လေလံအိမ်တော်ပြိုကွဲခြင်း
Vol. 21 Ch. 315
ကောင်းကင်အလွှာကျင့်ကြံသူသုံးဦး၏ ဦးခေါင်းထက်မှ သွေးများယိုစီးကျလာကာ ခန္ဓာကိုယ်များသည် ကြိုးပြတ်သည့် စွန်ငယ်အလား အထိန်းအကွပ် မဲ့သွားသည်။
သူတို့သည် စက္ကန့်ပိုင်းအတွင်း ရိုက်နှက် ခံခဲ့ရခြင်းပင်။ ထိုသို့ ဖြစ်ပျက်သွားသည်ကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။ သူတို့၏ စွမ်းအားနှင့် ထိုလူငယ်ကို ထိန်းချုပ်နိုင်ပြီ ထင်ခဲ့မိသော်လည်း သူသည် အားအနည်းငယ်သာ စိုက်ခဲ့ရဟန်ရှိ၏။
ဟွမ်းသည် ထိုသုံးဦးနှင့် အချိန်မဖြုန်းချင်သောကြောင့် ဦးစွာ ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
ထိုသုံးဦးသည် ကောင်းကင်ထက်မှ ကျဆင်းသွားပြီဖြစ်သောကြောင့် သူ့အား ထပ်မံ၍ နှောက်ယှက်နိုင်တော့မည် မဟုတ်ပေ။
သူသည် ထိုသုံးဦး၏ သေခြင်းရှင်ခြင်းကို စိတ်မဝင်စားတော့ချေ။
“မင်း..”
ရွှမ်းဝူကျိ၏ မျက်ဝန်းများသည် လေးနက်သွား၏။ ကောင်းကင်အလွှာသုံးဦး၏ တိုက်ခိုက်မှုသည် သာမန်ကျင့်ကြံသူများ ရင်ဆိုင်နိုင်မည့်အရာမဟုတ်ချေ။
သူဆိုလျှင်တောင် အနည်းငယ် ရုန်းကန်မှုပြုကာ ထိုသုံးဦးကို ဖြေရှင်းရန် အချိန်ယူရမည်ဖြစ်သည်။
သို့သော် ထိုလူငယ်သည် မျက်စိတမှိတ်အတွင်း လှုပ်ရှားမှုပြုခဲ့၏။
‘သူ့ရဲ့ အဆင့်က ဘာလဲ..’
ရွှမ်းဝူကျိသည် ဟွမ်းထံမှ ဝိညာဉ်သန္ဓေသားစွမ်းအင်ကို မခံစားမိပေ။ သို့သော် ကောင်းကင်အလွှာကျင့်ကြံသူများကို မယုံနိုင်ဖွယ် ဖြေရှင်းခဲ့လေသည်။ သူတွေးထင်ထားသည် ထက် အစွမ်းထက်နေ၏။
သူ၏ ခန္ဓာကိုယ်မှ လျှပ်စီးများ စီးဆင်းနေမှုကို အနည်းငယ်ဖြေလျှော့ကာ ဟွမ်းကို မေးခွန်းထုတ်လိုက်၏။
“လူငယ်လေး..၊ မင်းရဲ့ စွမ်းအားက အတော်လေးကောင်းမွန်တယ်..”
“မင်းရဲ့စွမ်းအားနဲ့ဆိုရင် နာမည်ကြီးကျင့်ကြံသူ တစ်ဦးဖြစ်သင့်တယ်..”
“ဒါပေမဲ့ လျှပ်စီးနယ်မြေမှာ မင်းရဲ့ အကြောင်းကို မကြားဖူးဘူး..”
“မင်းဘယ်က ရောက်ရှိလာတဲ့ ကျင့်ကြံသူလဲ..လေလံအိမ်တော်က ဆေးပညာရှင်ကို သတ်ဖြတ်ချင်နေရတဲ့ အကြောင်းအရင်းကို ပြောပါ..”
သူသည် ဖြေရှင်းလို့ရသည့် ကိစ္စဆိုလျင် ဖြေရှင်းပေးရန်ကြံရွယ်လိုက်သည်။
“တုကုတင်း..”
ဟွမ်းသည် နာမည်တစ်ခုကိုသာ ထုတ်ပြောလိုက်၏။
ရွှမ်းဝူကျိသည် သူ၏ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ တစ်ခဏအတွင်း တုကုတင်း ဆိုသည့် ဆေးပညာရှင်ဆိုသူသည် သူ၏ အတွေးတွင် ပေါ်ထွက်လာ၏။
သို့သော် ထိုသူသည် ကမ္ဘာငယ်မှ နယ်မြေကျွန်ပင်။ ထို့အပြင် ဤရှေ့က လူငယ်ကို လျှပ်စီးနယ်မြေတွင် မကြားဖူးပေ။
လျှပ်စီးမြို့၏ ပြင်ပသို့ ထွက်ခွာဖူးခြင်း မရှိသည့် နယ်မြေကွန်သည် အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးနှင့် သိကျွမ်းနေရသည်ကို နားမလည်နိုင်ပေ။
“နယ်မြေကျွန်တစ်ယောက်က မင်းနဲ့ ဘယ်လိုပတ်သတ်တာလဲ..”
ရွှမ်းဝူကျိသည် တွေးရခက်သည့် လေသံနှင့် ထပ်မံမေးမြန်းလိုက်၏။ ထိုသူ၏ ကျင့်ကြံမှုအဆင့်သည် အမှုန်အမွှားမျှသာ ဖြစ်သည်။ ထို့ကြောင့် အရေးမကြီးသည့် အလားပင်။
“တုကုတင်း သေဆုံးဖို့ မင်းခွင့်ပြုခဲ့တာလား..”
ရွှမ်းဝူကျိ သတိထားနေစဉ် ဟွမ်း၏ အသံသည် ထပ်မံထွက်ပေါ်လာသည်။ ထိုစကားကြောင့် သူသည် အနည်းငယ် ချင့်ချိန်လိုက်၏။
ထိုလူငယ်သည် တုကုတင်းနှင့် သက်ဆိုင်သူ တစ်ဦးဖြစ်ရပေမည်။ ထိုစဉ် သူ့ထံတွင် အတွေးတစ်ခုဝင်ရောက်လာသောကြောင့် ရှင်းပြလိုက်၏။
“အဲ့ဒီသူရဲ့ သစ်သားဓာတ်က ကောင်းမွန်တာကြောင့် ကျုပ်တို့ ဆေးပညာရှင်က သူရဲ့ စွမ်းအင်ကို ဆေးမီးဖိုအဖြစ်သုံးခဲ့တာ..၊ ဒါပေမဲ့ သူရဲ့ စွမ်းအားက နိမ့်ကျလွန်းတာကြောင့် ကြာကြာခံနိုင်ရည် မရှိခဲ့ဘူး..”
“ဒီက လူငယ်လေးအတွက် သစ်သားဓာတ်ကျင့်ကြံသူကို လိုအပ်တယ်ဆိုရင် ကျုပ်တို့ အချိန်တိုအတွင်း ပြန်ရှာပေးမယ်..”
ရွှမ်းဝူကျိသည် ထိုအရာကြောင့်သာဟု တွေးမိလေသည်။ အစွမ်းထက်ကျင့်ကြံသူ တစ်ဦးအနေနှင့် နိမ့်ကျသည့် နယ်မြေကျွန်နှင့် သိရှိနိုင်သည့် အကြောင်းအရင်းမရှိပေ။
သို့သော် တုကုတင်းသည် သစ်သားဓာတ်ရှိသူဖြစ်၏။ ထို့ကြောင့် ဟွမ်းသည် လိုအပ်နေခြင်း ဖြစ်မည်ဟု တွေးမိခြင်းပင်။
သို့သော် ဟွမ်းသည် ထိုစကားကြောင့် သူ၏ အကြည့်သည် ပိုမို အေးစက်လာလေသည်။
တုကုတင်း၏ သေဆုံးမှုသည် ရွှမ်းဝူကျိကြောင့် မဟုတ်လျှင်တောင် ပါဝင်ပတ်သက်မှုရှိနေလေ၏။ ထို့အပြင် တုကုတင်းကို နှိမ့်ချစွာ ဆက်ဆံသေးသည်။
“အားလုံးက သက်ညှာပေးဖို့ မထိုက်တန်ဘူး..”
ဟွမ်း၏ အရှိန်အဝါသည် ပို၍ ရုန့်ရင်း ကြမ်းတမ်းလာကာ ရွှမ်းလုံပေတံတွင် အနက်ရောင်မီးတောက်များ တောက်လောင်လာတော့၏။
ထျန်းဟုန်သည် အဓိကလက်သည် ဆေးပညာရှင်ကိုသာ ရှင်းလင်း၍ မသက်ဆိုင်သူများကို အခွင့်အရေးပေးရန်ပြောကြားခဲ့သည်။ သို့သော် သူသည် ရိုးရိုးရှင်းရှင်း တွေးထားမိဟန်ရ၏။
“မင်းက စွမ်းအားကောင်းပေမဲ့ လျှပ်စီးမျိုးနွယ်က အကြောင်းမဲ့ ထိပ်သီး မျိုးနွယ်ဖြစ်နေတာမဟုတ်ဘူး...”
ဟွမ်း၏ အသွင်ကြောင့် ရွှမ်းဝူကျိသည် ဒေါသထွက်လာလေသည်။ သူသည် ပြေရာပြေကြောင်း ဖြေရှင်းရန် ကြိုးစားသော်လည်း ထိုလူငယ်သည် တိုက်ခိုက်ရန်သာ ဆန္ဒရှိနေသည့်အလားပင်။
“မင်းတို့ သေလို့ရပြီ..”
ဟွမ်းသည် ရွှမ်းလုံပေတံကို ကြမ်းတမ်းစွာ လွှဲယမ်းလိုက်၏။ အကြောင်းအရင်းကို အတိအကျ သိရှိလိုက်ရပြီးဖြစ်သည်။ သူသည် အတိုင်းအဆမဲ့ ဒေါသတရားကို ခံစားမိ၏။
ထိုသူများအတွက် သက်ညှာပေးရန်မလိုအပ်တော့ချေ။
ရွှမ်းလုံပေတံမှ နက်နဲဆန်းကြယ်သည့် စွမ်းအင်လှိုင်းသည် ကောင်းကင်ထက်မှ ပေါ်ထွက်လာသည်။
၎င်းစွမ်းအင်လှိုင်းသည် ကျယ်ဝန်းလှပါသည်ဆိုသည့် လေလံအိမ်တော်တစ်ခုလုံးကို အုပ်မိုးသွားလေ၏။
“သွားစမ်း..”
ဟွမ်းသည် ရွှမ်းလုံပေတံကို ကြမ်းကြမ်းတမ်းတမ်းလွှဲယမ်းလိုက်သည်။
ထိုလှိုင်းသည် လေလံအိမ်တော်တစ်ခုလုံးကို ဖိချေမည့် အသွင်နှင့် ဆင်းသက်လာသည်။ ၎င်း၏ အရှိန်သည် အရွှယ်အစားနှင့် မလိုက်ဖက်အောင် မြန်ဆန်လှ၏။
“ဒါက..”
အနီးအနားရှိ ကျင့်ကြံသူများသည် ၎င်းကြောင့် ဝေးရာသို့ ပြေးထွက်ကုန်ကြသည်။ ဤနေရာတွင် ဆက်လက်နေပါက ထိုစက်ကွင်းမှ လွတ်မြောက်မည်မဟုတ်ပေ။
“သာမန်တိုက်ခိုက်မှု တစ်ခုက ဒီလောက်အထိ စွမ်းအင်တွေ များပြားရသလား..”
ရွှမ်းဝူကျိ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားရသည်။ နက်နဲဆန်းကြယ်သည့် စွမ်းအင်လှိုင်းထံမှ ကြောက်မက်ဖွယ် စွမ်းအင်များကို ခံစားရမိလိုက်၏။
ထိုသို့ စွမ်းအားမျိုးကို မကြုံစဖူး ကြုံတွေ့ရလေပြီ..။
ရွှမ်းဝူကျိသည် လက်သဏ္ဌာန်များကို အလျှင်အမြန် ပြုလုပ်နေကာ စွမ်းအင်များ ဖော်ထုတ်နေ၏။
လျှပ်စီးစွမ်းအင်များသည် တရကြမ်း လည်ပတ်လာပြီး သူ၏ ခန္ဓာကိုယ်ကို စတင်ဖုံးလွှမ်းလာသည်။ ထို့နောက် လျှပ်စီးစွမ်းအင်များသည် ကျားတစ်ကောင်သဖွယ် ဖြစ်တည်သွားပြီး သူ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ကာကွယ်သွား၏။
သို့သော် သူသည် မပေါ့ဆရဲပေ။ နက်နဲဆန်းကြယ်သည့် စွမ်းအင်များ ပါဝင်နေသည့် တိုက်ခိုက်မှုသည် သာမန်ထက် များစွာ ထူးကဲနေသည်။
၎င်း၏ မြန်ဆန်သည့် အရှိန်ဟုန်ကြောင့် လေလံအိမ်တော်ပေါ်သို့ တစ်ခဏအတွင်း ကျရောက်သွားတော့၏။
“ဝုန်း....”
ပေါက်ကွဲသံများသည် အဆက်မပျက် ထွက်ပေါ်နေပြီး လျှပ်စီးမြို့တော်တစ်ခုလုံး သက်ရောက်ခံရသည့် တုန်ခါမှုများဖြစ်ပေါ်လာသည်။
လေလံအိမ်တော်၏ အဝေးတွင် ရှိနေသည့် ကျင့်ကြံသူများပင် ထိုပေါက်ကွဲမှုမှ စွမ်းအင် လှိုင်းအချို့ သက်ရောက်ခံရလေသည်။ ထို့ကြောင့် သူတို့၏ ကိုယ်တွင်းသွေးစီးဆင်းမှုများ ဖရိုဖရဲဖြစ်ကာ သွေးအနည်းငယ် အန်ထုတ်လိုက်ရ၏။
လေလံအိမ်တော်၏ ပေါက်ကွဲမှုသည် မိနစ် အနည်းငယ် ကြာသည် အထိ မငြိမ်သက်သေးပေ။
ထို့နောက်မှ တဖြည်းဖြည်း စွမ်းအင်များသည် အနည်ထိုင်လာ၏။
ဖုန်မှုန့်များ တဖြည်းဖြည်း လျော့ပါးသွားချိန်တွင် ဟွမ်း၏ ရှေ့တွင် ကွင်းပြင်ကျယ်တစ်ခုသာ ရှိနေတော့သည်။
လေလံအိမ်တော်သည် တစ်စစီပြိုကွဲကာ ဖုန်မှုန့်များ မဖြစ်သို့ ဆိုက်ရောက်သွားလေ၏။
အဝေးမှ ကျင့်ကြံသူများသည် ထိုအဖြစ်အပျက်ကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရသော်လည်း ယုံကြည်နိုင်စွမ်းကင်းမဲ့နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ထိုသို့ တိတ်ဆိတ်မှု အတွင်းမှ တိုးလျသည့် ညည်းညူ သံပေါ်ထွက်လာသည်။
“အဟွတ်..”
ထိုသည်က ရွှမ်းဝူကျိပင်။ သူသည် မသေဆုံးသွားပေ။ သို့သော် အခြေအနေ ကောင်းမွန်နေသည်မဟုတ်..။
သူ၏ အဝတ်အစားများသည် စုတ်ပြဲကာ ခန္ဓာကိုယ်တွင် ဆေးချယ်ထားသည့်အလား ရဲရဲတောက် နီမြန်းနေသည့် သွေးများ ရွှဲနစ်နေသည်။
သူ၏ အသက်ရှုသံ တိုးလျ နှေးကွေးလာသည်။ ထို့အပြင် အသက်တစ်ခါ ရှုသွင်းတိုင်း နာကျင်မှု ခံစားနေရသည့်အလား သူ၏ မျက်နှာ ရှုံ့တွသွား၏။
သူသည် လျှပ်စီးကျားနှင့် အသည်းအသန် ခုခံခဲ့၏။ သို့သော် ထိုလှိုင်းသည် လျှပ်စီးကျားကို တစ်ခဏအတွင်း ဖြတ်စီးသွားကာ သူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားရသည်။
ရှိရှိသမျှ အားအင်များနှင့် အံကြိတ်ကာ ခုခံခဲသော်လည်း ပုရွတ်စိတ်တစ်ကောင် ဆင်နင်းခံရသည့်အလား တုန့်ပြန်နိုင်စွမ်း ကင်းမဲ့ခဲ့၏။
သို့သော် ထိုလူငယ်သည် ချက်ချင်း သတ်ဖြတ်လိုဟန် မရသေးချေ။ စွမ်းအင်များ သက်ရောက်မှုသည် ကြီးမားသော်လည်း သူတို့၏ အသက်များ ရှင်ကျန်နေဆဲပင်။