ဘာကအရေးကြီးလဲ
Vol. 21 Ch. 309
“ခွေးကောင်..၊ လျှပ်စီးမျိုးနွယ်ရဲ့ နောက်လိုက်ကျွန်ဖြစ်သွားပြီး မင်းကိုယ်မင်း အဆင့်အတန်းမြင့်သွားပြီထင်နေလား..”
ထိုသို့ ဒေါသတကြီး ပြောဆိုသူသည် သခင်လေးကျွီးထက် အနည်းငယ်သာ ကြီးရင့်သည်ဟုထင်ရသည်။ သို့သော် သူ၏ ရုပ်ရည်သည် ပြေပြစ်လှ၏။
သူသည် ထျန်းဟုန်၏ သားဖြစ်သူ ထျန်းယပင်။
“ထျန်းယာ..၊ မင်းတို့ အသက်က ငါ့လက်ထဲမှာ ဆိုတာမမေ့နဲ့...”
သခင်လေးကျွီးသည် လှောင်ရယ်သည့် လေသံနှင့် ဆိုလိုက်၏။
“မင်း..”
ထျန်းယသည် ဒေါသထွက်သွားလေသည်။
“ရှောင်ယ..တော်တော့..”
အသက်ငါးဆယ်ခန့်ဟုသာ ထင်ရသည့် လူရွယ်တစ်ဦးသည် ထျန်းယကို တားဆီးလိုက်၏။
“ကောင်လေးကျွီး..၊ ရွှယ်နင် ဆန္ဒရှိတယ်ဆိုရင် ငါက ကန့်ကွက်စရာမရှိပေမဲ့..၊ သူမက အလိုမရှိဘူး..၊ ဒီနေရာက ငါ့ရဲ့ အမှားကြောင့် ရောက်ရှိလာတာမို့ ငါကာကွယ်ပေးရလိမ့်မယ်..၊ ဒါမှ မဟုတ် ငါ့ကို သတ်နိုင်ရင် သတ်သွားလို့ရတယ်..”
ထျန်းဟုန်၏ လေသံသည် တည်ငြိမ်လှ၏။ သူသည် လင်းထျန်းဘုံသို့ တက်ရောက်လာသည့် ဆုံးဖြတ်ချက်ကို ယခုတွင် အလွန်နောင်တရနေခဲ့ပြီ။
သို့သော် ပြန်လည် ပြင်ဆင်၍ မရတော့ပေ။ ထို့ကြောင့် သူသည် အတက်နိုင်ဆုံး ကာကွယ်ပေးမည်ဖြစ်သည်။
“ခင်ဗျား..၊ ခေါင်းမာ နေမယ်ဆို ကျုပ်အဆိုး မဆိုနဲ့..”
ကျွီးသခင်လေး၏ နောက်တွင် စဦးအလွှာကျင့်ကြံသူနှစ်ဦး ပေါ်ထွက်လာ၏။ သူတို့သည် လျှပ်စီးမျိုးနွယ်တွင် အပြည့်အဝ အညံ့ခံပြီးနောက်တွင် ကျင့်ကြံရေးအရင်းမြစ်တစ်ချို့ရရှိခဲ့သည်။
အကြွင်းအကျန်မျှသာဖြစ်၏။ ထိုအရာကပင် ကမ္ဘာငယ်မှ ကျင့်ကြံသူများအတွက်တော့ ရတနာတစ်ခုလိုပင်။
“ဦးလေးထျန်း...၊ ထပ်ပြီး အပင်ပန်းမခံပါနဲ့တော့...”
အဝါရောင်ဝတ်စုံလေးနှင့် မိန်းကလေးသည် ထျန်းဟုန်တို့အနားသို့ရောက်ရှိလာကာ ဆိုလိုက်၏။ သူမသည် ယခင်အတိုင်းလှပနေဆဲဖြစ်သော်လည်း သူမ၏ မျက်နှာလေးသည် ညိုးငယ်နေသည်။
“ရွှယ်နင်..၊ စိတ်မပူနဲ့..၊ အစ်ကိုတို့ ကာကွယ်ပေးမယ်..၊ မဟုတ်ရင် ဦးလေးလော့ကို မျက်နှာ ပြနိုင်မှာမဟုတ်ဘူး..”
ထျန်းယသည် သူမကို တားဆီးလိုက်၏။ သူသည် မူလနတ်အင်ပါယာအဆင့်တွင်သာ ရှိနေပြီး သခင်လေးကျွီး၏ ပြိုင်ဘက် မဟုတ်ပေ။
သို့သော် လော့ရှန်းမျိုးနွယ်၏ ခေါင်းဆောင်နှင့် အကြီးအကဲအချို့သည် သေဆုံးသွားခဲ့ရသည်။ လော့ရှန်းမျိုးနွယ်ဝင်အချို့သာ ကျန်ရှိတော့၏။
ထို့ကြောင့် သူသည် အစွမ်းကုန်ကာကွယ်ပေးရမည်ဖြစ်သည်။
“ကျွန်မ..လိုက်သွားမယ်ဆိုရင်..အစ်ကိုထျန်းယတို့ကို ဆက်ပြီး ဖိအားပေးတော့မှာ မဟုတ်ဘူး..”
လော့ရွှယ်နင်သည် ပြတ်သားသည့် လေသံနှင့်ဆိုလိုက်၏။ သူတို့သည် လင်းထျန်းဘုံသို့ ရောက်ရှိလာသော်လည်း စိတ်ဝိညာဉ်အပိုင်းအစများ အပ်နှံထားရသောကြောင့် ကျင့်ကြံမှုသည် များစွာတိုးတက်မလာချေ။
လက်ရှိတွင် ထျန်းဟုန်သည် စဦးအလွှာတွင်သာရှိနေပြီး သူမတို့သည် မူလနတ်အင်ပါယာများသာ ဖြစ်နေဆဲပင်။ ထို့အပြင် အခြားကျင့်ကြံသူများသည်လည်း အဓိပတိနတ်အင်ပါယာအဆင့်များတွင်သာရှိနေ၏။
ထို့ကြောင့် လွတ်လပ်ခွင့်ရရှိသွားသည့် ကျွီးမျိုးနွယ်နှင့် နေမီးတောက်မျိုးနွယ်ကို ရင်ဆိုင်နိုင်စွမ်းမရှိတော့ချေ။
“ရွှယ်နင်..၊ မင်းလိုက်သွားရင်တောင် နောက်ပိုင်းမှာ နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေက တစ်ယောက်ပြီး တစ်ယောက်သေဆုံးကြရမှာ အမှန်ပဲ..၊ သူတို့က မင်းကို အကြောင်းပြချက်ပေးနေရုံသက်သက်ပဲ..”
ထျန်းဟုန်သည် ဖြောင်းဖျပြောဆိုလိုက်၏။ ဤအခြေအနေသို့ ရောက်ရှိနေသော်လည်း သူ၏ စိတ်က တည်ငြိမ်နေသည်။
“ဦးလေးထျန်း..”
လော့ရွှယ်နင်သည် ပြန်ပြောမည်အပြုတွင် ထျန်းဟုန်သည် ဖြတ်ပြောလိုက်၏။
“ဘာမှ စိတ်မပူနဲ့..၊ မင်းကို လက်လွှတ်ပြီး အသက်ရှင်မဲ့အစား..၊ အသေခံပြီး ကာကွယ်ပေးမယ်..”
ထျန်းဟုန်သည် ပြတ်သားသည့် လေသံနှင့်ပြောဆိုလိုက်၏။ သူသည် သူရဲဘောကြောင်သည့် လုပ်ရပ်ကို တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
သူသာ နတ်ဘုရားနယ်မြေမှ ထွက်ပြေးရန် မဆုံးဖြတ်ခဲ့လျှင် ဤသို့ အခြေအနေမျိုး ရောက်ချင်မှ ရောက်ပေလိမ့်မည်။
ယခုတွင် သူသည် အစွမ်းကုန် ကာကွယ်မှု ပေးအပ်တော့မည်။
“ဒါဆိုရင်တော့ ခင်ဗျား ဆန္ဒအတိုင်း ဒီနေရာကို အဆုံးသတ်ပြီး.. ရွှယ်နင်ကို ခေါ်သွားမယ်..”
သခင်လေးကျွီးသည် သာမန်ကိစ္စတစ်ခုကို ပြောဆိုနေသည့်အလားပင်။ သူ၏ လက်တွင် ထျန်းဟုန်တို့၏ စိတ်ဝိညာဉ်အပိုင်းအစ မရှိသောကြောင့် ဤသို့ ကြိုးစားနေရခြင်းဖြစ်သည်။
“မင်း..”
ထျန်းယ ဒေါသထွက်သွားကာ စတင်တိုက်ခိုက်လိုက်သည်။
“ဦးလေးတို့ ရွှယ်နင်ကို မထိခိုက်စေနဲ့..”
သခင်လေးကျွီးသည် အကြီးအကဲနှစ်ဦးကို စေခိုင်းလိုက်၏။ လော့ရွှယ်နင်မှအပ အားလုံးကို သတ်ဖြတ်စေခြင်းပင်။
“မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး..”
ထို့နောက် ပျင်းရိဟန်နှင့် ထျန်းယ၏ တိုက်ခိုက်မှုကို တုန့်ပြန်လိုက်၏။
နတ်ဘုရားကုန်းမြေမှ ကျင့်ကြံသူများသည် အကြီးအကဲနှစ်ဦး၏ တိုက်ခိုက်မှုများကို ဝိုင်းဝန်းတုန့်ပြန်လိုက်ကြသည်။
ထျန်းဟုန်သည် အကြီးအကဲတစ်ဦးနှင့် တိုက်ခိုက်နေပြီး ကျန်တစ်ခုသည် ကျင့်ကြံသူများကို တိုက်ခိုက်နေတော့၏။ ကွာခြားလွန်းသည့် ကျင့်ကြံမှုအဆင့်ကြောင့် တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြသည်။
လော့ရွှယ်နင်သည် တိုက်ခိုက်ရန်ကြိုးစားလိုက်သော်လည်း အကြီးအကဲတစ်ဦးသည် သူမကို ချုပ်နှောင်ထားလိုက်၏။
စဦးအလွှာကျင့်ကြံသူကို သူမအနေနှင့် အံမတုနိုင်ခဲ့ချေ။
“ငါတို့ ငယ်ငယ်က မိတ်ဆွေတွေ ဖြစ်ခဲ့တာကြောင့် မင်းကို မျက်နှာသာပေးမယ်..”
“ငါ့ရဲ့ လက်အောက်ကို ဝင်လိုက် မင်းတစ်သက်လုံး အေးအေးဆေးဆေး နေရဖို့ ငါလုပ်ပေးနိုင်တယ်..”
သခင်လေးကျွီးသည် ထျန်းယ၏ တိုက်ခိုက်မှုများကို တားဆီးနေရင်း ဆိုလိုက်၏။
“ခွေးစကားတွေ..”
ထျန်းယသည် သူ၏ ဓားနှင့်သာ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းနေ၏။ သို့သော် စဦးအလွှာဖြစ်သူကို တစ်ချက်မျှပင် မထိနိုင်ခဲ့ချေ။
“မင်းက သိမ်နုတ်ညံ့ဖျင်းပြီး အဆင့်အတန်းမရှိတဲ့ကောင်..”
“ဘာကွ..”
သခင်လေးကျွီးသည် ဒေါသထွက်သွား၏။ ထို့ကြောင့် ပြင်းထန်သည့် လက်သီးချက်တစ်ခု ဖော်ထုတ်လိုက်ကာ ထိုးနှက်လိုက်လေသည်။
“မင်း..ဒီလိုစွမ်းအားမျိုးခံစားဖူးလား..”
“ဘုန်း..”
ထျန်းယသည် အစွမ်းကုန်ကာကွယ်လိုက်သော်လည်း ထိုလက်သီးကို မခုခံနိုင်ခဲ့ချေ။
ကောင်းကင်ထက်မှ အရှိန်ဟုန်ပြင်းပြင်းနှင့် ကျဆင်းသွားသည်။
“အဟွတ်..”
သူ သွေးအန်လိုက်ရ၏။ စဦးအလွှာ၏ တိုက်ခိုက်မှုသည် မူလနတ်အင်ပါယာများ ခုခံနိုင်သည့် အနေအထား မဟုတ်ပေ။ ထို့အပြင် သခင်လေးကျွီး၏ အရှိန်အဝါနှင့် ဖိနှိပ်မှုကို ခံစားလိုက်ရသည်။
“ရှောင်ယ..”
ထျန်းဟုန်သည် အကြီးအကဲနှစ်ဦးနှင့် တိုက်ခိုက်နေရ၏။ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် တစ်ခဏအတွင်း သေဆုံးသူများနှင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သူများ ဖြစ်သွားကြသည်။
ထို့ကြောင့် ထျန်းဟုန်ကို ထိုနှစ်ဦးက ဖိအားပေး တိုက်ခိုက်နေ၏။ ထျန်ဟုန်သည် စဦးအလွှာတွင် ရှိနေသော်လည်း ထိုနှစ်ဦးထက် နိမ့်ကျနေသည်။ ထို့ကြောင့် သူလည်း ဖိနှိပ်ခံထားရလေ၏။
“ထျန်းယ..၊ နောက်ဆုံးအခွင့်အရေးပေးမယ်..၊ သေမလား..၊ အညံ့ခံမလား..”
သခင်လေးကျွီးသည် အေးဆေးစွာ လျှောက်လှမ်းလာရင်း မေးခွန်းထုတ်လိုက်၏။
“မင်းသတ်နိုင်ရင် သတ်သွားလိုက်..၊ ခွေးကောင်..”
ထျန်းယသည် ပြတ်သားလွန်း၏။ သူသခင်လေးကျွီးကို အနိုင်မယူနိုင်ပေ။ သို့သော် ထို့အတွက်နှင် အညံ့ခံမည့်အစား အသက်သာ အဆုံးရှုံးခံပေမည်။
“မင်းက မိုက်ရူးရဲဆန်လွန်းတယ်..”
သခင်လေးကျွီးသည် ခေါင်းခါယမ်းကာဆိုလိုက်၏။
“မင်းတို့ မျိုးနွယ်က ထျန်းကမ္ဘာငယ်ရဲ့ ဂုဏ်သိက္ခာကို ဖျတ်စီးတဲ့ကောင်တွေပဲ..”
ထျန်းယာသည် နာကျင်မှုကို အံကြိတ်ရင်း ဆိုလိုက်၏။
“ထျန်းကမ္ဘာငယ်ရဲ့ ဂုဏ်သိက္ခာလား..၊ လင်းထျန်းဘုံမှာ ရှင်သန်ရေးနဲ့ ယှဉ်ရင် အရေးမကြီးတော့ဘူး..”
သခင်လေးကျွီးသည် ပြောဆိုလိုက်၏။ အားလုံးသည် အသက်ရှင်ရန်အတွက် ရုန်းကန်နေရခြင်းသာ။
မည်သူက ပင်ပန်းဆင်းရဲမည့်လမ်း လျှောက်ချင်ပါ့မလဲ..။
“မင်းတို့ အပြည့်အဝ လွတ်လပ်ခွင့်ရှိမယ်ထင်နေလား..”
ထျန်းယသည် သနားစရာကောင်းသည်ဟူသည့် အကြည့်နှင့်ကြည့်ကာ ဆိုလိုက်၏။
အသက်ရှင်ရန်ကြိုးစားနေသော်လည်း သူများလက်ခုပ်တွင်းမှ ရေဖြစ်ပါက အချိန်မရွေး ပျက်ပြယ်သွားပေမည်။
“မင်း သေလိုက်တော့ကွာ..”
သခင်လေးကျွီးသည် စိတ်မရှည်တော့ပေ။ ထို့အပြင် ထျန်းယ၏ စကားများက သူ့အရှိုက်ထိသွားစေ၏။
ထို့ကြောင့် ဆက်လက်ပြောဆိုခွင့် မပေးတော့ပေ။
သူသည် စွမ်းအင်အလင်းတန်းတစ်ခု ထုတ်ဖော်လိုက်ကာ ထျန်းယထံ ပစ်လွှတ်လိုက်၏။
“ကောင်လေးကျွီး ရပ်လိုက်..”
ထျန်းဟုန်သည် အသံကုန်အော်ဟစ်လိုက်၏။ သို့သော် အကြီးအကဲနှစ်ဦးသည် တားဆီးကာ တိုက်ခိုက်နေသည်။
“အစ်ကို ထျန်းယ..”
လော့ရွှယ်နင်လည်း တုပ်နှောင်ထားခံရမှုကြောင့် မလှုပ်နိုင်တော့ပေ။
သခင်လေးကျွီး၏ အလင်းတန်းသည် ထျန်းယအနီးသို့ အလျင်အမြန်ရောက်ရှိလာခဲ့သည်။
၎င်းသည် ထျန်းယ၏ ရင်ဘက်သို့ စိုက်ဝင်လုဆဲဆဲတွင် ခရမ်းရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်မှ ကျဆင်းလာ၏။
“ဝုန်း...”