စိတ်ချပါ
Vol. 21 Ch. 306
ဝူကျင်းသည် ဂိုဏ်း၏ တပည့်ကို ကာကွယ်ရန် ပြောဆိုချင်သော်လည်း ချန်တောက်လင်သည် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်၏။
“ဟွမ်းက.. နှင်းဖုံးတောင်ထွတ်ရဲ့ အကြီးအကဲတစ်ဦးပဲ..”
“ဘယ်လို..”
ဝူကျင်းသည် ထပ်မံ အံ့ဩရပြန်သည်။ အဖြစ်အပျက်များကို လိုက်မမှီတော့ဟု ခံစားမိသွား၏။
တောင်ထွတ်တစ်ခုတွင် အကြီးအကဲ တစ်ဦးသာ နေထိုင်လေ့ရှိကြသည်။
ထို့အပြင် နှင်းဖုံးတောင်ထွတ်သည် နှင်းဓားဂိုဏ်း၏ တစ်ဦးတည်းသော အမျိုးသမီးအကြီးအကဲ နေထိုင်ရာ တောင်ထွတ်ဖြစ်၏။
ဂိုဏ်းချုပ်၏ ကြေညာချက်ကြောင့် များစွာ ရှင်းပြရန် မလိုတော့ချေ။ သူတို့သည် အဓိပ္ပါယ်ကို ခန့်မှန်းမိသွား၏။
‘ဒီလိုဆိုရင်..ဒီလူငယ်နဲ့ ရှောင်ချီက..၊ ငါဘာလို့ ခုမှသိရတာလဲ..’
ဝူကျင်းသည် ကြီးကြပ်သူဖြစ်သော်လည်း လွတ်သွားသည့် ဂိုဏ်းတွင်း အဖြစ်ပျက်များရှိနေသည်ကို ယခုမှ သိရှိသွား၏။
သို့သော် ချန်တောက်လင်သည် ကျန်းချီချီ ရိုက်နှက်မည်ကို ကြောက်ရွံ့သောကြောင့် မပြောဆိုခဲ့ခြင်းပင်။
သူသည် ကျန်းချီချီထံမှ သေမင်းတောင်ကြားမှ အဖြစ်အပျက်များကို ကြားသိရပြီးဖြစ်သည်။
ထို့ကြောင့် ယခု အဖြစ်အပျက်ကို အခွင့်ကောင်းယူကာ ဟွမ်းကို အကြီးအကဲ ဖြစ်စေလိုသောကြောင့် ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်၏။
ထိုအချိန်တွင် ကျန်းချီချီ၏ အေးစက်လွန်းနေသည့် မျက်ဝန်းများကို တွေ့မြင်လိုက်ရ၏။
ချန်တောက်လင်၏ ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်သွားသည်။
‘ငါပြောတာ ဘယ်နေရာ အမှားပါလို့လဲ..’
‘ဟွမ်းက နှင်းဖုံးတောင်ထွတ်မှာ နေနေတာ အမှန်ပဲလေ..’
‘သူ့စွမ်းအားနဲ့ဆို အကြီးအကဲလုပ်လို့ရတာပဲလေ..’
သို့သော် ဝူကျင်းနှင့် ဂိုဏ်းတပည့်များ၏ အတွေးသည်တော့ ထိုမျှ ရိုးရှင်းမနေချေ။
နောက်ရက်တွင် နှင်းဓားဂိုဏ်းသည် ရှီးချန် ပြုလုပ်သည့် မကောင်းမှုများကို ဖော်ထုတ်ကာ ဂိုဏ်း၏တပည့်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။
ဟွမ်းတွင် လုံလောက်သည့် စွမ်းရည်မရှိပါက ရှီးချန်၏ လုပ်ရပ်များကို လျစ်လျုရှု့နေကြဦးမည်မှာ ကျိန်းသေပင်။
ထိုသို့နှင့် အချိန်သည် ငါးလဝန်းကျင်ခန့်ကြာသွားခဲ့သည်။
ဟုန်ယန်လည်း တဖြည်းဖြည်းနှင့် သက်သာလာခဲ့၏။ သို့သော် အပြည့်အဝ ကောင်းမွန်ခြင်း မရှိချေ။
“ဂရုစိုက်ပါ..ရောင်းရင်းဟွမ်း..”
မာယွမ်ထောင်နှင့် ဟုန်ယန်သည် ဟွမ်းကို နှုတ်ဆက်နေ၏။
ဟွမ်း အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်လိုက်ပြီးနောက် ထွက်ခွာသွား၏။ သူတို့သည် များစွာသည့် စကားလုံးများ ပြောဆိုနေရန်မလိုအပ်ချေ။
လျှပ်စီးမြို့တော်တွင် ဂိုဏ်းပေါင်းစုံ ဆွေးနွေးပွဲ စတင်ရန် နီးကပ်လာပြီဖြစ်သည်။ ထိုဆွေးနွေးပွဲကို သွားရောက်ရန် ကျန်းချီချီ တာဝန်ယူထား၏။ ဟွမ်းသည် သူမနှင့်အတူ လျှပ်စီးမြို့တော်သို့ လိုက်ပါသွားမည်ဖြစ်သည်။
“ရှောင်ချီ..၊ ထွေထွေထူးထူးကိစ္စမရှိရင် ဂိုဏ်းတွေရဲ့ ပြသနာတွေကြား မဝင်ရောက်နဲ့..”
ချန်တောက်လင်သည် ကျန်းချီချီကို မှာကြားနေ၏။ များစွာသည့် ဂိုဏ်းများအကြားတွင် ကတောက်ကဆ ကိစ္စအချို့လည်း ရှိလာနိုင်သည်မှာ မလွဲဧကန်ပင်။
နှင်းဓားဂိုဏ်းအနေနှင့် ထိုသို့ ပဋိပက္ခများကြား မရောက်ရှိစေရန် မှာကြားနေခြင်းဖြစ်သည်။
“ကောင်းပြီ..”
ကျန်းချီချီသည် စိတ်မပူစေရန်ပြောဆိုလိုက်၏။ သူမလည်း ထိုသို့ အရှုပ်အထွေးများတွင် မပါဝင်လိုပေ။
သို့သော် ချန်တောက်လင်သည် သူမအတွက် အတွေ့အကြုံရစေလိုသောကြောင့် သွားစေခဲ့ခြင်းဖြစ်သည်။
ချန်တောက်လင်သည် ထူးဆန်းသည့် ရတနာတစ်ခုကို ထုတ်ယူလိုက်၏။
“ဒါက ဘယ်လိုရတနာမျိုးလဲ..”
ဟွမ်းသည် ထိုရတနာ၏ ထူးဆန်းသည့် အသွင်ပြင်ကြောင့် မေးခွန်းထုတ်မိသွားသည်။
ထိုရတနာသည် လက်တစ်ဖဝါးစာသာရှိနေ၏။
“ဒါက ယာဉ်ပျံငယ်လေ..၊ ဝေးကွာတဲ့နယ်မြေတွေကို သွားလာဖို့ဆိုရင် ယာဉ်ပျံနဲ့သွားမှ အချိန်နဲ့ စွမ်းအား ကုန်ခမ်းမှုကို သက်သာမှာ..”
ကျန်းချီချီသည် ရှင်းပြလိုက်၏။ အချိန်နှင့် စွမ်းအင်ကိုချွေတာနိုင်သော်လည်း အားနည်းချက်သည် ကောင်းကင်သလင်းကျောက်များပင်။
ယာဉ်ပျံကို အသုံးပြုရန် ကောင်းကင်သလင်းကျောက်များစွာ ထည့်သွင်းရသည်။
ဟွမ်းသည် နားလည်သွား၏။ ယာဉ်ပျံသည် ဝိညာဉ်လှေများနှင့် ဆင်တူ၏။ သို့သော် ဝိညာဉ်စွမ်းအင်များအစား ကောင်းကင်သလင်းကျောက်ကို အလွယ်တကူ အသုံးပြုနိုင်ပေသည်။
ကျန်းချီချီသည် ချန်တောက်လင်ထံမှ ယူကာ စွမ်းအင်အချို့ ထည့်သွင်းလိုက်၏။ ထိုအချိန်တွင် ယာဉ်ပျံငယ်က ကြီးမားသွားကာ ၎င်းအတွင်းမှ နေရာလည်း ကျယ်ဝန်းသွားသည်။
ထို့နောက် သူမသည် ယာဉ်ပျံပေါ်သို့ တက်ရောက်လိုက်ပြီးနောက် ဟွမ်းကို ပြောလိုက်၏။
“လျှပ်စီးမြို့တော်ကို သွားကြမယ်..”
ဟွမ်းသည် ချက်ချင်း ယာဉ်ပျံပေါ်သို့ ခုန်တက်သွားကာ နေရာယူလိုက်၏။
ကျန်းချီချီသည် ရာဂဏာန်းမျှရှိသော ကောင်းကင်သလင်းကျောက်များကို ယာဉ်ပျံ၏ စွမ်းအင်ဗဟိုချက်တွင် ထည့် သွင်းလိုက်၏။
ဟွမ်းသည် သူမ၏ အပြုအမူများကို စိတ်ဝင်တစားကြည့်ရှု့နေသည်။
ချက်ချင်းဆိုသလို ယာဉ်ပျံသည် စွမ်းအင်များစတင်လည်ပတ်လာကာ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့၏။
ထိုယာဉ်ပျံ၏ အရှိန်သည် အတော်လေး မြန်ဆန်သည်ဟု ဆိုရပေမည်။
တစ်ခဏအတွင်း မြို့ငယ်များစွာကို ဖြတ်ကျော်သွားသည်။
“လျှပ်စီးမြို့တော်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ..”
ဟွမ်းသည် တိတ်ဆိတ်နေသည့် ယာဉ်ပျံပေါ်တွင် ကျန်းချီချီကို မေးလိုက်၏။
“အလွန်ဆုံး ငါးရက်ပါပဲ..”
ကျန်းချီချီသည် ဖြေလိုက်၏။ ယခင်အချိန်များတွင် သူမသည် ချန်တောက်လင်နှင့်အတူ လိုက်ပါလေ့ရှိသည်။ ထို့ကြောင့် စိမ်းသက်သက် ဖြစ်မနေပေ။
ဟွမ်းသည် နားလည်သည့်အသွင်နှင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် လေတိုးသံမှ လွဲ၍ မည်သည့် အသံမျှ ထပ်မံထွက်ပေါ်မလာတော့ပေ။
ယာဉ်ပျံအတွင်း တိတ်ဆိတ်မှုက ကြီးစိုးသွား၏။ ယာဉ်ပျံငယ်၏ လေထုကို ထိုးခွင်းမှုနှင့်အတူ အချိန်များလည်း ကုန်ဆုံးလာသည်။ သူတို့သည် နှင်းဓားဂိုဏ်းနှင့် အတော်ပင် ဝေးကွာလာခဲ့၏။
“ကျွန်မတို့ လျှပ်စီးနယ်မြေထဲ ရောက်လာပြီ..”
ကျန်းချီချီသည် လျှပ်စီးမြို့တော်ရှိရာသို့ ညွှန်ပြရင်း ဆိုလိုက်၏။
“မြို့တော်ထဲကို ယာဉ်ပျံတွေနဲ့ ဝင်လို့မရဘူး..”
ကျန်းချီချီထပ်မံပြောဆိုလိုက်၏။ ထို့ကြောင့် သူတို့၏ ယာဉ်ပျံငယ်ကို သိမ်းဆည်းလိုက်ပြီးနောက် မြို့တွင်းသို့ဝင်ရောက်ရန် ဦးတည်လိုက်သည်။
“ရှင်.. သိုသိုသိပ်သိပ်နေသင့်တယ်..၊ လျှပ်စီးမြို့တော်ထဲမှာ နယ်မြေသခင်တွေ ရှိတယ်..”
ကျန်းချီချီ သတိပေးလိုက်၏။ ထိုသူသည် စိတ်ထင်တိုင်း ပြုမူတက်ကာ မည်သည့်အခြေအနေ အချိန်အခါကိုမျှ ကြည့်ရှု့ခြင်းမရှိပေ။
“စိတ်မပူပါနဲ့..၊ ကျုပ်က သူများကိစ္စတွေကို စိတ်မဝင်စားတက်ပါဘူး..”
ဟွမ်းသည် အလေးအနက်ဖြေလိုက်၏။ ထို့နောက် လျှပ်စီးမြို့၏ ဂိတ်ဝကို ရောက်ရှိသွားကြသည်။
ဟွမ်းသည် ဂိတ်ဝတွင် အလယ်လတ်အလွှာ အစောင့်များစွာ ရှိနေသည်ကို တွေ့လိုက်ရ၏။ ထို့အပြင် အထွတ်ထိပ်အလွှာတစ်ဦးပင် ရှိနေသေးသည်။ ထိုသူသည် ခေါင်းဆောင်ဖြစ်ဟန်ရ၏။
အစောင့်တစ်ဦးသည် ကျန်းချီချီနှင့် ဟွမ်းထံမှ သက်သေခံတံဆိပ်ပြားများကို တောင်းရမ်းလိုက်သည်။
“နှင်းဓားဂိုဏ်းအကြီးအကဲ..”
အစောင့်သည် ကျန်းချီချီကို အသိမှတ်ပြုလိုက်သည်။ သို့သော် ဟွမ်း၏ တံဆိပ်ပြားသည် ထူးဆန်းနေ၏။ သူသည် အသေအချာစစ်ဆေးမေးမြန်းလိုက်သည်။
“အကြီးအကဲကျန်း..၊ အရင်က နှင်းဓားဂိုဏ်းမှာ အကြီးအကဲ ခုနှစ်ယောက်ပဲရှိတယ်လို့ စာရင်းသွင်းထားတယ်..”
“အဲ့ဒီစာရင်းမှာ..၊ ဒီလူငယ်မပါဘူး..”
“အဲ့ဒီအတွက် ကျွန်မက စာရင်းသွင်း မလို့ပါ..၊ သူက ဂိုဏ်းတပည့်ကနေ အကြီးအကဲရာထူး တိုးသွားတာ မကြာသေးဘူးလေ..၊ ဒါကြောင့် စာရင်းထဲ မပါတာဖြစ်မယ်..”
ကျန်းချီချီသည် ပုံမှန်လေသံနှင့်သာ ပြောဆိုလိုက်၏။ သူမ၏ အမူအယာ တည်ငြိမ်နေသည်။ သို့သော် သူမ၏ စကားများတွင် လိမ်ညာနေသည့်အရာ တစ်ခုမျှ မပါချေ။
ထိုအစောင့်သည် ခေါင်းဆောင်ဖြစ်သူကို အကြံတောင်းလိုသည့် အကြည့်နှင့်ကြည့်လိုက်သည်။
“ခွင့်ပြုလိုက်..”
အစောင့်ခေါင်းဆောင်သည် ခွင့်ပြုချက်ပေးလိုက်၏။ ထိုသို့ ကိစ္စရပ်များသည် ဖြစ်နေကြအရာများသာ။
ထို့ကြောင့် အထူးတလည် စစ်ဆေးနေစရာမလိုတော့ချေ။
အစောင့်သည် တံဆိပ်ပြားများကို ပြန်လည်ပေးအပ်ကာ အရိုအသေပြုလိုက်သည်။
‘ထင်ထားတာထက် တင်းကြပ်တာပဲ..’
ဟွမ်းသည် ထိုအချင်းအရာကြောင့် ကျန်းချီချီကို ကျေးဇူးတင်မိသွား၏။
သူတစ်ဦးတည်းသာ ရောက်ရှိလာပါက ဤနေရာတွင် အချင်းများမည်မှာ ကျိန်းသေပင်။ သူသည် တိုက်ခိုက်ရမည်ကို မကြောက်ရွံ့သော်လည်း အချိန်ကုန်ပေသည်။
တိတ်တဆိတ်နှင့်သာ လျှပ်စီးမြို့တော်အတွင်း ဝင်ရောက်လို၏။
ဟွမ်းသည် လျှပ်စီးမြို့တော်တွင် သူ၏ စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်သည်။
ရုတ်ချည်းဆိုသလို မျက်မှောက်ကြုတ်သွားကာ တည်နေရာတစ်ခုသို့ အလျှင်အမြန် သွားရောက်လိုက်၏။
ဟွမ်း၏ အမူအယာကြောင့် သူ စွံ့အသွားရသည်။ ထိုသူသည် သူမ ရှေ့မှ ရုတ်ချည်း ပျောက်ကွယ်သွားသောကြောင့်ပင်။
“ဝုန်း...”
မြို့၏ တစ်နေရာတွင် ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာ၏။
‘သူတော့မဟုတ်လောက်ဘူးမလား..’