သေဆုံးမှု
Vol. 21 Ch. 310
ကောင်းကင်ထက်မှ ကျဆင်းလာသည့် အလင်းတန်းနှင့်အတူ ထျန်းယ၏ အနီးတစ်ဝှိုက်တွင် ခရမ်းရောင်ရေခဲအလွှာများ ပေါ်ထွက်လာသည်။ လေထုသည် စတင်အေးစက်လာ၏။
“ဒီဓား..”
ထျန်းဟုန်သည် ထျန်းယ၏ ရှေ့တွင် စိုက်ဝင်နေသည့် ခရမ်းရောင်ဓားကြောင့် သူ၏ တည်ငြိမ်မှုသည် ပျက်ယွင်းလာ၏။
သူသည် ထိုဓားကို ရင်းနှီးကျွမ်းဝင်လွန်းသည်။ သူ၏ ခန္ဓာကိုယ်ပင် အပြင်းအထန် လှုပ်ခတ်နေ၏။
‘ခရမ်းလမျိုးနွယ် ပြန်ရှင်လာတာလား..’
သခင်လေးကျွီးသည် တုန်လှုပ်သွား၏။ သူလည်း ထိုဓားကို သိရှိနေသည်။ သူသည် ကောင်းကင်ထက်သို့ ကြည့်ကာ အော်ဟစ်လိုက်၏။
“ဘယ်သူလဲ..”
“ဝှစ်..”
ထိုအချိန်တွင် ပူပြင်းသည့် မီးလျှံများနှင့် လှံတစ်စင်းသည် သူ၏ ရင်ဝသို့ တိုးဝင်လာခဲ့သည်။
“ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်ကြတယ်လား..”
သခင်လေးကျွီးသည် ဒေါသတကြီးရေရွတ်ကာ စွမ်းအင် အကာအကွယ်ပြုလုပ်ကာ တားဆီးလိုက်၏။
“ဘုန်း..”
သူသည် အလျှင်အမြန် တုန်ပြန်ခဲ့သော်လည်း လှံတွင် ပါဝင်သည့် မီးလျှံနှင့် စွမ်းအင်များကြောင့် အကာအကွယ်သည် ချက်ချင်းပြိုကွဲသွား၏။
“အဟွတ်..”
မီးလျှံများတောက်လောင်နေသည့် လှံကို တားဆီးလိုက်နိုင်သော်လည်း သွေးအန်လိုက်ရ၏။
“အစွမ်းထက်လိုက်တာ..”
ထျန်းဟုန်တို့သည် မှင်သက်နေစဉ် ကောင်းကင်ထက်မှ ပုံရိပ်နှစ်ခုသည် ကျဆင်းလာခဲ့၏။
ထျန်းဟုန်သည် စကားပြောရန် မေ့လျော့သွားသည့်အထိ မှင်သက်နေသည်။
“ရွှစ်..”
“အာ့..”
ထျန်းဟုန်နှင့် တိုက်ခိုက်နေသည့် အကြီးအကဲနှစ်ဦးသည် ရုတ်ချည်းဆိုသလို ကောင်းကင်ထက်မှ အထိန်းအကွပ်မဲ့စွာ ကျဆင်းသွားသည်။
“ဘုန်း..ဘုန်း..”
သူတို့ ဘာဖြစ်သွားသည်ကို မသိလိုက်..။ သူတို့၏ ခန္ဓာကိုယ်တွင် ပြတ်ရှရာတစ်ချို့မှ သွေးများစွာ ယိုစိမ့်လာ၏။
ထို့နောက် ရုတ်ချည်း လူငယ်နှစ်ဦးသည် ထိုနေရာတွင် ပေါ်ထွက်လာလေ၏။
ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်သည် ဒဏ်ရာရရှိနေသည့် ထျန်းယထံ အလျင်အမြန်ဆင်းသက်သွား၏။ ထို့နောက် သူ့ကို စွမ်းအင်များနှင့် ကုသပေးလိုက်သည်။
သခင်လေးကျွီးသည် အကြီးအကဲနှစ်ဦး၏ ရုတ်ချည်းသေဆုံးမှုကြောင့် တုန်လှုပ်နေရသည်။
ရုတ်တရက်ပေါ်ထွက်လာသည့် ကျင့်ကြံသူများသည် စဦးအလွှာ၏ အငွေ့အသက်များစွာရှိသော်လည်း ကြမ်းတမ်းလွန်းလေ၏။
သူသည် အတွေးများနေစဉ် ဒေါသတကြီး အော်ဟစ်သံသည် ထပ်မံထွက်ပေါ်လာသည်။
“မင်း..သေစမ်း..”
ထိုစကားသံနှင့်အတူ လှဲကျနေသည့် သခင်လေးကျွီးထံ လှံတစ်စင်းသည် ထပ်မံဝင်ရောက်လာ၏။
“ဘုန်း..”
သခင်လေးကျွီး အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။ သို့သော် ဒေါသများထည့်သွင်း၍ လောင်ကျွမ်းနေသည့် လက်သီးတစ်လုံးသည် သူ၏ ဝမ်းဗိုက်ထံ ဝင်ရောက်လာ၏။
“ဘုန်း..”
“အား..”
သခင်လေးကျွီးသည် နာကျင်စွာ ဟစ်အော်လိုက်ရ၏။ ထိုကျင့်ကြံသူများကို သူမသိပေ။ သို့သော် ခွန်အားများသည် သာလွန်နေ၏။
“မင်း..ဘယ်သူလဲကွ..”
“မင်းကို အဆုံးသတ်ပေးမဲ့သူ..”
လုရှင်းယန်သည် ဒေါသမီးများလောင် ကျွမ်းနေခြင်းပင်။
သူ၏ လှံကို မြဲမြံစွာ စွဲကိုင်လိုက်သည်။ မာန်ဟုန်တစ်ချက် သွင်းလိုက်ချိန်တွင် ဖီးနစ်နှလုံးသားလှံသည် အနီရောင်မီးတောက်များ တောက်လောင်လာ၏။
ထိုလှံတွင် ငရဲကိုးဘုံမီးတောက်နှင့်အတူ ဒေါသမီးလျှံများ လောင်ကျွမ်းနေခြင်းပင်။ ထို့နောက် အရှိန်ဟုန် ပြင်းပြင်းနှင့် သခင်လေးကျွီးကို ထိုးစိုက်လိုက်သည်။
“မင်း..”
သခင်လေးကျွီးသည် ထိတ်လန့်သွားရ၏။ ထိုလှံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါ်ထွက်နေပြီး သူအား သတ်ဖြတ်လိုသည့်အလားပင်။
သူသည် လက်သင်္ကေတတစ်ခုကို အလျှင် အမြန်ပြုလုပ်လိုက်၏။
သူ၏ ပတ်လည်တွင် စက်ဝန်း နှစ်ခု ပေါ်ထွက်လာပြီး တစ်ခုနှင့် တစ်ခု ချိတ်ဆက်သွားကာ ကြီးမားသည့် လက်ကြီးတစ်ဖက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် လှံနှင့် အတူဝင်ရောက်လာသည့် လုရှင်းယန်ကို တားဆီးလိုက်၏။
“အသုံးမဝင်ဘူး..”
လုရှင်းယန်သည် အားမာန်အပြည့်နှင့် ထိုးစိုက်လိုက်၏။
“ဝုန်း..”
သူ၏ လှံကို လက်ဝါးကြီးနှင့် တားဆီးထားသည်။ သခင်လေးကျွီးသည် စွမ်းအင်များစွာနှင့် စက်ဝန်းနှစ်ခုကို ထိန်းထားရ၏။
သို့သော် လုရှင်းယန်သည် ရပ်တန့်ဟန်မရပဲ စွမ်းအင်များ ပို၍ မြင့်တက်လာသည်ဟု ခံစားမိသွားသည်။ သခင်လေးကျွီးသည် တုန်လှုပ်နေသည့် စိတ်ကို ချိုးနှိမ်ကာ အသည်းအသန် တားဆီးထား၏။
“ငါ့အတွက်..သေလိုက်စမ်း..”
လုရှင်းယန်သည် ထပ်မံ၍ ကြမ်းတမ်းစွာရိုက်ချလိုက်၏။ ထိုသူသည် မုန့်ချန်အာ တဖြစ်လဲ လော့ရွှယ်နင်ကို သိမ်းပိုက်ရန် ကြိုးစားနေသူဖြစ်သူသည်။
ထို့ကြောင့်ပင် သူ၏ ဒေါသများသည် တဟုန်ထိုး ထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်ခြင်းပင်။
လက်ဝါးကြီးသည် ရေရုပ်ရေးချယ်ထားသည့်အလား ချက်ချင်း ပျက်ပြယ်သွားလေသည်။
“မဖြစ်နိုင်တာ..”
သခင်လေးကျွီးသည် စက္ကန့်ပိုင်းမျှ မှင်သက်သွားချိန်တွင် သူ၏ ရင်ဘက်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။
“မင်း..မင်း..”
သခင်လေးကျွီး အသိဝင်လာချိန်တွင် သူ၏ ရင်ဘက်တွင် လှံတစ်စင်း ထိုးစိုက်ခံထားရ၏။ သူသည် နားမလည်နိုင်သည့် အတွေးများနှင့် လဲကျသွားရတော့သည်။
လုရှင်းယန်သည် သခင်လေးကျွီး၏ ရင်ဘက်မှ လှံကို ‘ဇွတ်ကနဲ့’ ဆွဲထုတ်လိုက်၏။ သခင်လေးကျွီး သေသည်၊ ရှင်သည်ကို ဂရုမစိုက်ပေ။ ချက်ချင်းဆိုသလို ချုပ်နှောင်ခံထားရသည့် လော့ရွှယ်နင်ထံ အလျင်အမြန် သွားရောက်လိုက်၏။
“ရှင်..ရှင်က..”
လော့ရွှယ်နင်သည် သူမ အနားရောက်ရှိနေသည့် လူငယ်လေးကြောင့် မှင်သက်သွားရသည်။
“မိတ်ဆွေတို့က ဘယ်သူတွေလဲ...၊ အကူအညီ ပေးတာ ကျေးဇူးတင်ပါတယ်..”
ထျန်းဟုန် အရိုအသေပေးမည် အပြုတွင် ခရမ်းရောင် ဆံနွယ်များနှင့် မိန်းကလေးသည် ရုတ်ချည်း သူ့အနား ရောက်ရှိလာကာ တားဆီးလိုက်၏။
“အရိုအသေပေးဖို့ မလိုပါဘူး..”
ယွဲ့ဝူယောင်သည် ချိုသာသည့် အသံနှင့် ဆိုလိုက်၏။ ထျန်းဟုန်သည် အံ့ဩသွားသည်။ ခရမ်းလဓားကို မှတ်မိနေသော်လည်း ပိုင်ရှင်မိန်းကလေးကို သူ မသိချေ။
ထို့ကြောင့် သူမကို မေးမြန်းရန်ကြိုးစားလိုက်၏။ သို့သော် ထိုစဉ်တွင် ထျန်းဟုန်၏ နားတွင် မိုးကြိုးပစ်သံအလား ခံစားလိုက်ရသည့် အသံထွက်ပေါ်လာသည်။
“လူအိုကြီး..၊ အသက်ကြီးလာတာကြောင့် ဆုံးဖြတ်ချက်တွေပါ ဝေဝါးနေပြီလား..”
ထိုအသံကြောင့် ထျန်းဟုန်သည် တုန်ယင်သွား၏။
“မင်း..မင်း..”
ထျန်းဟုန်သည် အဖြူရောင်ဝတ်လူငယ်တစ်ဦး ကောင်းကင်ထက်မှ ဆင်းသက်လာသည်ကို တွေ့မြင်လိုက်ရ၏။ သူမ၏ နောက်တွင် အမျိုးသမီးတစ်ဦးလည်းလိုက်ပါလာသည်။
ထိုလူငယ်ကြောင့် ထျန်းဟုန်၏ လက်များပင် တုန်ခါလာပြီး ဖော်ပြနိုင်စွမ်းမရှိသည့် ခံစားချက်များပေါ်ထွက်လာသည်။
သူ၏ စိတ် မငြိမ်မသက် ဖြစ်နေခြင်းကို ထိန်းချုပ်၍မရတော့ပေ။ တုန်ယီနေသည့် အသံနှင့် ခေါ်လိုက်မိ၏။
“ရှောင်ဟွမ်း..”
“မင်း..”
သူ့ထံတွင် ပြောဆိုချင်သည့် စကားလုံးများစွာ ရှိနေ၏။ သို့သော် နှုတ်မှ ထွက်ပေါ်မလာနိုင်ပေ။
သူ၏ လည်ပင်းသည် တစ်ဆို့နေသည့်အလားပင်။
“ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြောဖို့ မလိုတော့ဘူး..”
ဟွမ်းသည် ထျန်းဟုန်၏ ပခုံးကို အသာပုတ်ကာ ဆိုလိုက်သည်။ ထျန်းဟုန်ထံမှ နောင်တရနေသည့် ခံစားချက်များကို ခံစားမိ၏။
သူသည် ခုန်းရှင်းအာထံမှ အဖြစ်အပျက်များကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ဆက်လက်၍ ရှင်းပြရန် မလိုတော့ပေ။
ထျန်းယသည် အနည်းငယ်သက်သာလာသောကြောင့် ဟွမ်း၏ အနားသို့ ရောက်ရှိလာခဲ့၏။
“ဦးလေးသုံး..”
သူသည် အရိုသေပြုလိုက်ပြီး လုံခြုံသည် ဟူသည့် ခံစားချက်ကို ရရှိသွားသည်။
“မင်းအတွက် ခက်ခဲ ခဲ့ရပြီ..”
ဟွမ်းသည် ထျန်းယကို ကြည့်ကာ ဆိုလိုက်၏။ ထို့နောက် ယခင်က ချစ်စဖွယ် ကောင်ငယ်လေးကို သူ၏ မျက်ဝန်းထဲ ပြန်လည်မြင်ယောင်လာသည်။
ထို့နောက် သူသည် မိတ်ဆက်စကားဆိုလိုက်၏။
“ဒါ..မင်း ဦးကြီးရဲ့သမီး ယွဲ့ဝူယောင်ပဲ..”
ထျန်းယနှင့်အတူ ထျန်းဟုန်တို့သည် မှင်သက်အံ့ဩသွားကြ၏။
“သူမက..”
ထျန်းဟုန် စကားများ ထစ်အသွားသည်။ သူသည် ယွဲ့ဖုန်းချန်ကို မကယ်တင်နိုင်ခဲ့ပေ။ သူသည် အကြောင်းအရင်းကို ရှာဖွေခဲ့သော်လည်း အစအန ရှာမတွေ့ခဲ့ချေ။ ထိုစဉ်က သူကိုယ်သူ အပြစ်တင်မိခဲ့သည်။
ထို့အပြင် ယွဲ့ဝူယောင် ကျန်ရစ်ခဲ့သည်ကိုလည်း မသိရှိခဲ့ချေ။ မဟုတ်ပါက သူသည် အသည်းအသန်ရှာဖွေခဲ့မည်ဖြစ်သည်။
ထို့ကြောင့် ဟွမ်းသည် အဖြစ်အပျက်များကို ရှင်းပြပေးလိုက်သည်။
“ယောင်အာ..”
ထျန်းဟုန်နှင့် ထျန်းယတို့သည် ညင်သာသည့် လေသံနှင့် ရင်းနှီးစေခဲ့သည်။ သူတို့သည် ကြည်နူးမှုကို ခံစားမိလိုက်၏။
ထိုအချိန်တွင် ဟွမ်း၏ အသံ ထပ်မံထွက်ပေါ်လာသည်။
“ဟိုအဘိုးကြီးကဘယ်မှာလဲ..”
ယွဲ့ဝူယောင်နှင့် စကားပြောဆိုနေသည့် ထျန်းဟုန်သည် ရုတ်ချည်း တည်ငြိမ်သွား၏။
ထို့နောက် ဝမ်းနည်းသည့် လေသံနှင့် ဆိုလိုက်သည်။
“သေဆုံးသွားပြီ..”
“ဘာ..”
ဟွမ်း တုန်လှုပ်သွားရ၏။ သူရည်ညွှန်းသည့် အဘိုးကြီးသည် နတ်ဘုရားနယ်မြေ၏ တစ်ဦးတည်းသော ဆေးပညာရှင် တုကုတင်းပင်။
တုကုတင်းသည် နတ်ဘုရားနယ်မြေတွင် ဆေးပညာနှင့်ပတ်သတ်လျင် ပြိုင်ဘက်ကင်းသူဖြစ်သည်။