ထွီ..
Vol. 21 Ch. 301
‘ဒီနေရာရဲ့ စွမ်းအင်စီးဆင်းနှုန်းက..’
ကျန်းချီချီသည် လင်းရှန်နယ်မြေတွင် ရှိသည့် စွမ်းအင်များ၏ သိပ်သည်းနှုန်းကြောင့် အံ့ဩမှင်သက်နေသည်။
သူမသည် ဤနယ်မြေရှိ စွမ်းအင်များသည် လင်းထျန်းဘုံတွင် ရှိသည့်ထိပ်သီးနယ်မြေများထက် သာလွန်သည်ဟု တွေးမိနေ၏။
သူမ နားမလည်နိုင်သည်မှာ ဟွမ်းတွင် အဘယ်ကြောင့် ဤသို့ နယ်မြေမျိုး ရှိနေရသည်ကိုပင်။
သူမ လင်းရှန်နယ်မြေကို စူးစမ်းနေစဉ် ကျင့်ကြံသူများ၏ အကြည့်သည် သူမထံတွင် ကျရောက်နေသည်ကို ခံစားမိသွား၏။
သူတို့သည် ထူးဆန်းသည့် မျက်ဝန်းများနှင့် သူမအား ကြည့်ရှု့နေကြလေသည်။
လုရှင်းယန်တို့လည်း အထူးအဆန်းဖြစ်နေ၏။ သူတို့ဆရာသည် သူစိမ်းအမျိုးသမီးများကို လင်းရှန်နယ်မြေအတွင်းသို့ ခေါ်လာလေ့မရှိပေ။
သို့သော် ယခုတွင် ချုးယွီဟွာနှင့် တန်းတူမျှလှပသည့် အမျိုးသမီးတစ်ဦးကို ခေါ်လာခဲ့လေပြီ..။
သူတို့ အတွေးပေါင်းစုံ တွေးမိကြ၏။
“အစ်မယွီဟွာသာ သိရင်တော့ ဆရာတော့ အတီးခံရမှာ ကျိန်းသေတယ်..”
ပိုင်ကျန့်ယွီသည် သူ၏ ညီအစ်ကို နှစ်ဦးကို တီးတိုး ပြောဆိုလိုက်၏။
“အခုတော့ တတိယအစ်ကို အရင် အတီးခံရမယ်ထင်တယ်..”
လျှိုမင်ယွမ်သည် မနေနိုင်တော့ချေ။ သတိပေးရလေပြီ။ ဤအနီးအနားတွင် အခြေခံအုတ်မြစ်ကျင့်ကြံသူတစ်ဦးမျှ မရှိချေ။
သူ၏ စကားကို မည်သူ မကြားပဲ နေမည်နည်း။
ပိုင်ကျန့်ယွီသည် တုန်ယင်သွားရ၏။
လုရှင်းယန်သည် သူ၏ ခေါင်းသာ အသာခါယမ်းလိုက်မိသည်။ ထိုကောင်သည် နှစ်များစွာကြာသော်လည်း အမူအကျင့်များ ပြောင်းလဲမလာသေးချေ။
ဟွမ်းသည် ချက်ချင်းဆိုသလို ရွှမ်းလုံပေတံနှင့် တစ်ယောက်တစ်ချက် ခေါက်လိုက်ချင်မိ၏။
“ကျွန်မက သူ့ရဲ့ဆရာလေ..”
ကျန်းချီချီ ကောက်ခါငင်ကာ ပြောလိုက်လေ၏။ သူမ၏ လက်နှင့် ဟွမ်းကို ညွှန်ပြထားသည်။
ဟွမ်း “...”
“…”
လင်းရှန်နယ်မြေတစ်ခုလုံး တိတ်ဆိတ်သွား၏။ တပည့်များအားလုံးသည် အသက်ပင် ရှုရန်မေ့လျော့နေပြီး ကျောက်ရုပ်သဖွယ် တောင့်တင်းကုန်ကြသည်။
သူတို့ အကြားအာရုံများ လွဲမှားနေသလော..။
‘တစ်လကျော်လေးအတွင်း ဘာတွေဖြစ်ကုန်သနည်း..’
သူတို့၏ ဆရာဖြစ်သူနှင့် တစ်လကျော်သာ မတွေ့ရသေးခြင်း ဖြစ်သည်။ သို့သော် သူတို့ထံတွင် ဆရာဘိုးဘေး ရှိနေပြီလော..။
ပို၍ ထူးဆန်းသည်က သူတို့၏ ဆရာသည် အခြားသူကို ဆရာဟု ခေါ်နေပြီလော..။
သူတို့၏ စိတ်တွင် အတွေးများစွာ ပေါ်ထွက်လာပြန်၏။
သူတို့ မတိုက်နိုင်သည့် ရန်သူများကို သူတို့ဆရာနှင့် တိုက်ခိုင်းပေမည်။ သူတို့ဆရာ မနိုင်ပါက သူတို့တွင် ဆရာဘိုးဘေးရှိနေသေး၏။
ဤအရာလည်း မဆိုးလှချေ။ တွေးကြည့်ရုံနှင့်တင် လင်းထျန်းဘုံတွင် သူတို့၏ နောက်ခံသည် ကြီးမားလေပြီ..။
သို့သော် ယနေ့ထက်တိုင် သူတို့ ဆရာ အနိုင်မယူနိုင်သည့် ရန်သူကို မတွေ့ဖူးသေးချေ။ အဘယ့်ကြောင့် ဆရာတစ်ယောက်ပေါ်ထွက်လာသည်ကို သိချင်သွားကြ၏။
“သူမက..၊ လင်းထျန်းဘုံ..နှင်းဓားဂိုဏ်းရဲ့ အကြီးအကဲပဲ..”
ဟွမ်းသည် တိတ်ဆိတ်နေမှုကို ဖြိုခွဲကာ ရှင်းပြပေးလိုက်သည်။
“ဒါဆို ဆရာဘိုးဘေး မဟုတ်ဘူးပေါ့..”
ပိုင်ကျန့်ယွီတို့သည် စိတ်ပျက်အားလျော့စွာ ဆိုလိုက်မိ၏။ သူတို့၏ အတွေးများ ပျက်စီးသွားရသည့်အလား ခံစားမိကုန်သည်။
ဟွမ်း “...”
“မင်းတို့ စိတ်မရှိရင်..၊ ဆရာဒေါ်လေးလို ဆက်ဆံနိုင်တယ်..၊ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ချို့ကို ရှင်းပြပေးနိုင်တယ်..”
ကျန်းချီချီသည် ပြုံးရွင်စွာနှင့် ဆိုလိုက်၏။ သူမသည် ဆရာဘိုးဘေးတော့ မဖြစ်လိုချေ။ သူမနှင့် မလိုက်ဖက်ဟု ခံစားမိသည်။
ထိုလူငယ်များသည် ကမ္ဘာငယ်မှ တက်ရောင်လာသူများ ဟု မထင်ရလောက်အောင် ထူးချွန်နေကြသည်။
ထို့အပြင် ဟွမ်းတွင် ဤသို့တပည့်များ ရှိနေသည်ကလည်း အံ့ဩဖွယ်ကောင်း၏။
ထိုလူငယ်များသည် သူမ၏ ဂိုဏ်းမှ အတွင်းစည်းတပည့် အချို့နှင့်ပင် နှိုင်းယှဉ်နိုင်နေကြသည်။
ထို့နောက်တွင် လုရှင်းယန်တို့သည် ချက်ချင်းဆိုသလို စိတ်ဝင်စားသွားကြပြီး သူမကို စတင်မေးမြန်းကြတော့၏။ သူတို့သည် တက်ကြွလာဟန်ရှိသည်။
ဟွမ်းသည် သက်ပြင်းသာ ချမိတော့၏။ ကျန်းချီချီသည် ပေါင်းသင်းဆက်ဆံရေး ကောင်းဟန်ရှိသည်။
“ဟွမ်း..၊ သူတို့အတွက် စီစဉ်ထားတာရှိလား..”
မော့ရွှယ်အာသည် ဟွမ်းအနားသို့ ချည်းကပ်လာကာ မေးမြန်းလိုက်၏။ သူတို့သည် လင်းထျန်းဘုံတွင် သွားလာလှုပ်ရှားချင်ကြသည်မှာ ကျိန်းသေပင်။
“လင်းရှု့က ထူးဆန်းသွားတယ်..”
ဟွမ်းသည် ဝမ်မုန့်ယွင်နှင့် မော့ရွှယ်အာကို လင်းရှု့၏ ပြောင်းလဲမှုများကို ရှင်းပြလိုက်သည်။
သူမတို့နှစ်ဦးသည် အံ့ဩသွား၏။ ဤတစ်လကျော်တွင် သူမတို့သည် ကျင့်ကြံခြင်းတွင်သာ အချိန်ကုန်နေခဲ့သောကြောင့် ထိုအဖြစ်အပျက်များကို မသိရှိချေ။
“ခုထိ အသိဉာဏ်က ကလေးတစ်ယောက်လိုပဲ ရှိသေးတယ်..”
“ပြီးတော့ လင်းရှန်နယ်မြေက လောကကြီးထဲ ဖော်ထုတ်လို့ရမရက မသေချာသေးဘူး..”
“လင်းထျန်းဘုံရဲ့ အနေအထားကို လေ့လာကြည့်ဖို့ လိုသေးတယ်..”
“ဒါ့ကြောင့် လတ်တလော..၊ လင်းရှန်နယ်မြေမှာပဲ ကျင့်ကြံကြဦး..”
“လင်းထျန်းဘုံက ခွန်အားအတော်လေးကောင်းကြတယ်..၊ သာမန်ကျင့်ကြံသူတွေတောင် မူလနတ်အင်ပါယာနဲ့ အဓိပတိနတ်အင်ပါယာတွေလောက်အားကောင်းကြတယ်..”
“ပြီးတော့..၊ လင်းရှု့ကို ခေါ်ထားပြီး သင်ကြားပေးလိုက်ဦး..”
ဟွမ်းသည် သူလတ်တလောစဉ်းစားထားသည့် အရာများကို ထုတ်ပြောလိုက်သည်။ လင်းရှု့သည် သူပြောဆိုသည့် အချို့အရာများကို နားမလည်နိုင်သေးချေ။
ထို့ကြောင့် ဆက်သွယ်ရ ခက်ခဲနေဆဲ ဖြစ်သည်။ ထို့ထက်ဆိုးသည်က သူ့အား ‘ဖေဖေ’ ဟုခေါ်နေခြင်းပင်။
“အရှင်..၊ ဒီအမျိုးသမီးက သာမန်ထက်ထူးခြားနေတယ်..”
ဝမ်မုန့်ယွင်သည် ကျန်းချီချီကိုကြည့်ကာ ဆိုလိုက်၏။ ထိုအမျိုးသမီးသည် ဖော်ရွေပြီး သဘောကောင်းဟန်ရှိသည်။ သို့သော် မည်သည့်ရည်ရွယ်ချက်မျိုး ရှိနေသည်ကို မခန့်မှန်းနိုင်။
ဟွမ်းသည် ဝမ်မုန့်ယွင်၏ စကားကြောင့် ကျန်းချီချီကို ကြည့်လိုက်မိ၏။
သူမသည် လုရှင်းယန်တို့၏ မေးခွန်းများကို စိတ်ရှည်ရှည်နှင့် ဖြေကြားပေးကာ ကျင့်ကြံခြင်းနှင့် ပတ်သတ်သည့် အကြောင်းအရာများ၊ လင်းထျန်းဘုံနှင့် ပတ်သတ်သည့်အကြောင်းအရာများ စသည်တို့ကို ရှင်းပြပြောဆိုနေသည်။
ယွဲ့ဝူယောင်အပါအဝင် တပည့်များသည် စိတ်ဝင်တစားနားထောင်နေကြ၏။ ထို့အပြင် ထူးဆန်းသည်ဟု ပြောဆိုခဲ့သည့် ဝမ်မုန့်ယွင်နှင့် မော့ရွှယ်အာသည်လည်း ကျန်းချီချီ အနားသို့ ရောက်ရှိနေကာ မှတ်သားနေလေသည်။
ဟွမ်း “...”
ဟွမ်းသည် သူမတို့ကို အာရုံလွှဲကာ ဝိညာဉ်နိုးထခြင်း သစ်ပင်ကို ဖော်ထုတ်လိုက်သည်။
“ဒါက ယင်စွမ်းအင်ကို စုပ်ယူတာဆိုတော့ လင်းရှန် နယ်မြေမှာ ပျိုးထောင်နိုင်ပါ့မလား..”
‘သေမင်း တောင်ကြားကို လင်းရှန်နယ်မြေထဲ ဆွဲထည့်လိုက်ရမလား..’
သူ့အတွေးသာ လင်းထျန်းဘုံမှ အဆင့်နိမ့် ကျင့်ကြံသူများ သိပါက ကျေးဇူးတင်၍မဆုံး ဖြစ်နေပေမည်။ ယင်စွမ်းအင်များသည် သူတို့အတွက် အလွန်အနှောက်အယှက်ဖြစ်စေပြီး အန္တရာယ်များသည့် နေရာတစ်ခုဖြစ်ပေသည်။
သူအတွေးများနေစဉ် လင်းရှု့သည် ဖျက်ကနဲ့ ပေါ်ထွက်လာပြီး ဝိညာဉ်နိုးထခြင်းသစ်ပင်ကို ဆွဲယူလိုက်၏။
ထို့နောက်သူမ၏ သေးငယ်သည့် ဖနှောင့်နှင့် မြေလွှာကို ဆောင့်နင်းလိုက်သည်။ မြေလွှာတွင် သေးငယ်သည့် ချိုင့်ခွက်လေး ပေါ်ထွက်လာ၏။
ထို့နောက် သူမသည် ဝိညာဉ်နိုးထခြင်း သစ်ပင်တွင် သူမ၏ စွမ်းအင်များကို စီးဆင်းစေကာ ထိုချိုင့်ခွက်တွင် စိုက်ပျိုးဟန် ပြုမှုလိုက်သည်။
သို့သော် ထိုအပင်သည် ငိုက်ကျနေ၏။ ယင်စွမ်းအင်များ မရှိသောကြောင့် အဆင်ပြေဟန်မရချေ။
လင်းရှု့၏ မျက်နှာလေးသည် အလိုမကျဟန်ဖြစ်သွားရသည်။
သူမ၏ သေးငယ်သည် နှုတ်ခမ်းလေးကို ဖွင့်ဟကာ လေကို တဝကြီး ရှုသွင်းဟန်ပြုလုပ်လေသည်။
ဟွမ်းသည် သူမ၏ အပြုအမူများကို စိတ်ဝင်တစားနှင့် ကြည့်ရှုနေ၏။ သူသည် လင်းရှု့၏ လုပ်နိုင်စွမ်းကို မျှော်လင့်ထားသည်။
လင်းရှု့သည် လေကို အားရပါးရရှုသွင်းပြီးချိန်တွင် ထိုသစ်ပင်ကို တံတွေးနှင့် ထွေးလိုက်လေ၏။
“ထွီ..”
ဟွမ်း “...”
‘ဒီထက်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်မျိုး မရှိဘူးလား..’
သို့သော် ထိုအရာသည် အကျိုးသက်ရောက်ဟန်ရှိသည်။ မြေလွှာများသည် စတင်ကျုံ့ဝင်လာပြီး ထိုသစ်ပင်ကို ချုပ်နှောင်သွား၏။
ဝိညာဉ်နိုးထခြင်းသစ်ပင်သည် လင်းရှန်နယ်မြေတွင် မူလကတည်းက ပေါက်ဖွားထားသည့် အသွင်ဖြစ်ပေါ်လာသည်။ ထို့အပြင် ငိုက်ကျနေသည် ရိုးတံသည် ဖြောင့်မတ်လာပြီး စွမ်းအင်များ စတင်စုပ်ယူနေလေ၏။
ယင်စွမ်းအင်များ မဟုတ်သော်လည်း သဟဇာတဖြစ်နေကာ ချော့မွေ့စွာ စုပ်ယူနေသည်။
ထိုဖြစ်ကတက်ဆန်း ကလေးမလေး၏ အပြုအမူများသည် လွဲချော်နေသော်လည်း ကြီးမားသည့် သက်ရောက်မှုများကို လုပ်ဆောင်နိုင်စွမ်းရှိနေသည်။
“ဒီအတိုင်းဆို ဝိညာဉ်နိုးထခြင်းသစ်စေ့တွေ ပေါများလာတော့မှာပဲ..”
ဟွမ်းသည် ပျော်ရွင်မှုကို ခံစားလိုက်ရ၏။ ထိုအရာသည် ဝိညာဉ်နိုးထခြင်းသစ်ပင် စိုက်ပျိုး၍ ရခြင်းထက် လင်းရှု့သည် သာလွန်သည့် သက်ရှိဝိညာဉ်လေးဖြစ်နေသောကြောင့်ပင်။
“ရှင့်ဆီမှာ အံ့အားသင့်စရာကောင်းတဲ့ အရာတွေ အများကြီးရှိတာပဲ..”