက်ခဲစွာဖြင့် ပြောသည်။
သိုင်းလောကတွင် ယခုမျှ များပြားလှသည့် စွမ်းအားကြီးပုဂ္ဂိုလ်များကို စစ်မှန်သည့် ကောင်းကင်လူသား မဟုတ်ဘဲ မည်သူက အနိုင်ယူနိုင်မည်နည်း။