ငါနဲ့ လာမယှဉ်နဲ့
Vol. 70 Ch. 1381
သို့သော် ယဲ့ဖန်သည် ထိုနေရာ၌သာ ရပ်နေကာ မလှုပ်ရှားပေ။
သူသည် အတွေးထဲ၌ နစ်နေသကဲ့သို့ မြေကြီးကိုသာ ကြည့်နေသည်။
" ဘာလို့ ဒါက နှစ်ဦးနှစ်ဖက် ချနေတာနဲ့ မတူရတာလဲ။ ယဲ့လူကြီးမင်းက ပြိုင်ဘက်ကို အထင်သေးလွန်းနေတာ မဟုတ်ဘူးလား "
" ငါတို့ ခုနက တွေ့လိုက်တာပဲ။ ရှောင်ကွန်းလည်း အားမနည်းဘူး။ သူ့ကို အထင်သေးရင် ရလဒ်က အရမ်းပြင်းထန်လိမ့်မယ် "
" ယဲ့လူကြီးမင်းက သူ့ကိုယ်သူ အထင်ကြီးပြီး နောက်ဆုံးကျ မျက်နှာပျက်ရမယ်လို့ ငါတော့ ထင်နေပြီ။ အဲ့တာဆို ရယ်ရမှာပဲ "
" ရှူး၊ မင်း အသံကို တိုးစမ်း။ မင်းဘာသာ ပြောချင်ရာပြောလို့ရပေမဲ့ ယဲ့လူကြီးမင်း မကြားစေနဲ့ "
လူတိုင်းမှ ဆွေးနွေးနေကြစဉ် ဖန်းရှောင်ကွန်းသည် ယဲ့ဖန်အရှေ့သို့ ရောက်လာပြီး အကြိမ်အနည်းငယ် အကွက်စမ်းကြည့်သည်။
သို့သော် ယဲ့ဖန်သည် မည်သည့် တုံ့ပြန်မှုမျှ ရှိမလာပေ။
သူသည် ထိုနေရာ၌သာ တောင်တစ်တောင်လို ရပ်နေခဲ့သည်။
ဖန်းရှောင်ကွန်း အနည်းငယ် ဒေါသထွက်နေပြီ ဖြစ်သည်။
သူတို့ကြားရှိ ကွာဟချက်မှာ ကြီးသော်လည်း သူ့ဆရာ၏ အပြုအမူနှင့် သဘောထားမှာ သူ့အပေါ် မလေးစားရာကျလွန်းသည်။
ထိုသို့ဖြစ်၍ သူသည်လည်း တတ်စွမ်းသမျှ အင်အားကုန်သုံးကာ ယဲ့ဖန်ကို အကွက်ရွှေ့လာစေရန် တွန်းအားပေးတော့သည်။
ထိုအတွေးဖြင့် ယဲ့ဖန်၏ ရင်ဘတ်ကို ချက်ချင်း ကန်ထည့်လိုက်သည်။
ထိုအခါ နောက်ဆုံး၌ ယဲ့ဖန် လှုပ်ရှားလာတော့သည်။
သို့သော် ယဲ့ဖန်၏ ဘယ်ဘက်လက်သည် ကျောအနောက်၌သာ ရှိနေပြီး ညာလက်သည် လျှပ်စီးကဲ့သို့ ထွက်လာခဲ့သည်။
အမှန်တွင် ဖန်းရှောင်ကွန်း၏ ကန်ချက်သည် အယောင်ပြခြင်းသာ ဖြစ်သည်။
ထိုသို့ဖြင့် သူသည် ယဲ့ဖန်အား စတင် တိုက်ခိုက်လာစေရန် အစပျိုးခြင်းဖြစ်ကာ သူသည် ကန်လိုက်ပြီး အလျင်အမြန် ပြန်ဆုတ်လိုက်သည်။
သို့သော် ဖန်းရှောင်ကွန်းသည် ယဲ့ဖန်၏ အမြန်နှုန်းကို လျှော့တွက်လိုက်မိခြင်း ဖြစ်သည်။
သူ၏ ခြေထောက်ကို ပြန်ရုတ်လိုက်ချိန်တွင် ခြေချင်းဝတ်ကို ယဲ့ဖန်မှ ဆွဲဖမ်းလိုက်ပြီး ဖြစ်သည်။
ထို့နောက် ကြောက်စရာကောင်းလှသော အင်အားတစ်ခု ဖြတ်လာသည်။
ဖန်းရှောင်ကွန်း မတုံ့ပြန်နိုင်ခင်မှာပင် သူသည် မျှခြေလုံးဝပျက်သွားကာ ဟန်ချက်မညီတော့ပေ။
သူသည် ခြေထောက်မှ ဆွဲခံရလျက် လေထဲသို့ မြှောက်ခံရပြီး ရုတ်တရက် မြေကြီးပေါ်သို့ ရိုက်ချခံရပြန်သည်။
ဖန်းရှောင်ကွန်း အမှန်တကယ်ပင် ထိတ်လန့်သွားရသည်။
ထိုသို့သော စွမ်းအားပြင်း ခွန်အားဖြင့် သူ မသေလျှင်ပင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိပေလိမ့်မည်။
သို့သော် သူ၏ ခန္ဓာကိုယ်သည် မြေပြင်ကို ထိသည့်အခါ ဆွဲရိုက်ခံရသည့်အရှိန်မှာ ရုတ်ချည်း လျော့ကျသွားပြီး မြေကြီးပေါ်သို့ ညင်သာစွာ ကျသွားသည်။
သူသည် မြေကြီးပေါ်တွင် လှဲနေလျက် စိတ်လေဟာနယ်တစ်ခုလုံး ဗလာကျင်းနေတော့သည်
ဘာဖြစ်သွားသည်ကိုပင် သူ နားမလည်နိုင်ဖြစ်နေတော့သည်။
တစ်ကွက်။
သူ၏ ဆရာသည် တစ်ကွက်တည်းဖြင့် သူ့ကို အနိုင်ပိုင်းသွားခဲ့သည်။
သူ့ဆရာ နောက်ဆုံးမှာ ညှာပေးလိုက်တာကြောင့်သာ မဟုတ်ရင် သူ အခု ဒဏ်ရာအပြင်းအထန်ရနေတော့မှာ မဟုတ်လား။
ဖန်းရှောင်ကွန်းသည် ရှုံးနိမ့်မှုကို ခံစားလျက် ယဲ့ဖန်၏ မထင်မှတ်စရာကောင်းလှသည့် ခွန်အားကြောင့် ထိတ်လန့်တုန်လှုပ်နေရသည်။
သူတစ်ယောက်တည်းပင် မဟုတ်ပေ။
တိုက်ပွဲကို ကြည့်ရှုနေသည့် တစ်ယောက်ချင်းစီတိုင်းမှာ လန့်ဖျပ်ကုန်သည်
ဖန်းရှောင်ကွန်းကဲ့သို့ သူတို့သည်လည်း မည်သို့ တုံ့ပြန်ရမည်ကို မသိကြပေ။
ယဲ့ဖန်အား ဖန်းရှောင်ကွန်းမှ တရစပ် တိုက်ခိုက်နေသည်။ ထိုအဖြစ်ကို သူတို့ကြည့်နေစဉ် ဆရာဖြစ်သူမှ တပည့်ကို ခြေကျင်းဝတ်မှ ဆွဲပြီး မြေပေါ်သို့ ပစ်ပေါက်လိုက်သည်။
ထိုဖြစ်စဉ်တစ်ခုလုံးမှာ ၂စက္ကန့်လောက်သာ ကြာမြင့်သည်။
ကျန်းမင်းယွမ်ကို ယခုလေးတင် အနိုင်ယူခဲ့သော ဖန်းရှောင်ကွန်းမှာ အနိုင်ယူခံလိုက်ရသည်။
" ဒါ .... ဒါက ပြီးသွားပြီလား "
" ဒီပွဲက မစခင်ကတည်းက ပြီးနေပြီးသားလို့ ငါ ဘာလို့ ခံစားနေရတာပါလိမ့် "
" ဒါကြီးက မကြီးကျယ်လွန်းဘူးလား။ ဖန်းရှောင်ကွန်းရဲ့ ခွန်အားက ဘယ်လောက်ကြီးလဲ လူတိုင်း မြင်လိုက်တာပဲလေ။ အဲ့လိုလူက တစ်ကွက်တည်းနဲ့ ရှုံးသွားတာတဲ့လား "
" တစ်ကွက်တည်း၊ ဟိုဆရာကြီးက တကယ် တစ်ကွက်တည်း သုံးသွားတာ။ တကယ် ပြောမပြတတ်အောင် အနိုင်ပိုင်းသွားတာပဲ "
" အင်အားကွာခြားချက်ကြီးက မကြီးလွန်းဘူးလား။ ရှောင်ကွန်းက သူ့အရှေ့မှာ ကြက်ပေါက်လေးလိုပဲ "
" ယဲ့လူကြီးမင်းက အဆုံးမှာ ညှာပေးလိုက်လို့ ကံကောင်းသွားတာ။ မဟုတ်ရင် ရှောင်ကွန်း အထိနာပြီး ဒဏ်ရာအကြီးအကျယ်ရမှာ "
" ဘုရားရေ၊ ငါ့မျက်လုံးကိုတောင် ငါ မယုံနိုင်သေးဘူး။ သူက ဘယ်လိုလုပ်လိုက်တာလဲ "
" ကြောက်စရာကောင်းလိုက်တာ ....... "
အခြားလူများထက် ကျန်းမင်းယွမ်သည် အရာရာကို သေချာမြင်လိုက်သည်။
ဖန်းရှောင်ကွန်းသည် ခြေဖြင့်ကန်လိုက်သည်မှာ တွင်းထဲမှ မြွေကို မြှားခေါ်သည့်အယောင်ပြကွက်ကြီး ဖြစ်သည်။
သို့သော် ထွက်လာသောမြွေသည် မထင်မှတ်ထားလောက်အောင် မြန်မည်ဟု သူ မမျှော်လင့်ထားပေ။
ထိုသို့ဖြင့် ဖန်းရှောင်ကွန်းသည် တစ်ကွက်တည်းဖြင့် အရှုံးပေးလိုက်ရသည်။
ယဲ့ဖန်သည် တစ်ကွက်တည်းသာ သုံးလိုက်သော်လည်း သူသည် လေတမျှ မြန်ဆန်ကာ တောအုပ်တမျှ ငြိမ်သက်ပြီး မီးတမျှ ရန်လိုလျက် တောင်တမျှ ငြိမ်သက်သည်။
သူသည် မလှုပ်ရှားလျှင် မလှုပ်ရှားပေ။
လှုပ်ရှားလိုက်ပါက တစ်ချက်တည်းဖြင့် သတ်နိုင်သည်။
ထိုနေရာ၌ သူဖြစ်ပါက ဖန်းရှောင်ကွန်းကဲ့သို့ အဆုံးသတ်သွားမည်လားဟု ကျန်းမင်းယွမ် သူ့ကိုယ်သူ မေးလိုက်မိသည်။
ဤလူငယ်လေး၏ ခွန်အားသည် အလွန်တရာပင် ကြောက်စရာကောင်းသည်။
သူတို့ လုံးဝ လှမ်းမမီနိုင်သော အဆင့်နှင့်အနေအထားတစ်ခု ဖြစ်လေသည်။
ယဲ့ဖန်သည် ဖန်းရှောင်ကွန်းကို မြေပြင်မှ ဆွဲထူပေးလိုက်ပြီး အညစ်အကြေးများ ဖယ်ပေးရန် ကူပေးလိုက်သည်။
ဖန်းရှောင်ကွန်းသည် စိတ်ဓာတ်ကျနေသည်ကို မြင်သဖြင့် ချက်ချင်း သူ၏ တင်ပါးကို ပုတ်ပေးလိုက်သည်။
" ဘာဖြစ်လို့လဲ။ တပည့်က ဆရာကို ရှုံးတာက ပုံမှန်ပဲ မဟုတ်လား။ ဘာတွေ စိတ်ဓာတ်ကျနေတာလဲ "
ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ကို သုန်မှုန်စွာ ကြည့်လိုက်သည်။
" တပည့်က ဆရာကို ရှုံးတာ ပုံမှန်ပဲဆိုပေမဲ့ ဒီလိုဆိုးဆိုးရွားရွားကြီး ရှုံးတာက ပုံမှန်မဟုတ်သေးဘူး။ ဒီအချိန်အတောအတွင်းထဲမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတာပဲ။ ဆရာနဲ့ ကျွန်တော့်ကြားက ကွာခြားချက်က လျော့လာမယ်လို့ထင်ထားပေမဲ့ ပိုပြီးတောင် တိုးလာမယ်လို့တော့ မမျှော်လင့်ထားဘူး "
ယဲ့ဖန်သည် သူ့စကားကြောင့် ရွှင်မြူးသွားသည်။
" တကယ်တော့ မင်းလည်း တော်တော်လေး တိုးတက်လာပါတယ် "
ဖန်းရှောင်ကွန်းသည် ယဲ့ဖန်မှ သူ့အား နှစ်သိမ့်ပေးနေသည်ဟု ထင်မှတ်သွား၍ မပျော်ရွှင်နိုင်ပေ။
" ဆရာ၊ နှစ်သိမ့်မနေပါနဲ့။ ကျွန်တော့်ကို အခု စိတ်ထဲမှာ ရယ်နေတာမလား။ ကျွန်တော်က ကြက်ဥနဲ့ ကျောက်တုံးကို ပေါက်မိတယ်ဆိုပြီး ရယ်နေမှာပေါ့၊ ဟုတ်တယ်မလား "
ယဲ့ဖန် ပြုံးလျက် ခေါင်းခါလိုက်သည်။
" တကယ် နှစ်သိမ့်ပေးနေတာ မဟုတ်ဘူး။ မင်းရဲ့ တိုးတက်မှုနှုန်းက တကယ် ကြီးတာ။ အာသာကတောင် လေ့ကျင့်ရေးတွေမှာ မင်းက တကယ် ကြိုးစားတယ်လို့ မကြာခဏ ပြောသေးတယ်။ သူက တကယ် သဘောကျနေတာ "
ဖန်းရှောင်ကွန်းသည် အာသာမှ သူ့အကြောင်း ပြောသည်ကို ကြားသောအခါ မျက်လုံးအရောင်တောက်သွားသည်။
" တကယ်လား။ ဆရာအာသာက ကျွန်တော့်ကို တကယ် ချီးကျူးတာလား "
အာသာသည် ဖန်းရှောင်ကွန်း၏ အထူးလေ့ကျင့်ရေးအတွက် တာဝန်ရှိသူဖြစ်ပြီး သူနှင့်ပတ်သက်၍ အထူးတင်းကြပ်လေသည်။
အာသာပြုံးသည်ကို သူ တစ်ခါမှပင် မမြင်ဖူးပေ။
သူ၏ တင်းကြပ်သောဆရာသည် နောက်ကွယ်၌ သူ့အား ချီးမွမ်းထားလိမ့်မည်ဟု ထင်မှတ်မထားချေ။
သူ အတော်လေး ရင်ထဲထိသွားရသည်။
ယဲ့ဖန် နှုတ်ခမ်းကို မဲ့လိုက်သည်။
" ငါက မင်းကို လိမ်စရာလိုတယ် ထင်လို့လား "
ဖန်းရှောင်ကွန်းသည် ခေါင်းကိုကုတ်လျက် စိတ်ရှုပ်ထွေးနေပုံရသည်။
" ကျွန်တော်က တိုးတက်လာတယ်ဆို ဘာလို့ ဆရာနဲ့ ကျွန်တော့်ကြားက ကွာဟချက်က ပိုသေးမလာတဲ့အပြင် ဘာလို့ ပိုပိုပြီး ကြီးလာတာလဲ "
ယခင်က သူသည် ယဲ့ဖန်ဖြင့် နှစ်ကွက်စာ ပညာဖလှယ်နိုင်ခဲ့သော်လည်း ယနေ့တွင် ယဲ့ဖန်သည် သူ့ကို တစ်ကွက်တည်းဖြင့် အနိုင်ယူသွားခဲ့သည်။
ထိုသည်က သူ့ကို ကြီးစွာသော ရှုံးနိမ့်ခြင်း ခံစားချက်အား ဖြစ်ပေါ်စေသည်။
ယဲ့ဖန် သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်၊
" မင်း တိုးတက်လာတာနဲ့ ဆရာဖြစ်တဲ့ငါက ဒီအတိုင်း ရပ်တန့်နေမယ် ထင်နေတာလား။ ငါလည်း ဒီအတောအတွင်း တိုးတက်လာတယ်။ အရင်ကဆို မင်းကို သေချာပေါက် တစ်ကွက်တည်းနဲ့ အနိုင်မယူနိုင်ဘူး။ အနည်းဆုံး ...... "
ဖန်းရှောင်ကွန်းသည် ထိုရှင်းပြချက်ကို ကြားပြီးနောက် စိတ်သက်သာရာရသွား သက်ပြင်းချလိုက်သည်။
ထို့နောက် ယဲ့ဖန်မှ ဆက်၍ ဖြည့်ပြောသည်။
" အနည်းဆုံး သုံးကွက်ပေါ့ "
ဖန်းရှောင်ကွန်းသည် ယဲ့ဖန်အား ပြောစရာစကား ပျောက်ဆုံးနေဟန်ဖြင့် ကြည့်လိုက်သည်။
" ဆရာ၊ ဒီလောက် သန်မာနေပြီးသားကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်နိုင်ရတာလဲ။ ကျွန်တော်တို့ကို အခွင့်အရေး လုံးဝ မပေးနေတာ မဟုတ်ဘူးလား "
ကိုယ်ခံပညာလေ့ကျင့်ရာတွင် အစောပိုင်းအဆင့်များ၌ တိုးတက်ရန်မှာ ယေဘုယျအားဖြင့် မြန်ဆန်လေသည်။
သို့သော် ကျွမ်းကျင်အဆင့် ရောက်လာပြီးပါက ပို၍ သန်မာလာရန်မှာ အတော်အတန် ခက်ခဲကြာရှည်လေသည်။
ထို့ကြောင့် ကိုယ်ခံပညာရှင်များသည် အဆင့်မြင့်နေရာတစ်ခုထိ ကျွမ်းကျင်ပြီးပါက ထိုအဆင့်၌သာ ရပ်တန့်နေပြီး နှစ်ဆယ်ချီကြာမြင့်တတ်သည်။
ဤသည်မှာ ယေဘုယျဖြစ်စဉ်တစ်ခု ဖြစ်သည်။
သို့သော် ယဲ့ဖန်ကဲ့သို့ နတ်ဘုရားအဆင့်တမျှ သန်မာပြီးသားဖြစ်သူမှာ ဤသို့သော အင်အားမျိုး ထပ်၍ တိုးမြင့်လာသည်ကို မည်သူမျှ ကြားဖူးလိမ့်မည် မဟုတ်ပေ။
" မင်းကိုယ်မင်း ငါနဲ့လာ မယှဉ်နဲ့ "
ယဲ့ဖန် စိတ်ရင်းဖြင့် ပြောလိုက်သည်။
" မဟုတ်ရင် မင်းပဲ အကြီးအကျယ် နစ်နာရမှာ "
ယဲ့ဖန်၏စကားလုံးများသည် နိုင်စီးသံပေါက်နေသော်လည်း ဖန်းရှောင်ကွန်းအနေဖြင့် ထိုစကားလုံးများမှာ အမှားအယွင်းရှိနေသည်ဟု မခံစားရချေ။
ထို့အပြင် သဘောပင်တူလေသည်။
အမှန်တကယ်၌ သူသည် ကျန်းမင်းယွမ်ဖြင့် တိုက်ခိုက်စဉ်က သူ၏ တိုးတက်လာမှုကို သူကိုယ်တိုင် ခံစားမိလေသည်။
ထိုသည်မှာ သာမန်လူများထက် သာလွန်နေပြီးဖြစ်သည်။
သူ၏ လူမဆန်သောဆရာ၏ ရှေ့၌သာ သူသည် ယင်ကောင်တစ်ကောင်ကဲ့သို့ ခြေမှုန်းခံရလေသည်။
" ကျန်းမင်းယွမ်နဲ့ ပွဲကို မြင်လိုက်တယ်။ တုံ့ပြန်နှုန်းနဲ့ ခန္ဓာကိုယ်ပျော့ပြောင်းမှုက လုံလောက်တယ်။ နောက်တစ်ဆင့်က ခွန်အားကို တိုးရုံပဲ။ အဲ့ဒါအတွက် အာသာကို လေ့ကျင့်ရေးအစီအစဉ် ဆွဲခိုင်းလိုက်မယ်။ အဲ့ဒီအတိုင်း လေ့ကျင့်ရုံပဲ ...... "
ယဲ့ဖန်သည် သူ၏ အားနည်းချက်များကို ထောက်ပြပြီး အကြံဉာဏ်ပေးသည်။
ဖန်းရှောင်ကွန်းသည် သေချာနားထောင်နေပြီး ဘာမှပြန်မပြောပေ။
ထိုစကားကို အဆုံးထိ ကြားပြီးမှ အနောက်ကို ဆုတ်သွားကာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်လျက် အရိုအသေပေးသည်။
" ဆရာရဲ့ လမ်းညွှန်ပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဆရာကြီးကို စိတ်မပျက်စေရအောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ပါ့မယ် "
ယဲ့ဖန်သည် ချက်ချင်း မျက်လုံးလှန်လိုက်သည်။
" မင်းရဲ့ခံစားချက်တွေကို ငါ နားလည်နိုင်ပေမယ့် အဲ့ဒီ 'အဘိုးကြီး'ဆန်တဲ့ ဆရာကြီးဆိုတဲ့အပိုင်းကို ပြန်သိမ်းလို့ရမလား။ ရိုးရိုးသားသားပြောရရင် ငါ မင်းထက် နှစ်နည်းနည်း ပိုငယ်တယ်။ မင်းကမှ အဘိုးကြီး "
ဖန်းရှောင်ကွန်း ချက်ချင်း ပြုံးလိုက်သည်။
" မတတ်နိုင်ဘူး။ ဆရာက ကျွန်တော့်ဆရာပဲ။ အဲ့တော့ ဆရာသခင်ကြီးလို့ ခေါ်ရတာကို မပြောင်းပေးနိုင်ဘူး "
သူတို့နှစ်ယောက် စကားပြောလျက် ရယ်မောနေချိန် ကျန်းမင်းယွမ် ရုတ်တရက် လမ်းလျှောက်လာပြီး ယဲ့ဖန် ရှေ့၌ ဒူးထောက်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်လည်း လူကြီးမင်းရဲ့ တပည့်ဖြစ်ချင်ပါတယ်။ ကျွန်တော့်ကို လက်ခံပေးပါ "
ကျန်းမင်းယွမ်မှ ဦးဆောင်လိုက်သည်နှင့်အတူ ဘေးပတ်ဝန်းကျင်၌ ရှိနေကြသူများမှ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ကာ တညီတညွတ်တည်း ပြောကြသည်။
" ဆရာကြီး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို တပည့်အဖြစ် လက်ခံပေးပါ ....... "
ယဲ့ဖန် အံ့သြသွားရသည်။
ဘာတွေဖြစ်နေတာလဲ။
ဘာလို့ ရုတ်တရက် သူ့ကို သူတို့ရဲ့ ဆရာအဖြစ် ခံယူချင်နေကြတာလဲ။
" ဘာလုပ်နေတာလဲ။ မြန်မြန်ထပါ "
ယဲ့ဖန်သည် အမြန်လမ်းလျှောက်လာပြီး ကျန်းမင်းယွမ်နှင့် အခြားသူများကို ကူညီပေးလိုက်သည်။
သို့သော် ထိုလူများမှ မည်သို့ပင်ဖြစ်စေကာမူ ထရန် ငြင်းဆန်နေကြသည်။
လက်ခံသည်အထိ ဒူးထောက်ရန် ဆန္ဒရှိသည်ဟုဆိုကာ မထကြပေ။
အခြားသူသာဖြစ်ပါက ယဲ့ဖန် ချက်ချင်းထွက်သွားမည် ဖြစ်သည်။
သို့သော် ဤလူများသည် သူ့တပည့်ဖြစ်၏ ဖန်းရှောင်ကွန်း၏ မိတ်ဆွေများဖြစ်သည်။
ထို့ကြောင့် လေးစားမှု ရှိရပေမည်။
ယဲ့ဖန် ခဏတာ ခေါင်းငုံ့စဉ်းစားပြီးနောက် ဆက်၍ ပြောလေသည်။
" တပည့်အဖြစ် လက်ခံဖို့က လိုအပ်ချက်တွေ အများကြီးရှိတယ်။ အနည်းဆုံး အရည်အချင်းနဲ့ ဇွဲလုံ့လက အယောက်တစ်သောင်းမှာ တစ်ယောက်ပဲ ရှိတဲ့အထိ ကြိုးစားတဲ့သူ ဖြစ်ရမှာ။ ဒါဆိုရင်ရော ဘယ်လိုလဲ။ မင်းတို့ ရှောင်ကွန်းစီက အရင်သင်ယူထားလိုက်။ လုံလောက်ပြီဆိုတဲ့အခါ ဆက်ပြောကြတာပေါ့ "
ထိုစကားကို ကြားသောအခါ ထိုလူများက မတ်တတ်ထရပ်ကြသည်။
ယဲ့ဖန်သည် သူတို့ကို မည်သည့်ကတိမှ မပေးလိုက်သော်လည်း အနည်းဆုံး မျှော်လင့်ချက် ပေးခဲ့လိုက်သည်။
ထိုသည်က လုံလောက်လေသည်။
ဖန်းရှောင်ကွန်းသည် သူ၏ သူငယ်ချင်းများကို ပျော်ရွှင်စွာ ကြည့်နေသည်။
" ငါ့စီက သင်ပြီး ငါ့စကားကို နားထောင်ကြ။ မင်းတို့နားထောင်တာကို ငါက စိတ်တိုင်းကျတယ်ဆိုရင် ငါ့ဆရာကို ပြောပေးမယ် "
လူတိုင်းသည် သူ၏ ဆရာကြီးမျက်နှာထားကို မြင်လိုက်ကာ မကျေမနပ် ညည်းညူကြတော့သည်။
" လာကြွားမနေနဲ့၊ ဟုတ်ပြီလား။ ငါတို့က ယဲ့လူကြီးမင်းကိုပဲ လေးစားတာ။ မင်းက ဘာတွေ ဂုဏ်ဆာနေတာလဲ "
" မင်းက စိန်နားကပ်ရောင်ကြောင့် ပါးပြောင်ချင်နေတာပဲ။ မင်းစကားကို နားထောင်ရမယ်လို့ ယဲ့လူကြီးမင်းက မပြောဘူး "
" ဘာလဲ၊ ငါတို့က မင်းကို အရေးပေးရမယ်လို့ ပြောနေတာလား။ မင်း အိပ်မက်သာမက်နေလိုက် "
ယောက်ျားထက်ပင် သန်မာသည့် မိန်းကလေးတစ်ဦးက ပြောသည်။
" ငါ အရေးပေးတာခံချင်ရင် ဒီည ဟိုတယ်သွားမယ်။ သေချာပေါက် ကျေနပ်စေရမှာ "
" ဟားဟားဟားဟား "
ဖန်းရှောင်ကွန်းသည် သူမ၏ ဩရှသော အသံကြောင့် တုန်လှုပ်သွားပြီး ယဲ့ဖန်ကို အမြန်ဆွဲထုတ်လိုက်သည်။
" ဆရာကြီး၊ သွားစားကြရအောင်။ ပြင်ဆင်ထားပြီးပြီ "
ထိုစကားကို ပြောပြီးနောက် သူသည် အခြားသူများကို ဂရုမစိုက်ဘဲ ယဲ့ဖန်ကို ဆွဲခေါ်သွားသည်။
အားလုံးမှာလည်း စကားပြောလျက် ရယ်မောနေကြသည်။
...........................................
ကျန်းကော Battle Fanကလပ်ဝင်းအတွင်းရှိ မိသားစု အဆောက်အဦးအတွင်း၌။
ဖန်းဟုန်းချန်းသည် သူ့လက်အောက်ငယ်သား၏ အစီရင်ခံခြင်းကို နားထောင်ပြီးနောက် သူ၏အမူအရာမှာ ချက်ချင်း တောက်ပလာသည်။
" ရှောင်ကွန်းက ကျန်းမင်းယွမ်ကို တကယ်ပဲ အနိုင်ယူလိုက်တယ်လို့ မင်း ပြောနေတာလား။ ဒီကောင်က အခု တိုက်ခိုက်ရေးမှာ အရမ်းကျွမ်းနေပြီလား "
ဤကျန်းမင်းယွမ်ဆိုသူသည် ကျန်းကော Battle Fanကလပ်တွင် အလွန်ကျော်ကြားသူ ဖြစ်သည်။
သူသည် စစ်ရေးရာ တိုက်ခိုက်သည့် ပြိုင်ပွဲတိုင်း၌ အမြဲပင် ထူးချွန်စွာ စွမ်းဆောင်နိုင်သူဖြစ်လေသည်။
ထိုကဲ့သို့လူကို သူ့သားဖြစ်သူမှ တကယ်ပင် အနိုင်ယူနိုင်ခဲ့သည်ဟု ကြားသိလိုက်ရသည်။
ဖန်းဟုန်းချန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ကျန်းမင်းယွမ်သည် သူ့သားအပေါ် အလျှော့ပေးလိုက်သည်ဟု ထင်လိုက်ခြင်း ဖြစ်သည်။
သို့သော် သူသည် ထိုအတွေးကို ချက်ချင်း ငြင်းပယ်လိုက်သည်။
ကျန်းမင်းယွမ်အကြောင်းကို သူ ကောင်းစွာ သိလေသည်။
ကျန်းမင်းယွမ်သည် တည့်တိုးဆန်သူဖြစ်၍ ဖန်းရှောင်ကွန်းမှာ သူ့သားဖြစ်သည်ဆိုသော အချက်ကြောင့် ထိုသို့ လုပ်မည်မဟုတ်ပေ။
ထို့ကြောင့် သူ့သားဖြစ်သူ ဖန်းရှောင်ကွန်း၏ အင်အားမှာ လျှော့တွက်လို့ မရသည့် အနေအထားဖြစ်လာသည်။
" ဒီကောင် တကယ် ဆရာကောင်း တွေ့သွားပုံပဲ "
ဖန်းဟုန်းချန်းသည် သူ့ကိုယ်သူ စကားပြောနေပုံဖြင့် ရေရွတ်နေသည်။
သူ့သားသည် ယန်းချန်မြို့၌ ဆရာတစ်ယောက်ရလာပြီး ထိုဆရာဖြစ်သူမှာ အသက်ငယ်သည်ဟု ဆိုလေသည်။
ဤအကြောင်းအရာများသည် ဖန်းဟုန်းချန်း၏ မျက်လုံးနှင့် နားများမှ ပုန်းရှောင်၍ မနေနိုင်ပေ။
ထိုအချိန်က သူသည် ဤကိစ္စမှာ ယောက်ျားပျိုများ စနောက်နေသည်ဟု ထင်၍ အထူးတလည် အရေးမထားခဲ့ချေ။
သို့သော် ဤသည်မှာ အမှန်တကယ် အလုပ်ဖြစ်နေမည်ဟုလည်း မထင်ထားသည်မှာ သေချာပေါက်ပင်ဖြစ်သည်။