← Chapters

လူမှားရှာတာလား

Vol. 70 Ch. 1393

လူမှားရှာတာလား

Vol. 70 Ch. 1393

" မသွားခဲ့ဘူးတဲ့လား "

လျုံဝမ်းလုံသည် နှာမှုတ်ပြီး လျုံဝမ်းထျန်းကို တစ်ချက်ကြည့်လိုက်သည်။

လျုံဝမ်းထျန်းသည် ဘာမှ မပြောချေ။

သူသည် ဆံပင်သုံးပင်၏ လည်ချောင်းအား ကိုင်ထားသော လက်မှခွန်အားကို တိုးလိုက်ရာ 'ဂျွတ်'ဟု အသံစတင်မြည်လာသည်။

ဆံပင်သုံးပင်၏ မျက်နှာသည် နီရဲနေပြီဖြစ်ပြီး ကြောက်ရွံ့မှုမှာ အတိုင်းသား ပေါ်လာတော့သည်။

" ကျွန်တော် …... ပြောပြပါ့မယ် ..... "

ဆံပင်သုံးပင်သည် ချက်ချင်းပင် သူတို့အားလုံးကို ပြောပြသည်။

ဇာမဏီသုံးကောင်အဖွဲ့အစည်း၏ ဥက္ကဌ ယုဖန်ရှန်းသည် ကိုယ်ခံပညာ သိုင်းကျမ်းစအုပ်များကို စျေးကြီးပေးကာ ဝယ်ယူနေသည်ကို သူ ကြားသိထားသည်။

ပတ်ဝန်းကျင်ကို မေးမြန်းပြီးနောက် လျုံမိသားစု၌ မျိုးဆက်များစွာ ဆက်ခံလာသော သိုင်းကျမ်းစာအုပ်တစ်အုပ်ရှိသည်ကို သိလိုက်ရပြီး ကောက်ကျစ်သော အကြံတစ်ခုရလာခဲ့သည်။

ရက်ပေါင်းများစွာ ကင်းထောက်စုံစမ်းပြီးနောက် ယမန်နေ့ညက လှုပ်ရှားကာ သိုင်းစာအုပ်ကို ခိုးယူခဲ့သည်။

ဆံပင်သုံးပင်သည် နောက်ဆုံး၌ အမှန်တရားကို ထုတ်ဖော်ပြောပြခဲ့သည်။

လျုံမိသားစုမှ အထက်ပိုင်းမိသားစုဝင်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်ကြသည်။

သူတို့သည် ဇာမဏီသုံးကောင်အဖွဲ့အစည်းကို အမှန်တကယ် အထင်မှားမိခဲ့ပုံရသည်။

တစ်ဖက်ကလူသည် သူတို့ကို ပစ်မှတ်ထားရန် အမှန်ပင် မညွှန်ကြားခဲ့ပေ။

ကံကောင်းစွာဖြင့် ယနေ့ သူတို့သည် ဇာမဏီသုံးကောင်အဖွဲ့အစည်းသို့ အလျင်စလို မသွားလိုက်ပေ။

မဟုတ်ပါက အကြောင်းပြချက်မရှိဘဲ ရန်သူကြီးကို နှိုးဆော်မိမည်ဖြစ်သည်။

ထိုအချက်ကို တွေးပြီးနောက် လျုံမိသားစု၏ အထက်တန်းမိသားစုဝင်များသည် ယဲ့ဖန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ကြသည်။

ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့သည် ထောင့်တစ်နေရာ၌ ရပ်နေသည်။

သူတို့သည် လျုံမိသားစု၏ ကိစ္စများ၌ ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။

" ရှောင်ဖန်၊ ဒီနေ့ မင်းကို ကျေးဇူးအများကြီးတင်ရမှာပဲ။ မင်းသာ မရှိရင် ငါတို့ ဘာလုပ်ရမယ်ဆိုတာ တကယ် မသိတော့ဘူး "

လျုံဝမ်းလုံသည် ယဲ့ဖန်အား စိတ်လှုပ်ရှားစွာ ကျေးဇူးတင်နေသည်။

အားကန်ကို ယဲ့ဖန်မှ ခေါ်ပေးခဲ့ပြီး ဆံပင်သုံးပင်ကိုလည်း ယဲ့ဖန်ကြောင့် တွေ့ရှိခဲ့သည်။

ယဲ့ဖန်သည် ဤကိစ္စအတွက် ကြီးမားသော အထောက်အပံ့ဟု ဆိုနိုင်သည်။

" ကောင်းပြီ၊ အခု ဒီအကြောင်းပြောရမယ့်အချိန်မဟုတ်သေးဘူး။ မမှောင်ခင် ဇာမဏီသုံးကောင်အဖွဲ့အစည်းဆီ အမြန်သွားကြရအောင် "

ယဲ့ဖန်သည် ထိုသို့ ကူညီလိုက်ရသည့်အတွက် အခွင့်အရေးယူရန် စိတ်ကူးမရှိပေ။

ဤသည်မှာ အသေးအမွှားကိစ္စသာ ဖြစ်သည်။

လျုံမိသားစုသည် နှောင့်နှေးမနေဘဲ ဆံပင်သုံးပင်ကို ဇာမဏီသုံးကောင်အဖွဲ့အစည်းစီ ချက်ချင်း ခေါ်လာခဲ့သည်။

ဇာမဏီသုံးကောင်အဖွဲ့အစည်း၏ ဌာနချုပ်သည် ကျင်းလင်မြို့၏ အနောက်ဘက်ဆင်ခြေဖုံး၌ ရှိကာ နှစ်ထပ်အဆောက်အဦးကြီး ဖြစ်သည်။

တံခါးနားရှိ ဆိုင်းဘုတ်သည် 'ဇာမဏီသုံးကောင် လုံခြုံရေးကုမ္ပဏီ'ဟု ရေးထားသည်။

လုံခြုံရေးကုမ္ပဏီဟူသည်မှာ အပေါ်ယံမျက်နှာဖုံးသာဖြစ်သည်၊

အမှန်တကယ်၌ သူတို့သည် ဂိုဏ်းအဖြင့် ပွင့်လင်းစွာ မလုပ်ကိုင်ကြပေ။

လျုံမိသားစုမှ လူအုပ်စုကြီးသည် ဇာမဏီသုံးကောင်အဖွဲ့အစည်း၏ ကြီးကျယ်ခမ်းနားသော ဌာနချုပ်သို့ လျှောက်လာရာ ဇာမဏီသုံးကောင်အဖွဲ့အစည်းမှ လူများ ထိတ်လန့်သွားသည်။

အနက်ရောင် ၀တ်စုံဖြင့် လူတစ်စု အဆောက်အဦးထဲမှ ပြေးထွက်လာခဲ့သည်။

သူတို့အားလုံး၏ လက်ထဲတွင် သံတုတ်များ ကိုင်ထားကာ ဝင်လာသောလူအုပ်စုကို စိုက်ကြည့်နေကြသည်။

" မင်းတို့ ဘာလာလုပ်ကြတာလဲ "

လူတစ်ယောက်သည် ထိုလူအုပ်ထဲမှ ထွက်လာပြီး ယဲ့ဖန်တို့ကို သတိထား ကြည့်လိုက်သည်။

" အထင်မလွဲပါနဲ့။ ငါတို့က မင်းတို့ရဲ့ ဥက္ကဌနဲ့ တွေ့ချင်လို့ပါ "

လျုံဝမ်းလုံ ထွက်လာပြီး ထိုလူအား ရှင်းပြသည်။

" ဘာလို့ ငါတို့ ဥက္ကဌကို ရှာတာလဲ "

ထိုယောက်ျားသည် လုံးဝ အလျော့မပေးပေ။

" ငါတို့ လျုံမိသားစုရဲ့ သိုင်းစာအုပ်ကို ခိုးသွားတဲ့ သူခိုးကို ဖမ်းမိထားတာမလို့ ဥက္ကဌယုက ကတိကို တည်ပြီး သိုင်းကျမ်းစာအုပ်ကို ငါတို့စီ ပြန်ပေးမယ်လို့ မျှော်လင့်တယ် "

လျုံဝမ်းလုံသည် ဇာမဏီသုံးကောင်အဖွဲ့အစည်းနှင့် မည်သို့သည့်ပဋိပက္ခမှ မဖြစ်ချင်သောကြောင့် ဖော်ရွေစွာ ပြောဆိုရန် ကြိုးစားခဲ့သည်။

" မင်းတို့ ပြန်လာပြန်ပြီလား။ မနေ့က သင်ခန်းစာ မရသွားဘူးလား "

လျုံမိသားစုမှ လူများဖြစ်သည်ကို ထိုလူက ကြားသောအခါ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

" ဘာတွေပြောနေတာလဲ။ ငါတို့က မင်းကိုတကယ် ကြောက်မယ် ထင်နေလား "

လျုံဝမ်းထျန်းသည် ဒေါသတကြီးဖြင့် ထိုလူကို ရင်ဆိုင်ရန် ချက်ချင်း ထွက်လာသည်။

နှစ်ဖက်လုံးသည် တင်းမာနေကာ ယမ်းနံ့များ လေထဲအပြည့် ဖြစ်နေသည်။

အခြေအနေသည် ပေါက်ကွဲရန် မီးစတစ်ခုသာ လိုအပ်နေလေသည်။

နှစ်ဖက်လုံးက စတင်တော့မည့်အချိန် အဆောက်အဦးအတွင်းမှ အမျိုးသမီးတစ်ဦး၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

" အပြင်မှာ ဘာတွေဖြစ်နေတာလဲ။ ဇာတ်ကားတောင် ကောင်းကောင်း မကြည့်နိုင်ဘူး "

ဇာမဏီသုံးကောင်အဖွဲ့အစည်းမှ လူအုပ်ကြီးသည် ချက်ချင်းပင် ဘေးသို့ ပြန့်ကျဲသွားသည်။

ထို့နောက် အမျိုးသမီးတစ်ဦးသည် အဆောက်အဦးထဲမှ ထွက်လာခဲ့သည်။

သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ဝတ်စုံသည် အနည်းငယ် ချောင်နေသော်လည်း သူမသည် အသွင်အပြင် ခန္ဓာကိုယ်ကောင်း ရှိသည်ကို ပြောနိုင်လေသည်။

ထိုအမျိုးသမီးသည် သိမ်မွေ့သော မျက်နှာအသွင်အပြင်နှင့် သိမ်မွေ့သော ဘဲဥပုံမျက်နှာပြင်ရှိသည်။

သို့သော်လည်း သူမ၏ မိတ်ကပ်သည် သူရဲကောင်းဆန်စေရန် တမင်တကာ လိမ်းခြယ်ထားသည်။

ယောက်ျားလေး ဆံပင်ပုံစံနှင့် ဖြစ်ရာ အနီးကပ် မကြည့်ပါက ချောမောသော ယောက်ျားလေးဟု ထင်လိမ့်မည် ဖြစ်သည်။

ထိုအမျိုးသမီးသည် သူမလက်ထဲ၌ ဖုန်းတစ်လုံး ကိုင်ထားသည်။

ဖုန်းထဲ၌ ကိုရီးယားဇာတ်လမ်းတွဲကို ဖွင့်ထားသည်။

သူမ၏ မျက်လုံးများသည် နီရဲနေပြီး ငိုတော့မလိုဖြစ်နေသည်။

" ငါ့ကို ဘယ်သူရှာနေတာလဲ "

ထိုအမျိုးသမီးသည် ဇာတ်ကားကို ရပ်ပြီးနောက် ရှေ့သို့ လျှောက်လာသည်။

" မင်းက ဥက္ကဌ ယုဖန်းရှန်း ဖြစ်မယ် မဟုတ်လား။ ငါက လျုံမိသားစုရဲ့ အကြီးအကဲ လျုံဝမ်းလုံပါ "

လျုံဝမ်းလုံသည် ချက်ချင်း ရှေ့သို့ တိုးလာပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

" အဲ့တာ ကျွန်မပဲ။ ဘာဖြစ်တာလဲ "

ယုဖန်းရှန်းသည် ခေါင်းငုံ့ပြီး ဆေးလိပ်ကို မီးညှိကာ ဖြည်းညှင်းစွာ ရှိုက်လိုက်သည်။

ယခုအချိန်တွင် သူမသည် အလွန်ချောမောနေသည်ကို ဆိုရမည် ဖြစ်သည်။

လျုံဝမ်းလုံသည် ထိုသည်ကို ဂရုမစိုက်ပေ။

ထိုအစား သူလာရသည့် ရည်ရွယ်ချက်ကို ရှင်းပြသည်။

" ဒီလိုပါ။ မနေ့ညက လျုံမိသားစုကနေ လက်သီးသိုင်းကျမ်း ပျောက်သွားခဲ့တယ်။ ဥက္ကဌယုမှာ ရှိတယ်လို့ ပြောတယ်။ အရင်က ညှိနှိုင်းဖို့ လူလွှတ်လိုက်ပေမဲ့ ရှင်းရှင်းလင်းလင်း မပြောနိုင်လို့ နားလည်မှု လွဲသွားတာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငါတို့လူတွေလည်း ဒဏ်ရာရလိုက်တယ် "

" ဒါဆို ရှင်က ဒီကို ပြဿနာလာရှာတာလား "

ယုဖန်းရှန်းသည် ပြောနေစဉ် သူမလက်ကို မြှောက်လိုက်ပြီး လက်အောက်ငယ်သားတစ်ဦးထံမှ သံတုတ်ကို ယူကာ သူမသည် အချိန်မရွေး တိုက်ခိုက်တော့မည့်ဟန် ပြုမူလိုက်သည်။

လျုံဝမ်းလုံသည် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" ဥက္ကဌယု၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့။ ငါတို့က ပြဿနာရှာဖို့ ဒီကိုလာတာမဟုတ်ဘူး။ မင်းလက်ထဲရောက်နေတဲ့ လက်သီးသိုင်းကျမ်းက ငါတို့ပျောက်သွားခဲ့တဲ့ ကျမ်းစာအုပ်ဖြစ်ကြောင်း သက်သေပြနိုင်သရွေ့ အဲ့ဒီသိုင်းကျမ်းကို ငါတို့စီ ပြန်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား "

ယုဖန်းရှန်း ခေါင်းညိတ်လိုက်သည်။

" ပြောခဲ့တယ် "

လျုံဝမ်းလုံသည် ချက်ချင်းပင် ဆံပင်သုံးပင်ကို ဆွဲထုတ်လိုက်သည်။

" ငါတို့ရဲ့ လက်သီးသိုင်းကျမ်းကို ခိုးသွားတာ ဒီသူခိုးပဲ။ အခု သူ့ကို ဒီခေါ်လာခဲ့ပြီ။ မယုံရင် သူ့ကို ကိုယ်တိုင် စစ်ဆေးမေးမြန်းလို့ ရပါတယ် "

ယုဖန်းရှန်းသည် ဆံပင်သုံးပင်ကို လှည့်ကြည့်လိုက်သည်။

" မင်း ဒီကျမ်းစာအုပ်ကို တကယ် ခိုးခဲ့တာလား "

ဆံပင်သုံးပင်သည် လက်ရှိအချိန်တွင် မည်သည့်လှည့်ကွက်ကိုမှ မကစားရဲတော့ပေ။

သူသည် မြှောက်ပင့်သော အပြုံးကို အမြန်ပြုံးလိုက်သည်။

" ဥက္ကဌယု၊ ကျွန် …... ကျွန်တော်လည်း ခဏလောက် မျက်စိကန်းပြီး ..... "

" ဟုတ်လား၊ မဟုတ်ဘူးလား ဖြေ "

ယုဖန်းရှန်းသည် သူ့စကားများကို နားမထောင်ချင်၍ စိတ်မရှည်စွာ နှောင့်ယှက်လိုက်သည်။

" ဟုတ်ပါတယ် "

ဆံပင်သုံးပင်မှ ရိုးသားစွာ ဝန်ခံလိုက်တော့သည်။

ယုဖန်းရှန်း ခေါင်းညိတ်ပြီး အမိန့်ပေးရန် လှည့်ကြည့်လိုက်သည်။

" ချန်းဇီ၊ ငါ့အံဆွဲထဲက အဲ့ဒီစာအုပ်ကို သွားယူခဲ့ ........ "

သူမသည် နာမည်ကို မေ့နေသောကြောင့် လျုံဝမ်းလုံကို လှည့်ကြည့်လိုက်သည်။

" အဲ့ဒီစာအုပ်နာမည်က ဘာလဲ "

" လေချွမ်လက်သီးသိုင်းကျမ်း "

လျုံဝမ်းလုံမှ အမြန် ပြန်ဖြေသည်။

" ဟုတ်တယ်၊ အဲ့ဒီစာအုပ်ကို သွားယူ "

ယုဖန်းရှန်းသည် နောက်ပြန်လှည့်ကာ ထပ်ညွှန်ကြားလိုက်သည်။

" ဥက္ကဌ၊ ဒီသိုင်းကျမ်းစာအုပ်ကို ဝယ်ဖို့ ပိုက်ဆံကုန်ထားတာ ဘာလို့ သူတို့စီ ပြန်ပေးရမှာလဲ။ ကျွန်တော်တို့ ဇာမဏီသုံးကောင်အဖွဲ့အစည်းကို ပြဿနာရှာရင် ကျွန်တော့်လက်ထဲက ဒီသံတုတ်ကို သဘောတူလားလို့ အရင်မေးရမယ် "

ချန်းဇီဟုခေါ်သော ထိုလူသည် ယဲ့ဖန်နှင့် ကျန်လူများအား အလွန်ပြင်းထန်သောအမူအရာဖြင့် သံတုတ်ကို ဝှေ့ယမ်းပြသည်။

" အပိုတွေ ပြောမနေနဲ့။ ငါ နင့်ကို ပြောနေရင် သွားယူလိုက် "

ယုဖန်းရှန်းသည် သူ့ကို စိုက်ကြည့်လိုက်သည်။

သူမသည် စိတ်ဆိုးနေသော်လည်း ခံ့ညားနေဆဲဖြစ်သည်။

ချန်းဇီသည် အလွန်တွန့်ဆုတ်သွားသော်လည်း သူသည် လှည့်၍ အဆောက်အဦးထဲ ဝင်သွားသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူ့လက်ထဲ၌ စာအုပ်တစ်အုပ်နှင့်အတူ ထွက်လာခဲ့သည်။

ယုဖန်းရှန်းသည် ကျမ်းစာအုပ်ကို ယူ၍ တစ်ချက်ကြည့်ပြီးနောက် လျုံဝမ်းလုံအား ပစ်ပေးလိုက်သည်။

" ကြည့်လိုက်၊ ဒါ လိုချင်နေတဲ့ဟာ မှန်လား "

လျုံဝမ်းလုံသည် သိုင်းကျမ်းစာအုပ်ကိုလှန်၍ စစ်ဆေးကြည့်သည်။

စာအုပ်မှာ ပြဿနာမရှိချေ။

သူ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

" ကျေးဇူးတင်ပါတယ်၊ ဥက္ကဌ "

လျုံမိသားစုမှ လူတိုင်းသည် သူတို့၏ ဘိုးဘွားစဉ်ဆက်ရတနာဖြစ်သော လက်သီးသိုင်းကျမ်းကို ပြန်လည်ရရှိ၍ အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။

သူတို့သည် ယနေ့ ကြီးမားသည့် ရုန်းရင်းဆန်ခတ်မှု ဖြစ်လိမ့်မည်ဟု မူလက ထင်ခဲ့ကြသည်။

သို့သော် ဥက္ကဌယုသည် သူမ၏ ကတိကို အမှန်တကယ် လိုက်နာမည်ဟု မမျှော်လင့်ထားပေ။

ထိုသည်မှာ သူတို့ မျှော်မှန်းထားသည်ထက် လုံးဝကို ကျော်လွန်နေလေသည်။

All Chapters