ဘာအဓိပ္ပါယ်တုန်း
Vol. 21 Ch. 302
ယွဲ့ဝူယောင်တို့သည် ကျန်းချီချီထံမှ သင်ယူစရာ အသိပညာများစွာကို လေ့လာနိုင်ခဲ့ကြသည်။ ထို့အပြင် လင်းထျန်ဘုံ၏ အနေအထားကိုလည်း အနည်းငယ် သဘောပေါက်လာတော့၏။
ကျန်းချီချီသည် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ညွှန်ပြလိုက်ပြီးနောက် သူတို့သည် ကျင့်ကြံခြင်း နည်းစနစ်များကို ပြန်လည် သုံးသပ်နေကြပြီဖြစ်သည်။
ထို့နောက် လင်းရှု့၏ ထူးဆန်းသည့် အပြုမှုများကို ကြည့်ရှု့နေသည့် ဟွမ်းအနီးသို့ချည်းကပ်လာ၏။
“ရှင့်ဆီမှာ လင်းထျန်းဘုံက ထိပ်သီး ကျင့်ကြံသူတွေဆီမှာ မရှိနိုင်တဲ့ ရတနာတွေပေါများလွန်းတယ်..”
သူမသည် ချိုသာသည့် အသံနှင့် ဆိုလိုက်၏။
ဟွမ်းသည် သူမ၏ မျက်ဝန်းများကို ကြည့်ရှု့လိုက်ချိန်တွင် ကျင့်ကြံနေသည့် တပည့်များကို ဆိုလိုနေကြောင်းကို သိလိုက်ရသည်။ သူသည် ဆွံ့အ အံ့ဩစွာ မေးမြန်းလိုက်၏။
“ဘာကိုဆိုလိုတာလဲ..”
“ပထမဆုံးက ရှင့်ရဲ့ အငယ်ဆုံးတပည့်လေး..၊ သူမရဲ့ ဝိညာဉ်က ထူးခြားလွန်းတယ်..အစစ်အမှန်နတ်ဘုရား ဖြစ်လာတဲ့အချိန်ကျ သူမရဲ့ ဝိညာဉ်သန္ဓေသားက သာမန်ထက်ပိုပြီး အစွမ်ထက်လိမ့်မယ်..၊ ပြီးတော့ သူမဆီမှာ လင်းထျန်းဘုံမှ မရှိသင့်တဲ့ စွမ်းအင်မျိုး ရှိနေတယ်..”
ကျန်းချီချီသည် ဟွမ်း၏ တပည့်များ အားလုံးကို သင်ပြနေရင်း စစ်ဆေးနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏ ထူးခြားချက်များကို ထောက်ပြနေခြင်းပင်။
‘လင်းထျန်းဘုံမှ မရှိသင့်တဲ့ စွမ်းအင်လား..’
ဟွမ်းသည် အတွေးနက်သွား၏။ ထို့နောက် သူမကို မိုးကြိုးစွမ်းအင်များနှင့် ပေါင်းစည်းပေးခဲ့သည်ကို အမှတ်ရသွားသည်။ ထိုအရာသည် ကောင်းကင်ထက်မှ လုယူခဲ့သောအရာပင်။
“ပြီးတော့ လေးယောက်မြောက်တပည့်က အမှောင်မျိုးနွယ်ဝင်လား..”
ကျန်းချီချီသည် မေးခွန်းထုတ်လိုက်၏။
“မဟုတ်ဘူး..”
ဟွမ်းသည် တိုတောင်းသည့် အဖြေသာ ပေးလိုက်၏။ သူသည် ကျန်းချီချီ၏ ထွင်းဖောက်မြင်နိုင်စွမ်းကို မှင်သက်မိနေသည်။ သူ၏ တပည့်များသည် ကျန်းချီချီရှေ့တွင် စွမ်းအင်များ မထုတ်ဖော်ခဲ့ချေ။ သို့သော် သူမသည် အရာအားလုံးသိရှိနေသည့်အလားပင်။
“အနာဂတ်မှာ ပြသနာဖြစ်လာနိုင်တယ်..”
ကျန်းချီချီသည် ရှည်ရှည်ဝေးဝေး မပြောတော့ချေ။ သတိပေးယုံမျှသာဖြစ်သည်။
ဟွမ်းသည် သူမ၏ သတိပေးချက်ကို နားလည်၏။ လျှိုမင်ယွမ်သည် အမှောင်မျိုးနွယ်၏ ပစ်မှတ်ဖြစ်လာနိုင်ပေသည်။
“တတိယတပည့်ကတော့ ဓားလမ်းစဉ်ကြောင့် အများကြီး ပြောစရာမလိုဘူး..၊ သူနားလည်နိုင်စွမ်းကောင်းလေ သူ့ရဲ့ ဓားက ထက်မြက်လေပဲ..၊ ရှားပါးတဲ့ ဓားသန္ဓေကိုလည်း ပိုင်ဆိုင်ထားတယ်..”
ဟွမ်းသည် ကျန့်ချီချီ၏ စကားများကို နားထောင်ရင်း သူမကို တိတ်တဆိတ်စစ်ဆေးနေမိ၏။ သို့သော် သူမထံတွင် မည်သည့် မကောင်းသည့် ရည်ရွယ်ချက်ကိုမျှ မခံစားမိချေ။
“ဒုတိယ တပည့်ဆီက မီးတောက်ရဲ့ စွမ်းအားကို ခံစားမိတယ်..၊ သေးငယ်သေးပေမဲ့..၊ သူ့ရဲ့ဇာစ်မြစ်ကို မသိရဘူး..”
ဟွမ်းသည် ထိုအချက်ကို နားလည်သည်။ လုရှင်းယန်၏ ငရဲကိုးဘုံမီးတောက်သည် လုရှင်းယန်ထံ မွေးဖွားလာခြင်းပင်။ ထို့ကြောင့် သူမကဲ့သို့ အကြောင်းအရာများစွာ သိရှိသူပင် မဝေခွဲနိုင်ဖြစ်နေ၏။
“နောင်တချိန်ကျရင် ရှင့်ရဲ့ ပထမတပည့်ကို ကျွန်မ အနီးကပ် ညွှန်ကြားပေးချင်တယ်..၊ သူမရဲ့ ဆန္ဒရှိရင် ကျွန်မရဲ့ တပည့်တစ်ပိုင်းအဖြစ်လက်ခံချင်တယ်..”
ကျန်းချီချီသည် ခွင့်တောင်းဟန်နှင့် ဆိုလိုက်သည်။
ဟွမ်းသည် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် စဉ်းစားမရဟန်နှင့် မေးခွန်းထုတ်လိုက်သည်။
“အကြောင်းအရင်းက..”
“သူမဆီမှာ လင်းထျန်းဘုံက မျိုးနွယ်ကြီးတစ်ခုရဲ့ အငွေ့အသက်ကို ခံစားမိတယ်..”
ဟွမ်းသည် ခေါင်းညိတ်လိုက်၏။ သူမသည် လင်းထျန်းဘုံမှ ကျင့်ကြံသူ ပီသပေသည်။ သူမ၏ မျက်လုံးအောက်တွင် မည်သည့် အရာမျှ ဖုံးကွယ်ထား၍ မရချေ။
“အဲ့ဒါကြောင့်လား..”
“မဟုတ်ဘူး..”
ကျန့်ချီချီသည် ခေါင်းခါယမ်းပြီးနောက် အကြောင်းအရင်းကို ပြောဆိုလိုက်သည်။
“သူမက ကျွန်မနဲ့ တူညီနဲ့ စွမ်းအင်ကို ကျင့်ကြံလို့..”
“လစွမ်းအင်လား..”
ဟွမ်းသည် အံ့ဩရသည်။ ထိုမိန်းကလေးသည် သားရဲများနှင့် တိုက်ခိုက်စဉ်က ရိုးရှင်းသည့် စွမ်းအင်နှင့် ဓားတစ်လက်ကို သာ အသုံးပြုခဲ့၏။
ထိုအပြင် သူမသည် အသက်ဘေးကျရောက်နေချိန်တွင် လစွမ်းအင်အသုံးပြုသည်ကို မတွေ့ခဲ့ရချေ။
“အဲ့လိုပဲ သိထားပေးပါ..”
ကျန်းချီချီသည် ထိုအချင်းအရာနှင့် ပတ်သက်၍ အကြောင်းစုံရှင်းပြလိုဟန်မရှိသေးချေ။
“ကောင်းပြီလေ..၊ ကျုပ်တပည့် အန္တရာယ်မကျရောက်ဘူးဆိုရင် သူမရဲ့ ဆန္ဒကို မေးမြန်းနိုင်တယ်..”
ဟွမ်းသည် ခွင့်ပြုလိုက်၏။ ထိုအရာသည် ယွဲ့ဝူယောင်အတွက် အခွင့်အရေးပင်။ သို့သော် အန္တရာယ်ရှိပါက လိုက်လျောပေးမည်မဟုတ်ပေ။
ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် ဟွမ်းအနား အလျှင်အမြန်ရောက်ရှိလာ၏။
“ဆရာ..ချန်အာကို စုံစမ်းလို့ရပြီလား..”
သူသည် လုရှင်းယန်ပင်။ ဟွမ်းရောက်ရှိစဉ်ကတည်းက ထိုအကြောင်းကို မေးမြန်းနေချင်လေသည်။ သို့သော် အခွင့်အရေးမရသေးချေ။
သူမနှင့် ဝေးကွာခဲ့သည်မှာ နှစ်ပေါင်းရှစ်ဆယ်ခန့်ပင် ရှိတော့မည်ဖြစ်သည်။
ထိုက်ရွှမ်ဂိုဏ်းတွင်သူမကို နောက်ဆုံးတွေ့လိုက်ရခြင်းပင်။
သူမသည် လော့ရွယ်နင်ဆိုသည့် မိန်းကလေးနှင့် ပေါင်းစည်းသွားပြီးနောက် ချန်အာ၏ မှတ်ဉာဏ်များ ကျန်ရှိနေပါဦးမလား ဟု အမြဲစိုးရိမ်နေခဲ့၏။
“မကြာခင် လျှပ်စီးမြို့တော်ကို သွားတော့မှာ..သူမနဲ့ ပြန်ဆုံနိုင်လိမ့်မယ်..”
ဟွမ်းသည် နှစ်သိမ့်စကားဆိုလိုက်၏။ သူကိုယ်တိုင်လည်း နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများနှင့်တွေ့ဆုံ ချင်နေသည်။
လုရှင်းယန်၏ မျက်ဝန်းများသည် လေးနက်လာ၏။
ထို့နောက်ဟွမ်းသည် လင်းရှန်နယ်မြေတွင် ကျင့်ကြံကြရန် တပည့်များကို ပြောကြားပြီးနောက် လင်းရှန်နယ်မြေမှ ထွက်ခွာလာသည်။
လင်းရှု့ကို လင်းရှန်နယ်မြေတွင်သာ ထားရစ်ခဲ့၏။
သူသည် လင်းရှန်နယ်မြေနှင့် ဆက်သွယ်မှုကို ချောမွေ့စွာ လုပ်ဆောင်နိုင်ပြီဖြစ်သည်။ ထို့အပြင် လင်းရှု့သည် သူ၏ ဝိညာဉ်ပင်လယ်တွင် အချိန်မရွေး ထွက်ပေါ်လာနိုင်၏။
ထို့နောက်သူတို့နှစ်ဦးသည် အိမ်ငယ်လေးအတွင်းမှ ထွက်လာကြသည်။
ထူးဆန်းစွာနှင့် အိမ်ငယ်လေး၏ ပတ်လည်တွင် အသက်အရွယ်စုံ ကျင့်ကြံသူများသည် ထူးဆန်းစွာ ပြုမှုနေသည်ကို တွေ့ရှိလိုက်၏။
ဟွမ်းနှင့် ကျန်းချီချီ အိမ်ငယ်အတွင်းမှ ထွက်လာသည်နှင့် တပြိုင်နက် သူတို့၏ အမူအယာများသည် သူခိုးလူမိသွားသည့် အတိုင်းပင်။
ထိုအချိန်တွင် အသက်ရွယ်အကြီးရင့်ဆုံးဖြစ်သည် အဘိုးအိုသည် စကားဦးသမ်းလိုက်၏။
“လူငယ်လေး ပြီးပြီလား..”
ဟွမ်း “...”
‘ဘာအဓိပ္ပါယ်တုန်း..’
သူက ကျန်းချီချီသတိမေ့မြောနေသောကြောင့် အနားယူရန် ခွင့်တောင်းခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုအဘိုးကြီး မည်သည့်စကားများ ပြောဆိုနေရသနည်း။
ထို့အပြင် ရွာအတွင်းမှ ကျင့်ကြံသူများသည် တီးတိုးပြောဆိုနေကြ၏။
“လူငယ်တွေရဲ့ ခွန်အားကတော့ သန်မာနေတာပဲ..အိမ်ငယ်လေးထဲမှာ တစ်ပတ်လောက်နေမှ ထွက်လာတယ်လေ..”
“သူတို့ မပင်ပန်းဘူးလားမသိဘူး..”
“ထူးဆန်းတဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေရှိတယ်လေ..၊ ပိုတောင်အားကောင်းတယ်လို့ကြားဖူးတယ်..”
ဟွမ်း “...”
တီးတိုးပြောဆိုမှုများသည် သူမ၏ အကြားအာရုံမှ မလွတ်မြောက်ချေ။ သို့သော် သူမသည် ထိုကျင့်ကြံသူများ ပြောဆိုနေသည်များကို တစ်ခုမှ နားမလည်နိုင်ပေ။
သူမသည် ဟွမ်းကို မေးလိုက်လေ၏။
“ရှောင်ဟွမ်း...၊ သူတို့ ဘာတွေပြောနေတာလဲ..”
ဟွမ်း “...”
ထိုကျင့်ကြံသူများအတွက် လက်နက်များစွာ ထုတ်ပေးကာ ကျေးဇူးတင်ကြောင်းပြောဆိုလိုက်၏။ ထို့နောက် ရွာငယ်လေးမှ အလျှင် အမြန်ထွက်လာခဲ့တော့သည်။
“ရှင်မှာ ဒီလောက်များတဲ့ နတ်ဘုရားအဆင့် လက်နက်တွေ ရှိနေမယ်လို့ မထင်ထားမိဘူး..၊ ဒါက ဂိုဏ်းတစ်ခုအတွက်ဆိုရင်တောင် သာလွန်နေပြီ..”
အပြန်လမ်းတွင် ကျန်းချီချီသည် ပြောဆိုနေ၏။ ရွာငယ်လေးတွင် ကျင့်ကြံသူများ နည်းပါးလှသော်လည်း အယောက်ငါးဆယ်ခန့်ရှိ၏။
ဟွမ်းသည် သူတို့အားလုံးအတွက် လက်နက်တစ်ခုစီ ပေးအပ်ခဲ့လေသည်။ ထိုအရာကို သူမ မှင်သက်ရ၏။
“နတ်ဘုရား အဆင့်လက်နက်တွေက လင်းထျန်းဘုံမှာရှားပါးတာလား..”
ဟွမ်းသည် အံ့ဩစွာမေးလိုက်၏။ သို့သော် ကျန်းချီချီသည် ခေါင်းခါယမ်းက ဖြေလိုက်သည်။
“နတ်ဘုရားအဆင့်လက်နက်တွေက မရှားဘူး..၊ ဒါပေမဲ့ ထင်သလောက်လည်း မပေါများဘူး..၊ ကျွန်မတို့လို အလယ်လတ်ဂိုဏ်းတွေတောင် ရွာငယ်မှာ ရှိတဲ့ ကျင့်ကြံသူတွေကို ထုတ်ပေးနိုင်မှာ မဟုတ်ဘူး..”
ထိပ်သီးဂိုဏ်းအဖွဲ့အစည်းများအတွက် သာမန်သာဖြစ်သော်လည်း အလယ်လတ် ဂိုဏ်းများတက်နိုင်သည့်အရာမဟုတ်ချေ။ သို့သော် ဟွမ်းသည် ကစားစရာကဲ့သို့ ထုတ်ပေးလိုက်သည်က သူမလုံးဝ မထင်မှတ်ထားသည့် အရာပင်။
ဟွမ်းသည် နားလည်သွား၏။ သူထံတွင် အမှိုက်ကဲ့သို့ ရှုပ်ထွေးနေသည့် လက်နက်များသည် အဆင့်နိမ့်ကျင့်ကြံသူများအတွက် လွန်စွာ အသုံးဝင်လှပေသည်။
“ရှင့်မှာ..၊ နတ်ဘုရားအဆင့် လက်နက်တွေ နောက်ထပ် ဘယ်လောက်ရှိသေးလဲ..”
ကျန့်ချီချီသည် ချင့်ချိန်ကာ မေးမြန်းလိုက်၏။ ဟွမ်းသည် တွေဝေဟန်နှင့် တုန့်ပြန်လိုက်သည်။
“အတိအကျတော့ မရေတွက်နိုင်ဘူး..”
ကျန်းချီချီ “...”