ရက်ရောသည့် ဆုကြေး
Vol. 70 Ch. 1400
" သူ ..... သူက ဒီအချိန်ဆို နိုက်ကလပ်မှာ ကစားလေ့ရှိတယ် ..... "
နိုင်အားသည် ရွေးချယ်စရာမရှိဘဲ ဟော်ထုန်းကွမ်းနှင့် ပတ်သက်သော အချက်အလက်များ အားလုံးကို ယဲ့ဖန်အား ပြောပြပြီး ဓာတ်ပုံတစ်ပုံပင် ပေးခဲ့သည်။
ယဲ့ဖန်သည် သူလိုချင်သော အချက်အလက်များကို ရရှိပြီးနောက် ထွက်သွားတော့မည် ဖြစ်သည်။
ထိုအခါ နိုင်အားသည် ယဲ့ဖန်၏ အဝတ်အစားများကို အမြန်ဆွဲတားလိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော့်ကို မထားခဲ့ပါနဲ့။ ကျွန်တော် သေတော့မှာပါ။ ကျွန်တော့်ကို လူကြီးမင်းပိုင်ပါတယ်။ ဘာပဲလုပ်ခိုင်းပါစေ၊ ကျွန်တော် ဘာမှမပြောပါဘူး "
ယဲ့ဖန်သည် သူ၏သစ္စာစောင့်သိမှု စကားကို ကြားလိုက်ရပြီး ချက်ချင်းပင် ကြက်သီးထသွားသည်။
လှပသော အမျိုးသမီးတစ်ဦး၏ ပါးစပ်မှ ဤစကားမျိုး ထွက်လာပါက အနည်းငယ် ဆွဲဆောင်မှု ရှိပေလိမ့်မည်။
သို့သော် ဤသို့အကျည်းတန်ယောက်ျားကြီးထံမှ ကြားလိုက်ရ၍ ယဲ့ဖန် ယဉ်ကျေးစွာ ငြင်းလိုက်သည်။
သို့သော် တစ်ယောက်တည်း ထားခဲ့လျှင် နိုင်အားကို တောင်နက်ဂိုဏ်းမှ နှုတ်ပိတ်သွားလိမ့်မည်ကို ယဲ့ဖန် သိသည်။
ခဏတာ စဉ်းစားပြီးနောက် ယဲ့ဖန် ဖုန်းထုတ်ကာ လျုံဝမ်းလုံကို ခေါ်ပြီး ဇာမဏီသုံးကောင်အဖွဲ့အစည်း၏ ဥက္ကဌဖြစ်သူ ယုဖန်းရှန်း၏ ဖုန်းနံပါတ်ကို တောင်းလေသည်။
ခဏအကြာတွင် လျုံဝမ်းလုံသည် ယုဖန်းရှန်း၏ ဖုန်းနံပါတ်အား ပေးပို့လာသည်။
ယဲ့ဖန် ထိုနံပါတ်ကို ခေါ်လိုက်သည်။
ဖုန်းသည် ပထမအကြိမ် မြည်သော်လည်း ကိုင်သူမရှိပေ။
ဒုတိယအကြိမ်မှ ဖုန်းကိုင်လေသည်။
ထို့နောက် အနည်းငယ် ပျော့ပြောင်းသော မိန်းမအသံ ထွက်လာသည်။
" ဘယ်သူလဲ "
တစ်ဖက်မှ ဖုန်းဖြေဆိုသူမှာ ယုဖန်းရှန်းဖြစ်သည်။
ယဲ့ဖန်သည် သူမ၏ အနည်းငယ် ပျော့ပြောင်းမောဟိုက်သောအသံကို ကြားသောအခါ ခန္ဓာကိုယ်မှ တုန်လှုပ်သွားသည်။
ဒီမိန်းကလေးက ကလေးတွေအတွက် မသင့်တော်တဲ့ လေ့ကျင့်ခန်းတွေ လုပ်နေတာလား။
" ယု .... ဥက္ကဌယု၊ ကျွန်တော်တို့ ဒီနေ့ တွေ့ခဲ့ပါသေးတယ်။ ကျွန်တော့်နာမည်က ယဲ့ဖန်ပါ "
သူ့ကိုယ်သူ ပထမဆုံး မိတ်ဆက်လိုက်သည်။
ယုဖန်းရှန်းသည် ယဲ့ဖန်အပေါ် အမြင်တစ်မျိုးရှိသည်မှာ သိသာလေသည်။
" မင်းလား။ မင်းက ငါ့ကို ရှာနေတာလား ..... ဘာကိစ္စရှိလို့လဲ ...... "
" အဲ့တာ ..... အခု စကားပြောလို့ အဆင်ပြေရဲ့လား။ နောက်မှ ပြန်ခေါ်ရမလား "
ယဲ့ဖန်သည် သူမ၏ လှုပ်ရှားမောဟိုက်နေသံကို ကြားသဖြင့် တွန့်ဆုတ်သွားသည်။
" မဟုတ်ဘူး .... ဟား ..... ရပါတယ် ဆက်ပြောပါ "
" ဒီလိုပါ။ ကျွန်တော် မတော်တဆ ဇာမဏီသုံးကောင်အဖွဲ့အစည်းထဲကို ရောက်နေတဲ့ တောင်နက်ဂိုဏ်းသူလျှိုကို ဖမ်းမိထားတယ် "
ယဲ့ဖန်သည် ဖြစ်စဉ်ကို အကျဉ်းချုပ်ရှင်းပြသည်။
ယုဖန်းရှန်းသည် ထိုသည်ကို ကြားပြီးနောက် တခဏတာ တိတ်ဆိတ်သွားသည်။
" ကောင်းပြီ၊ ကျ .... ကျွန်မ တစ်ယောက်ယောက်ကို အခုပဲ လွှတ်လိုက်မယ် "
" ကောင်းပြီ၊ ဒါဆို ခင်ဗျားကို ဆက်မနှောင့်ယှက်တော့ပါဘူး။ ဆက် ..... ဆက်လုပ်ပါ "
ယဲ့ဖန် ထိုသို့ပြောပြီးနောက် ဖုန်းချလိုက်သည်။
နေ့ခင်းကတွေ့ခဲ့သည် ရက်စက်သော မိန်းမဘော့စ်အကြောင်းကို တွေးမိပြီး ဤသို့ လေ့ကျင့်ခန်းမျိုးလုပ်နေသည်မှာ ဖြစ်နိုင်သည်ဟု ယဲ့ဖန် တွေးမိသည်။
သူ့နှလုံးသားမှာ ခုန်ပေါက်လာတော့သည်။
တစ်ချိန်တည်းမှာပင် ပြေးစက်ပေါ်၌ ပြေးနေသော ယုဖန်းရှန်းသည် သူမဖုန်းကို ကြောင်အစွာ ကြည့်နေတော့သည်။
ဖုန်းမချခင် ပြောသွားတဲ့စကားတွေက ဘာလို့ မသတီစရာကောင်းနေတာလဲ။
သို့သော် သူမသည် ခဏတာသာ ကြောင်အနေခဲ့သည်။
တောင်နက်ဂိုဏ်းမှ သူမ၏ ဂိုဏ်းအား နှောင့်ယှက်ပုံကို တွေးမိပြီး လူသတ်ရိပ်သည် သူမ၏ မျက်လုံးထဲ၌ ဖြတ်သွားတော့သည်။
သူမသည် လိုက်ကျီချန်းကို ခေါ်ပြီး ထိုလူအား ချက်ချင်း သွားခေါ်စေခိုင်းသည်။
ဖုန်းခေါ်ပြီးနောက် သူမ အပြေးစက်ပေါ်မှ ဆင်းကာ မှန်ကို ကြည့်လိုက်သည်။
မှန်ကို ကြည့်ပြီး ဗိုက်ပေါ်မှ အမာရွတ်အား ထိလိုက်လေသည်။
ထိုအမာရွတ်သည် သူမ၏ ရန်သူစီမှ အလိုက်ခံရစဉ်က ရလာခြင်းဖြစ်သည်။
၁၀စင်တီမီတာလောက်ရှည်ကာ တီကောင်တမျှ ရုပ်ဆိုးလေသည်။
သူမသည် တိုက်ခိုက်ရ၊ သတ်ဖြတ်ရသည့်ဘဝကို နေသားကျနေပါသော်လည်း သူမ၏ နှလုံးသားမှာ မိန်းမတစ်ယောက်၏ နှလုံးသား ဖြစ်လေသည်။
သူမသည် ဤအမာရွတ်အား ဖယ်ရှားရန် နည်းလမ်းမျိုးစုံ သုံးခဲ့သည်။
သို့သော် အလုပ်မဖြစ်၍ ယခုအခါ သူမ လက်လျှော့လိုက်လေသည်။
သူမသည် ထိုအမာရွတ်ကို ရွံရှာစွာ ကြည့်လိုက်ပြီးနောက် ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။
..................................
" ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း "
လိုက်ကျီချန်းသည် လူများခေါ်လာပြီး တောင်နက်ဂိုဏ်းမှ နိုင်အားကို လာခေါ်လေသည်။
နိုင်အား၏ နှလုံးသားမှာ သေဆုံးနေပြီးဖြစ်သည်။
သူသည် သူလျှိုလုပ်ခြင်း၏ အကျိုးဆက်ကို သိလေသည်။
သူသည် ဇာမဏီသုံးကောင်အဖွဲ့အစည်း၏ လက်ထဲသို့ ကျသွားပါက လွတ်လမ်းမရှိတော့ပေ။
ယဲ့ဖန်သည် သူ့ကို ကြည့်လိုက်ပြီးနောက် လိုက်ကျီချန်းကို လှည့်ကြည့်လိုက်သည်။
" သူ့အသက်ကို သက်ညှာပေးလိုက်ပါ "
လိုက်ကျီချန်းသည် ထိုခဏ၌ ကြောင်သွားသော်လည်း ဘာကြောင့်ဆိုသည်ကို မမေးခဲ့ပေ။
ရိုသေစွာသာ ပြန်ဖြေခဲ့သည်။
" ဟုတ်ကဲ့ပါ "
သူသည် ယဲ့ဖန်အား နှလုံးသားထဲမှပင် လေးစားသည်ကို မြင်နိုင်သည်။
နိုင်အားသည် ယဲ့ဖန်အား အထူးတလည် ကျေးဇူးတင်မိလေသည်။
ယဲ့ဖန်မှ ထိုသို့ မပြောခဲ့ပါက သူ၏အသက်မှာ ရှေ့ဆက်ရန် မသေချာနိုင်ပေ။
ထိုလူအုပ်စု ထွက်သွားမှ ဆံပင်သုံးပင်သည် ကြောက်ရွံ့စွာ ထွက်လာခဲ့သည်။
" ယဲ့ ..... ယဲ့လူကြီးမင်း၊ ကျွန်တော် အခု သွားလို့ရပြီလား "
ယဲ့ဖန် လှည့်ပြီး သူ့ကို ကြည့်လိုက်သည်။
" မရသေးဘူး "
ဆံပင်သုံးပင်သည် ကြောက်ရွံ့မှုကြောင့် တုန်ရီသွားသည်။
ယဲ့ဖန်မှ လွှတ်ပေးမည်ဟူသောစကား မတည်မည်ကို စိုးရိမ်လာသည်။
" လျုံမိသားစုက ဒီပစ္စည်းတွေ လာယူလိမ့်မယ်။ ဒီမှာစောင့်။ ငါ လုပ်စရာရှိသေးလို့ အရင်သွားမယ် "
" အာ၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ။ စောင့်နေပါ့မယ်၊ စောင့်နေပါ့မယ် "
ဆံပင်သုံးပင် သက်ပြင်းချပြီးနောက် အမြန်ခေါင်းညိတ် သဘောတူလေသည်။
ယဲ့ဖန် ဆက်၍ မနေပေ။
နဂါးကိုးခွက်ကို ယူပြီးနောက် ခြံထဲမှ လျှောက်ထွက်လာသည်။
ထိုအချိန် စနစ်မှ ဆုလာဘ်ရောက်လာသည်။
[ လက်ခံသူမှ စနစ်တာဝန်ကို ပြီးမြောက်ခဲ့သည့်အတွက် ဆုကြေးအဖြစ် စတုရန်းမီတာ ၁၀၀,၀၀၀ ရှိသည့် မြေကွက်ကို ပေးအပ်ပါသည်။ ခန့်မှန်းတန်ကြေးငွေ ၂ဘီလီယံကျော် ..... ]
ယဲ့ဖန်သည် စနစ်မှဆုကို ကြားပြီး အံ့ဩသွားသည်။
ဒီတစ်ခါ မြေပေးတာလား။
ထို့အပြင် မြေကွက်မှာ စတုရန်းမီတာ ၁၀၀,၀၀၀ဖြစ်သည်။
သူ့ကို ကျန်းကောပြည်နယ်ရဲ့ ပိုင်ရှင်ဖြစ်အောင် လုပ်မလို့လား။
ယဲ့ဖန် သက်ပြင်းချပြီးနောက် ဖုမာကျန်းဝူကို ဖုန်းခေါ်လိုက်သည်။
သူသည် ဤနေရာသို့ ကားမမောင်းလာ၍ သူမကို လာခေါ်ခိုင်းရတော့သည်။
၁၀မိနစ်မကြာခင်မှာပင် ဖုမာကျန်းဝူသည် Paramount Predatorကို မောင်းပြီး ရောက်လာသည်။
" သခင်ကြီး "
ဖုမာကျန်းဝူသည် ကားပေါ်မှ ဆင်းလာပြီး ပြုံးလျက်ပြေးလာသည်။
" ဖြည်းဖြည်းမောင်းဖို့ ကိုယ်မပြောဖူးလား။ စကားနားမထောင်ပြန်ဘူးဘဲ "
ယဲ့ဖန် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဤနေရာသို့ရောက်ရန် နာရီဝက်လောက် မောင်းရပါသော်လည်း သူမသည် မိနစ်၂၀တည်းဖြင့် ရောက်လာခဲ့သည်။
သူမ ဖုန်းလက်ခံရရှိပြီးနောက် အရှိန်ပြင်းဖြင့် မောင်းလာခဲ့သည်မှာ ထင်ရှားလေသည်။
" သခင်က ခေါ်တာနဲ့ သခင့်ဘေးနားကို ကျန်းဝူက လေလိုတောင် ရောက်လာချင်တာပါ "
ဖုမာကျန်းဝူသည် အသနားခံစွာ ပြုံးသည်။
" ကိုယ် မင်းကို တကယ်မနိုင်ဘူး "
ယဲ့ဖန် ပြုံးပြီးနောက် သူမနှဖူးလေးကို တောက်ကာ ကားပေါ်တက်လိုက်သည်။
" သခင်၊ ကျန်းဝူတို့ ဘယ်သွားမှာလဲ "
ဖုမာကျန်းဝူသည် ရှေ့ခရီးသည်ထိုင်ခုံတွင် နာခံစွာ ထိုင်ပြီးနောက် သိချင်စွာ မေးလိုက်သည်။
" လူသွားရှာမလို့ "
ယဲ့ဖန် ဆက်ရှင်းမပြဘဲ ကားစက်နှိုးလိုက်တော့သည်။
ဆယ်မိနစ်ကြာပြီးနောက် သူတို့နှစ်ဦးသည် 'အလင်းရောင်'ဆိုသည့် ဘားတစ်ခုသို့ ရောက်လာကြတော့သည်။
နိုင်အား၏ အဆိုအရ ဤဘားကို ဟော်ထုန်းကွမ်းနှင့် အခြားလူများ စပ်တူဖွင့်ထားသည်ဟု ဆိုလေသည်။
ဟော်ထုန်းကွမ်းသည် ဤနေရာသို့ ညစဉ်နီးပါး လာလေ့ရှိသည်။
တံခါးဝရှိ LEDဆိုင်းဘုတ်ကြီးသည် တောက်ပသော အရောင်များဖြင့် လင်းထိန်လှပနေသည်။
ယဲ့ဖန်တို့ ဝင်လာသောအခါ အထဲမှ ပြင်းထန်သော သီချင်းသံများကို ကြားလိုက်ရသည်။
ဖုမာကျန်းဝူသည် ဤနေရာမျိုးအား လာလေ့မရှိချေ။
သူမသည် ယဲ့ဖန်အနောက်မှ သိချင်စိတ်များနေသော ကလေးလေးတစ်ယောက်သဖွယ် ဖြစ်နေသည်။
ဘားအထဲသို့ လျှောက်လာသောအခါ ယောက်ျားမိန်းမ အုပ်စုများသည် မီးရောင်မှိန်သော ကသည့်နေရာ၌ ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်။
လေထုပတ်ဝန်းကျင်မှာ ရူးသွပ်နေသည်ဟုပင် ဆိုနိုင်သည်။
ယဲ့ဖန်သည် ကသည့်နေရာကိုကြည့်ပြီး ဟော်ထုန်းကွမ်းကို မရှာပေ။
အချိန်ဖြုန်းမနေဘဲ ဖုမာကျန်းဝူကို ဆွဲကာ အထဲသို့ ဆက်ဝင်သွားသည်။
ထိုနေရာမှ ဆက်သွားလျှင် စင်္ကြံလမ်းကျဉ်းတစ်ခု အထဲ၌ ရှိလေသည်။
မီးမှိန်အောက်၌ အတွဲအချို့ နမ်းရှုတ်နေကြသည်။
ဖုမာကျန်းဝူ၏ မျက်နှာမှာ နီရဲလာတော့သည်။
သူမသည် ယဲ့ဖန်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
သူမသည် ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးချင်နေသည်။
သို့သော် ယဲ့ဖန်မှာတော့ တည်ငြိမ်နေသည်။
သူသည် စင်္ကြံတစ်လျှောက်ဖြတ်လျှောက်လာပြီး အနောက်၌ ဝန်ထမ်းနားနေခန်းသာ ရှိတော့သည်။
နိုင်အားပြောသည်အရ ဟော်ထုန်းကွမ်း၏ ရုံးခန်းမှာလည်း ဤနေရာတွင် ဖြစ်သည်။
ယဲ့ဖန် လှည့်ပတ်ကြည့်နေချိန်တွင် ယောက်ျားတစ်ဦး နားနေခန်းထဲမှ ရုတ်တရက် ထွက်လာသည်။
" မင်းတို့ ဘာလုပ်နေတာလဲ။ ဒီနေရာက ဝန်ထမ်းတွေ နားတဲ့နေရာ။ မြန်မြန် ထွက်သွားကြစမ်း "