အခန်း (၁၉၄)
Vol. 14 Ch. 194
ဂါးရက်၏ စာတမ်းများကို ဖြန့်ဝေပုံမှာ အစီအစဉ်တကျရှိပြီး အဆင့်ဆင့်ဖြစ်သည်။
ပစ္စည်းရွှေ့ပြောင်း မှော်အစီအရင်က တဖျပ်ဖျပ် တောက်ပနေသည်။ ဂါးရက်၏ သေတ္တာထဲမှ စာရွက်များသည် တစ်ရွက်ပြီးတစ်ရွက် ထွက်လာပြီး ကောင်းကင်ဘုံတာဝါ၏ ၁၀ လွှာတွင်ရှိသော ခွဲခြားရေးစင်တာသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် စာရွက်များသည် အနည်းငယ်စောင်းနေသော ပို့ဆောင်တဲ့အပေါက်မှနေ၍ အောက်ရှိ အစီအရင်ထဲသို့ ချောချောမွေ့မွေ့ လျှောကျသွားသည်။
အစီအရင်ပေါ်တွင် အပြာရောင်အလင်းတစ်ခု လင်းထိန်နေပြီး စာရွက်၏ မျက်နှာဖုံးပေါ်သို့ တိုက်ရိုက်ကျရောက်ကာ အဓိကစကားလုံးများအား မီးမောင်းထိုးပြသည်။
စာတမ်း ၁ - နက်ခရိုမန်ဆာပညာ၊ ဆင့်ခေါ်ခြင်း၊ ဩခ်များ၊ နက်ခရိုမန်ဆာဂိုဏ်းသို့ လွှဲပြောင်းရန်။
အစီအရင်အပြင်ဘက်မှ အချင်း သုံးပေရှိသည့် စက်ဝိုင်းပြားသည် စက်ဝိုင်း၏ ရှစ်ပုံ သုံးပုံ လည်ပတ်ပြီး တိတိကျကျ ရပ်တန့်သွားသည်။ ထို့နောက် အစီအရင်က အနည်းငယ်စောင်းသွားကာ စာရွက်ကို ရှေ့တည့်တည့်က ပစ္စည်းရွှေ့ပြောင်းသေတ္တာထဲသို့ ထည့်သွင်းပေးလိုက်သည်။ အလင်းတစ်ချက် လင်းပြီးနောက် ပျောက်ကွယ်သွားသည်။
စာတမ်း ၂ - အပင်အသစ်၊ အဆိပ်အတောက်၊ ဗေဒင်ဂိုဏ်းသို့ လွှဲပြောင်းရန်။
စက်ဝိုင်းပြားသည် နာရီလက်တံအတိုင်း ဆက်လှည့်နေသည်။ ရှစ်ပုံ ငါးပုံ လည်ပတ်ပြီးသောအခါ "ဗေဒင်" ဟု အညွှန်းတပ်ထားသည့် ပစ္စည်းရွှေ့ပြောင်းသေတ္တာတစ်ခု ရပ်တန့်သွားပြီး စာရွက်ကို လက်ခံလိုက်သည်။ အလိုအလျောက် ဗေဒင်ဂိုဏ်းထဲသို့ ခွဲခြားပြီး ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ပြီး ပစ္စည်းအသစ်များ၏ အကဲဖြတ်နည်းပညာများအတွက် အရင်းအမြစ်များ ပေါင်းထည့်ပေးသည်။
စာတမ်း ၃ - အပူချိန်တိုင်းကိရိယာ၊ ထုတ်လုပ်ခြင်း၊ ခန္ဓာကိုယ်အပူချိန်၊ အဂ္ဂိရတ်ဂိုဏ်းသို့ လွှဲပြောင်းရန်...
"ရိုးရှင်းသော အပူချိန်တိုင်းကိရိယာ ထုတ်လုပ်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အပူချိန်တိုင်းတာမှုတွင် ၎င်းတို့၏အခန်းကဏ္ဍ" ဟု အမည်တပ်ထားသည့် ဂါးရက်၏ စာတမ်းက ပျော့ပျောင်းသည့်အသံဖြင့် ရှေ့သို့ လျှောကျသွားပြီး အဂ္ဂိရတ်ဂိုဏ်း၏ ပစ္စည်းရွှေ့ပြောင်းသေတ္တာထဲသို့ ကျသွားသည်။
ပစ္စည်းရွှေ့ပြောင်း မှော်ပညာအသက်ဝင်လာပြီး နောက်တစ်စက္ကန့်တွင် အီဂါတောင်ထိပ်၊ အဂ္ဂိရတ်ဂိုဏ်း၏ ၁၁ လွှာ နယ်မြေထဲသို့ ပေါ်လာပြီး မမြင်ရသည့်လက်များက မြှောက်တင်လိုက်သည်။
"စာတမ်းအသစ်လား။ မှော်ပညာအားဖြည့်မှုတွေ မပါဝင်ဘူး..."
နောက်ထပ် အစီအရင်တစ်ခု တုန်ခါလာသည်။ စာသားများနှင့် ပုံဆွဲများသည် ဗလာစာရွက်များပေါ်တွင် ပေါ်လာပြီး ဝင်လာသည့်စာရွက်ကို ပုံတူနှစ်စောင် ကူးလိုက်သည်။ မမြင်ရသည့်လက်များက စာရွက်များကို ယူပြီး သီးခြားသေတ္တာများထဲသို့ ထည့်လိုက်သည်။ ပြီးနောက် ဓာတ်ပညာရုပ်သေး၏ ဘေးဘက်က အံဆွဲကို ဆွဲဖွင့်ပြီး အတွင်းထဲသို့ ထိုးထည့်လိုက်သည်။
"မစ္စတာ အက်စ်လန်နဲ့ မစ္စတာ စလိုအန်တို့ဆီကို တိုက်ရိုက် လွှဲပြောင်းရန်"
"ဟုတ်ကဲ့ မစ္စတာ အက်စ်လန်နဲ့ မစ္စတာ စလိုအန် တို့ဆီကို တိုက်ရိုက် လွှဲပြောင်းပါ့မယ်"
ဓာတ်ပညာရုပ်သေးလေးက ချိုသာစွာ ပြန်ဖြေလိုက်သည်။ သူ့၏ ဘီးများသည် အောက်တွင် လည်ပတ်နေပြီး အခန်းအပြင်ဘက်သို့ တရွေ့ရွေ့ ထွက်ခွာသွားရင်း အသံများ မြည်နေသည်။ စင်္ကြံကို ဖြတ်ပြီး ဓာတ်လှေကားထဲ ဝင်ကာ သက်ဆိုင်ရာလွှာကို ရောက်သောအခါ စာရွက်ကို ထုတ်ယူပြီး တာဝန်ကျ မှော်ဆရာ၏ စာအဝင်ပုံးထဲသို့ ထည့်လိုက်သည်။
ဤသို့ဖြင့် ဂါးရက်၏ စာတမ်းများက တစ်ရွက်ပြီးတစ်ရွက် ဖြန့်ဝေခံရသည်။ ကုသရေးနှင့်ပတ်သက်သည့် စာတမ်းနှစ်စောင်သည် ဆေးကုသမှုအပိုင်းကို အာရုံစိုက်သည့်အတွက် နက်ခရိုမန်ဆာဂိုဏ်းသို့ ရောက်ရှိသွားသည်။ မှန်ဘီလူးနှင့်ပတ်သက်သည့် စာတမ်းနှစ်စောင်ကို ဗေဒင်ဂိုဏ်းသို့ ပို့လိုက်ပြီး၊ ဝမ်းရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ခြင်းနှင့် ပတ်သက်သည့် စာတမ်းကတော့ တခြားသော ကူးစက်ရောဂါများ ပြန့်ပွားတာနှင့် ဆက်စပ်သည့် စာတမ်းများကဲ့သို့ပင် နက်ခရိုမန်ဆာဂိုဏ်းသို့ ပစ္စည်းရွှေ့ပြောင်းလိုက်သည်။
"အက်ဂါ မင်း ပြီးခဲ့တဲ့တစ်ခါက ပြောခဲ့တဲ့ ဂါးရက်ကို မှတ်မိလား။ သူ ငါတို့ဆီကို စာတမ်းတွေ တင်သွင်းလိုက်ပြီ"
ကောင်းကင်ဘုံတာဝါ၏ ပိရမစ်ပုံ မှော်ဆရာတာဝါအောက်တွင် ထိပ်ပြန်လှန်ထားသည့် ပိရမစ်တစ်ခုရှိသည်။ အနုတ် ၁၂ လွှာတွင် အတောင်ပံပေါ်၌ အဖြူရောင်အစက်အပြောက်များပါသည့် ကျီးကန်းတစ်ကောင် ပျံလာပြီး မှော်အတားအဆီးအပြင်ဘက်တွင် နားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“စာတမ်းတွေ တင်သွင်းတယ်”
အဆင့်မြင့်မှော်ဆရာ အက်ဂါက သူ့လက်ထဲမှ ငှက်မွေးဘောပင်ကို ကိုင်ထားရင်း ခဏရပ်လိုက်သည်။ သူသည် ဦးခေါင်းခွံ၏ ဘယ်ဘက်မျက်လုံးတွင်ရှိသည့် ပတ္တမြားကို ဖိလိုက်သည်။
ပတ္တမြားသည် ပြန်ဝင်သွားပြီး မှော်အတားအဆီးတွင် အပေါက်ငယ်လေးတစ်ခု ပေါ်လာကာ ကျီးကန်းလေး ဝင်ရောက်လာခွင့်ရလိုက်သည်။ ဖိတ်ခေါ်မှုကို မစောင့်တော့ဘဲ ကျီးကန်းလေးက ဦးခေါင်းခွံ၏ ထိပ်ပေါ် နားလိုက်ပြီး ညာဘက်မျက်လုံးမှ နီလာကျောက်ကို နှုတ်သီးနှင့် ထိုးဆွသည်။
မမြင်နိုင်သည့် အတားအဆီးက ပြန်တက်လာပြီး အခန်းအပြင်ဘက်မှ အော်ဟစ်သံများအား ပိတ်ဆို့ထားလိုက်သည်။
ကျီးကန်းက သူ့၏ ခြေသည်းကို မောက်မာစွာ မြှောက်လိုက်သည်။ အဆင့်မြင့်မှော်ဆရာ အက်ဂါက သူ၏ ခြေထောက်မှ ဖဲကြိုးကို ဖြေလိုက်ပြီး စာရွက်တစ်ရွက်ကို ယူလိုက်ကာ အသားခြောက်နှစ်စနှင့်အတူ ကျီးကန်းကို ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် မစ္စတာ စပင်ဆာ။ မင်းရဲ့ ဆရာကို ကျွန်ုပ်ရဲ့ လေးစားမှုအကြောင်း ပြောပေးပါ။ ကျွန်တော် သူ့အပေါ်မှာ တင်နေတဲ့ကျေးဇူးကြွေးရှိတယ်။"
ကျီးကန်းက အေးအေးလူလူ အသားခြောက်ကို စားပြီး အတားအဆီးကို နှုတ်သီးနှင့်ထိုးဆွကာ အတောင်ပံဖြန့်ပြီး ပျံထွက်သွားသည်။ အဆင့်မြင့်မှော်ဆရာ အက်ဂါက သီချင်းတစ်ပုဒ်ကို ညည်းရင်း စာရွက်ကို ဖြန့်ကြည့်လိုက်သည်။
"ဒီလောက်မြန်မြန် စာတမ်းတင်တာလား။ ဒီကလေးက ငါတို့ ကျီးနက်တောအုပ်ကို တော်တော်စိတ်ဝင်စားပုံရတယ်..."
ဂါးရက်၏ စာတမ်းများအားလုံးက ဤတစ်ခုလို ကံကောင်းခဲ့ခြင်းမရှိပေ။
မျက်လှည့်ပညာကျောင်းတွင် တာဝန်ကျသည့် မှော်ဆရာနှစ်ဦးသည် အလုပ်ရှုပ်နေကြသည်။ တစ်ယောက်က သူ၏ သူငယ်ချင်းဆီ အလည်သွားနေပြီး ကျန်တစ်ယောက်က ကြီးမားသည့် စမ်းသပ်မှုတစ်ခု လုပ်နေသောကြောင့် မည်သူ့ကိုမှ နှောင့်ယှက်ခွင့်မပြုပေ။ ဤအတွက်ကြောင့် သူတို့ပြန်လည်သုံးသပ်ရန် ပို့ထားသည့် စာတမ်းများကို ကျောင်းသားများဆီ၊ ကျောင်းသားများ၏ ကျောင်းသားများဆီသို့ပင် ပြန်ပို့ပေးလိုက်သည်။
"စစ်မြေပြင် ထိခိုက်ဒဏ်ရာတွေကို ခွဲခြားသတ်မှတ်ခြင်းလား။ ဘာလို့ ဒီလိုစာတမ်းမျိုးကို ငါတို့ဆီ ပို့တာလဲ။ ဒါက ဘုန်းတော်ကြီးတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်သင့်တယ်... စာရေးသူက အဆင့်နှစ် မှော်ဆရာလား? အဆင့်နှစ်ဖြစ်ပြီး မှော်ပညာကို သုတေသနလုပ်ရကောင်းမှန်း မသိဘူးလား။ ကိုယ်တာဝန်ကို လျစ်လျူရှုတာပဲ"
မှန်ဘီလူးနှင့် ပတ်သက်သည့် စာတမ်းနှစ်စောင်ကတော့ ပိုပြီး ကံမကောင်းခဲ့ပေ။ ပြန်လည်
သုံးသပ်သူများက သူတို့၏ တာဝန်များကို ပေါ့ဆ၍ မဟုတ်ပေ။ မှန်ဘီလူးသေတ္တာကို သယ်ဆောင်လာသည့် တပည့်က ခြေချော်လဲကျသွားသောကြောင့် ဖြစ်သည်။
"ဘန်းးး ခရက်…."
ဤအတွက်ကြောင့် ပြန်လည်သုံးသပ်သည့် မှော်ဆရာသည် လိမ်ပြီး ပျောက်နေသည့် မှန်အပိုင်းအစများဖြင့် ထူးဆန်းသည့် ကိရိယာတစ်ခုကို ကြည့်ပြီး အံ့ဩတကြီးနှင့် သူ၏ ခေါင်းသူ ကုတ်နေသည်။
"...ဒီပစ္စည်းကို ဘယ်လို ပြန်ပြင်ရမလဲ"
ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါက ဒီလိုကိစ္စတွေမှာ တကယ်ကို မကျွမ်းကျင်တာ။
အကယ်၍ ကျွမ်းကျင်ခဲ့မည်ဆိုလျှင် သူသည် ဗေဒင်ဌာနတွင် စိတ်ပျက်စွာနှင့် ဒူးထောက်နေမည့်အစား ပြောင်းလဲခြင်းဌာနတွင် ဓာတုဗေဒပညာရှင်တစ်ယောက် ဖြစ်နေလောက်ပြီ။
သူ၏ ကောလိပ်ဆရာက ဤသို့ အကြံပေးခဲ့သည်။
"ဓာတ်သတ္တုကျမ်းတွေ ပျက်ရင် ပျက်ပါစေ။ ဘာပဲဖြစ်ဖြစ် စာအုပ်တွေကတော့ မပျက်စီးနိုင်ပါဘူး"
သူသည် ကျိုးနေသော မှန်ဘီလူးများနှင့် တိမ်းစောင်းနေသော စင်ပေါ်တွင်ပင် လုံ့လရှိရှိ စာတမ်းများကို ဖတ်ရှုကာ သတိကြီးစွာဖြင့် အကဲဖြတ်မှုများကို ရေးသားနေခဲ့သည်။
ဆယ်ရက်ကြာပြီးနောက် သင်တန်းသားများ၏ တစ်ဝက်ခန့်သည် အလုပ်ကမ်းလှမ်းချက်များ သို့မဟုတ် သတ်သတ်မှတ်မှတ် မှော်ဆရာတာဝါများ သို့မဟုတ် အဖွဲ့အစည်းများသို့ လည်ပတ်ရန် ဖိတ်ကြားချက်များကို ရရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ဂါးရက်သည် လက်ဗလာဖြင့် ကျန်ရစ်ခဲ့ပြီး စာတမ်းအချို့အပေါ်တွင် ပြန်ကြားချက် အနည်းငယ်သာ ရရှိခဲ့သည်။
“အပူချိန်တိုင်းကိရိယာကို တီထွင်မှုသည် အနည်းဆုံး လွန်ခဲ့သော နှစ်တစ်ရာက ဖြစ်ခဲ့သည်။ စာရေးသူသည် သူ၏ ဖတ်ရှုမှု နယ်ပယ်ကို ကျယ်ပြန့်အောင် ပြုလုပ်ရန်၊ သို့မဟုတ် အနည်းဆုံး… မှော်ပညာဆိုင်ရာ ပစ္စည်းဆိုင်များသို့ ပိုမိုသွားရောက်လေ့လာရန် အကြံပြုအပ်သည်။”
…ကောင်းပြီလေ။ သေးငယ်တဲ့ နေရာတွေ၊ ဆင်းရဲတဲ့ နေရာတွေမှာတော့ ဒီလိုပဲပေါ့။ မှော်
ကောင်စီက ဇီဝမ်လိုမျိုး အလိုအလျောက် စာတမ်းစုံစမ်းစစ်ဆေးရေးစနစ်တစ်ခု ဘာလို့ မထူထောင်တာလဲ။
ဂါးရက် ပုခုံးတွန့်လိုက်ပြီး ဒုတိယမြောက် ပြန်စာကို ဆက်ဖတ်သည်။
“စစ်မြေပြင် ထိခိုက်ဒဏ်ရာများ၏ ခွဲခြားသတ်မှတ်မှုသည် ဆေးဘက်ဆိုင်ရာ မှော်ပညာများအတွက် မှော်ပညာဆိုင်ရာ မူရင်းသဘောတရားမရှိပါ။ စာရေးသူသည် မှော်ပညာကိုသာ အာရုံစိုက်ရန်နှင့် အခြားနယ်ပယ်များဖြင့် အာရုံမပျံ့လွင့်ရန် အကြံပြုအပ်သည်”
ဒါက ငါ့ကို တာဝန်ပေါ့ဆမှုအတွက် ဆူပူတာလား ဒါမှမဟုတ် အသုံးမဝင်တဲ့ စာတမ်းတွေ မရေးဖို့ အကြံပေးတာလား။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် “မအောင်မြင်ပါ” ဆိုတဲ့အဖြေတစ်ခုပဲ။ သုတေသနအမှတ်တွေ ဒါမှမဟုတ် ပံ့ပိုးမှုအမှတ်တွေ မပေးတဲ့အတွက် ဒီစာတမ်းနှစ်စောင်ဟာ အသုံးမဝင်သလောက်ပဲ။
ပိုးသတ်ခြင်းနိယာမများအကြောင်း ဆွေးနွေးထားသော စာတမ်းသည် အခြေခံအမှတ်နှင့် ပံ့ပိုးမှုအမှတ် အနည်းငယ်သာ ရရှိခဲ့သည်။ မှန်ဘီလူးအကြောင်း စာတမ်းနှစ်စောင်ကလည်း အခြေခံအဆင့်သတ်မှတ်ချက်ကိုသာ ရရှိခဲ့သည်။ ဂါးရက်သည် သေတ္တာထဲက ကျိုးနေသော မှန်ဘီလူးနှင့် ကွဲအက်နေသော မှန်ဘီလူးမှန်များကို ကြည့်ပြီး စကားမဲ့သွားသည်။ သို့သော် သူဘာကြောင့် ဒီလိုအကဲဖြတ်မှုတွေ ရလဲဆိုတာကို နားလည်လိုက်သည်။
ဝမ်းရောဂါအကြောင်း စာတမ်းကတော့...
အကဲဖြတ်ချက်က စိတ်အားထက်သန်မှုတွေနှင့် ပြည့်နှက်နေသည်။
"ဤစာတမ်းသည် ဆန်းသစ်သော သုတေသနနည်းလမ်းများနှင့် ခိုင်မာသော အထောက်အထားများကို အသုံးပြု၍ ဝမ်းရောဂါ ကူးစက်ပြန့်ပွားပုံနှင့် ၎င်းကို ထိန်းချုပ်ရန် နည်းလမ်းများကို သရုပ်ပြထားသည်။ ၎င်းသည် ရောဂါကူးစက်ပျံ့နှံ့မှုတစ်ခုလုံးအတွက် အရေးပါသော ကိုးကားမှုတန်ဖိုးရှိသည်... သုတေသနအမှတ် ၃၀ နှင့် ပံ့ပိုးမှုအမှတ် ၅၀ ချီးမြှင့်ရန် အကြံပြုအပ်
သည်"
ဒါက ဘယ်သူ့လက်ထဲ ရောက်သွားတာလဲ။ ဒါမှမဟုတ် ကျီးနက်တောအုပ်က ငါ့အပေါ် ကောင်းတဲ့သဘောထားပြဖို့ ကြိုးစားနေတာလား။
ဂါးရက် ခဏတာ စကားမပြောနိုင်ဖြစ်သွားသည်။ စာမျက်နှာတစ်ဝက်နီးပါး ပြည့်နေသည့် အကဲဖြတ်ချက်များသည် “ငါတို့ဆီ လာပါ။ မင်းကြိုက်တဲ့ ကူးစက်ရောဂါတွေကို သုတေသနလုပ်ပါ...” လို့ သွယ်ဝိုက်ပြီး အကြံပြုနေသည်။
ငါ နက်ခရိုမန်ဆာဂိုဏ်းထဲ ဝင်လိုက်သင့်လား။
ဂါးရက် တုံ့ဆိုင်းနေသည်။ ဘယ်လိုပဲဖြစ်ဖြစ် နက်ခရိုမန်ဆာဂိုဏ်းကို ဝင်လိုက်ရင် သူ အလောင်းတွေကို စိတ်ကြိုက် ခွဲစိတ်ခွင့်ရလိမ့်မယ်...
တစ်စုံတစ်ရာ မချင့်မရဲဖြစ်နေသည့် ဂါးရက်က စာတမ်းကို ပိုပြီး တင်းကျပ်စွာ ဆုပ်ကိုင်လိုက်
သည်။ သူသည် အဖြူရောင်မျှော်စင်ထဲကနေ လျှောက်ထွက်လာပြီး အီဂေါတောင်ထိပ်၏ ဦးတည်ရာကို မော့ကြည့်လိုက်သည်။ ထူထဲသည့် တိမ်တွေက တောင်ထိပ်၏ အစိတ်အပိုင်းအများစုကို ဖုံးအုပ်ထားပြီး၊ ဂါးရက်က အဲဒီတိမ်တွေထဲမှာ ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့် မှော်ဆရာတာဝါ ရှစ်ခုအပြင် တောင်ထိပ်ရဲ့ အလယ်မှာရှိတဲ့ ကောင်းကင်ဘုံတာဝါကိုလည်း မြင်နေရသည်။
"အို ငါ့ရဲ့ မီးတောင်ကျောက် စာတမ်းကို ဘာလို့ ပြန်မဖြေသေးတာလဲ။ သူတို့ တကယ်ပဲ စမ်းသပ်မှု ပြန်လုပ်နေတာ မဟုတ်လောက်ပါဘူး... ဒါနဲ့ အဲဒီစမ်းသပ်မှု လုပ်တုန်းက ဆယ့်နှစ်ရက် ကြာခဲ့တယ်..."
"ဒုန်း"
ကောင်းကင်ယံမှာ မိုးခြိမ်းသံလို ပြင်းထန်သည့် တုန်ခါမှုတစ်ခု ဖြစ်ပေါ်သွားသည်။ ဂါးရက်၏ မျက်စိသူငယ်အိမ်တွေ ကျဉ်းသွားပြီး တာဝါကို ဖုံးအုပ်ထားသည့် ထူထဲသည့် တိမ်တွေထဲမှာ ကြီးမားသည့် အပေါက်တစ်ခု ပွင့်ထွက်သွားတာကို သူမြင်လိုက်ရသည်။ တိမ်တွေ လှိုင်းထကာ ပျောက်ကွယ်သွားပြီး ကောင်းကင်ဘုံတာဝါ၏ ထိုးထွက်နေသည့် ထိပ်ကို ဖော်ပြလိုက်သည်။