ကျောက်တုံးတစ်တုံး
Vol. 155 Ch. 2202
လူအုပ်ကြီးက ကောင်းကင်ထက်မှ အောက်သို့ ငုံ့ကြည့်နေပြီး သူတို့က မည်သည့် ရုတ်တရက် လှုပ်ရှားမှုမှ မလုပ်ရဲကြပေ။ အဆုံးမဲ့တုန်ခါသံများသည် မြေငလျင်လှုပ်သကဲ့သို့ ထွက်ပေါ်နေခဲ့သည်။ စီဝေ့ဘုံတစ်ခွင်လုံး တုန်ခါနေခဲ့ပေသည်။
“ချက်ချင်း ပြန်ပြီး မျိုးနွယ်စုကလူတွေကို ကာကွယ်။” သောမျိုးနွယ်စု ခေါင်းဆောင်က သူ့နောက်မှ တန်ခိုးရှင်များကို အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ။” တန်ခိုးရှင်များက ချက်ချင်းပင် သောမျိုးနွယ်စု တည်ရှိရာနေရာသို့ ထွက်ခွာသွားကြသည်။
ဝရိန်ခုနစ်ပါးကလန်မှ ကလန်ခေါင်းဆောင်သည်လည်း ၎င်းကို သတိပြုမိပေသည်။ သူက ချက်ချင်းပင် တူညီသော အမိန့်ကို ပေးလိုက်သည်။ သူတို့အားလုံးသည် စီဝေ့ဘုံတွင် တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်တော့မည်ဟု အာရုံရနေကြသည်။ ဤတစ်ကြိမ် ကပ်ဘေးက ယခင်တစ်ခေါက်မှ သဏ္ဌာန်မဲ့ဘုံတွင် ဖြစ်ပျက်ခဲ့သည်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
ကောင်းကင်ထက်ရှိ အဆုံးမဲ့ လေဟာနယ်အတွင်း နတ်အလင်းတန်းများက မြေပြင်သို့ ကျဆင်းလာနေသည်။ နတ်အလင်းက မြေပြင်ရှိ အရာများနှင့် ပေါင်းစည်းလာကာ ကျယ်ပြောသော လေဟာနယ်အတွင်း တောက်ပသည်ထက် တောက်ပလာသည်။
မြေပြင်ရှိ အက်ကြောင်းများကလည်း ဆက်လက်၍ အပြင်ဘက်သို့ ဖြန့်ကျက်လာကာ ပြင်းထန်စွာ တုန်ခါမှုများ လိုက်ပါလာသည်။ လူအုပ်ကြီးသည် မြေပြင်ကို ဖြတ်သန်းကာ မြေအောက်နန်းတော်အား ခံစားမိနိုင်ကြပေသည်။ ၎င်းသည် စီဝေ့ဘုံတစ်ခုလုံးကို ပျက်စီးစေကာ အောက်ဘက်မှ ထွက်လာတော့မလိုပင် ဖြစ်သည်။
“ကြယ်စွမ်းအား။” ရီဖူရှင်းက ကျဆင်းလာနေသော နတ်ရောင်ဝါကို မော့ကြည့်ရင်း ပြောလိုက်သည်။
“အင်း.. ဒါက တကယ်ပဲ ကောင်းကင်နဲ့ မြေကြီးရဲ့ ကြယ်စွမ်းအားပဲ။” ရီဖူရှင်း ဘေးမှ သောမျိုးနွယ်စုခေါင်းဆောင်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။ “ပြီးတော့ ဒါက သာမန်စွမ်းအားမဟုတ်ဘူး။ အဲဒီမှာ မြင့်မြတ်တဲ့ အငွေ့အသက်နဲ့ ခမ်းနားထည်ဝါတဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားတယ်။”
“အဲဒီစွမ်းအားက စီဝေ့ဘုံရဲ့ မတူညီတဲ့ စွမ်းအားတွေနဲ့ သက်ဆိုင်နေပုံပဲ။ ကြည့်ရတာ အရာအားလုံးက လျှို့ဝှက်ဆက်စပ်နေပုံရတယ်။” အင်ပါယာနန်က ခပ်တိုးတိုးပြောလိုက်သည်။
ထိုအခိုက်တွင် စီဝေ့ဘုံမှ တန်ခိုးရှင်များ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။ သူတို့သည် ဘုံတစ်ခွင်လုံးမှ အပြောင်းအလဲများကို မြင်တွေ့ရသည့်အခါ အထိတ်တလန့် ဖြစ်သွားခဲ့ကြပေသည်။
မြေပြင်က ပြိုကျပြီး အက်ကြောင်းများက အပြင်ဘက်သို့ ဖြန့်ကျက်လာသည်။ မြေပြင်က ကြီးမားသော အပိုင်းကြီးများအဖြစ် ကွဲထွက်လာကာ စီဝေ့ဘုံသည် ပိုင်းခြားခံလိုက်ရပြီး အစိတ်အပိုင်းများက ကောင်းကင်တွင် မျောလွင့်လာခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ။” လူအများသည် မည်သည်တို့ ဖြစ်နေသည်ကိုပင် မသိကြပေ။ တုန်ခါမှုက အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သည်။
စီဝေ့ဘုံသည် အဆင့်မြင့် တော်ဝင်ဘုံကိုးဘုံမှ တစ်ခုဖြစ်သည်။ မရေတွက်နိုင်သော သက်ရှိများနှင့် တန်ခိုးရှင်များက ထိုနေရာ၌ နေထိုင်ကြသည်။ ဤသို့သော ထိတ်လန့်မှုမျိုးက ကြောက်မက်ဖွယ် ခံစားချက်အဖြစ် ပေါင်းစည်းသွားသည်။ ဝေးကွာလှသော နေရာ၌ ရှိနေသော အင်ပါယာရှင်းကျောင်းတော် ရှိရာဘက်မှ ထိပ်သီးတန်ခိုးရှင်များသည်လည်း ၎င်းကို ခံစားမိကြပေသည်။
အင်ပါယာနန်၊ သောမျိုးနွယ်စုခေါင်းဆောင်နှင့် အခြားတန်ခိုးရှင်များသည် ကောင်းကင်သို့ ခုန်တက်သွားကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာပြီး ကျယ်ပြောသည့် လေဟာနယ်ကို လွှမ်းခြုံသွားရင်း သူတို့က ပြောလိုက်သည်။ “စီဝေ့ဘုံက ပြိုကျတော့မယ်။ တန်ခိုးရှင်အားလုံးက ကောင်းကင်ကို တက်လာကြ။”
“ကျုပ်တို့ ဒါကို ဘယ်လိုရင်ဆိုင်ကြမလဲ။” သောမျိုးနွယ်စု ခေါင်းဆောင်က မေးလိုက်သည်။
“စီဝေ့ဘုံမှာ တန်ခိုးရှင်တွေ အပြည့်ပဲ။ သူတို့ ဘုံမျက်နှာပြင်က အပြောင်းအလဲတွေကို မြင်တွေ့တဲ့အခါ ဘာလုပ်ရမလဲဆိုတာ သိသင့်တယ်။ ဒါပေမယ့် ကျင့်ကြံခြင်းသာမန်လူတွေကတော့ သူတို့ရဲ့ အဆုံးသတ်နဲ့ တွေ့ကြရလိမ့်မယ်။” အင်ပါယာနန်က ပူဆွေးကာ ပြောလိုက်သည်။ သူက အေးစက်နေသော မျက်လုံးများနှင့် အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်ကို ကြည့်လိုက်သည်။
ထို့နောက်တွင် ကောင်းကင်တစ်ခွင်၌ ဗုဒ္ဓ၏ အသံများ ပျံ့လွင့်လာသည်။ တောင်တန်းဘုံမှ ရှေးဟောင်းရဟန်းတစ်ပါးက လက်အုပ်ချီထားလျက် ဆင်းသက်လာကာ သူ့မျက်နှာထက်တွင် တင်းမာခက်ထန်သော အမူအရာရှိနေသည်။ စီဝေ့ဘုံ၏ အခြေအနေကို ခံစားမိပြီး သူက ပြောလိုက်သည်။ “အင်ပါယာရှင်းကျောင်းတော်ရဲ့ နန်းတော်သခင်က ဒီလိုပြုမူတဲ့အတွက် အကျိုးဆက်ကို ခံရလိမ့်မယ်။”
အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်က ထိုရဟန်းကို မော့ကြည့်လိုက်သည်။ ထိုသည်မှာ ဆရာတော်ပုတောက် ဖြစ်လေသည်။ သူက ပြန်ပြောလိုက်၏။ “ကျုပ်က ကံကြမ္မာကိုပဲ ယုံတာ။ အကျိုးအပြစ်ကို မဟုတ်ဘူး။”
ယခု သူက သူ၏ ကံကြမ္မာအား ပြောင်းလဲချင်နေသည်။
လောကရှိ အပြောင်းအလဲများက အခွင့်အရေးပင် ဖြစ်သည်။ အင်ပါယာရှင်းကျောင်းတော်တွင် ရှေးခေတ်အခါမှ ဒဏ္ဍာရီများ ရှိခဲ့သည်။ ထို့ကြောင့် သူက ရှေးခေတ်ဒဏ္ဍာရီများက မှန်မမှန် ဤတားမြစ်ဂိတ်တံခါးကို ဖွင့်ကြည့်ချင်ခဲ့ခြင်း ဖြစ်သည်။
ဆရာတော်ပုတောက်က ဓမ္မစာများ ရွတ်ဆိုနေခဲ့သည်။ သူ့ကို ဗုဒ္ဓအလင်းရောင်နှင့် မေတ္တာတရား၏ အငွေ့အသက်တို့က လွှမ်းခြုံနေသည်။
မှော်နက်လောကမှ တန်ခိုးရှင်များသည် မဟာလမ်းစဥ်ဘုံသုံးထောင်အား ဖျက်ဆီးပစ်ခဲ့သည်။ မူလဘုံ၏ ဒေသခံအင်အားစုတစ်ခုအနေနှင့် အင်ပါယာရှင်းကျောင်းတော်သည်လည်း ထိုတားမြစ်ဂိတ်တံခါးကို ဖွင့်ရန် ကြိုးစားခဲ့သည်။ ၎င်းက သူတို့ကို မလွဲဧကန် ဒုက္ခဖြစ်စေပေလိမ့်မည်။
ကြောက်မက်ဖွယ် နတ်အလင်းတို့က အောက်ဘက်မှ ပေါက်ကွဲထွက်လာနေသည်။ လူအုပ်ကြီးသည် အက်ကြောင်းများက ကြီးသထက် ကြီးလာသည်ကို မြင်လိုက်ကြရ၏။ တဖြေးဖြေးနှင့် ဘုံတစ်ခွင်လုံးက အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။
ဘုန်း...
ကျယ်လောင်ကာ ပြင်းထန်လှသော တုန်ခါသံကို ကြားလိုက်ကြရသည်။ ကောင်းကင်ထက်မှ လူများက ထိုနေရာ၌ ရပ်ကာ စောင့်ကြည့်နေခဲ့ကြ၏။ တောက်ပသော ကြယ်အလင်းများ၏ အောက်တွင် ကြီးမားသော ကျောက်တုံးကြီးများက သူတို့ထံ ပျံသန်းလာနေသည်။ သို့သော် ကျောက်တုံးကြီးများက တန်ခိုးရှင်များရှေ့သို့ မရောက်ခင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေသည်။
စီဝေ့ဘုံတစ်ခုလုံးက အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပေသည်။ စီဝေ့ဘုံမှ မရေတွက်နိုင်သော ကျင့်ကြံသူများက ငိုကြွေးလုနီးပါးပင်။
ရီဖူရှင်းက အောက်ဘက်သို့ စိုက်ကြည့်နေခဲ့သည်။ ကြီးမားသော ကျောက်တုံးကြီးများ၏ အရွယ်အစားက တောင်တစ်လုံးကဲ့သို့ပင်ဖြစ်ကာ သူ့ထံသို့ တိုးဝင်လာသည်။ သို့သော် ၎င်းတို့ သူ့ထံ ချဥ်းကပ်လာသည့်အခါ မဟာလမ်းစဥ် စွမ်းအားများကြောင့် အပိုင်းအစများအဖြစ် ဖျက်ဆီးခံရပြီး ပြိုကွဲသွားခဲ့သည်။ သူက အောက်သို့ ငုံ့ကြည့်ကာ တိတ်တိန်လေး သက်ပြင်းချလိုက်သည်။ ဤတစ်ကြိမ် ပျက်စီးခြင်းက သဏ္ဌာန်မဲ့ဘုံမှာ ဖြစ်ခဲ့သည်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းပေသည်။
အဆင့်မြင့်ဘုံကိုးဘုံအကြားတွင် စီဝေ့ဘုံက လျှို့ဝှက်နယ်မြေဘုံ၏ ခြေရာကို လိုက်ရန် အဖြစ်နိုင်ဆုံးဖြစ်သည်။ ၎င်းက ပျက်စီးခြင်းနှင့် အဆုံးသတ်ရပေလိမ့်မည်။
ဤကြောက်မက်ဖွယ် ဖြစ်စဥ်က အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ လူအုပ်ကြီးက ကောင်းကင်ထက်၌ ရပ်နေခဲ့၏။ သို့သော် သူတို့က ကျယ်ပြောသော လေဟာနယ်တစ်ခုအတွင်း ရပ်နေသလို ထင်မှတ်ရပြီး ဘုံတစ်ခု၏ အထက်၌ မဟုတ်တော့ပေ။ သူတို့အနီးတွင် မရေတွက်နိုင်သော ကျောက်တုံးကြီးများက မျောလွင့်နေသည်။ အဝေးမှ ကုန်းမြေက ကြီးမားသော အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားကာ မတူညီသော နေရာများသို့ ရွေ့လျားသွားသည်။
သူတို့အောက်၌ မျက်စိကျိန်းလောက်ဖွယ် အလင်းတန်းများ ထိုးထွက်လာ၏။ ကြယ်အလင်းရောင်များက အဆုံးမဲ့လေဟာနယ်မှ ကျဆင်းလာပြီး အလင်းများက ရောယှက်နေခဲ့သည်။
မြေအောက်နန်းတော်က ထိုမျှ ကြီးမားသည်လား။
လူအုပ်ကြီးသည် သူတို့၏ နှလုံးသားများက ခုန်ပေါက်နေသည်ကို ခံစားမိကြပေသည်။ ထိပ်သီးပုဂ္ဂိုလ်ကြီးများ၏ နှလုံးသားများသည်ပင် တုန်ယင်နေခဲ့သည်။
၎င်းက အလွန် ကြီးမားလှသည်။ စီဝေ့ဘုံတစ်ခုလုံးကိုပင် ကွဲထွက်ပျက်စီးသွားစေသော မြေအောက်နန်းတော်က အဆုံးမဲ့ကြီးမားလှ၏။
ဤသည်က အမှန်တကယ် မြေအောက်နန်းတော်ပေလား။
ဖြစ်နိုင်သည်မှာ ယခင်က လူအများသည် ရေခဲစိုင်၏ ထိပ်ဖျားကိုသာ မြင်ဖူးခြင်း ဖြစ်နိုင်သည်။
“မြေအောက်နန်းတော်က ဒီလောက်တောင် ကြီးတာလား။” သောမျိုးနွယ်စု ခေါင်းဆောင်က မေးလိုက်သည်။ “ခင်ဗျားတို့ရော ဘယ်လိုထင်လဲ။”
ကောင်းကင်ထက်တွင် ရှိနေသော တန်ခိုးရှင်များစွာက ထွက်ပေါ်လာသော ကြီးမားသည့် အရာဝတ္ထုကြီးကို ကြည့်လိုက်ကြသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသော ကြယ်အလင်းများက ၎င်းမှ ဖြာကျလာသည်။
“ကျောက်တုံးတစ်တုံး။” ရီဖူရှင်းက ပြောလိုက်သည်။
“ကျောက်တုံးတစ်တုံးလား။” သောမျိုးနွယ်စုခေါင်းဆောင်ထံ၌ ထူးဆန်းသော အကြည့်တို့ ပေါ်ပေါက်လာကာ မေးလိုက်သည်။ မြို့တစ်မြို့ထက်ပင် ကြီးမားသော ကျောက်တုံးတစ်တုံးပေလော။
“ပုံသဏ္ဌာန်သာ ကွဲပြားရင် ကြယ်တစ်လုံးနဲ့ မတူဘူးလား။” ရီဖူရှင်းက မေးလိုက်သည်။
သူ့အနီးမှ လူများထံ၌ ထူးဆန်းသော အကြည့်တို့ ပေါ်ပေါက်လာသည်။ ဤစွမ်းအားနှင့် ၎င်းအနီးတွင် စီးဆင်းနေသော ကြယ်အလင်းရောင်ကို ကြည့်၍ ဆုံးဖြတ်လျှင် အမှန်တကယ် ကြယ်တစ်လုံးနှင့် တူပေသည်။
“ကြွေကျလာတဲ့ ကြယ်တစ်လုံးကနေ ကျန်ခဲ့တဲ့ ဥက္ကာခဲလား။” သောမျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်သည်။
“ရှေးခေတ်ကာလက ကောင်းကင်လမ်းစဥ်ကျောက်တုံးတစ်ခု ဖြစ်နိုင်တယ်။” ရီဖူရှင်းက ပြောလိုက်သည်။ ဤသည်မှာ သူ့အနီးမှ လူအများကို အတွေးနက်နေသည့် အမူအရာတို့ ဖြစ်ပေါ်လာစေသည်။
“ဒါတွေအားလုံးက ရိုးရှင်းတဲ့ ခန့်မှန်းချက်လေးပါပဲ။” ရီဖူရှင်းက အသံတိုးတိုးနှင့် ပြောလိုက်သည်။ “ဒီလိုသန့်စင်တဲ့ မဟာလမ်းစဥ်စွမ်းအားက နှစ်ပေါင်းများစွာကြာပြီးနောက်မှာ စီဝေ့ဘုံကို မွေးဖွားလာစေတယ်။ အဲဒါက စီဝေဘုံကို ဖန်တီးခဲ့ပြီး အခု အဲဒီစွမ်းအားတွေကပဲ ဒီဘုံကို ဖျက်ဆီးခဲ့တယ်။”
“မင်းပြောသလိုပဲ ဖြစ်နိုင်တယ်။” ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ အရှင်သခင်က ပြောလိုက်သည်။ သူသည် ရီဖူရှင်း ပြောသည်က အမှန်တရားနှင့် အတော်လေး နီးစပ်သည်ဟု ခံစားမိပေသည်။
“ဒါပေမယ့် အဲဒါက ကျောက်တုံးတစ်တုံး ဖြစ်မယ်ဆိုရင် သူတို့က ဘာလို့ ဒါကို ဖွင့်ဖို့ ကြိုးစားရတာလဲ။” သွမ့်ထျန်းရှုံက မေးလိုက်သည်။ ရီဖူရှင်းသည် ထိုစကားကို ကြားသည့်အခါ အတွေးနက်နေသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူက အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်ကို ကြည့်လိုက်သည်။ တစ်ဖက်လူက မြေပြင်သို့ ဆင်းကာ လျှောက်သွားခဲ့၏။
“အဲဒီကျောက်တုံးမှာ လျှို့ဝှက်ချက်တွေ ပါဝင်နေတာ ဖြစ်ရမယ်။” ရီဖူရှင်းက ခန့်မှန်းကြည့်လိုက်သည်။
သူတို့က ပြောနေရင်း ကောင်းကင်ထက် ပေါ်ပေါက်လာသော အံ့သြထိတ်လန့်ဖွယ် လျှပ်စီးမုန်တိုင်းကို ကြည့်လိုက်ကြသည်။ ကြောက်မက်ဖွယ် နတ်အလင်းက ကောင်းကင်မှ ဆင်းသက်လာပြီး ကြီးမားသော ကျောက်တုံးကြီးကို ရိုက်ခတ်လိုက်သည်။ သို့သော် လေထဲတွင် မျောလွင့်နေသည့် ထိုကြီးမားသော ကျောက်တုံးကြီးက အနည်းငယ်မျှပင် မရွေ့လျားခဲ့ပေ။ ထိပ်သီးပုဂ္ဂိုလ်များ၏ တိုက်ခိုက်မှုသည်ပင် ၎င်းကို ရွေ့လျားအောင် မလုပ်နိုင်ခဲ့ချေ။
ဤသည်က အမှန်တကယ် ကျောက်တုံးတစ်တုံး ဖြစ်ခဲ့လျှင် ထိုကျောက်တုံးကိုယ်တိုင်က အဖိုးတန်သော နတ်ရတနာတစ်ခု ဖြစ်ပေလိမ့်မည်။
***