← Chapters

ဝင်မရှုပ်နဲ့

Vol. 21 Ch. 307

ဝင်မရှုပ်နဲ့

Vol. 21 Ch. 307

“ဘယ်သူလဲကွ...”

လူအိုကြီးတစ်ဦးသည် ရုတ်တရက်ကျရောက်လာသည့် တိုက်ခိုက်မှုကြောင့် ဒေါသတကြီး အော်ဟစ်လိုက်၏။

“အဟွတ်..”

သူသည် ရုတ်တရက် ရိုက်နှက်ခံလိုက်ရသောကြောင့် သွေးများ အန်ကျလာသည်။ သူ၏ ကိုယ်တွင်းသွေးများ ပြောင်းပြန်စီးကုန်၏။ သူသည် လဲကျနေရာမှ ထလာကာ ထပ်မံအော်ဟစ်လိုက်သည်။

“မင်း..၊ ဘယ်ဂိုဏ်းကလဲကွ.. အတော်ရဲတင်းနေပါလား..”

လူအိုကြီးသည် ပေတံတစ်ချောင်းကိုင်ဆောင်ထားသည့် ဝတ်ရုံဖြူနှင့် လူငယ်ကို တွေ့ရှိလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တွင် ဒေါသမီးလျှံများ လောင်ကျွမ်းနေသည့်အလားပင်။

“မင်း...၊ သူတို့ကို ဘာလုပ်ထားတာလဲ..”

ဟွမ်းသည် မုန်တိုင်းအလား ခက်ထန်သည့် လေသံနှင့် လှောင်အိမ်တစ်ခုကို ညွှန်ပြကာ မေးလိုက်၏။ သူ၏ လေသံကြောင့် လူအိုကြီး တုန်ယင်သွားရသည်။

ထိုလှောင်အိမ်တွင်း အရောင်အသွေးစုံလင်သည့် ဥဒေါင်းငှက်တစ်ကောင်သည် အားနည်းစွာ လဲကျနေသည်။

ဥဒေါင်းငှက်၏ ခြေကျင်းဝတ်နှစ်ခုတွင် သံမဏိကြိုးများနှင့် တုပ်နှောင်ထားပြီး အသက်ရှုသံ မျှင်မျှင်လေးသာ ထွက်ပေါ်နေ၏။

ဟွမ်းသည် လျှပ်စီးမြို့တော်သို့ လာရောက်သည့် မူလရည်ရွယ်ချက်သည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို ရှာဖွေရန်ဖြစ်သည်။

ထို့ကြောင့် သူ၏ စိတ်အာရုံ သုံးကာ လျှပ်စီးမြို့တော်ကို စစ်ဆေးခဲ့၏။

လျှပ်စီးမြို့တော်သည် အလွန် ကျယ်ပြောလှသည်။ သူ၏ စိတ်အာရုံနှင့် မြို့တော်တစ်ခုလုံးလွှမ်းခြုံရန် အချိန်ပေးရပေမည်။

လျှပ်စီးမြို့တော်အတွင်း အဆောက်အဦးများသည် တစ်နေရာနှင့် တစ်နေရာပင် ဝေးကွာနေပြီး ကျယ်ပြန့်သည့် လမ်းများစွာလည်း ရှိနေ၏။ ထိုလမ်းမကြီးများကို အမှီပြုကာ အဆောက်အဦးများစွာ တည်ဆောက်ထားသည်။

သူသည် နေရာတစ်ခုတွင် ရင်းနှီးနေသည့် အငွေ့အသက်ကို တွေ့လိုက်ရသောကြောင့် အစောတလျင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် စိတ်မထိန်းနိုင်တော့ပဲ လူအိုကြီးကို ရွှမ်းလုံပေတံနှင့် ရိုက်နှက်လိုက်ခြင်းပင်။

“ခွေးကောင်..၊ မင်းငါ့ကို ပြသနာ လာရှာနေတာလား..၊ ငါက သားရဲ‌တွေကို အရောင်းအဝယ်လုပ်တယ်ဆိုတာ လျှပ်စီးမြို့တော်တစ်ခုလုံးသိပြီးသားကွ..”

လူအိုကြီးသည် ဒေါသတကြီး အော်လိုက်၏။ ထို့နောက် သူ၏ စွမ်းအင်များကို ဖော်ထုတ်ကာ ဟွမ်းကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

“ဘုန်း..”

သို့သော် ရွှမ်းလုံပေတံသည် သူ၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသည်။

“အား..”

လူအိုကြီးသည် တုန့်ပြန်ချိန်မရလိုက်ပေ။ သူလည်း ဒေါသမီးများ လောင်ကျွမ်းလာလေပြီ။

အကြောင်းရင်းမဲ့ သူ့အား ရိုက်နှက်နေခြင်းပင်။

“မင်း လျှပ်စီးမြို့တော်ထဲမှာ သောင်းကျန်း..”

“ဘုန်း..”

ဟွမ်းသည် မည်သည့် စကားကိုမျှ လက်မခံချေ။ လူအိုကြီးကို ရိုက်နှက်ရန်သာ ဆန္ဒရှိနေ၏။

လူအိုကြီးသည် ဟွမ်း၏ ရိုက်နှက်မှုများအောက်တွင် အသည်းအသန် ရုန်းကန်နေရသည်။ သို့သော် တစ်ချက်တစ်လေမျှ မရှောင်တိမ်းနိုင်ခဲ့ချေ။

“ဘုန်း..”

ဟွမ်းသည် သတ်ဖြတ်ချင်စိတ်များစွာ ထွက်ပေါ်နေသော်လည်း သူ၏ ခွန်အားကို ထိန်းချုပ်ထားသည်။ မဟုတ်လျင် လူအိုကြီး သေဆုံးသွားနိုင်၏။

“ဖြေစမ်း..၊ သူ့ကို ဘာလုပ်ထားတာလဲ..”

ဟွမ်းသည် လူအိုကြီး၏ လည်တိုင်ကို ဆုပ်ကိုင်ထားရင်း မေးလိုက်၏။

“မင်း..ဘယ်..က..ကောင်လဲ..”

လူအိုကြီးသည် အသံကို ဖျစ်ညှစ်ကာ ထုတ်ဖော်နေ၏။

“ဝုန်း..”

ဟွမ်းသည် စိတ်မရှည်တော့ချေ။ လူအိုကြီး၏ ခန္ဓာကိုယ်ကို မြေပြင်နှင့် ဆောင့် ရိုက်လိုက်၏။

“ဟွမ်း..”

ကျန်းချီချီသည် အလျင်အမြန် ရောက်ရှိလာ၏။ ထိုသူသည် တိတ်တဆိတ် နေမည်ဟု ကတိပေးခဲ့သည်မှာ နာရီပိုင်းမျှ မကြာသေးချေ။ လျှပ်စီးမြို့တော် အတွင်း ရောက်ရှိသည်နှင့် ရိုက်နှက်မှုများ စတင်ဖြစ်ပွားလာသည်။

လူအိုကြီး မသေဆုံးပေ။ ဟွမ်းသည် သူ၏ ခွန်အားများကို များစွာ ထိန်းချုပ်ထားကာ ရိုက်နှက်ခဲ့ခြင်းဖြစ်၏။ သို့သော် လူအိုကြီး၏ ခန္ဓာကိုယ်အနှံ့ နာကျင်မှုများနှင့် ပြည့်နှက်နေ၏။

ဟွမ်းသည် ကျန်းချီချီကို ဂရုမစိုက်။ လှောင်အိမ်အတွင်း တုပ်နှောင်ထား ခံရသည် ဥဒေါင်းငှက်ထံသွားရောက်လိုက်သည်။

“ဘန်း..”

လှောင်အိမ်ကို ဖျတ်စီးပြီးနောက် ဥဒေါင်းငှက်ကို တုပ်နှောင်ထားသည့် သံမဏိကြိုးများကို ဖျတ်ဆီးလိုက်၏။

“မိန်းကလေးခုန်း..”

သူ၏ အပြုအမူများက ကြမ်းတမ်းနေသော်လည်း သူ၏ လေသံ ငြင်သာနေသည်။

ထိုဥဒေါင်းငှက်သည် နတ်ဘုရားနယ်မြေမှ သက်တံ့ရောင်ဥဒေါင်းမျိုးနွယ်ပင်။ ဗဟိုနယ်မြေတွင် ရှိစဉ်ကာ ဟွာ့လင်စုတ်တံသည် သူမ၏ လှပသည့် ငှက်မွှေးများနှင့် ပြုလုပ်ခဲ့ခြင်းပင်။

ဟွမ်းသည် သူမကို စစ်ဆေးကြည့်ချိန်တွင် အသက်စွမ်းအင်များ ယုတ်လျော့နေပြီး လွန်စွာအားနည်းနေသည်။

ထို့ကြောင့် ဟွမ်းသည် သူ၏ စွမ်းအင်များနှင့် ကုသပေးနေ၏။

“ဟွမ်း..၊ သူမက ကမ္ဘာငယ်က သူလား..”

ကျန်းချီချီ အသာ မေးလိုက်၏။ ဟွမ်းက ပြန်လည် မတုန့်ပြန်သော်လည်း သူမသည် ထပ်မံ ပြောဆိုလိုက်သည်။

“ဒါက..လျှပ်စီးမြို့တော်ရဲ့ သာမန် အရောင်းဆိုင်တစ်ခုပဲ..၊ ဒီလိုအရာတွေက လျှပ်စီးမြို့တော်ထဲမှာ အများကြီးရှိတယ်..”

“သာမန်အရောင်းဆိုပေမဲ့ ဒီလူ့ကို ရိုက်နှက်မှုကြောင့် ပြသနာများစွာ ဖြစ်လာလိမ့်မယ်..”

“သူမရဲ့ စိတ်ဝိညာဉ်ကို ဘယ်မှာ ရှာရမလဲ..”

ဟွမ်းသည် မည်သည့်ပြသနာဖြစ်စေ ဂရုမစိုက်တော့ပေ။ သူ၏ မျက်ဝန်းများ တည်ငြိမ်လာ၏။ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ အားလုံးသည် လျှပ်စီးမျိုးနွယ်ကို စိတ်ဝိညာဉ်အပိုင်းအစ ထုတ်ပေးထားရခြင်းဖြစ်သည်။

“ဒီလူ့ဆီမှာ ရှိလိမ့်မယ်..၊ နယ်မြေကျွန်တွေကို အရောင်းအဝယ်ပြုတာမျိုးဆိုရင် စိတ်ဝိညာဉ်အပိုင်းအစက သူတို့ ပိုင်ရှင်ဆီမှာပဲ ရှိလိမ့်မယ်..”

ကျန်းချီချီသည် ရှင်းပြလိုက်၏။

ဟွမ်း၏ အကြည့်များသည် လဲကျနေသည့် လူအိုကြီးထံ ရောက်ရှိသွားသည်။

သူသည် လူအိုကြီးထံ တစ်လှမ်းချင်းလျှောက်လှမ်းသွားလေ၏။

“သူမရဲ့ စိတ်ဝိညာဉ်အပိုင်းအစကို ထုတ်ပေးစမ်း..”

“ရပ်စမ်း..မင်း လျှပ်စီးမြို့တော်ထဲမှာ အပြစ်ကျုးလွန်ရဲတယ်လား..”

ကျယ်လောင်သည့် အော်ဟစ်သံနှင့်အတူ ပုံရိပ်နှစ်ခုသည် ထွက်ပေါ်လာ၏။

“ဟွမ်း..၊ သူတို့က ဒီလမ်းကြားရဲ့ စောင့်ကြပ်သူတွေ..”

ကျန်းချီချီသည် အစောတလျင်သတိပေးလိုက်၏။ သူမသည် ဤသို့ အခြေအနေကို မည်သို့ ဖျောင်းဖြရမည်မှန်းကို မသိတော့ပေ။

“မိန်းကလေးကျန်း..၊ ကျုပ်ရဲ့ လိုရာခရီးရောက်ပြီဆိုတော့ ကိုယ့်လမ်းကို သွားလို့ရပါပြီ..၊ ကျုပ်ကို ကူညီခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်..၊ တစ်နေ့နေ့မှာ ကျေးဇူးပြန်ဆပ်ပါ့မယ်..”

ဟွမ်းသည် ကျန်းချီချီကို ဤပြသနာအတွင်း ဆွဲမသွင်းလိုပေ။ ထို့အပြင် သူမနှင့် မသက်ဆိုင်ပေ။ ထို့ကြောင့် သူတစ်ဦးတည်း ဖြေရှင်းရန်ကြိုးစားလိုက်၏။

ကျန်းချီချီသည် မတုန့်ပြန်ချေ။ သူမသည် အတွေးနက်နေဟန်ရှိသည်။

ဟွမ်းသည် ရွှမ်းလုံပေတံကို မြေလွှာတွင် တရွတ်တိုက် ဆွဲလာကာ စောင့်ကြပ်သူနှစ်ဦးကို ပြောဆိုလိုက်သည်။

“မသေချင်သေးရင် ဝင်မရှုပ်နဲ့..”

“ဘာကွ..”

စောင့်ကြပ်သူနှစ်ဦးသည် ဒေါသထွက်လာရ၏။ သူတို့အား ချိန်းခြောက်ရဲသူ ရှားပါးလှသည်။ ထို့အပြင် ဤလမ်းကြားကို ထိန်းသိမ်းရန် သူတို့တွင် တာဝန်ရှိ၏။

“မင်းရဲ့ မောက်မာမှုကို ချိုးနှိမ်ပေးရမယ်..”

စောင့်ကြပ်သူနှစ်ဦးသည် ဤလမ်းကြားတွင် ပြသနာရှာသူကို ဖြေရှင်းရပေမည်။ ထို့ကြောင့် လက်သင်္ကေတကို ပြိုင်တူပြုလုပ်ရန် ပြင်ဆင်လိုက်၏။

“ဟမ်..”

သို့သော် ရုတ်ချည်း ထိတ်လန့်သွားကြသည်။ ဟွမ်းသည် သူတို့၏ အနီးတွင် ရောက်ရှိနေပြီး ရွှမ်းလုံပေတံကို လွှဲယမ်းလိုက်၏။

သူသည် ထိုနှစ်ဦးနှင့် အချိန်မကုန်ချင်ပေ။ သူ၏ မြန်ဆန်သည့် လှုပ်ရှားမှုနှင့်အတူ ရွှမ်းလုံပေတံတွင် စွမ်းအင်များစွာ ထည့်သွင်းကာ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။

“ဘုန်း..ဘုန်း..”

စောင့်ကြပ်သူနှစ်ဦးသည် ရုပ်ပျက်ဆင်းပျက်နှင့် ကောင်းကင်ထက်မှ ပြုတ်ကျသွားလေသည်။

ဟွမ်းသည် ထိုသူများ သေသည်၊ ရှင်သည် ဂရုမစိုက်ပဲ လူအိုကြီးထံ ဆင်းသက်လာခဲ့၏။

“မင်း..”

လူအိုကြီးသည် တုန်တုန်ယင်ယင်နှင့် ထိတ်လန့်နေသည်။ ထိုနှစ်ဦးသည် သူ့ထက်စွမ်းအင်များစွာ သာလွန်သည့် အထွတ်ထိပ်အလွှာ ကျင့်ကြံသူများ ဖြစ်ကြ၏။

သို့သော် ဟွမ်း၏ လက်ချက်နှင့် သေလုမြောပါး ဖြစ်ကုန်ကြသည်။

“ခင်ဗျား..ထပ်ပြီး..အချိန်ဆွဲဖို့ ကြိုးစားရင် သေရမယ်..”

ဟွမ်း၏ အကြည့်သည် လူအိုကြီးပေါ်သို့ ကျရောက်လာ၏။

“ငါ..ပေးပါမယ်..”

လူအိုကြီးသည် အထိတ်ထိတ် အလန့်လန့်နှင့် စွမ်းအင်စက်လုံးလေးတစ်ခုကို ထုတ်ပေးလိုက်သည်။ ကြီးကြပ်သူနှစ်ဦးပင် ထိုလူငယ်ကို မလွန်ဆန်နိုင်ခဲ့ရာ သူ့အနေနှင့် ခေါင်းမာ၍ မရတော့ပေ။

“တစ်ခြားသူတွေကရော..”

ဟွမ်းသည် ထပ်မံမေးခွန်းထုတ်လိုက်၏။ သူသည် စက်လုံးလေးကို စစ်ဆေးလိုက်ချိန်တွင် စိတ်ဝိညာဉ်အပိုင်းအစတစ်ခု ပါရှိနေသည်ကို တွေ့လိုက်သည်။

“ဘယ်သူကိုပြောတာလဲ..”

လူအိုကြီးသည် နားမလည်သည့် အသွင်နှင့် မေးခွန်းထုတ်လိုက်၏။

“သူမရဲ့ မျိုးနွယ်တွေ..”

“ကျုပ် ဥဒေါင်းငှက်တစ်ကောင်ပဲ ရခဲ့တာပါ..”

လူအိုကြီးသည် တွေဝေဟန်နှင့် ပြောလိုက်သည်။

“သူမက ခင်ဗျားဆီ ဘယ်လိုရောက်လာတာလဲ..”

All Chapters