ဒီပစ္စည်းတွေ အားလုံးကိုဝယ်ဖို့ ဘယ်လောက်ကျမလဲ
Vol. 70 Ch. 1397
" ညနက်သန်းခေါင်ကြီး ဘာကြည့်မှာလဲ။ မနက်ဖြန်မှ ပြောကြရအောင် "
နိုင်အားသည် ပြောပြီး တံခါးပိတ်တော့မည် ဖြစ်သည်။
" အစ်ကိုနိုင်အား၊ ကျွန်တော်တို့ ဒီကိုတောင် ရောက်နေပြီပဲ။ မျက်နှာသာပေးပါဦး "
ဆံပင်သုံးပင်သည် တံခါးကို အမြန်ဆွဲမှီပြီး ပြုံးလိုက်သည်။
" အစ်ကို၊ ကျွန်တော့်ပိုက်ဆံတွေ အကုန်ကုန်သွားပြီ။ ပိုက်ဆံ အမြန်ရှာရမယ် "
နိုင်အားသည် သူ့ကို မူးဝေစွာ စိုက်ကြည့်နေသည်။
" တကယ်ကြီးလား။ မနေ့က ယုဖန်းရှန်းစီကနေ အများကြီးရထားတယ် မဟုတ်ဘူးလား။ မင်း အကုန် ရှုံးသွားပြီလား "
ဆံပင်သုံးပင်သည် သက်ပြင်းရှည်ကြီးချလိုက်သည်။
" ဟူး၊ ဒီနေ့ ကျွန်တော့်ကံက အရမ်းကို ဆိုးတာပါ။ အားလုံးကို ရှုံးသွားတယ် "
နိုင်အားသည် ယဲ့ဖန်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။
ယဲ့ဖန်သည် ချောမောပြီး ရုပ်ရည်မှာ ထူးကဲလှသည်။ သူ၏အဝတ်အစားနှင့် ကိုယ်ရောင်ဝါသည်လည်း ခြားနားသည်။ သန်းကြွယ်တစ်ယောက်လို မြင်လိုက်ရသလိုဖြင့် တံခါးကို ဖွင့်လိုက်သည်။
" အထဲဝင်ပါ "
ယဲ့ဖန်သည် ဆံပင်သုံးပင်ဖြင့် အထဲသို့ ဝင်လိုက်သည်။
ခြံဝင်းသည် မကြီးလွန်းမသေးလွန်းကာ ဟောင်းနွမ်းနေသော အရာဝတ္ထုမျိုးစုံဖြင့် ပြည့်နေပြီး အများစုမှာ အတုများသာဖြစ်သည်။
" ကြည့်၊ ဒါတွေ အကုန်ပဲ "
နိုင်အားသည် ခြံဝင်းထဲရှိ အမှိုက်များကို ညွှန်ပြသည်။
" အစ်ကိုနိုင်အား၊ ကျွန်တော်က တကယ်ဝယ်ချင်တာပါ။ ဒီလို ဟာသလုပ်တာက ပျင်းဖို့ကောင်းတယ် "
ယဲ့ဖန်သည် အမှိုက်များကို ငုံ့ကြည့်သည့်ပုံ ဟန်ဆောင်ပြီးနောက် နိုင်အားကို လှည့်ကြည့်လိုက်သည်။
" အာ၊ မင်းက ဒီလိုတွေ သိတာပဲလား "
နိုင်အား အနည်းငယ် အံ့သြသွားသည်။
ဆံပင်သုံးပင် မိတ်ဆက်ပေးသည့် လူအများစုသည် ရူးနှမ်းပြီး ချမ်းသာကြသူများသာဖြစ်၍ အလွယ်တကူ လှည့်စားနိုင်သည့် သူဟု ထင်ခဲ့သည်။
တစ်ဖက်လူသည် တစ်ချက်ကြည့်ရုံဖြင့် ဤအရာများ၏ အရည်အသွေးကို ချက်ချင်း ပြောပြနိုင်မည်ဟု မမျှော်လင့်မထားပေ။
သူ့ကို လွယ်လွယ်နဲ့ လှည့်စားလို့မရဘူးဘဲ။
" အစ်ကိုနိုင်အား၊ ယဲ့လူကြီးမင်းက ပိုက်ဆံမနည်းပါဘူး။ အစ်ကို့မှာ ကောင်းတာရှိရင် ဖွက်မထားနဲ့ "
ဆံပင်သုံးပင်သည် ယဲ့ဖန်အတွက် ပြောပေးလာသည်။
နိုင်အားသည် ပင်မအိမ်ဆီသို့ ခေါ်သွားတော့သည်။
" အထဲဝင်ပါ "
ထိုမှသာ ယဲ့ဖန်နှင့် ဆံပင်သုံးပင်တို့သည် ပင်မအိမ်ထဲသို့ ဝင်လာခဲ့သည်။
အိမ်တွင်းရှိ မြင်ကွင်းသည် အပြင်ဘက်နှင့် ခြားနားလေသည်။
အိမ်ထဲတွင် ရှေးဟောင်းပရိဘောဂများဖြင့် ပြည့်နှက်နေပြီး စားပွဲပေါ်၌ ကြွေ၊ ရွှေ၊ ကျောက်စိမ်း အဆင်တန်ဆာ အမျိုးမျိုးရှိသည်။
ပြတိုက်ပုံစံငယ်တစ်ခုထဲသို့ ဝင်သွားသလိုဖြစ်သည်။
နိုင်အားသည် သူတို့နှစ်ယောက်ကို ဂုဏ်ယူစွာ ပြသနေသည်။
" ကြည့်ပါဦး၊ ဒီဟာတွေရော ဘယ်လိုလဲ "
ဆံပင်သုံးပင်သည် ထိုပစ္စည်းများအကြောင်းကို မသိချေ။
ထို့ကြောင့် သူသည် ယဲ့ဖန်နှင့်အတူ လှည့်ကြည့်ရုံသာ တတ်နိုင်သည်။
ယဲ့ဖန်သည် လက်တင်ကုလားထိုင်ဆီသို့ အေးဆေးစွာ လျှောက်သွားပြီး အံ့သြဟန်ပြလိုက်သည်။
" ကျစ်ကျစ်ကျစ်၊ ကောင်းလိုက်တဲ့ပစ္စည်း။ ဒီမှာ ဒီလောက်ကောင်းတဲ့ပစ္စည်းတွေကို တွေ့ရဖို့ မမျှော်လင့်ထားဘူး ...... "
ယဲ့ဖန်သည် ထိုသို့ ပြောနေသော်လည်း သူ့မျက်လုံးများသည် ထိုပစ္စည်းများကို ဖြတ်ကျော်ကာ နဂါးကိုးခွက်ကို ရှာနေသည်။
မကြာမီပင် ယဲ့ဖန်သည် အဖိုးမဖြတ်နိုင်သော နဂါးကိုးခွက်ကို တွေ့ရှိခဲ့ပြီး ဆဲမိလုနီးပါး ဖြစ်သွားခဲ့သည်။
သန်းဆယ်ချီတန်ဖိုးရှိသော နဂါးကိုးခွက်အား ဝိုင်ခွက်အဖြစ် အသုံးပြုထားကာ ကြက်ခြေထောက်နှင့် ဘဲလည်ပင်းစသည့် ဆီပေနေသော အစားအသောက်များနှင့်အတူ ထားထားသည်။
ညစ်ပတ်သော လက်ဗွေရာများပင် ပေကျံနေသည်။
ဤသည်ကို ဖြုန်းတီးခြင်းဟုပင် မခေါ်ဆိုနိုင်ပေ။
ဦးနှောက်မဲ့သည့် လုပ်ရပ်ကြီးတစ်ခုသာ ဖြစ်နေတော့သည်။
ယဲ့ဖန်သည် စိတ်ထဲ၌ ကျိန်ဆဲနေသော်လည်း တည်ငြိမ်သည့်အမူအရာနှင့် ရှေးဟောင်းပစ္စည်းများကို ခဏတာ ဆက်ကြည့်နေသည်။
" ယဲ့သူဌေး၊ ဘယ်လိုလဲ။ ကြိုက်တဲ့ပစ္စည်း ရှိလား "
နိုင်အားသည် အနည်းငယ် အိပ်ငိုက်နေပြီး သမ်းဝေလာသည်။
" ကြည့်ပြီးပြီ၊ ဈေးပြောလိုက် "
ယဲ့ဖန် ပြန်လှည့်ကြည့်လိုက်သည်။
" ဟားဟား၊ ယဲ့သူဌေးက ဘယ်ပစ္စည်းကြိုက်လဲဆိုတာ မပြောရသေးဘဲ ဘယ်လိုဈေးပြောရမလဲ "
နိုင်အားသည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ကာ မြေပဲနှစ်လုံးကို သူ့ပါးစပ်ထဲသို့ ပစ်လိုက်ပြီး နဂါးကိုးခွက်ကို ကိုင်လျက် ဝိုင်တစ်ငုံသောက်လိုက်သည်။
" ခင်ဗျားရဲ့ ရှေးဟောင်းပစ္စည်းတွေ အားလုံးကို ဝယ်မယ်ဆိုရင် ဘယ်လောက်ကျမလဲ "
ယဲ့ဖန် အံ့အားသင့်စရာ မေးခွန်းတစ်ခုကို မေးလိုက်သည်။
နိုင်အား သိသာစွာ တုန်လှုပ်သွားသည်။
သူ ဆုပ်ကိုင်ထားသော နဂါးကိုးခွက်သည် မြေပြင်ပေါ်သို့ ကျသွားသည်။
ယဲ့ဖန် အံ့သြသွားသည်။
ထို့ကြောင့် သူသည် အရှေ့သို့ အမြန်ပြေးသွားပြီး နဂါးကိုးခွက် မြေပြင်ပေါ်သို့ မကျမီတွင် ခြေထောက်ဖြင့် ခံကာ တားလိုက်သည်။
နိုင်အားသည် ချက်ချင်းပင် အံ့အားသင့်သွားသည်။
ယဲ့ဖန်သည် မူလ၌ နှစ်မီတာအကွာတွင် ရပ်နေခဲ့သည်။
နိုင်အားသည် သူ့အရှေ့သို့ တစ်ဖက်လူ ပေါ်လာသည်ကို ဖြတ်ခနဲသာ မြင်လိုက်ရသည်။
ရောက်လာသည့် အရှိန်နှုန်းမှာ အံ့မခန်းပင်ဖြစ်သည်။
ယဲ့ဖန်သည် သူ၏ အစွမ်းကို မတော်တဆ ထုတ်ဖော်လိုက်မိကြောင်းကို သတိရလိုက်သည်။
သို့သော် ယခုအခြေအနေတွင် သူ ဂရုမစိုက်နိုင်တော့ပေ။
" ယဲ့သူဌေးက ဘယ်လိုစီးပွားရေးမျိုး လုပ်တာလဲ "
နိုင်အားသည် အာရုံပြန်ကပ်လာပြီးဖြစ်သည်။
သူသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
" ကျွန်တော်က .... သတ္တုတွင်းလုပ်ငန်းမှာ လုပ်တာပါ "
ယဲ့ဖန် ပြုံးလျက် ပြန်ဖြေသည်။
သူသည် မူလသတ္တုမိုင်းကုမ္ပဏီကို ဝယ်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် သူ လိမ်နေခြင်း မဟုတ်ပေ။
" သတ္တုတူးဖော်ရေးလား။ ဘယ်ကုမ္ပဏီက လဲ "
နိုင်အားမှ ဆက်မေးသည်။
" အစ်ကိုနိုင်အား၊ ခင်ဗျား စည်းကမ်းတွေ မသိဘူးလား "
ယဲ့ဖန်၏ လေသံမှာ ဖော်ရွေခြင်း မရှိပေ။
နိုင်အားက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
ဤရှေးဟောင်းပစ္စည်းလုပ်ငန်း၏ စည်းမျဉ်းများအရ ဝယ်သူ သို့မဟုတ် ရောင်းသူ၏ အချက်အလက်များအား မမေးသင့်ပေ။
သူ၏မေးခွန်းမှာ စည်းကမ်းဖောက်ဖျက်သည်ဟု ယူဆနိုင်လေသည်။
" ယဲ့သူဌေး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ငါ အရမ်းသတိထားမိသွားလို့ "
နိုင်အားသည် လေထုကို သက်တောင့်သက်သာဖြစ်စေရန် အမြန်ပြုံးလိုက်သည်။
" စကားမစပ်၊ ယဲ့သူဌေးက ဒီရှေးဟောင်းပစ္စည်းတွေ အားလုံးကို ဝယ်ချင်တယ်လို့ ပြောလိုက်တာလား။ နားကြား မှားသွားတာလား "
" ခင်ဗျားကြားတာ မမှားပါဘူး။ ခင်ဗျားအိမ်ထဲက ရှေးဟောင်းပစ္စည်းတွေရဲ့ အရည်အသွေးတွေက တော်တော်လေး ကောင်းတယ်။ ဈေးမှန်ရင် တစ်ခါတည်း အကုန်ဝယ်ဝယ်ဖို့ စဉ်းစားမယ် "
ယဲ့ဖန်သည် သန်းကြွယ်သူဌေးကြီး၏ မောက်မာသော သဘောထားပုံစံကို ပြလေသည်။
" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ထိုင်ပါ "
နိုင်အားသည် အမြန်မတ်တပ်ရပ်လိုက်ပြီး ထိုင်ခုံကို နေရာပေးလိုက်သည်။
" ခဏစောင့်ပါ၊ ကျွန်တော် သွားပြီးတော့ တွက်ကြည့်လိုက်ပါ့မယ် "
ထိုသို့ဖြင့် နိုင်အားသည် စားပွဲဆီသို့ ပြေးသွားပြီး အံဆွဲကိုဖွင့်ကာ အထဲမှ မှတ်စုစာအုပ် အဟောင်းကို ထုတ်ယူလိုက်သဘ်။
ထို့နောက် တစ်နေရာမှ ဂဏန်းပေါင်းစက်ကို ယူကာ တွက်ချက်မှုကို စတင်ခဲ့သည်။
ယဲ့ဖန်သည် အလျင်စလိုမလုပ်ပေ။
သူသည် နဂါးကိုးခွက်ကို ဂရုတစိုက် ကိုင်လိုက်သည်။
ခွက်ကို ထိလိုက်သည်နှင့် ဓာတ်လိုက်သလို ချိတ်ဆက်မှုကို အလိုလို ခံစားမိသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ........
" ယဲ့သူဌေး၊ တွက်ပြီးပါပြီ။ ပစ္စည်းတွေက အားလုံးပေါင်းရင် စုစုပေါင်း ၆.၅၂သန်းလောက် ရှိတယ်။ ချက်ချင်း ဝယ်နိုင်ရင် ယွမ် ၂သောင်းလောက် လျှော့ပေးလို့ရတယ် "
နိုင်အားသည် လက်တစ်ဖက်တွင် ဂဏန်းပေါင်းစက်တစ်လုံးနှင့် နောက်တစ်ဖက်တွင် စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။
သူသည် ယဲ့ဖန်ကို ကြည့်ပြီး ပြောသည်။
" ဒီဟာကို ကြည့်လို့ရမလား "
ယဲ့ဖန်သည် သူ့လက်ထဲမှ မှတ်စုစာအုပ်ကို ညွှန်ပြလိုက်သည်။
" ရပါတယ် "
နိုင်အားသည် ပေါ့ဆမနေရဲဘဲ မှတ်စုစာအုပ်ကို အမြန်လွှဲပေးလိုက်သည်။
ယဲ့ဖန်သည် မှတ်စုစာအုပ်ကိုယူကာ ဂရုတစိုက် ဖတ်နေသည်။
အမှန်တကယ်၌ ယဲ့ဖန် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
သူသည် အတွင်းကျစစ်ဆေးသည့်စနစ်ဖြင့် ထိုပစ္စည်းများ၏ တန်ဖိုးကို တွက်ချက်ပြီးဖြစ်သည်။
နိုင်အားသည် အတော်ပင် အကျင့်စာရိတ္တကောင်းမွန်ပြီး သူ ကမ်းလှမ်းသော စျေးနှုန်းမှာလည်း တရားလွန်မဟုတ်ပေ။
စနစ်မှပေးသော စျေးနှုန်းနှင့် နိုင်အားဆိုသူ တောင်းသောစျေးနှုန်းတို့မှာ များစွာကွာခြားချက် မရှိပေ။
" အစ်ကိုနိုင်အား၊ ခင်ဗျားရဲ့စျေးနှုန်းက မဟုတ်သေးပါဘူး။ အစွန်းထွက်ကို လျှော့ပေးချင်ရင် ၂၀,၀၀၀ကို မလျှော့ဘဲ ၅၂၀,၀၀၀ကို လျှော့ပေးသင့်တာ မဟုတ်ဘူးလား "
ယဲ့ဖန် မှတ်စုစာအုပ်ကို ပိတ်ပြီး နိုင်အားကို မော့ကြည့်လိုက်သည်။
" ယဲ့သူဌေး၊ မင်းရဲ့ဟာသက နည်းနည်းများလွန်းတယ်။ ယွမ် ၅သိန်းကျော် ဘယ်လိုလုပ် လျှော့ပေးနိုင်မှာလဲ။ ဒီပစ္စည်းတွေ အားလုံးက အရည်အသွေးမြင့်တယ် ..... "
နိုင်အားသည် ချက်ချင်းသဘောမတူဘဲ ယဲ့ဖန်နှင့် စတင်ညှိနှိုင်းခဲ့သည်။
အပြင်းအထန် ငြင်းခုံမှုအပြီးတွင် သူတို့သည် နောက်ဆုံး၌ ၆သန်း ၂သိန်း (၆.၂သန်း) ဖြင့် ဈေးသတ်မှတ်ခဲ့သည်။
နိုင်အား၏ အိမ်မှာရှိသည့် ရှေးဟောင်းပစ္စည်းများ အားလုံးကို တချက်တည်းဖြင့် ယဲ့ဖန် ဝယ်လိုက်သည်။
ယဲ့ဖန်သည် လျုံမိသားစုကို ခေါ်ပြီး ထိုရှေးဟောင်းပစ္စည်းများအား ယူဆောင်ရေးအတွက် ကားတစ်စီး ပို့ပေးရန် တောင်းဆိုခဲ့သည်။
ဖုန်းချပြီးနောက် နဂါးကိုးခွက်ကို မရည်ရွယ်သည့်ပုံစံဖြင့် ကောက်ကိုင်လိုက်သည်။
" အစ်ကိုနိုင်အား၊ ဒီခွက်လေးက တော်တော်ကောင်းတာပဲ။ ဒါလေးကို အကြိုက်တွေ့တာမလို့ လက်ဆောင်ပေးလိုက်ပါလား "
ထိုသို့ပြောပြီးနောက် နိုင်အား၏ သဘောတူညီချက်ကို မစောင့်ဘဲ အိတ်ကပ်ထဲသို့ ထည့်ရန်ပြင်လိုက်သည်။