ငါတို့ကို မျောက်တွေလို လှည့်စားနေတာလား
Vol. 70 Ch. 1391
" ဒါက ကျွန်တော် အထူးတီထွင်ထားတဲ့ အမှုန့်ပါ။ ဒါကို အခင်းဖြစ်ပွားရာနေရာရဲ့ ခြေရာတွေကို အမြင်သာဆုံး အတိုင်းအတာအထိ မြင်ရစေနိုင်တယ် "
အားကန်သည် ရှင်းပြပြီးသည့်နောက် သူသည် လုံခြုံသောနေရာတွင် ရပ်ပြီး အဖြူရောင်အမှုန့်ကို မှုတ်လိုက်သည်။
အဖြူရောင်အမှုန့်များသည် ချက်ချင်း ပြန့်ကျဲသွားပြီး မြေပြင်ပေါ်သို့ ကျသွားသည်။
ခဏအကြာတွင် ရှုပ်ပွနေသော ခြေရာများကို တွေ့လိုက်ရသည်။
လျုံမိသားစုမှ အထက်တန်းအဆင့် မိသားစုများသည် တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်စွာ ကြည့်နေကြသည်။
အားကန်မှ အထူးတီထွင်ထားသော အမှုန့်သည် ထိုခြေရာများကို ပြန်လည်ပေါ်လာစေနိုင်သည်။
ဒီကနေ ဘယ်လိုလုပ် ရှာနိုင်မှာလဲ။
လက်သီးကျမ်းစာအုပ် ပျောက်ပြီး နှစ်ရက်အတွင်း ထိုနေရာ၌ မရေမတွက်နိုင်သော လူများ ရပ်ခဲ့ကြပြီး ခြေရာများစွာ ရှိနေသည်။
ကောက်ရိုးပုံထဲက အပ်ကို ရှာတာနဲ့ မတူဘူးလား။
ယဲ့ဖန် အားကန် ဘာလုပ်ချင်သည်ကို နားမလည်နိုင်ပေ။
အသက်မွေးဝမ်းကျောင်း မတူညီမှုကြား၌ ကြီးမားသောကွာဟချက် ရှိလေသည်။
အားကန်သည် လောင်းကစားမြို့တော်၌ သူခိုးများ၏ဘုရင် ဖြစ်လာရန် သူသည် အခြားသူများ နားမလည်နိုင်သော ထူးခြားသည့် လျှို့ဝှက်နည်းပညာများ ရှိလေသည်။
အားကန်သည် အခြားသူများ မည်သို့တွေးသည်ကို ဂရုမစိုက်ပေ။
ထိုအစား သူသည် မြေပြင်ပေါ်၌ ငုံ့နေပြီး သင်္ချာပုစ္ဆာကို ဖြေရှင်းနေသကဲ့သို့ ရှုပ်ထွေးနေသော ခြေရာများကို အသေးစိတ် လေ့လာနေခဲ့သည်။
ပိုခက်ခဲသည့် ပြဿနာကို ကြုံလာသည့်အခါ သူ့အိတ်ကပ်ထဲမှ မှန်ဘီလူးအသေးလေးကိုပင် ထုတ်ပြီး ခြေရာများကို ကြည့်နေသည်။
နာရီဝက်မျှပင် ကြာသွားသည်။
သို့သော် အားကန်မှာ ဆက်၍ လေ့လာနေသေးသည်။
အခြားသူများမှာ စိတ်မရှည်တော့ပေ။
" တတိယအစ်ကို၊ သူက ငါတို့ကို မျောက်တွေလို ကစားနေတာလား "
လျုံဝမ်းထျန်းသည် မည်သည့်နေရာမှ ထွက်လာမှန်း မသိသော်လည်း သူ့ကို ဒေါသတကြီး မေးခွန်းထုတ်လေသည်။
အခြားသူများမှာလည်း လျုံဝမ်းထျန်းလောက် မဆင်မခြင် မလုပ်ကြသော်လည်း အားလုံးမှာ စိတ်တိုနေပုံရသည်။
" ပါးစပ်ပိတ်ထား "
လျုံဝမ်းလုံသည် လှည့်ပြီး ညီရှစ်ယောက်မြောက်ကို စိုက်ကြည့်နေသည်။
" ကျွန်တော် အမှန်တိုင်းပြောနေတာ။ ဒီကောင်က နာရီဝက်ကျော်ကျော်လောက် အချိန်ဖြုန်းနေပေမဲ့ ဘာမှမမြင်ရဘူး။ သူ ကျွန်တော်တို့ကို ကစားနေတာ မဟုတ်ဘူးလား "
လျုံဝမ်းထျန်း ဒေါသတကြီး ပြန်ပြောသည်။
သို့သော် ဤတစ်ကြိမ်၌ လျုံဝမ်းလုံသည် သူ့ကို ဘာမှမပြောတော့ပေ၊
အမှန်ပြောရလျှင် လျုံဝမ်းလုံသည်လည်း အနည်းငယ် စိတ်မရှည်တော့ပေ။
မိသားစုမျိုးနွယ်၏ ရတနာများသည် ဇာမဏီသုံးကောင်အဖွဲ့အစည်း၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်သော်လည်း သူတို့သည် ဤနေရာတွင် အချိန်ဖြုန်းနေရသည်။
ယဲ့ဖန်သည် အားကန်အား မိတ်ဆက်ပေးခဲ့ခြင်း မဟုတ်ပါက လျုံဝမ်းလုံ အားကန်ကို ပြဿနာရှာလိုက်မည် ဖြစ်သည်၊
" ရှောင်ဖန်၊ ငါတို့ ဒါကို မေ့လိုက်မလား။ ငါတို့ တခြားနည်းလမ်းကို စဉ်းစားလိုက်မယ် "
လျုံဝမ်းလုံသည် ခဏတာ စဉ်းစားပြီးနောက် ယဲ့ဖန်ကို လှည့်ကြည့်ကာ ဆင်ခြင်လျက်ပြောသည်။
ယဲ့ဖန်သည် မျက်မှောင်ကြုတ်ပြီး စကားပြန်ပြောတော့မည် ဖြစ်သည်။
ထိုအချိန်တွင် မြေပြင်ပေါ်၌ လဲလျောင်းနေသော အားကန်မှ ရုတ်တရက် ပြောလိုက်သည်။
" သူက အရပ် ၁၆၅စင်တီမီတာ ရှိပြီး ကိုယ်အလေးချိန် ၅၆ကီလိုဂရမ်လောက်ရှိတဲ့သူပဲ၊ သူက ထော့ကျိုးဖြစ်နေတဲ့ ခြေထောက်တစ်ဖက်ရှိတယ် ..... "
အားကန် ရုတ်တရက်ပြောလိုက်သော စကားကို ကြားပြီးနောက် လူတိုင်း အံ့သြသွားကြသည်။
" ဘာပြောလိုက်တာလဲ "
လျုံဝမ်းလုံသည် အရှိန်အဟုန်ဖြင့် ရှေ့တစ်လှမ်း တိုးလိုက်သည်။
"ခင်ဗျားတို့ရှာနေတဲ့ လူအကြောင်း ပြောနေတာ။ ဒီလက္ခဏာရပ်တွေအရ သူ့ကို ရှာရင် သေချာပေါက်မှန်လိမ့်မယ် "
အားကန်သည် မြေပြင်မှထကာ သူ့လက်ပေါ်ရှိ ဖုန်မှုန့်များကို သုတ်လိုက်သည်။
လျုံဝမ်းလုံသည် မြေပြင်ပေါ်ရှိ ရှုပ်ပွနေသော ခြေရာများကို စိုက်ကြည့်ပြီးနောက် အားကန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
" မင်း ဘယ်လိုလုပ် သိတာလဲ "
အားကန်ကို သူ မယုံနိုင်တာ မဟုတ်သော်လည်း ဤမြင်ကွင်းမှာ အနည်းငယ် ဆန်းကြယ်နေသောကြောင့် ဖြစ်သည်။
ရှုပ်ပွနေသော ခြေရာများမှ သူခိုးအစစ်အမှန်အား ရှာတွေ့နိုင်ပြီး သူခိုး၏အရပ်၊ အလေးချိန်နှင့် လက္ခဏာရပ်များကိုပင် ဆုံးဖြတ်နိုင်သည်မှာ ယုတ္တိမရှိလှပေ။
သူသာမက ယဲ့ဖန်အပါအဝင် လူတိုင်းသည် ဤကိစ္စကို နားမလည်နိုင်ကြချေ။
ခဏကြာသည်အထိ အားလုံး၏ မျက်လုံးများက အားကန်ကို စူးစိုက်ကြည့်နေကြသည်။
ဤသည်မှာ အားကန်၏ ဘဝင်ကို အလွန်ကျေနပ်စေသည်။
" ဘာတတ်နိုင်မှာလဲ။ ခင်ဗျားတို့သာ နားလည်နေရင် သူခိုးဘုရင်အဖြစ်ဖို့ ကျွန်တော်က ထိုက်တန်ပါတော့မလား "
" မင်း ဘယ်လို ဆုံးဖြတ်တယ်ဆိုတာ ငါတို့ကို မပြောရင် မင်း လျှောက်ပြောနေတာလားဆိုတာ ငါတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ "
လျုံဝမ်းထျန်းသည် အားကန်ကို စူးရဲစွာ စိုက်ကြည့်ပြီး မေးခွန်းထုတ်သည်။
" ဘာပဲဖြစ်ဖြစ်၊ ကျွန်တော့်တာဝန်က ပြီးသွားပြီ။ ယုံချင်ယုံ၊ မယုံချင်နေ "
အားကန်သည် ရယ်နေပြီး သူတို့ကို လုံးဝအလေးအနက်မထားပေ။
" ရှောင်ဖန် ကြည့်ပါဦး ...... "
လျုံဝမ်းလုံသည် ယဲ့ဖန်ကို အကူအညီတောင်းရန်မှ လွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
" ငါ့ကို စိတ်တိုအောင် မလုပ်နဲ့။ မြန်မြန်ပြောလိုက် "
ယဲ့ဖန်သည် အားကန်ကို စိုက်ကြည့်နေသည်။
ဒီလူသည် တုတ်မပြပါက မကြောက်တတ်သည့်ကလေးနှင့် တူလေသည်
ယဲ့ဖန် ဆူပူလိုက်မှ အားကန် လည်ပင်းကို ငုံ့သွားပြီး လူတိုင်းကို ရှင်းပြခဲ့သည်။
" တကယ်က အရမ်းရိုးရှင်းပါတယ်။ အဲ့ဒီခြေရာတွေထဲကနေ သူခိုးခြေရာကို ရှာရုံတင်ပါ။ ပြီးတော့ ခြေရာရဲ့ အရွယ်အစားနဲ့ အတိမ်အနက်ကို အခြေခံပြီး အရပ်နဲ့ အလေးချိန်ကို ဆုံးဖြတ်နိုင်တယ်။ အဲ့လိုကို ရိုးရှင်းတာ "
ဤသည်ကို လူတိုင်းကြားပြီးနောက် သူတို့၏မျက်နှာ အကြိမ်အနည်းငယ် လှုပ်သွားကြသည်။
အားကန်သည် ရှင်းပြပြောသော်လည်း ဘယမှပြောမသွားသကဲ့သို့ သူတို့ နားမလည်နိုင်ပေ။
" ဒါပေမယ့် ဒီလောက်များတဲ့ ခြေရာတွေထဲက သူခိုးရဲ့ခြေရာကို ဘယ်လိုရှာတွေ့တာလဲ "
လျုံဝမ်းလုံမှ ဆက်မေးသည်။
မြေပြင်ပေါ်တွင် ခြေရာများစွာ ရှိနေသော်လည်း သူခိုး၏ ခြေရာကို တစ်ခုတည်း ရှာဖွေထုတ်ရန်မှာ စိတ်ကူးပင်မယဉ်နိုင်သော အရာတစ်ခု ဖြစ်သည်။
" ပုံမှန်အားဖြင့် သူခိုးအလုပ် လုပ်တဲ့လူတွေက ခြေကိုဖော့ပြီး လျှောက်သွားကြတယ်။ အဲ့တာကြောင့် သူတို့စီက ကျန်ခဲ့တဲ့ ခြေရာတွေက ပါးလွှာနေလိမ့်မယ်။ နောက်ပြီးတော့ သူခိုးဂိုဏ်းဝင်အများစုက သူတို့ရဲ့ ရှေ့ခြေဖျားနဲ့ လျှောက်တာကို တွေ့ရတယ်။ အဲ့တော့ ရှာရတာ မခက်ပါဘူး "
အားကန် ထပ်ရှင်းပြလိုက်သော်လည်း အနည်းငယ် စိတ်မရှည်တော့ပေ။
" ဒါဆို ခြေရာတွေကနေ အရပ်နဲ့ အလေးချိန်ကို ဘယ်လိုဆုံးဖြတ်တာလဲ "
လျုံဝမ်းထျန်းမှ မေးသည်။
အားကန် သူ့ကို မကျေမနပ် ကြည့်ပြီး စိတ်ဆိုးကာ ပြန်မေးလိုက်သည်။
" သူခိုးဂိုဏ်းရဲ့ နည်းစနစ်နဲ့ သဘောတရားတွေကို ရှင်းပြဖို့ ပေးရမှာလား။ အဖြေကို ပြောပြီးပြီပဲ။ ဘာလို့ မသက်ဆိုင်တဲ့ မေးခွန်းတွေ အများကြီးမေးနေတာလဲ "
" မင်း ...... "
လျုံဝမ်းထျန်းမှ တုံ့ပြန်ချင်သော်လည်း လျုံဝမ်းလုံသည် သူ့ကို တားလိုက်သည်။
" ကန်လူကြီးမင်း ပြောတာ မှန်တယ်လို့ ငါလည်းထင်တယ်။ အခု ငါတို့ရဲ့ ဦးစားပေးအဆင့်က ဒီသူခိုးကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေဖို့ပဲ "
ဤအတောအတွင်း နှုတ်ဆိတ်နေသော လျုံဝမ်းယွမ် ထွက်လာခဲ့သည်။
" ဒါပေမယ့် ကျန်းကောက အရမ်းကြီးလွန်းတယ်။ သူခိုးကို ရှာဖို့က မလွယ်လောက်ဘူး "
လျုံဝမ်းလုံ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဘာမှမရှိတာထက် သဲလွန်စတစ်ခုခု ရှိနေတာက ပိုကောင်းတယ်။ ငါတို့ ဘယ်လောက်ပဲဖြစ်ဖြစ် ငါတို့ မိသားစုရဲ့ ရတနာကို ပြန်ယူရမယ် "
ထိုသို့ပြောပြီးနောက် သူသည် လျုံမိသားစုဝင်များကို စတင် တာဝန်ပေးခဲ့သည်။
လျုံမိသားစုများ အားလုံးသည် လုပ်နေသည်များကို ချက်ချင်း ချလိုက်ပြီး ထိုသူခိုးခြေထော့ကို ရှာရန် ထွက်သွားခဲ့ကြသည်။
လျုံမိသားစုသည် ကြီးမားသော မိသားစုကြီးဖြစ်သည်။
တိုက်ရိုက်မဟုတ်သော မိသားစုများ အပါအဝင် လူတစ်ထောင်ထက်မနည်း ရှိလေသည်။
ထို့အပြင် ထိုလူများအားလုံးသည် ကျယ်ပြန့်သော အချိတ်အဆက် ရှိသူများဖြစ်သည်။
သူတို့ အသုံးချနိုင်သည့် ချိတ်ဆက်မှုများမှာ အလွန်ကြောက်စရာကောင်းလှသည်။
သို့ပင်လျှင် ကျယ်ပြန့်လှသည့် ကျန်းကောပြည်နယ်၌ လူတစ်ယောက်ကို ရှာတွေ့ရန်မှာ မလွယ်ချေ။
လျုံမိသားစုဝင်များသည် သုံးနာရီ၊ လေးနာရီကြာ ရှာခဲ့သော်လည်း သတင်း လုံးဝမရခဲ့ပေ။
လျုံဝမ်းလုံသည် ဒယ်အိုးပေါ်၌ အကြော်ခံရသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ စိုးရိမ်နေပြီး အစည်းအဝေးခန်းမထဲတွင် ပတ်လျှောက်နေလေသည်။
လျုံမိသားစု၏ အထက်ပိုင်းမိသားစုများပင် စိုးရိမ်လာကြသည်။
ရှုကျင်းရှင်း၏ အကြည့်များသည် လူတိုင်းအပေါ် ဖြည်းညှင်းစွာ လွှမ်းသွားသည်။
သူမ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ထို့နောက် သူမသည် ယဲ့ဖန်၏ နားထဲသို့ ရုတ်တရက် တီးတိုးပြောသည်။
" ယဲ့ဖန်၊ ရှင်ရဲ့တပည့်က ကျန်းကောပြည်နယ်မှာ အရမ်းနာမည်ကြီးတယ် မဟုတ်ဘူးလား။ သူ့ကို ဖုန်းဆက်ပြီး ရှာခိုင်းလို့ ရမလား "
" ဟုတ်တယ် မေ့တော့မလို့ "
ယဲ့ဖန်သည် သူခိုးအကြောင်း တွေးလျက် အလုပ်များနေ၍ သူ့၌ အဖိုးတန် တပည့်တစ်ယောက် ရှိသည်ဆိုတာ မေ့နေခဲ့သည်။
ချက်ချင်းပင် သူ့ဖုန်းကို ထုတ်ပြီး ဖန်းရှောင်ကွန်းကို ဖုန်းဆက်လိုက်သည်။
ဖန်းရှောင်ကွန်းသည် အဖြစ်အပျက်ကို ကြားပြီးနောက် ပြောသည်။
" ဆရာကြီး၊ ကျွန်တော့်ကို နာရီဝက်လောက်ပဲ အချိန်ပေးပါ "
ထိုသို့ ပြောပြီးသည်နှင့် ဖုန်းချသွားသည်။
ဖန်းရှောင်းကွန်း ယုံကြည်မှုကို ဘယ်ကရသည်ကို ယဲ့ဖန် မသိပေ။
သို့သော် သူ့ကို ထိုသို့ ကတိပေးလေသည်။
ဖန်းရှောင်ကွန်းကတော့ ကြွားလုံးထုတ်နေတာပဲ။