အသားထဲကလောက်များ
Vol. 21 Ch. 308
ဟွမ်းသည် သူသိချင်နေသည့်အရာများကို မေးမြန်းလိုက်၏။ ခွန်အားမသုံးလျင် မည်သည့် နေရာမျှ အဆင်မပြေဟု တွေးမိသွားသည်။
‘အရင်ရိုက်မယ်..၊ နောက်မှ စကားပြောမယ်..’
သူသာ ဦးစွာ မရိုက်နှက်ပါက စကားကောင်းကောင်း ပြော၍ ရမည်မဟုတ်ပေ။
“ကျုပ်က အဲ့ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး မသိပါဘူး..၊ ကျုပ်ဆီလာအပ်သွားလို့ ရောင်းချမှု လုပ်ရတာပါ..”
လူအိုကြီးသည် ဂရုတစိုက်ရှင်းပြလိုက်၏။
ဟွမ်းသည် မျက်မှောင်ကြုတ်သွားရသည်။ ထို့နောက် ဆက်မေး၏။
“ခင်ဗျားဆီ ဘယ်သူက လာအပ်တာလဲ..”
“လေလံအိမ်တော်ကပါ..”
လေလံအိမ်တော်သည် လျှပ်စီးမျိုးနွယ်မှ စီမံခန့်ခွဲပြီး သူတို့အတွက် အသုံးမဝင်သည့် အရာများကို ဆိုင်ငယ်လေးများထံ ပို့ဆောင်ကာ ရောင်းချစေသည်။
သူတို့အတွက် အသုံးမဝင်သော်လည်း ဆိုင်ငယ်များအတွက် ရပ်တည်နိုင်ရန် လုပ်ငန်းတစ်ခု ရရှိလေသည်။ ထိုနည်းလမ်းနှင့် လျှပ်စီးမြို့တော်၏ လမ်းကြားများတွင် ရောင်းဝယ် ဖောက်ကားမှု များပြားလေသည်။
ဤကိစ္စသည် လူအိုကြီးနှင့် မသက်ဆိုင်ပေ။ သူသည် ကောင်းကင်သလင်းကျောက်အတွက်သာ ရောင်းချမှု ပြုခဲ့ခြင်းဖြစ်သည်။
“လေလံအိမ်တော်လား..”
ဟွမ်းသည် အေးစက်သည့် လေသံနှင့် ရေရွတ်လိုက်၏။
“ဟွမ်း..ရှင်အလောတကြီး မလုပ်သင့်ဘူး..၊ လေလံအိမ်တော်မှာ နယ်မြေသခင်တစ်ဦး ရှိတယ်..”
ကျန်းချီချီသည် အနီးနားသို့ ရောက်ရှိလာရင်း ဆိုလိုက်၏။
“ကျုပ်..နယ်မြေသခင်တစ်ဦးရဲ့ စွမ်းအားကို ကြုံတွေ့ဖူးချင်တယ်..”
ဟွမ်းသည် အမှုမထားဟန်နှင့် ဆို၏။ သူသည် လင်းထျန်းဘုံတွင် ရပ်တည်ချင်ပါက သူ၏ အကန့်အသတ်ကို သိရှိရန်လိုအပ်သေးသည်။
ယခုအချိန်တွင် အထွတ်ထိပ်အလွှာများသည် သူအား ရင်မဆိုင်နိုင်ပေ။ ထို့ကြောင့် ကောင်းကင်အလွှာနှင့် နယ်မြေသခင်များ၏ ထူးခြားမှုများကို သိချင်နေသည်။
ကျန်းချီချီသည် မည်သို့ ဖြောင်းဖျရမည်ကို မသိတော့ပေ။ ထိုစဉ် မောဟိုက်နေသည့် အသံထွက်ပေါ်လာ၏။
“လျှပ်စီးမြို့တော်မှာ မင်းလုပ်ချင်တိုင်းလုပ်လို့မရဘူး..”
စောင့်ကြပ်သူနှစ်ဦးသည် ပြိုင်တူထလာကြ၏။ သူတို့သည် ရိုက်ချက်တစ်ချက်နှင့်ပင် အလူးအလဲ ခံစားလိုက်ရသည်။ သူတို့ အနိုင်မယူနိုင်သော်လည်း တားမြစ်ရပေမည်။
မဟုတ်လျှင် ပြင်းထန်သည့် အပြစ်ဒဏ်က သူတို့အပေါ် ကျရောက်လာမည်ဖြစ်၏။
“စောင့်ကြပ်သူ နှစ်ဦး..၊ ဒီက လူငယ်ဖောက်သည်လေးနဲ့ အနည်းငယ် ကတောက်ကဆ ဖြစ်သွားရုံပါ..”
လူအိုကြီးသည် ဝင်ရောက် ဖျန်ဖြေလိုက်သည်။ စောင့်ကြပ်သူ နှစ်ဦးသည် ထိုလူငယ်ကို အနိုင်မယူနိုင်ပေ။ သို့သော် တာဝန်ကြောင့် ဟိတ်ဟန်ထုတ်နေခြင်း ဖြစ်သည်။
“ဒါက..”
စောင့်ကြပ်သူနှစ်ဦးသည် တွေဝေသွား၏။ သို့သော် လူအိုကြီးသည် အသက်ရှုနိုင်သည့် လမ်းကြောင်းကို ဖောက်ပေးထားသောကြောင့် သဘောတူလိုက်ကြသည်။ လူအိုကြီးအဆင်ပြေလျင် သူတို့လည်း အရေးယူစရာမလိုတော့ချေ။
‘ကျုပ်တို့..ဒီအတိုင်း လွှတ်ပေးလိုက်ကြမယ်..’
‘ဒါပေမဲ့..၊ စုံစမ်းလို့ ကျုပ်တို့ရဲ့ ပေါ့ဆမှုကို သိရှိသွားရင်ရော..’
‘ငါတို့ အဆင့်နဲ့က သူကို မနိုင်ဘူး..၊ နောက်ထပ်ခေါင်းမာမယ်ဆိုရင် သေသွားနိုင်တယ်..’
စောင့်ကြပ်သူနှစ်ဦးသည် အချေအတင် ဆွေးနွေးပြီးနောက်တွင် သဘောတူညီမှုရရှိသွား၏။
“လူငယ်လေး..၊ ထပ်ပြီး ဒီလိုကိစ္စ မဖြစ်ဖို့မျှော်လင့်တယ်..”
ထို့နောက် သူတို့နှစ်ဦးသည် အလျင်အမြန် ထွက်ခွာသွားကြ၏။
“လင်းရှု့..”
ဟွမ်းသည် သက်တံ့ရောင်ဥဒေါင်းကို လင်းရှန်နယ်မြေအတွင်းသို့ ဝင်ရောက်စေသည်။
ဟွမ်း “...”
‘ဘယ်လိုဖြစ်ပြီး ခေါ်လာခဲ့တာတုန်း..’
လင်းရှု့သည် ကျန်းချီချီပါ လင်းရှန်နယ်မြေအတွင်း ခေါ်ဆောင်ခဲ့လေသည်။
“ဆရာ..ဒီငှက်က ဘယ်လိုငှက်မျိုးလဲ..”
ပိုင်ကျန့်ယွီတို့သည် စိတ်ဝင်တစားနှင့် မေးမြန်းလိုက်ကြ၏။
“သူမက ခုန်းရှင်းအာ..”
ဟွမ်းသည် သက်တံ့ရောင်ဥဒေါင်းမျိုးနွယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းပြလိုက်သည်။
ထို့နောက် သူသည် ခုန်းရှင်းအာ၏ စိတ်ဝိညာဉ်အပိုင်းအစကို ပြန်လည်ပေါင်းစပ်ပေးရန် ကြိုးစားနေ၏။ စက်လုံးငယ်ကိုသူ၏ စွမ်းအင်များနှင့် အသာယာထိန်းကာ လုပ်ဆောင်နေသည်။
အချိန်အနည်းငယ်ကြာပြီးနောက်တွင် ခုန်းရှင်းအာ၏ စိတ်ဝိညာဉ်သည် အပြည့်အဝ ပေါင်းစည်းသွားခဲ့လေပြီ။
တဖြည်းဖြည်းနှင့် သူမ၏ အသက်ရှုသံများပုံမှန် ဖြစ်လာ၏။ ထို့နောက် သူမသည် အနည်းငယ်ပေါ့ပါးသွားသည်ဟု ခံစားမိသောကြောင့် မျက်ဝန်းများ ပွင့်ဟလာသည်။
“အရှင်...”
သူမ၏ ရှေ့တွင် အဖြူရောင် ဝတ်စုံနှင့် လူငယ်ကို တွေ့လိုက်သည်နှင့် တုန်ယင်သွား၏။ ထို့နောက် ရုတ်ချည်း လူသားအသွင်သို့ ပြောင်းလဲလေသည်။
ခုန်းရှင်းအာသည် သက်တံ့ရောင်ဝတ်စုံနှင့် အရောင်အသွေးစုံလင်လှ၏။ သူမ၏ မျက်ဝန်းများသည်လည်း ထူးခြားစွာနှင့် စိမ်းပြာရောင်ဖြစ်နေသည်။
သို့သော် သူမ၏ မျက်နှာသည် သွေးမရှိသည့်အလား ဖြူဖျော့နေ၏။
“အရှင်..၊ လင်းထျန်းဘုံကို ရောက်လာပြီလား..”
ခုန်းရှင်းအာသည် ဟွမ်းကို တွေ့လိုက်ရသောကြောင့် အတိုင်းအဆမဲ့ ဝမ်းသာသွားမိ၏။ သူမတို့သည် အားကိုးရမဲ့ ဖြစ်ခဲ့ကြရသည်။
ဟွမ်းသည် အနည်းငယ်ရှင်းပြပြောဆိုပြီးနောက် သူမတို့၏ အဖြစ်အပျက်များကို မေးမြန်းလိုက်၏။
“မင်းရဲ့ မျိုးနွယ်ကဘယ်မှာလဲ..”
“သူတို့..သူတို့..၊ သတ်ဖြတ်ခံလိုက်ရပြီ...”
ခုန်းရှင်းအာသည် မျက်ရည်များစွာ ကျဆင်းလာကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
ဟွမ်းသည် အကြောင်းစုံကို သိလိုစိတ်ပြင်းထန်လာသည်။
အချိန်အနည်းငယ် ကြာပြီးနောက်တွင် ခုန်းရှင်းအာသည် တည်ငြိမ်လာပြီး ရှင်းပြလေ၏။
“ကျွန်မတို့..၊ လင်းထျန်းဘုံကို ရောက်စတုန်းက ခက်ခဲ ခဲ့ပေမဲ့ နှစ်အနည်းငယ်အတွင်း အဆင်ပြေလာခဲ့တယ်..”
“နတ်ဘုရားနယ်မြေကလိုဘဝမျိုး မရနိုင်တော့ပေမဲ့..၊ ကျွန်မတို့အတွက် လျှပ်စီးနယ်မြေမှာ နေရာတစ်ခုပေးခဲ့တယ်..၊ စိတ်ဝိညာဉ်အပိုင်းအစပေးအပ်ထားရပေမဲ့ ဆိုးဆိုးရွားရွား ဆက်ဆံခံရတာမျိုး မရှိခဲ့ဘူး..”
“ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က လျှပ်စီးမျိုးနွယ်မှာ ရှုပ်ထွေးတဲ့ ကိစ္စတွေဖြစ်လာပြီး ကျွန်မတို့ အတွက် ကံဆိုးမှုတွေ ကျရောက်လာတော့တာပဲ..”
“ဖြစ်သွားတဲ့ကိစ္စကို မသိရပေမဲ့..၊ ကျွန်မတို့ကို ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ လုပ်လာပြီး နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့တယ်..”
“ကျွီးမျိုးနွယ်နဲ့ နေမီးတောက်မျိုးနွယ်က လျှပ်စီးမျိုးနွယ်ရဲ့ ကျွန်တွေအဖြစ်ခံယူပြီး နတ်ဘုရားကုန်းမြေက ကျင့်ကြံသူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတော့တာ..”
“အရှင်ထျန်းဟုန်က တောင်ခံနေပေမဲ့ အားလုံးကို မကာကွယ်ပေးနိုင်ခဲ့ဘူး..”
“လျှပ်စီးမျိုးနွယ်က လက်ငှားပြီး ရှင်းနေတာပေါ့..”
ဟွမ်းသည် ဒေါသထွက်လာ၏။ ထို့အပြင် ကိုယ်သက်သာရေးအတွက် ဇာတ်တူ အချင်းချင်းပင် ပြန်လည်ဖိနှိပ်နေကြသည်။
ထို့အပြင် လျှပ်စီးမျိုးနွယ်သည် ခွေးတိုက်ပွဲတစ်ခုကို ကြည့်ရှု့လိုဟန်ရှိ၏။
“ကျွန်မတို့ သက်တံ့ရောင်ဥဒေါင်းမျိုးနွယ်တွေကို ကျွန်တွေအဖြစ် စပြီးရောင်းချခဲ့ကြတယ်..”
“ဒါပေမဲ့ ကျင့်ကြံသူတွေရဲ့ ရက်စက်မှုကြောင့် ကျွန်မမျိုးနွယ်ဝင်တွေက တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ကြတယ်..”
လျှပ်စီးမြို့တော်မှ ကျင့်ကြံသူများသည် ဥဒေါင်းမျိုးနွယ်၏ ငှက်မွှေးများကို နည်းလမ်းမျိုးစုံနှင့် ထုတ်ယူကာ ရက်စက်သည့် လုပ်ရပ်များကို ကျုးလွန်ခဲ့ကြသည်။
ခုန်းရှင်းအာသည် မျက်ရည်များ တသွင်သွင် စီးကျနေသော်လည်း ဆက်လက်ရှင်းပြနေ၏။
“ကျွန်မက..၊ နောက်ဆုံးကျန်ခဲ့တာ..သူတို့အားလုံး နည်းလမ်းမျိုးစုံနဲ့ သေဆုံးခဲ့ရတာ..”
ဟွမ်းသည် သက်ပြင်းချလိုက်မိ၏။ သက်တံ့ရောင်ဥဒေါင်းမျိုးနွယ်၏ အရောင်အဆင်းကြောင့် ပစ်မှတ်ဖြစ်ရန် လွယ်ကူလေသည်။
“နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေ ဘယ်သူတွေကျန်သေးလဲ..”
ဟွမ်းသည် စာရင်းကို အသေအချာမှတ်သားလို၏။
“ကျွီးမျိုးနွယ်နဲ့ နေမီးတောက်မျိုးနွယ် ပူးပေါင်းပြီး တိုက်ခိုက်မှုကြောင့် အတော်များများ သေဆုံးကုန်ကြပြီ..၊ နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေ မကျန်တော့သလောက်ပဲ..”
“ကောင်းကင်နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ချို့နဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ အချို့က တောင့်ခံနေကြတယ်”
“ဒါပေမဲ့ အဲ့ဒီမျိုးနွယ်နှစ်ခု နောက်မှာ လျှပ်စီးမျိုးနွယ်က ထောက်ပံ့ပေးနေတယ်..”
“မင်း အနားယူလိုက်ဦး..၊ အဲ့ဒီကိစ္စတွေကို ငါဖြေရှင်းပေးမယ်..”
ဟွမ်းသည် ခုန်းရှင်းအာကို နှစ်သိမ့်လိုက်၏။ သို့သော် သေဆုံးသွားသူများကို ပြန်လည်ခေါ်ဆောင်ခြင်း မပြုနိုင်တော့ပေ။
“သူတို့ရှိတဲ့ နေရာက ဘယ်မှာလဲ..”
ဟွမ်း၏ မျက်ဝန်းများ အေးစက်လာသည်။
လျှပ်စီးနယ်မြေအတွင်းရှိ တောင်တန်းတစ်ခု၏ အောက်တွင် ရွာငယ်လေးတစ်ခု တည်ရှိနေ၏။
သို့သော် ထိုရွာငယ်လေးသည် မငြိမ်သက်ဟန်ရှိသည်။
“ထျန်းဟုန်.. ခင်ဗျားကကောင်းကင်နန်းတော်ရဲ့ ဧကရာဇ်မဟုတ်တော့ဘူး..၊ ကျုပ်တို့ကို အမိန့်ပေးနိုင်စွမ်းမရှိဘူးဆိုတာ သတိရပါ..”
“လော့ရွှယ်နင်ကို ဒီသခင်လေးကျွီးရဲ့ လက်ထဲအပ်လိုက် ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်အပိုင်းအစကို ပြန်ပေးဖို့ တောင်းဆိုပေးမယ်..”
အသက်နှစ်ဆယ်ခန့်ဟုသာ ထင်ရသည့် လူငယ်တစ်ဦးသည် မောက်မာစွာ ပြောဆိုနေ၏။ ထိုသူသည် ကျွီးမျိုးနွယ်ခေါင်းဆောင်၏ သားဖြစ်သူပင်။