← Chapters

အသံအရင် ရောက်ရှိလာသူများ

Vol. 21 Ch. 305

အသံအရင် ရောက်ရှိလာသူများ

Vol. 21 Ch. 305

အတွင်းစည်းတပည့်များသည် တုန်လှုပ်သွားကြရ၏။ အလယ်လတ်အလွှာကျင့်ကြံသူကိုပင် တစ်ချက်တည်း ရိုက်နှက်ကာ မေ့မြောစေခဲ့သည်။ သူတို့၏ ခြေလှမ်းများ တွန့်ဆုတ်သွားရ၏။

“အပြင်စည်းတပည့်တစ်ယောက်ကို မင်းတို့ ကြောက်နေကြတာလား..၊ အဲ့ဒီလောက်တောင် သူရဲဘောကြောင်ကုန်ပြီလား..”

အတွင်းစည်းတပည့်များ တွေဝေနေစဉ် သာမန်ဆန်သည့် လေသံနှင့်အတူ ပုံရိပ်တစ်ခုသည် ရောက်ရှိလာသည်။

ထိုပုံရိပ်ကြောင့် အတွင်းစည်းတပည့်များပင် ရှက်ရွံ့ကုန်ကျ၏။ ထို့အပြင် ရှီးချန်သည် အတွင်းစည်းတပည့်များ၏ အားအကောင်းဆုံးထဲမှ တစ်ဦးဖြစ်လေသည်။

“မင်းက ဟုန်ယန်ရဲ့ သွေးကြောတွေကို ဖျတ်ဆီးတဲ့ကောင်လား..”

ဟွမ်းသည် ထိုပုံရိပ်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။ သူ၏ အမူအယာသည် တည်ငြိမ်နေသည်။ ထို့အပြင် သူ၏ မျက်ဝန်းများသည် ပုရွက်စိတ် တစ်ကောင်ကို ကြည့်နေသည့်အကြည့်မျိုးနှင့် ရှီးချန်ကို ကြည့်နေ၏။

“အဆင့်နိမ့်တပည့်တွေရဲ့ နာမည်ကို မှတ်သားထားမယ်ထင်နေလား..”

ရှီးချန်သည် ခေါင်းခါယမ်းကာ ဆိုလိုက်၏။ သူ၏ လေသံ တည်ငြိမ်နေသည်။ ဟုန်ယန် ဒဏ်ရာရရှိခဲ့ခြင်းသည် သူနှင့် မသက်ဆိုင်သည့် အလားပင်။ ထို့နောက် ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ဒီတပည့်က ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတဲ့သူ..၊ သူ့ကို သတ်ဖြတ်တဲ့အတွက် မင်းရဲ့ အသက်နဲ့ ပြန်လည်ပေးဆပ်ရမယ်..”

သူသည် အကြောင်းအရာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်၏။

သို့သော် ဟွမ်းသည် မည်သည့် အကြောင်းရင်း ဖြစ်စေ ဂရုမစိုက်ပေ။ သူ၏ ရည်ရွယ်ချက်သည် ဟုန်ယန်ကို တိုက်ခိုက်ခဲ့သူကို သိရှိရန်ဖြစ်သည်။

ယခုတွင် သိရှိရပြီ ရှည်ဝေးသည့် စကားများ ဆိုမနေတော့ချေ။

ဟွမ်းသည် ရုတ်ချည်း ကောင်းကင်ထက်မှ ပျောက်ကွယ်သွားပြီး ရှီးချန်၏ အနီးတွင်ပေါ်ထွက်လာ၏။

ရှီးချန်သည် မထင်မှတ်ထားသည့် တိုက်ခိုက်မှုကြောင့် မှင်သက်သွားရလေပြီ။

သို့သော် ချက်ချင်းဆိုသလို တုန့်ပြန်နိုင်ခဲ့ကာ ဟွမ်း၏ လက်ဝါးကို ခုခံလေသည်။

“ဘုန်း...”

“မဖြစ်နိုင်တာ..”

ရှီးချန်သည် ဟွမ်း၏ လက်ဝါးကို တားဆီးလိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်တွင်း ကြမ်းတမ်းသည့် စွမ်းအင်များ ဝင်ရောက်လာသည်ကို ခံစားမိသွား၏။

ထိုစွမ်းအင်များသည် သူ၏ သွေးကြောများ အတွင်းဝင်ရောက်လာကာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား တုန်ယင်သွားသည်။

ထို့အပြင် ‘တဖျောက်ဖျောက်’ မြည်သံများနှင့်အတူ သူ၏ သွေးကြောများသည် ချက်ချင်းဆိုသလို ပြတ်တောက်သွားရလေ၏။

“အား..”

ရှီးချန်သည် နာကျင်လွန်း၍ အော်ဟစ်လိုက်ရ၏။ သူ၏ ဟန်ချက်ကို မထိန်းနိုင်တော့ပဲ လဲကျသွားရလေသည်။ အော်သံသည် မရပ်တန့်ချေ။ အသည်းခိုက်အောင် နာကျင်ရသည့် ခံစားချက်မျိုးပင်။

“အဟွတ်..”

သွေးများလည်း အဆက်မပြတ် အန်ကျနေ၏။

“မင်း..”

အတွင်းစည်းတပည့်များသည် ဆောက်တည်ရာမရ ဖြစ်သွားကြ၏။

“အကြီးအကဲတွေကို အကြောင်းကြား..ဂျုနီယာတပည့်ကို သတ်တဲ့အပြင် စီနီယာအစ်ကိုကို ဒဏ်ရာရစေခဲ့တယ်..”

အတွင်းစည်းတပည့် အချို့သည် ချက်ချင်းဆိုသလို အကြီးအကဲများ ရှိရာ တောင်ထွတ်သို့ အကူအညီတောင်းခံရန် ထွက်ပြေးသွားကြသည်။ သူတို့ရင်ဆိုင်နိုင်သည့် ပုဂ္ဂိုလ်မဟုတ်တော့ချေ။

ကျန်ရှိနေသည့် တပည့်များသည် တုန်ယင်နေကြ၏။ သူတို့သည် ဟွမ်း၏ ရှေ့တွင် အသက်ပင် ရဲရဲ မရှုရဲတော့ချေ။

ရှီးချန်သည် အတွင်းစည်းတပည့်များတွင်သာလွန်သည့် စွမ်းရည်ရှိသူ တစ်ဦး ဖြစ်သော်လည်း ဟွမ်း၏ ရိုက်ချက်တစ်ချက်နှင့်ပင် သွေးကြောများ ပြတ်တောက်သွားရသည်။ မြင်မကောင်းလှပေ။

ထိုသို့ ကိစ္စမျိုး ကြုံပင် မကြုံဖူးချေ။ ထိုအရာသည် ရှီးချန်သတိလက်လွတ်ဖြစ်နေခြင်းကြောင့်မဟုတ်ပေ။ တစ်ဖက်သူ၏ ခွန်အားသည် များစွာသာလွန်နေသောကြောင့်ပင်။

မာယွမ်ထောင်လည်း မှင်သက်နေ၏။ ချီဝူမြို့သခင်နှင့် အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ပြီး ဖြစ်သော်လည်း ရှီးချန်သည် ချီဝူမြို့သခင်ထက် များစွာ အားကောင်းသူဖြစ်သည်။

ထိုသူက ချောင်ဟုကဲ့သို့ အမှိုက်မျိုး ဖြစ်သော်လည်း အဓိကလက်သည် သေဆုံးသွားပြီဖြစ်၏။

ရှီးချန်က ပါဝင်ပတ်သက်သူဖြစ်သည်။ ဟွမ်းသည် သူ့ကို မသတ်ဖြတ်သော်လည်း ခွင့်မလွှတ်နိုင်ချေ။

ထို့ကြောင့် သွေးကြောများကိုသာ ဖြတ်တောက်ပစ်ခဲ့သည်။ သို့သော် ထိုအရာက ရှီးချန်အတွက် သေသည်ထက်ပင် ဆိုးရွားသွားစေသည်။

ဟုန်ယန်သည် အချိန်ပေး၍ ကုသလျင် သက်သာလာနိုင်သော်လည်း ရှီးချန်သည် သွေးကြောအားလုံးပြတ်တောက်သွားပြီဖြစ်၏။

သူသည် ရှင်လျက်သေဆုံးသွားခြင်းပင်။

“ဘယ်သူ သတ္တိရှိတာလဲကွ..”

အတွင်းစည်းတပည့်များနှင့်အတူ အကြီးအကဲတစ်ဦးသည် အလျင် အမြန်ရောက်ရှိလာ၏။

ထိုအကြီးအကဲသည် အထွတ်ထိပ်အလွှာတွင် ရှိနေပြီး နှင်းဓားဂိုဏ်း၏ ကြီးကြပ်သူ ဝူကျင်း ဖြစ်သည်။ ထို့အပြင် သူနှင့် အတူအကြီးအကဲတစ်ဦးလည်း ပါရှိလေ၏။ ထိုအကြီးအကဲသည် အပြင်စည်း၏ အကြီးအကဲဖြစ်သည်။

ဟွမ်းသည် ထိုလူအိုကြီးများ၏ ပုံစံကိုကြည့်ကာ စိတ်ရှုပ်သွားရ၏။

‘ဘယ်လိုသောက်ကျိုးနည်း ကောင်တွေလဲ..၊ လူထက် အသံအရင်ရောက်လာကြတယ်..’

ကြီးကြပ်သူဝူကျင်းသည် တပည့်များ ထပ်မံအရိုက်နှက်ခံရမည်ကို စိုးရိမ်သောကြောင့် အသံပေးကာ တားဆီးခဲ့ခြင်းဖြစ်သည်။

“သူက အပြင်စည်းတပည့်လား..”

ဝူကျင်းသည် ဂိုဏ်းတပည့်များ၏ စာရင်းများကို မှတ်သားထားသည့် အပြင်စည်းအကြီးအကဲကို မေးလိုက်၏။

ထို့နောက်သူသည် ရှီးချန်ကို စစ်ဆေးကြည့်နေသည်။ ရှိးချန်သည် နာကျင်မှုများကြောင့် အသံထွက်မလာနိုင်တော့ချေ။

“ကျုပ်ဆီမှာ စာရင်းပေးသွင်းထားတာမျိုး မရှိဘူး..”

ထိုအကြီးအကဲသည် တွေဝေစွာနှင့် ဆိုလိုက်၏။ သူသည် ဂိုဏ်းအတွင်း ဝင်ရောက်သည့် တပည့်များစွာကို မှတ်သားထားရသူဖြစ်သည်။ ထို့အပြင် သူသည် အားလုံးကို မှတ်မိသူတစ်ဦးပင်။ သို့သော် ဟွမ်းကိုတော့ သိရှိမနေချေ။

အကြီးအကဲသည် မာယွမ်ထောင်ကို မှတ်မိကာ မေးမြန်းလေသည်။

“မင်းက မာယွမ်ထောင်မလား..၊ ဒီလူငယ်က ဘယ်သူလဲ..”

“ဒါက..”

မာယွမ်ထောင် တုန့်ဆိုင်းသွားသည်။ ထိုအချိန်တွင် ကြီးကြပ်သူ ဝူကျင်းသည် ဒေါသတကြီးပြောဆိုလိုက်၏။

“မင်း..၊ အတော်ရက်စက်တဲ့ကောင်ပဲ..၊ ဘယ်ဂိုဏ်းကရောက်ရှိလာတဲ့ သူလျှိုလဲ ပြောစမ်း..”

ရှီးချန်သည် ဆုံးခန်းတိုင်သွားပြီဖြစ်သည်။ ထိုအရာက နှင်းဓားဂိုဏ်းအတွက် ကြီးမားသည့် ဆုံးရှုံးမှုပင်။

ဟွမ်းသည် ပြန်မဖြေချေ။ ထိုသူများသည် ရှင်းပြပြောဆိုရန်ပင် မထိုက်တန်ချေ။ ထို့အပြင် သူရှင်းပြလျှင်တောင် လက်ခံကြမည် မဟုတ်ပေ။ ထို့နောက် တည်ငြိမ်သည့်လေသံနှင့် ပြောဆိုလိုက်သည်။

“ခင်ဗျားတို့ ထွက်မလာရင် နှင်းဓားဂိုဏ်းက နောက်ထပ် အကြီးအကဲတွေပါ ဆုံးရှုံးရလိမ့်မယ်..”

သူသည် ဂိုဏ်းချုပ်ရှိရာ တောင်ထိပ်သို့ ကြည့်ကာ ပြောဆိုလိုက်ခြင်းပင်။ သူ၏ အသံသည် မကျယ်လောင်ပေ။ သို့သော် နှင်းဓားဂိုဏ်းတစ်ခုလုံးရှိ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်အထိ စွဲမြဲသွားရ၏။

သူသည် ကျန်းချီချီကို မျက်နှာသာပေးခြင်းကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် ဤနှစ်ဦးကို ရိုက်နှက်ပြီးဖြစ်၏။ ထိုသူများသည် ဖြောင့်မတ်မှု မရှိချေ။

ဖြစ်စဉ်ကို စုံစမ်းရမည့်အစား အဖြစ်အပျက်ကိုသာ အပြစ်တင်နေကြသည်။ သို့သော်လည်း ထိုအရာသည် သာမန်မျှသာဖြစ်၏။

ဝူကျင်း မျက်မှောင်ကြုတ်သွားရသည်။ နှင်းဓားဂိုဏ်းချုပ်ကိုပင် ဂရုစိုက်ဟန်မရချေ။

ခဏအကြာတွင် ပုံရိပ်သုံးခုသည် အတွင်းစည်းတောင်ထွတ်သို့ အလျင်အမြန်ရောက်ရှိလာသည်။

“ဟွမ်း..၊ ဘာဖြစ်တာလဲ..”

ကျန်းချီချီသည် ဟွမ်းအနားသို့ ရောက်ရှိလာကာ မေးမြန်းလိုက်၏။

ချန်တောက်လင်နှင့် ကျန့်ကျုးလည်း အလားတူပင် ထူးဆန်းသည့် အဖြစ်အပျက်များစွာ ဖြစ်ပေါ်ထားဟန်ရှိသည်။ သူတို့သည် ဆွေးနွေးနေကြသောကြောင့် ဟွမ်း၏ အသံကြောင့် မဟုတ်လျင် ရောက်ရှိလာမည်မဟုတ်ပေ။

“ဒီကောင်..က အကြောင်းမဲ့..ရှီးချန်ကို..”

ကြီးကြပ်သူသည် သူသိရှိထားသည့် ဖြစ်စဉ်ကိုသာ ပြောပြလိုက်၏။

“ဒါဆို..ရှီးချန်က ဘာအမှား ကျုးလွန်ထားတာလဲ..”

ကျန်းချီချီသည် ချက်ချင်းမေးခွန်းထုတ်လိုက်၏။

ဝူကျင်း “...”

‘အကြီးအကဲကျန်း..ရှီးချန်က ကျုပ်တို့ဂိုဏ်းရဲ့ တပည့်နော်..’

ဝူကျင်း၏ စိတ်တွင် အော်ဟစ်မိ၏။ သို့သော် ကျန်းချီချီသည် သူ့ထက် စွမ်းအားနှင့် ရာထူးသည် မြင့်မားသောကြောင့် ထုတ်မပြောရဲချေ။ ကျန်းချီချီသည် အဘယ်‌ကြောင့် သူစိမ်းဘက်မှ ရပ်တည်နေသည်ကို နားမလည်နိုင်ဖြစ်သွား၏။

ထိုအချိန်တွင် မာယွမ်ထောင်သည် မဝံ့မရဲနှင့် ရှေ့ထွက်ကာ ရှင်းပြလိုက်သည်။ ဟွမ်း၏ အသွင်သည် ထိုအရာအတွက် ဖြေရှင်းချက်ထုတ်လိုဟန်မရချေ။

“ဒီလိုဖြစ်သွားတာလား..”

ချန်တောက်လင်သည် နားလည်သည့်အလား ခေါင်းညိတ်လိုက်ပြီးနောက် ပြတ်သားသည့်လေသံနှင့် ပြောဆိုလိုက်၏။

ရှီးချန်က ဒီနေ့ကစပြီး နှင်းဓားဂိုဏ်းရဲ့ တပည့်မဟုတ်တော့ဘူး..”

ဝူကျင်း “...”

သူနားပင် သူမယုံနိုင်။

အတွင်းစည်းတပည့်များလည်း အလားတူပင်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်။

အပ်ကျသံ ကြားနိုင်လောက်သည်အထိပင် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွား၏။

“ဂိုဏ်းချုပ်..”

ဝူကျင်းသည် တိတ်ဆိတ်မှုကို ဖြိုခွဲကာ အသေအချာရှင်းပြရန်ကြိုးစားလိုက်၏။

All Chapters