← Chapters

ဆိုက်ရောက်လာသည့် မုန်တိုင်း

Vol. 21 Ch. 313

ဆိုက်ရောက်လာသည့် မုန်တိုင်း

Vol. 21 Ch. 313

အနက်ရောင်မီးတောက်သည် ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်း ဝင်ရောက်သွားသည်။

ဟွမ်း၏ အမူအယာသည် တည်ငြိမ်နေ၏။ ထိုမျိုးနွယ်များ သေဆုံးသွားသည့် အပေါ် မည်သည့် ခံစားချက်မျှ မရှိသည့်အလားပင်။

“ဟွမ်း..”

ကျန်းချီချီသည် သတိပေးချင်နေ၏။ သို့သော် တုန့်ဆိုင်းနေသည်။

“ကျုပ်က ဒီကိစ္စကို အဆုံးထိဖြေရှင်းရလိမ့်မယ်..”

ဟွမ်းသည် ကျန်းချီချီတားမြစ်လိုသည့်အရာကို ခန့်မှန်းမိ၏။ သို့သော် လေလံအိမ်တော်ကို ခွင့်လွှတ်နိုင်ခြင်း မရှိပေ။

ကျန်းချီချီသည် ထပ်မံပြောဆိုခြင်း မရှိတော့ချေ။ နေရက်များသည် တဖြည်းဖြည်းကုန်ဆုံးလာ၏။

လင်းရှန်နယ်မြေသည် စွမ်းအင်များ သိပ်သည်းလွန်းသည် နယ်မြေတစ်ခုဖြစ်သည့်အပြင် မြင့်မားသည့် တောင်တန်းများနှင့် လှပသည့် တောတန်းများလည်းရှိနေ၏။

ထိုတောင်တန်းတစ်ခုပေါ်သို့ မိုးပြာရောင်နှင့် ခရမ်းရောင် ရောစပ်ထားသည့် ဆည်းဆာရောင်ခြည်တို့က ဖြာကျနေသည်။

လူငယ်လေးတစ်ဦး၏ ရီဝေဝေ မျက်ဝန်းများနှင့် သူ၏ ရှေ့တွင်ရှိသည့် မိန်းကလေးကို ငေးကြည့်နေမိ၏။

သူတို့နှစ်ဦးသည် အကွာအဝေးတစ်ခုမှ အချိန်အတန်ကြာ စိုက်ကြည့်နေကြသည်။ လေထုတွင် စကားလုံးများထွက်ပေါ်နေခြင်း မရှိသော်လည်း စိတ်လှုပ်ရှားမှု ပေါ်ထွက်လာသည့် လှိုင်းလုံးများစွာ လှည့်ပတ်နေသည့်အလားပင်။

လုရှင်းယန်သည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားရာမှ ၎င်းကို ထိန်းချုပ်ရန် မည်မျှ ကြိုးပမ်းနေသည်ကို သိနိုင်သည်။ သို့သော် တိတ်ဆိတ်မှုကို ဖြိုခွဲကာ သူ၏ စိတ်တွင်း အတည်ပြုချက်ကို မေးမြန်းလိုက်သည်။

“မင်းက..ချန်အာဖြစ်နေဆဲလား...”

လုရှင်းယန်၏ လေသံတွင် စိုးရွံ့မှုများပါဝင်နေသည်။ သို့သော် သူ၏ မျက်နှာရှိ အမူအယာများ အထူးသဖြင့် မျက်ဝန်းများက တစ်စုံတစ်ခုကို တောင့်တနေဟန်ရှိ၏။

သူ၏ မေးခွန်းသည် ချန်အာကိုအပြီးတိုင် ဝါးမြိုခဲ့ပြီလား..၊ ဒါမှမဟုတ် ချန်အာ၏ မှတ်ညာဉ်များ တည်ရှိနေသေးလား..၊ ဟူသည် အဓိပ္ပါယ်မျိုးကို တိုတောင်းသည့် မေးခွန်းနှင့်သာ မေးလိုက်ခြင်းဖြစ်သည်။

သူ၏ မျက်ဝန်းများသည် ညဉ့်နက်ပိုင်းက ကောင်းကင်ပမာ နက်ရှိုင်းပြီး၊ ထိုနက်ရှိုင်းမှုတွင် နွေးထွေးဖော်ရွေမှုက အဓိကနေရာယူထားတက်သည်။ ယခုအခါတွင်မူ နက်နဲသော စိတ်ခံစားမှုတစ်ခုကြောင့် တင်းမာနေသည်။

လော့ရွယ်နင်သည် သူမ၏နှုတ်ခမ်းကို အသာဖိကိုက်မိလိုက်၏။ သူမ၏ ရှေ့ရှိလူငယ်သည် သူမအတွက် မည်သို့ ဖြစ်တည်မှု မျိုးဆိုသည်ကို မဆုံးဖြတ်နိုင်သေးပေ။

“ကျွန်မ မှတ်ဉာဏ်တွေ တည်ရှိနေဆဲပါ..”

သူမသည် တိုးလျသည့် လေသံငယ်နှင့် ပြောဆိုလိုက်၏။ သူမ၏လက်များက အချင်းချင်း ဆုပ်ကိုင်ထားပြီး စိတ်ကိုထိန်းချုပ်ရန် ကြိုးစားနေပုံရသည်။

သူမ၏ ဆံနွယ်ရှည်များသည် လေထဲတွင် ဖြည်းညင်းစွာ လွင့်နေသော်လည်း မျက်နှာတွင် ကပ်ကျန်နေသည့် ဆံနွယ်အချို့က သူမ၏စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။

သူမသည် မုန့်ချန်အာနှင့် ပြန်လည်ပေါင်းစည်းချိန်တွင် မှတ်ဉာဏ်များကို ဖျတ်ဆီးချင်ခဲ့၏။ သို့သော် လက်တွေ့တွင် ထိုသို့ မလုပ်နိုင်ခဲ့ချေ။

ထို့ကြောင့်သူမသည် အရှိအတိုင်းလက်ခံခဲ့တော့သည်။ မုန့်ချန်အာနှင့် ပေါင်းစည်းပြီးချိန်တွင် မီးတောက်ငယ်ကဲ့သို့ လူငယ်လေးတစ်ဦးသည် သူမ၏ စိတ်ဝိညာဉ်တွင် အမြဲ‌တစေ ပေါ်ထွက်လာ၏။

လုရှင်းယန်၏ မျက်ဝန်းများသည် လင်းလက်လာသည်။ သူကြောက်ရွံ့ရသည့်အရာကား မုန့်ချန်အာ ပျောက်ကွယ်သွားမည်ကိုပင်။ သူသည် အမြဲတစေ စိုးရွံ့နေရ၏။

သို့သော် ယခုတွင် လော့ရွှယ်နင်၏ စကားကြောင့် စိတ်အေးသွားခဲ့ရပြီဖြစ်ပြီး ပန်းပေါင်းစုံဖူးပွင့်နေသည့်အလား လန်းဆန်းမှုကို ခံစားမိလိုက်၏။

သူ၏ နွေးထွေးသည့် အကြည့်တွင် မြင်နေရသည့် မိန်းကလေးအပေါ် ထားရှိသည့် ချစ်ခင်မှုနှင့် လွမ်းဆွတ်မှုတို့က ပွင့်ပွင့်လင်းလင်း ဖော်ပြနေသည်။

“ချန်အာ..”

သူ၏ အသံသည် လေပြေကဲ့သို့ သိမ်မွေ့သော်လည်း အတွင်းထဲ၌ တုန်ခါနေသည်။ သူ့မျက်ဝန်းများမှ နွေးထွေးမှုသည် မီးတောက်တစ်ခုပမာ လော့ရွှယ်နင်၏ ပုံရိပ်ကိုသာ ဖမ်းယူထားသည်။

ရှည်လျားသည့် နှစ်များစွာတစ်လျှောက် ကြီးမားသည့် လွမ်းဆွတ်မှုကို သူ၏ ရင်ဘတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မြိုသိပ်ထားရသည်။

သူတို့နှစ်ဦးစလုံးထံမှ မည်သည့် စကားသံမျှ ပေါ်ထွက်မလာတော့ချေ။

အကြောင်းမှာ ပြောသင့်သည့် စကားများသည် နှလုံးသားထဲ၌ တူညီသည့် စည်းချက်သံတစ်ခုအလား ရင်ခုန်သံများ ထပ်တူကျသွားခဲ့လေပြီ..။

လင်းရှန်နယ်မြေသည် ယခုတွင် ပို၍ အသက်ဝင်ကာ သာယာမှုများနှင့် ပြည့်နှက်သွားသည့်အလားပင်။

“နောက်ဆုံးတော့ ငါတို့ ဒုတိယအစ်ကိုအတွက် ပျော်ရွင်ရမဲ့အချိန်တွေ ရောက်လာခဲ့ပြီ..”

ပိုင်ကျန့်ယွီတို့ တပည့်တစ်သိုက်သည် ဝေးကွာသည့် နေရာတစ်ခုမှ ကြည်နူးစရာမြင်ကွင်းကို တိတ်တခိုး ချောင်းကြည့်နေကြ၏။

“တတိယအစ်ကိုလဲ..ပျော်ရွင်မှုကို ရှာသင့်တယ်..”

လျှိုမင်ယွမ်သည် တီးတိုးပြောဆိုလိုက်၏။ သူ၏ မျက်ဝန်းများတွင်တော့ ‘မျက်နှာပြောင်တာ ရပ်သင့်ပြီ..’ ဟုဆိုလိုချင်သည့်အလားပင်။

ကျီးဟူကျိသည် ခေါင်းညိတ်ကာ ထောက်ခံလေသည်။

ပိုင်ကျန့်ယွီ “...”

“လင်းရှု့..၊ ဒီနယ်မြေကို လင်းထျန်းဘုံမှာပေါင်းစည်းနိုင်လား..”

ဟွမ်းသည် လင်းရှု့ကို မေးလိုက်၏။ တပည့်များအတွက် ပြင်ပလောကနှင့် ဆက်သွယ်မှုများ ရရှိနိုင်ရန် စဉ်းစားနေခြင်းဖြစ်သည်။ သူသည် လျှပ်စီးမျိုးနွယ်နှင့် ကိစ္စရပ်များ ရှင်းလင်းပြီးပါက ဟွမ်းရှန့်နန်းတော်ကို ထပ်မံ အသက်သွင်းလိုခြင်းဖြစ်၏။

လင်းရှု့သည် ဟွမ်း၏ စကားကို နားလည်အောင် တွေးတောနေဟန်ရှိသည်။

ဟွမ်းသည် လင်းရှန်နယ်မြေကို ညွှန်ပြကာ သူ၏ လက်ကို လင်းထျန်းဘုံ၏ နယ်မြေပေါ်တွင် ချပြလိုက်၏။

လင်းရှု့ “...”

သူမသည် ကြောင်တောင်တောင် အမူအယာလေးနှင့် ကြည့်ရှု့နေသည်။

သူမသည် အတင်းအကြပ် နားလည်အောင် ပြုမှုနေရသည့်အလား..၊ သူမ၏ ဦးခေါင်းမှ အငွေ့များပင် ထွက်ပေါ်လာဟန်ရှိ၏။

“ထားလိုက်တော့..”

ဟွမ်းသည် သက်ပြင်းချလိုက်မိ၏။ သူသည် နည်းလမ်းမျိုးစုံနှင့် ရှင်းပြနေသော်လည်း နားလည်ဟန်မရပေ။

ထို့နောက် သူသည် လင်းရှန်နယ်မြေမှ ထွက်ခွာလာ၏။

ကျန်းချီချီသည် ဂိုဏ်းပေါင်းစုံဆွေးနွေးပွဲ စတင်ပြီဖြစ်သောကြောင့် ထွက်ခွာသွားပြီးဖြစ်သည်။ သို့သော် ဟွမ်းသည် ထိုနေရာသို့ လိုက်ပါသွားခြင်း မရှိပေ။

သူ၏ ရည်ရွယ်ချက်သည် လျှပ်စီးမျိုးနွယ်၏ လေလံအိမ်တော်သာ ဖြစ်လေသည်။

လေလံအိမ်တော်သည် လျှပ်စီးမျိုးနွယ်၏ အဓိကဗဟိုချက်တစ်ခုဖြစ်၏။ လျှပ်စီးနယ်မြေတွင် တည်ရှိနေသည့် အလယ်လတ်ဂိုဏ်းများအပြင် ထပ်သီးဂိုဏ်းများ၏ လိုအပ်သည့် အရာတိုင်း လေလံအိမ်တော်တွင် စုံစမ်းဝယ်ယူနိုင်ကြသည်။

ဤနည်းဖြင့် လျှပ်စီးနယ်မြေ၏ စီးပွားရေးမဏ္ဏိုင်ကို ချုပ်ကိုင်ထားလေသည်။

ထို့ကြောင့် လေလံအိမ်တော်တွင် ကျင့်ကြံသူများ ပြတ်လပ်သည့် အချိန်မရှိပေ။

ထို့အပြင် လေလံအိမ်တော်၏ ကျယ်ဝန်းသည့် တည်နေရာကြောင့် အမြဲလိုလို စည်ကားနေ၏။

ထိုအချိန်တွင် လေလံအိမ်တော်၏ ပင်မ အဆောက်အဦးထံမှ ကျယ်လောင်သည့် ပေါက်ကွဲသံထွက်ပေါ်လာ၏။

“ဝုန်း...”

လေလံအိမ်တော်တွင် ရှိနေသည့် ကျင့်ကြံသူများ ထိတ်လန့်သွားကြသည်။

ထိုပေါက်ကွဲမှုကြောင့် ပင်မအဆောက်အဦးသည် ဆိုးဆိုးဝါးဝါး ပျက်စီးသွား၏။

“ဘယ်သူလဲကွ..”

လေလံအိမ်တော်မှ ကျင့်ကြံသူများသည် ဒေါသတကြီး အော်ဟစ်ကာ ထိုနေရာသို့ အလျှင်အမြန်ရောက်ရှိလာသည်။

ထိုအချိန်တွင် ထူးဆန်းသည့် ပေတံရှည်သည် ပင်မ အဆောက်အဦးတွင် နစ်ဝင်နေသည်ကို တွေ့လိုက်ရ၏။

အိမ်တော်သခင်ဖြစ်သူ ရွှမ်းဝူကျိ၏ မျက်နှာသည် မဲမှောင်သွားသည်။

သူ၏ အနီးအနားတွင်လည်း တိမ်မဲများစုစည်း လာသည့်နှယ် တည်နေရာသည် အုံ့မှိုင်းလာတော့၏။

လေလံအိမ်တော်ကို ထိုသို့ ဖျတ်ဆီးရဲဖို့နေနေသာသာ စကားနှင့်ပင် မစော်ကားရဲကြချေ။

သို့သော် ဤနေ့တွင်တော့ ပင်မ အဆောက်အဦးကိုပင် တိုက်ခိုက်ကာ လေလံအိမ်တော်၏ လွှမ်းမိုးမှုကို မေးခွန်းထုတ်သည့် ကျင့်ကြံသူ ရှိလာသည့် ဟန်ပင်။

“ဒုန်း..၊ ဒုန်း..”

ရွှမ်းဝူကျိသည် သူ၏ နားတွင် စစ်ချီဗုံသံတမျှ ကျယ်လောင်သည့် ခြေလှမ်းသံကို ကြားလိုက်ရ၏။

ထိုခြေသံသည် ကျယ်လောင်လွန်းသည့် အတွက် သူ၏ စိတ်ဝိညာဉ်ပင် တုန်ခါနေသည်ကို ခံစားမိသွားသည်။

လေလံအိမ်တော်အတွင်း ရှိကျင့်ကြံသူများလည်း ရွှမ်းဝူကျိနည်းတူ ခံစားမိကြ၏။

‘ဘာလဲ..’

သူ၏ နှလုံးသားသည် မြင်းများဒုန်းဆိုင်းပြေးသကဲ့သို့ ကဆုန်ပေါက်နေ၏။ သူသည် အတင်းချုပ်တည်းကာ ထိုခြေသံ လာရာကို ကြည့်လိုက်မိသည်။

ထိုအချိန်တွင် ကောင်းကင်ထက်တွင် အဖြူရောင်ဝတ်ရုံနှင့် လူငယ် တစ်ဦးသည် ခြေတစ်လှမ်းချင်း လှမ်းကာ သူ့ထံ ဦးတည်လာနေသည်ကို တွေ့ရလေ၏။

သူ၏ ခြေလှမ်းများသည် ညှင်သာနေ၏။ လေထုတွင် မည်သည့် စွမ်းအင်လှိုင်းဂယက်မျှ မပေါ်ထွက်နေပေ။

သို့သော် ရွှမ်းဝူကျိ၏ အကြားအာရုံတွင် ကျယ်လောင်လှသည့် ခြေလှမ်းသံများ ကြားနေရခြင်းပင်။

All Chapters