အခန်း (၁၉၅)
Vol. 14 Ch. 195
နက်ခရိုမန်ဆာဂိုဏ်း နည်းတူ ဒြပ်စင်မှော်ဆရာဂိုဏ်းထဲမှာလည်း အဆင့်မြင့်မှော်ဆရာတစ်ဦးထက်မက ဂါးရက်ကို စိတ်ဝင်စားနေကြသည်။
ဟာ့တ်လန်းဒ်မြို့မှ ဂါးရက်၏ ဆရာဖြစ်သူ အဆင့်မြင့်မှော်ဆရာ လောရင့်ဇ်..
စစ်မြေပြင်ကနေ သူ့ကို ဆွဲခေါ်ပြီး ကောင်စီဌာနချုပ်ကို ခေါ်လာခဲ့တဲ့ အဆင့်မြင့်မှော်ဆရာ ကားလိုက်စ်…
အသံပိုင်းဆိုင်ရာ မှော်ပညာကို အထူးပြုတဲ့ အဆင့်မြင့်မှော်ဆရာ ဇီဖယ်လ် ဂါးရက်၏ စာတမ်းကို ကောင်စီဆီ တင်ပြခဲ့သူ၊
ပြီးတော့ ကောင်းကင်ဘုံတာဝါမှာရှိတဲ့ စားပွဲကိုတောင် ရိုက်ခတ်ပြီး သူ့ရဲ့ ဂုဏ်သတင်းအတွက်ပဲဖြစ်ဖြစ်၊ ဂါးရက် ထွက်ပြေးသွားမှာကို ကြောက်လို့ သူ့ရဲ့လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေတဲ့သူတစ်ဦး။
သဘာဝအတိုင်းပင် ဂါးရက်၏ စာတမ်း တင်သွင်းပြီးသည်နှင့် ဤသတင်းက ဤအဆင့်မြင့်မှော်ဆရာများ၏ စားပွဲပေါ်သို့ ရောက်လာသည်။
“မီးလောင်နေတဲ့ လက်ရဲ့ အဆင့်မြှင့်ထားတဲ့ ဗားရှင်း ငါမြင်ခဲ့တဲ့ အဲဒီတစ်ခုလား”
အဆင့်မြင့်မှော်ဆရာ ကားလိုက်စ်၏ မျက်လုံးများ တောက်ပြောင်လာသည်။
သူသည် မှော်အိမ်မြှောင်ပေါ်မှာ အားကောင်းသည့် မှော်ပညာလှိုင်းများကို တကယ်ပဲ သိရှိခဲ့ပြီး နောက်ပိုင်းမှာ ကောင်းကင်ထဲကို ထွက်နေတဲ့ အဖြူရောင်မီးလျှံများကို မြင်ခဲ့ရသည်။ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ရောင်ခြည်၏ နာမည်ကျော် ဆန်ကျူရီမှော်စာလုံးကိုတောင် လောင်ကျွမ်းစေခဲ့သောကြောင့် သူ့အပေါ် လေးနက်သည့် အထင်အမြင်တစ်ခု ကျန်ရစ်ခဲ့သည်။
ထိုအချိန်တုန်းက ဂါးရက်သည် အဆင့် ၁ သာရှိသေးသည့် မှော်ဆရာအလုပ်သင်တစ်ယောက်ပင်။
သူ အမှားလုပ်မိမှာ မဟုတ်ပေ။
ကံမကောင်းစွာပင် မှော်ကောင်စီသည် မှော်ဆရာတစ်ဦးစီ၏ ထူးခြားသည့် မှော်ပညာကို တင်းတင်းကျပ်ကျပ် ကာကွယ်ထားသည်။ ရင်းနှီးမှုမရှိသည့် မှော်ဆရာတစ်ယောက်၊ အဆင့် ၁ အလုပ်သင်တစ်ယောက်က သူ့ကိုယ်ပိုင် အားထုတ်မှုနှင့် အစွမ်းထက်သည့် မှော်ပညာကို ဖန်တီးခဲ့တာဆိုတော့၊ အဆင့် ၁၄ အဆင့်မြင့်မှော်ဆရာဖြစ်သည့် ကားလိုက်စ်တောင်မှ တခြားသူကို လှည့်စားတာ ဒါမှမဟုတ် ချော့မော့ပြီး မှော်ပညာကို လွှဲပြောင်းပေးဖို့ မတောင်းဆိုနိုင်ခဲ့ပေ။
သူလုပ်နိုင်တာကတော့ တစ်ဖက်လူသည် စာတမ်းကို အမြန်ဆုံးရေးပြီး မှော်ပညာကို ကောင်စီဆီ တင်သွင်းဖို့ပဲ မျှော်လင့်နိုင်ခဲ့သည်။ ဒါမှ သူသည် သင့်လျော်သည့် နည်းလမ်းတွေနှင့် လဲလှယ်ယူနိုင်မှာ...
“ဒါဆို ဒါက အဖြူရောင်မီးမှော်ပညာပဲလား? ပူးတွဲပါ မှော်ပညာကကော။ အတည်ပြုချက် မရသေးဘူးလား”
အဆင့်မြင့်မှော်ဆရာ ကားလိုက်စ်က စားပွဲကို ပုတ်လိုက်သည်။ သူ့ခေါင်းပေါ်မှာ ယပ်တောင်ပုံ အမောက်ပါပြီး သူ့၏ အတောင်ပံပေါ်မှာ အနက်နှင့်အဖြူ အစင်းသုံးလေးခုပါသည့် ငှက်ငယ်လေးတစ်ကောင်သည် တဖျပ်ဖျပ် ပျံသန်းလာပြီး သူ့၏ လက်ဖဝါးပေါ် နားလိုက်သည်။ အဆင့်မြင့်မှော်ဆရာ ကားလိုက်စ်က ငှက်ကို သူ့ပါးစပ်ဘက်သို့ လှည့်လိုက်ပြီး မပြောခင် လည်ချောင်းရှင်းလိုက်သည်။
“ဗင်းဆင့် အဆင့်မြှင့်ထားတဲ့ လောင်ကျွမ်းနေသောလက်မှော်ပညာ၊ ဂါးရက် နော့ဒ်မက် ခုတင်
လိုက်တာ၊ အတည်ပြုချက်ရရင် ငါ့ကို အသိပေးပါ။ ငါ ပုံတူတစ်စောင် လဲလှယ်ယူမယ်”
ငှက်ကလေးသည် အတောင်ပံဖြန့်ကာ ပျံထွက်သွားသည်။ မကြာမီပင် ပြန်လာပြီး သူ့ပါးစပ်ကိုဖွင့်လိုက်သည်။ ၎င်း၏ချွန်ထက်၍ အနည်းငယ်ကွေးနေသော နှုတ်သီးမှ အသံနက်နက်တစ်သံ ထွက်လာပြန်သည်။
“အဆင့်တစ် မှော်ဆရာရဲ့ မှော်ပညာကို မင်းက အတည်ပြုဖို့ ငါ့ကို တိုက်တွန်းနေတာလား။ ကားလိုက်စ် မင်း ငါ့ကို ထမင်းကျွေးရမယ်။ မင်း ပြီးခဲ့တဲ့တစ်ခါက လုသွားတဲ့ ဝိုင်ပုလင်းကို သတိရပါဦး မီလာ ဝိုင်ချက်စက်ရုံက ဟာလေ”
အဆင့်မြင့်မှော်ဆရာ ကားလိုက်စ်က တဟဲဟဲရယ်မောကာ ခေါင်းခါလိုက်သည်။ နောက်ထပ် နာရီဝက်အကြာတွင် သစ်တောက်ငှက်တစ်ကောင်သည် မှော်အတားအဆီးအပြင်ဘက်သို့ ပျံသန်းလာသည်။ ၎င်း၏ မာကျောသော နှုတ်သီးက အတားအဆီးကို အဆက်မပြတ် တောက်နေပြီး ခေါင်းက အထက်အောက် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေတာကြောင့် အရောင်ဝါးနေသလိုပင်။
“ဒေါက်..ဒေါက်…ဒေါက်…ဒေါက်”
တောက်သံများမှာ တစ်စက္ကန့်လျှင် ဆယ်ချက်ခန့်အထိ ပြင်းထန်လာသည်။ အဆင့်မြင့်မှော်ဆရာ ကားလိုက်စ်က နဖူးကို ပွတ်သပ်ပြီး လက်ကိုဝှေ့ယမ်းကာ အတားအဆီးကို ဖွင့်ပေးလိုက်ရသည်။ သစ်တောက်ငှက်သည် အတောင်ပံများ ခေါက်ကာ အတွင်းသို့ အလုအယက် ဝင်လာသည်။ ကိုယ်ကိုတည်ငြိမ်အောင် မလုပ်ရသေးခင်မှာပင် ပါးစပ်ကို ပွင့်အာလိုက်သည်။ အရင်က နက်ရှိုင်းသော ယောက်ျားအသံသည် ယခုအခါ ချွန်ထက်လာပြီး စကားပြောနှုန်းနှစ်ဆ တိုးလာသည်။
“ကားလိုက်စ် မင်း ဒီကလေးကို ဘယ်မှာရှာတွေ့ခဲ့တာလဲ။ သူ လောင်ကျွမ်းနေသောလက်ကို အနည်းငယ် ပြုပြင်ရုံနဲ့ အဆင့်တစ်ကနေ အဆင့်လေးအထိ မြှင့်တင်လိုက်ပြီ။ အဆင့်လေး သူ က မင်းရဲ့တပည့်လား။ မဟုတ်ရင် ငါ့ရဲ့အလုပ်သင်အဖြစ် ခေါ်လိုက်တော့မယ်”
ကောင်းပြီ နောက်ထပ် မုဆိုးတစ်ယောက် ထပ်ရောက်လာပြန်ပြီ…
ဆရာကြီး ကားလိုက်စ်က ပြုံးလိုက်သည်။ သူသည် မှော်ကျောက်သလင်းမှုန့်တစ်ဆုပ်ကို သစ်တောက်ငှက်ကို ပေးပြီး နှင်ထုတ်လိုက်သည်။ ထို့နောက် သူ၏ ရင်ဘတ်က တံဆိပ်ကို ပွတ်သပ်ရင်း မှော်ဆရာတာဝါ လဲလှယ်ရေးရုံးကို ဦးတည်လိုက်သည်။
သို့သော်လည်း အဖြူရောင်မီးမှော်ပညာကို လဲလှယ်ရေးစာရင်းတွင် မည်သည့်နေရာမှ ရှာမတွေ့ခဲ့ပေ။ သည်းမခံနိုင်တော့သည့် ကားလိုက်စ်သည် စာတမ်းကို တောင်းရန်အတွက် ဗင်းဆင့်၏ ရုံးခန်းရှိရာ ၂၇ ထပ်သို့ တိုက်ရိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူ ဓာတ်လှေကားမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ တစ်ထပ်လုံး၏ လေထုက မုန်တိုင်းမတိုက်ခင် ကမ်းခြေကို ရိုက်ခတ်နေသလိုမျိုး ထူးထူးခြားခြား ဖိစီးမှုရှိနေပြီး အသက်ရှူရတာ ခက်ခဲစေသည်။ အဆင့်ငါး၊ အဆင့်ခြောက်၊ အဆင့်ကိုး မှော်ဆရာများပင် ဖြတ်လျှောက်သွားကြပြီး၊ အားလုံးက တင်းမာသည့် မျက်နှာများဖြင့် စင်္ကြံ၏ အစွန်းများကို ပင်ကိုအသိစိတ်နှင့် လျှောက်နေကြသည်။
မျက်မှောင်ကြုတ်ရင်း ကားလိုက်စ်သည် ဗင်းဆင့်၏ ရုံးခန်းတံခါးဆီသို့ လျှောက်သွားပြီး ခေါက်လိုက်သည်။ ပထမဆုံး အခေါက် မခေါက်ရသေးခင်မှာပင် အတွင်းမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"ထွက်သွား"
"ဗင်းဆင့် ငါ ကားလိုက်စ်ပါ"
"ထွက်သွား"
ကားလိုက်စ် ခေတ္တရပ်သွားသည်။ ပင်ကိုအသိစိတ်အရ နှစ်လှမ်းနောက်ဆုတ်ပြီးမှ ထပ်မံ ရှေ့တိုးကာ အာရုံစိုက်နားထောင်လိုက်သည်။ မကြာခင်မှာပင် အတွင်းထဲတွင် ဗင်းဆင့် လှည့်ပတ်သွားလာနေသံကို ကြားရသည်။ သူ၏ ခြေသံတွေက မိုးခြိမ်းသလို ပဲ့တင်ထပ်နေပြီး ပိတ်မိနေသည့် သားရဲတစ်ကောင်လို ရူးသွပ်စွာ ရွေ့လျားနေသည်။
“မဖြစ်နိုင်ဘူး… ဒီလိုဖြစ်နိုင်မှာ မဟုတ်ဘူး… ဒါ မဖြစ်နိုင်ဘူး… ဒါပေမဲ့… ဒါပေမဲ့…”
“ဗင်းဆင့် မင်း ဘာဖြစ်နေတာလဲ”
ကားလိုက်စ်သည် စိုးရိမ်တကြီး အသံကို မြှင့်လိုက်သည်။ အသစ်အဆန်းနှင့် အခြေခံသဘောတရားများကို ဆန့်ကျင်သည့် သီအိုရီများနှင့် ကြုံတွေ့ရသည့် မှော်ဆရာတစ်ယောက်
အတွက် ၎င်းသည် ကောင်းကျိုးရော ဆိုးကျိုးပါ ဖြစ်နိုင်သည်။
အကယ်၍ သူသည် ချောချောမွေ့မွေ့ လက်ခံနိုင်မည်ဆိုလျှင် သူ၏ မှော်ပညာကို ကြီးမားသည့် တိုးတက်မှုတွေ ဖြစ်စေနိုင်ပြီး ရာထူးတိုးရန် အခွင့်အရေးတစ်ခုတောင် ဖြစ်လာနိုင်သည်။
သို့သော် ဤသီအိုရီက သူ၏ လက်ရှိယုံကြည်ချက်များနှင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်နေမည်ဆိုလျှင် သူသည် မလိုချင်ဘဲနှင့်ပင် သူ၏ မှန်ကန်မှုကို အသိအမှတ်ပြုရလိမ့်မည်...
မှော်ဆရာတစ်ဦးစီ၏ တရားထိုင်သည့် ပတ်ဝန်းကျင်သည် သူတို့၏ ကမ္ဘာကြီးအပေါ် နားလည်မှုပေါ်တွင် တည်ဆောက်ထားသည်။ အဆင့်ငါးကျော်လျှင် တရားထိုင်သည့် ပတ်ဝန်းကျင်က တည်ငြိမ်လာတတ်သည်။ အဆင့်ဆယ်ကျော်လျှင် ပုံသဏ္ဌာန်များ စတင်ပေါ်ပေါက်လာပြီး အဆင့်ဆယ့်ငါးကျော်လျှင် မှော်ဆရာတစ်ဦးသည် သူတို့၏ တရားထိုင်သည့် ပတ်ဝန်းကျင်ပေါ် အခြေခံပြီး ပြင်ပက ဒြပ်စင်များကိုပင် တိုက်ရိုက် စုပ်ယူကာ သေးငယ်သည့်ဒြပ်စင်တစ်ခုကို ဖန်တီးနိုင်သည်။
သို့သော်လည်း၊ တည်ငြိမ်ပြီး ခိုင်မာနေသည့် တရားထိုင်သည့် ပတ်ဝန်းကျင်သည် ကိုယ်ပိုင်နားလည်မှုနှင့် ဆန့်ကျင်လာသောအခါ မှော်ဆရာသည် တိုးတက်မှုရပ်တန့်သွားနိုင်ပြီး ပိုဆိုးသည်မှာ ပြင်းထန်သည့် အကျိုးဆက်များကို ခံစားရနိုင်သည်။
မှော်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ခြေလှမ်းတိုင်း၊ သီအိုရီဆိုင်ရာ ဆန်းသစ်တီထွင်မှုတိုင်းသည် ခဲနေသည့်သွေးနှင့် နို့ရည်ကဲ့သို့ ဦးနှောက်အမှုန်အမွှားများပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
အခန်းထဲတွင် ခြေသံနှင့် တိုးတိုးပြောသံများ ဆက်ရှိနေသည်။ အဆင့်မြင့်မှော်ဆရာ ဗင်းဆင့်သည် ခုနစ်ပတ်၊ ရှစ်ပတ်ပတ်ပြီးနောက် ရုတ်တရက် ထလိုက်သည်။
"ငါ စစ်ဆေးဖို့ လိုအပ်တယ်။ ဟုတ်တယ်၊ ငါ စမ်းသပ်စစ်ဆေးဖို့ လိုအပ်တယ်။ စမ်းသပ်မှုမပြုလုပ်ခင် ဘာကိုမှ ငါယုံမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ဒီစာရင်းအတိုင်း ပစ္စည်းကိရိယာတွေနဲ့ ပစ္စည်းတွေ ငါ့အတွက် ပြင်ဆင်ပေး"
ရုံးခန်းတံခါး ရုတ်တရက် ပွင့်သွားသည်။ အဆင့်မြင့်မှော်ဆရာ ဗင်းဆင့်က သူ၏ဝတ်ရုံကြီး တလူလူနှင့် ထွက်လာသည်။ သူ၏အညိုရောင် မုတ်ဆိတ်တွေက ခြင်္သေ့မွှေးလို ဖောင်းကားနေသည်။ အဆင့်နိမ့်သည့် မှော်ဆရာများဟာ အထဲကို အလုအယက် ဝင်လာပြီး စာရင်းကိုယူ၍ စမ်းသပ်ခန်းစားပွဲကို ပြင်ဆင်ကာ ဓာတ်ငွေ့ဘူးတွေ တပ်ဆင်ပြီး နမူနာတွေ စုဆောင်း...
ကားလိုက်စ်က တိတ်တိတ်လေး ဘေးကို ရှောင်လိုက်သည်။
သူနှင့် ဗင်းဆင့်သည် နှစ်ပေါင်းများစွာ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်။ အခု သူ၏ရုံးခန်းထဲ တိတ်တိတ်လေး ဝင်သွားပြီး စာတမ်းကို ရှာဖွေဖတ်ရှုလေလေ မျက်မှောင်ပိုကြုတ်လာလေလေပဲ။
ဒြပ်စင်သီအိုရီက မှားနေတာလား?
လောင်ကျွမ်းမှုသည် မီးလောင်လွယ်သည့် အရာဝတ္ထုတွေနဲ့ အဲဒီ... အဲဒီ "O" လို့ခေါ်တဲ့ အရာပေါ်မှာ မှီခိုနေတာလား။
ဒါက တကယ်ဆိုရင် ဒြပ်စင်မှော်ဆရာဂိုဏ်း၏ လောင်ကျွမ်းမှုနှင့် မီးဒြပ်စင်ဆိုင်ရာ သီအိုရီတွေ၏ အခြေခံအုတ်မြစ်တစ်ခုလုံးကို လုံးဝ ပစ်ပယ်လိုက်တာပဲ။ ပြီးတော့ ဂါးရက် နော့ဒ်မက်လို့ခေါ်တဲ့ မှော်ဆရာအလုပ်သင်က ဒီသီအိုရီအရ လောင်ကျွမ်းနေသောလက်မှော်ပညာကို တိုးတက်အောင် လုပ်ခဲ့ပြီး ဗင်းဆင့်ကိုယ်တိုင် စစ်ဆေးအတည်ပြုခဲ့ပြီးပြီ!
ငါ ဘာလုပ်သင့်လဲ။
သူသည် လေနှင့် ရေဒြပ်စင်ဌာနခွဲတွေကို လေ့လာခဲ့ပြီး သူ၏သူငယ်ချင်းဟောင်းကတော့ မီးဒြပ်စင်တွေကို ကျွမ်းကျင်သည်။ သူ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည့် သီအိုရီတစ်ခု မှားယွင်းကြောင်း သက်သေပြခံရရင် သူ့အတွက် သေလုမျောပါး ထိုးနှက်ချက်တစ်ခု ဖြစ်လိမ့်မည်မှာ အသေအချာပင်။
ကားလိုက်စ် ခဏတာ တုံ့ဆိုင်းနေသည်။ ဓာတ်ခွဲခန်းထဲက မှန်ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီ၊ မီးလည်း တောက်နေပြီဆိုတာ မြင်တော့ သူ စာတမ်းအချို့ကို မိတ္တူကူး၊ သူ၏ဝတ်ရုံထဲ ထိုးထည့်ပြီး အနီးအနားက ကောင်းကင်ဘုံတာဝါဆီ တိုက်ရိုက် ဦးတည်လိုက်ရတော့သည်။
“ဆရာကြီး ဆရာကြီး အရေးကြီးတဲ့ စာတမ်းတစ်ခု ရောက်ရှိလာပါပြီ။ ကျေးဇူးပြု၍ ဆရာကြီး ကြည့်ရှုပေးပါ!”
ဆယ်ရက်ကြာပြီးနောက် ကောင်းကင်ဘုံတာဝါ၏ ၃၇၈ ထပ်ရှိ ဒဏ္ဍာရီလာ မှော်ဆရာများ၏ ဓာတ်ခွဲခန်းသည် နက်ရှိုင်းသည့် တိတ်ဆိတ်မှုနှင့် ပြည့်နှက်နေသည်။ ဒဏ္ဍာရီလာ မှော်ဆရာဖြစ်သူ ဒြပ်စင်ကျောင်း၏ ဆရာကြီး ဒက်ကား၏ ဦးဆောင်မှုအောက်တွင် ဆရာကြီး ကားလိုက်စ် အပါအဝင် မှော်ဆရာတစ်ဒါဇင်ကျော်သည် ဗင်းဆင့်၏ စမ်းသပ်မှုများကို အနီးကပ် စောင့်ကြည့်နေကြသည်။
ပြဒါးကို အပူပေးလိုက်သောအခါ အနီရောင်အမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
ကွန်တိန်နာထဲရှိ လေထုပမာဏသည် ငါးပုံတစ်ပုံ လျော့ကျသွားသည်။
ကျန်ရှိသည့် ဓာတ်ငွေ့သည် လောင်ကျွမ်းမှုကို မထောက်ပံ့နိုင်သလို တိရစ္ဆာန်များ၏ အသက်ရှူခြင်းကိုလည်း မထိန်းသိမ်းပေးနိုင်ပေ။
ပိုမိုပြင်းထန်သည့် အပူပေးမှုအောက်တွင် အနီရောင်အမှုန့်သည် ပြဒါးနှင့် ဓာတ်ငွေ့အဖြစ် ပြိုကွဲသွားပြီး၊ ထိုဓာတ်ငွေ့၏ ပမာဏသည် ယခင်က လျော့ကျသွားသော ပမာဏနှင့် တိတိကျကျ ညီမျှနေသည်။
သေလုနီးပါး မီးစာတောင့်ကို ပြိုကွဲထားသည့် ဓာတ်ငွေ့ထဲသို့ ထည့်လိုက်သောအခါ ချက်ချင်းပင် ပြင်းထန်စွာ မီးတောက်လာပြီး မျက်စိကျိန်းစရာ အလင်းရောင် ထွက်ပေါ်လာသည်။
အသစ်ပြိုကွဲထားသည့် ဓာတ်ငွေ့ကို မှော်ပညာပစ္စည်းအဖြစ် အသုံးပြု၍ ဗင်းဆင့်သည် အဆင့်မြှင့်ထားသည့် လောင်ကျွမ်းနေသောလက်မှော်ပညာကို ထုတ်လွှတ်လိုက်သည်။ အဖြူရောင်မီး၏ စွမ်းအားသည် အဆင့်လေးရှိသည့် နဂါးအသက်ရှုသံမှော်ပညာနှင့် ညီမျှလုနီးပါး ဖြစ်နေသည်။
စာတမ်းထဲရှိ အသေးစိတ်အချက်အလက်တိုင်းကို တစ်ခုပြီးတစ်ခု အတည်ပြုခဲ့သည်။
စမ်းသပ်မှုတစ်ခုစီတိုင်းတွင် ဗင်းဆင့်၏ မျက်နှာသည် ပိုမိုဖြူဖျော့လာသည်။ တုန်ရီနေသည့် လက်များဖြင့် နောက်ဆုံးမှော်ပညာကို ထုတ်လွှတ်လိုက်ပြီးနောက် လောင်ကျွမ်းနေသောလက်၏ အဖြူရောင်မီးကက သူ၏နှုတ်ခမ်းများကို စက္ကူလို ဖြူဖျော့သွားစေခဲ့သည်။ ဆင်ခြေများမရှိတော့သလို ငြင်းခုန်စရာများမရှိတော့ပေ။
လောင်ကျွမ်းမှု၏ အနှစ်သာရနှင့် မီးဒြပ်စင်များ၏ အနှစ်သာရသည် တကယ်တော့ ဒြပ်စင်များ မဟုတ်ပေ...
သူသည် အလိုလို မျက်လုံးများကို မှိတ်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ တရားထိုင်သည့် ပတ်ဝန်းကျင်ထဲမှ မီးဒြပ်စင်များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
“ဗင်းဆင့် တရားထိုင်ခြင်းကို ရပ်လိုက်”
ဆရာကြီး ဒက်ကားသည် မိုးခြိမ်းသံကဲ့သို့ အော်လိုက်သည်။ သူ၏အသံသည် ပဲ့တင်ထပ်သွားပြီး တစ်ချိန်တည်းမှာပင် ဓာတ်ခွဲခန်းထဲရှိ မှော်အစီအရင်သည် ဖိချလိုက်ရာ တစ်စတုရန်းမီတာ အချင်းဝက်အတွင်းရှိ ဒြပ်စင်အားလုံးကို ဖြတ်တောက်လိုက်သည်။ ဗင်းဆင့်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး သူ၏ နှာခေါင်းပေါက်များနှင့် နားရွက်များမှ သွေးများ စီးကျလာကာ ကြမ်းပြင်ပေါ် အားမရှိစွာ လဲကျသွားသည်။ ကားလိုက်စ်သည် သူ့ကို ကူညီရန် အလိုအလျောက် အပြေးအလွှားသွားပြီး လက်ထောက်လိုက်သည်။
“ဆရာကြီး...”
သို့သော်လည်း ဆရာကြီး ဒက်ကားသည် သူ့ကို ဂရုမစိုက်ခဲ့ပေ။ သူ၏ ဝတ်ရုံကို လှုပ်ခါလိုက်သောအခါ ဒဏ္ဍာရီလာ မှော်ဆရာသည် မြေပြင်မှ မြင့်တက်လာပြီး ကြမ်းပြင်မှ မျက်နှာကျက်အထိရှိသည့် ပြတင်းပေါက်ဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။ သူ၏ ဘယ်ဘက်လက်သည် နောက်ဘက်တွင် ပြင်းထန်စွာ တုန်ရီနေပြီး ညာဘက်လက်ကမူ ရှေ့သို့ ဆန့်ထုတ်ကာ အပေါ်သို့ တွန်းတင်လိုက်သည်။
“ဘုန်းးးးး”
နားကွဲမတတ် ပေါက်ကွဲမှုတစ်ခုသည် ကောင်းကင်ဘုံတာဝါအပြင်ဘက်ရှိ ထူထဲသည့် တိမ်များကို ကြေမွသွားစေသည်။