အစပျိုးလာသည့်မုန်တိုင်း
Vol. 21 Ch. 311
ဟွမ်း၏ မျက်ဝန်းများတွင် အတိတ်မှ ပုံရိပ်များကို မြင်ယောင်နေ၏။
“အဘိုးကြီး..၊ ကျုပ်ကို ဆေးဖော်နည်းသင်ပေး..”
ဟွမ်းသည် အိုမင်းဟန်ရှိသည့် အဘိုးကြီးတစ်ဦးကို ပြောဆိုလိုက်၏။
ထိုအဘိုးအို၏ မျက်ခုံးအကြောများ တင်းမာလာသည်။ သူ၏ ခန္ဓာကိုယ်လည်း တုန်ယင်နေ၏။ သူ့ရှေ့မှ လူငယ်သည် နတ်ဘုရားနယ်မြေ၏ ကပ်ဘေးတစ်ဦးပင်။
သူသည် သာမန် ဆေးပညာရှင်လေးဖြစ်သောကြောင့် ထိုလူငယ်နှင့် တွေ့ဆုံရန် အကြောင်းမရှိဟု တွေးမိခဲ့သည်။ သို့သော် ယခုတွင် သူ၏ ရှေ့သို့ ဆိုက်ဆိုက် မြိုက်မြိုင် ရောက်ရှိနေ၏။
အနည်းငယ် ခက်ခဲသည့် လေသံနှင့်မေးလိုက်သည်။
“ဒီနေရာကို ဘယ်လိုသိတာလဲ..”
“အဘိုးကြီးချန် လွှတ်လိုက်တာ..”
ဟွမ်းသည် သာမန်ဆန်သည့် လေသံနှင့် ဆိုလိုက်၏။
‘ဒီခွေးကောင်..၊ ငါဖော်စပ်ထားတဲ့ အဆိပ်ဆေးလုံးကို မင်းအတွက်ချန်ထားပေးမယ်..’
‘မင်းရဲ့ဝါးတောကို အဆိပ်တွေလောင်းပစ်ဦးမယ်..’
တုကုတင်းသည် စိတ်တွင်းကြုံးဝါးကာ အဆောင်ပညာရှင် ချန်ယဲ့ဟိုင်ကို ကျိန်ဆဲနေသည်။
ထို့နောက် သူ၏ စိတ်ကို တင်းကာ ပြောလိုက်၏။
“ကောင်လေး..၊ ဆေးဖော်တက်ချင်ရင် ဆေးပင်တွေ ခွဲဖို့ အရင် တက်မြောက်သင့်တယ်..၊ မင်းမှာ အတွေ့အကြုံရှိလား..”
“မရှိဘူး..”
ဟွမ်းသည် ခေါင်းခါယမ်းကာ ဆိုလိုက်၏။
“ဒါဆို ဆေးဥယျာဉ်ထဲမှာ ဆေးပင် ခွဲဖို့ အရင်လေ့လာသင့်တယ်..”
တုကုတင်းသည် မတက်သာသည့်အဆုံးလက်ခံရတော့ပေမည်။ သူသာ ငြင်းဆန်ပါက ရိုက်နှက်သွားနိုင်ပေသည်။ သူသည် ထိပ်တန်း ဆေးပညာရှင်ဖြစ်သော်လည်း ကျင့်ကြံမှုသည် အားနည်း၏။
ထို့ကြောင့် ဟွမ်းကို ဆေးပင်များလေ့လာစေရင်း အချိန်ကုန်ခိုင်းရန် စဉ်းစားလိုက်သည်။
သို့သော် ဟွမ်းကို ဆေးဥယျာဉ်တွင် နေရာချလိုက်သည့် အချိန်မှစ၍ ဆေးပင်များသည် တစ်နေ့တစ်မျိုး မရိုးနိုင်သည့် နည်းလမ်းများနှင့် သေဆုံးကုန်၏။
“မင်း..ဘယ်လိုလုပ်လိုက်တာလဲကွ..”
တုကုတင်းသည် ဒေါသတကြီး ကြိမ်းမောင်းနေ၏။ သူသည် ဟွမ်းကို ဂရုမစိုက်နိုင်တော့ပေ။ သူတန်ဖိုးထားရသည့် ဆေးပင်များကို သတ်ဖြတ်ခဲ့သောကြောင့် ရန်သူတစ်ဦးအလား မျက်ထောင့်နီနီနှင့် စိုက်ကြည့်နေ၏။
“သူတို့ရှင်သန်ဖို့ သူတို့ကိုယ်တိုင်မကြိုးစားနိုင်ဘူး..၊ ဘယ်လောက်တောင် အသုံးမကျတဲ့ ဆေးပင်တွေလဲ..”
ဟွမ်းသည် သေဆုံးသွားသည့် ဆေးပင်များကိုပင် အပြစ်တင်ပြောဆိုနေ၏။
တုကုတင်း “...”
‘ဒါ..လူတစ်ယောက်ပြောသင့်တဲ့စကားလား..’
တုကုတင်းသည် ဒေါသထွက်လွန်း၍ မျက်နှာပင် မီးကြီးခဲအလား ရဲရဲတောက် နီမြန်းနေသည်။
ထိုအကောင်သည် ဆေးပင်တွေ နည်းလွန်းသည်ဟုဆိုကာ အမြစ်ကို နှစ်ပိုင်းဖြတ်၍ ပြန်လည်စိုက်ပျိုးခဲ့၏။
‘ဘယ်သူက အဲ့လိုသင်ပေးထားတုန်း..’
ထိုအရာကိုပင် ဆေးပင်များ အသုံးမကျဟု ပြောဆိုနေပြန်သည်။
“အဲ့လို အမှိုက်ဆေးပင်တွေ မစိုက်နဲ့တော့..”
ဟွမ်းသည် သတိပေးစကားပင် ပြောဆိုလိုက်၏။ သူ၏မျက်နှာတွင် စေတနာများ ပြည့်လျှံနေသည်။
“အား..မင်းကို ငါသတ်မယ်ကွ..”
တုကုတင်းသည် သူ၏ ဒေါသကို မထိန်းနိုင်တော့ပေ။ သူ၏ အနီးအနားတွင် ရှိသည့် ပစ္စည်းများနှင့် ဟွမ်းကို ပစ်ပေါက်တော့၏။
“ဘုန်း..”
“ဘုန်း..”
“အဘိုးကြီး ကျုပ်ပြန်ရိုက်မှာနော်..”
ဟွမ်းသည် စွံ့အသွား၏။ သူသည် စေတနာနှင့် သတိပေးခြင်းပင်။ ကိုယ်တိုင်တောင်မရှင်သန်နိုင်ပဲ အခြားသူအတွက် ဆေးဖြစ်ရန် မထိုက်တန်ဟု တွေးဆမိ၏။
သို့သော် ဘယ်နားက မှားယွင်းနေခြင်းကြောင့် ထိုအဘိုးကြီး ဒေါသကြီးနေသည်ကို စဉ်းစားမရချေ။ သို့သော် တုကုတင်းသည် သူ၏ စကားကို မကြားသည့်အလား သည်းကြီးမဲကြီး တိုက်ခိုက်နေ၏။
“ရှောင်ဟွမ်း..”
ထျန်းဟုန်၏ အသံကြောင့် ဟွမ်း၏ အတွေးစများ ပြတ်တောက်သွားလေသည်။
ဟွမ်းသည် အသိဝင်လာပြီးနောက် အေးစက်လွန်းသည့် လေသံနှင့် မေးလိုက်၏။ ထိုအသံများ သတ်ဖြတ်လိုစိတ်များပင် ထွက်ပေါ်နေသည်။
“သူ..ဘာကြောင့်သေဆုံးရတာလဲ..”
တုကုတင်းသည် အားနည်းသည်ဆိုသော်လည်း သေဆုံးရန် အချိန်ကျသေးပေ။ ထို့အပြင် သူ၏ အဆင့်သည် ချန်ယဲ့ဟိုင်ထက် မြင့်မား၏။
“လျှပ်စီးမျိုးနွယ်ရဲ့ လေလံအိမ်တော်က ဆေးပညာရှင်တုကု ကို သစ်သားဓာတ်ကြွယ်ဝတယ်..၊ ဆေးပညာအတွက် သင့်လျော်တယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့တယ်..၊ ဒါပေမဲ့ သူ့ကို ဆေးမီးဖိုအဖြစ် အသုံးပြုလိုက်တာကြောင့် တစ်ပတ်ကြာပြီးတော့ သေဆုံးသွားတော့တာပဲ..”
ထျန်းဟုန်သည် ဝမ်းနည်းသည့်လေသံနှင့် ရှင်းပြလိုက်၏။
“လျှပ်စီးမျိုးနွယ်ကို..၊ လင်းထျန်းဘုံက ဖျောက်ပစ်မယ်..”
ဟွမ်းထံမှ ပေါ်ထွက်လာသည့် အရှိန်အဝါကြောင့် ထျန်းဟုန်တို့၏ နောက်ရှိ တောင်တန်းကြီးပင် အစိတ်စိတ်အမွှာမွှာကြေကွဲသွားသည်။
“ရှောင်ဟွမ်း..”
ထျန်းဟုန်သည် ဟွမ်းကို နှစ်သိမ့်ချင်၏။ သို့သော် သူမတားဆီးနိုင်ချေ။ ထိုသူများသည် သူနှင့် ရင်းနှီးခဲ့ကြသည့် မိတ်ဆွေများပင်။
ယွဲ့လင်းရှန်၏ လမ်းပြမှုကြောင့် ဟွမ်းသည် မိတ်ဆွေများကို ဂရုစိုက်တက်လွန်းလာသည်။ ထျန်းဟုန်သည် တားဆီးရန်မကြိုးစားတော့ပဲ သက်ပြင်းချလိုက်မိ၏။
ဟွမ်း၏ မျက်ဝန်းများသည် နီရဲနေသည်။ သူ၏ ခံစားချက်များကို မထုတ်ဖော်နိုင်တော့ပေ။
သူသည် တဖြည်းဖြည်းနှင့် တည်ငြိမ်မှုကို ပြန်လည်ရရှိလာပြီးနောက် ထျန်းဟုန်ကို မေးခွန်းထုတ်လိုက်၏။
“မင်းရဲ့ စိတ်ဝိညာဉ်အပိုင်းအစက မျိုးနွယ်စုနှစ်ခုရဲ့ လက်ထဲမှာလား..”
“ငါတို့ရဲ့ စိတ်ဝိညာဥ်အပိုင်းအစတွေက လျှပ်စီးမျိုးနွယ်ရဲ့ လက်ထဲမှာ..”
ထျန်းဟုန်သည် ခေါင်းညိတ်ကာ ရှင်းပြလေသည်။
“နေမီးတောက်မျိုးနွယ်နဲ့ ကျွီးမျိုးနွယ်ရဲ့ ခေါင်းဆောင်နှစ်ဦးကလွဲရင် မျိုးနွယ်ဝင်တွေက စိတ်ဝိညာဉ်အပိုင်းအစတွေက ပြန်ရသွားပြီ..”
“လင်းရှု့..၊ သူတို့ကို လင်းရှန်နယ်မြေကို ပို့လိုက်..”
ဟွမ်းသည် လင်းရှု့ကို အမိန့်ပေးလိုက်တော့၏။
“လျှပ်စီး မျိုးနွယ်က သူတို့ဝိညာဉ်ကို ထိန်းချုပ်ထားတုန်းပဲ..”
တိတ်တဆိတ် ကြည့်နေသည့် ကျန်းချီချီ ဝင်ရောက်ပြောဆိုလိုက်၏။
ထိုစကားကြောင့် ဟွမ်းသည် အတွေးများဝင်ရောက်လာသည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိရသွား၏။ ရွှမ်းလင်၏ သွေးဝိညာဉ်ပင်။
သို့သော် ယခုထက်တိုင် သွေးဝိညာဉ်၏ တည်ရှိမှုသည် အားနည်းနေသည်။ ထို့ကြောင့် မေ့လျော့နေခဲ့၏။
သူသည် လင်းထျန်းဘုံသို့ ရောက်ရှိချိန်တွင် သွေးဝိညာဉ်သည် ထင်ထင်ရှားရှား လှုပ်ခပ်ခဲ့ခြင်း မရှိချေ။ ထိုစဉ်က ဝေးကွာသည် တည်နေရာတွင် ရှိနေခြင်းကြောင့်ဟု ယူဆခဲ့သည်။
သို့သော် လျှပ်စီးနယ်မြေသို့ ရောက်ရှိချိန်တွင်လည်း အားနည်းနေဆဲပင်။ ထိုအချက်ကို ယခုမှ တွေးမိခြင်းဖြစ်သည်။
ထိုအချိန်တွင် လင်းရှု့ပေါ်ထွက်လာပြီးနောက် ထျန်းဟုန်တို့ အပါအဝင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို သူမ၏ စွမ်းအင်များနှင့် ရစ်ပတ်စေသည်။
“ဒါက..”
ထျန်းဟုန်တို့သည် ထူးခြားချက်ကို ခံစားမိသွား၏။ သူသည် အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ငါတို့ရဲ့.. စိတ်ဝိညာဉ်အပိုင်းအစနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီ..”
ဟွမ်းလည်း ထျန်းဟုန်၏ စကားကြောင့် အံ့ဩရသည်။ ထိုသို့ဆိုလျင် လျှပ်စီးမျိုးနွယ်သည် ချိန်းခြောက်နိုင်စွမ်းမရှိတော့ပေ။
ထို့နောက် လင်းရှု့သည် လက်ဖျောက်တစ်ချက်တီးလိုက်ချိန်တွင် သူတို့အားလုံးသည် ရုတ်ချည်းဆိုသလို ဤနေရာမှ ပျောက်ကွယ်သွားကြတော့သည်။
“ဒါပေမဲ့..၊ သူတို့ရဲ့ စိတ်ဝိညာဉ်အပိုင်းအစကို ပြန်မရရင် ရှေ့လျောက် အဆင့်တက်ဖို့ ခက်ခဲသွားလိမ့်မယ်..”
ဟွမ်းသည် တီးတိုးရေရွတ်လိုက်၏။
“ရှင်..လျှပ်စီးမျိုးနွယ်နဲ့ ညှိနှိုင်းဖို့ ကြိုးစားကြည့်ပါလား..”
ကျန်းချီချီသည် အကြံပေးလိုက်၏။
ဟွမ်းသည် သူမ၏ အကြံကို အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်လိုက်သည်။ သို့သော် သူ၏ စိတ်တွင် မည်သည့် အတွေးများ ပေါ်ထွက်နေသည်ကိုတော့ မသိနိုင်ပေ။
ထို့အပြင် ရွှမ်းလင်ကို မတွေးပဲ မနေနိုင်တော့ချေ။ သူမသည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို စောင့်ရှောက်မည်ဟု ကတိပေးခဲ့သော်လည်း ယခုတွင် သုတို့အားလုံးသည် ပျက်သုန်းလုနီးပါးဖြစ်နေပြီ..။
“မင်းတို့လဲ လင်းရှန်နယ်မြေထဲဝင်တော့..”
ဟွမ်းသည်တပည့်လေးယောက်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
ယွဲ့ဝူယောင်တို့သည် နာခံကာ လင်းရှု့နှင့်အတူ ပျောက်ကွယ်သွားတော့၏။
“ကျွီးမျိုးနွယ်..၊ နေမီးတောက်မျိုးနွယ်..”
ဟွမ်း၏ မျက်ဝန်းများသည် ရက်စက်သည့်အသွင် ပြောင်းလဲသွား၏။ ထိုသူများကို လျစ်လျုရှု့မည် မဟုတ်ပေ။
“မင်းငါ့နောက်ကို ဆက်လိုက်နေဦးမှာလား..”
ဟွမ်းသည် ကျန်းချီချီကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။ ထိုအမျိုးသမီးသည် အဘယ်ကြောင့် လိုက်ပါနေသည်ကို နားမလည်နိုင်ပေ။
“လက်ရှိမှာ ရှင်က ကျွန်မဂိုဏ်းကအကြီးအကဲလေ..၊ ရှင်တစ်ခုခုဖြစ်ရင် နှင်းဓားဂိုဏ်းက နစ်နာမှာလေ..၊ ပြီးတော့ ဝူယောင်က ကျွန်မတပည့်ဖြစ်လာမဲ့သူလေ..”
ကျန်းချီချီသည် သူမ၏ ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးကာ အကြောင်းပြချက်များကို ပြောဆိုလိုက်၏။ သူမ၏ စကားများသည်လည်း မမှားယွင်းပေ။
ဟွမ်း “...”
ဟွမ်းသည် ဘာမျှ ခွန်းတုန့်ပြန်ခြင်း မပြုတော့ပဲ နေရာတစ်ခုသို့ ဦးတည်သွားတော့သည်။