← Chapters

အိပ်မက်ထဲမှာ ကျင့်ကြံမနေနဲ့

Vol. 1 Ch. 5

အိပ်မက်ထဲမှာ ကျင့်ကြံမနေနဲ့

Vol. 1 Ch. 5

ပထမဆုံး သင်ခန်းစာမှာ မြေကမ္ဘာ အင်မော်တယ် ချန်းချင် သင်ကြားသည့် မန္တန် အတန်း ဖြစ်သည်။

မြေကမ္ဘာ အင်မော်တယ် ချန်းချင်က သူ၏ သင်ခန်းစာကို ရွှင်မြူး တက်ကြွစွာဖြင့် သင်ကြား ပို့ချနေသည်။ သင်ရိုးတွင် ပါရှိသည့် အဆင့်မြင့်ပြီး လက်ရာမြောက်သည့် မန္တန်များကို လက်တွေ့သရုပ်ဖော် ပြသနေသည်။

စင်အောက်တွင်တော့ ကျောင်းသားများက စိတ်အား ထက်သန်မှု အပြည့်ဖြင့် နားထောင်ကြသဖြင့် အကျိုးကျေးဇူး များစွာ ရရှိကြသည်။

သေချာတာပေါ့။ ထိုအထဲတွင် အန်လင်း မပါပါ။

မြေကမ္ဘာ အင်မော်တယ် ချန်းချင်၏ သင်ခန်းစာများကို စိတ်ပါလက်ပါ နားထောင်နေသော်လည်း အန်လင်းမှာ ကောင်းကင်ဘုံမှ ကျလာသည့် စာအုပ်တစ်အုပ်ကို ဖတ်ရှု နေရသကဲ့သို့ ခံစားရသည်။ (နားမလည်နိုင်သည့် အရာ ဟု ဆိုလိုသည်။)

ထိုသည်က သူက အလေးအနက် နားမထောင်ခဲ့ဟု ဆိုလိုခြင်း မဟုတ်ဘဲ သင်ခန်းစာကို တစ်လုံးမှ နားမလည်ခြင်းသာ ဖြစ်သည်။

ကမ္ဘာပေါ်က ဥပမာတစ်ခု ပေးရမည်ဆိုလျှင် အန်လင်းက မူလတန်းကျောင်း ပြီးမြောက်ပြီးသည်နှင့် နိုင်ငံအတွင်းရှိ အကောင်းဆုံး တက္ကသိုလ် ဖြစ်သည့် ဟွာချင်း တက္ကသိုလ်သို့ ပေးပို့ခြင်း ခံရပြီး ကထိကတစ်ယောက် ပို့ချသည့် အဆင့်မြင့် သင်္ချာ ဘာသာရပ်ကို နားထောင် နေရသကဲ့သို့ပင် ဖြစ်သည်။

မြေကမ္ဘာ အင်မော်တယ် ချန်းချင် ပြောဆိုသမျှ စကားလုံးတိုင်းကို အန်လင်းက နားလည်ပါသည်။ သို့ပေမဲ့လည်း ထိုစကားလုံးများကို ဝါကျတစ်ခု အသွင် ပြောင်းလိုက်ပါက ဘာကို ဆိုလိုသည်ကို နားမလည် နိုင်တော့ပါ။

"စူးရှနေရောင် လမ်းကြောင်းက နွယ်ပင်စိမ်း ဆက်ကြောင်းနဲ့ ချိတ်ဆက်နေတာကို လူတိုင်းသိပြီးသား ဖြစ်တယ် ... ချီကိုးခု လှည့်ပတ် သိပ်သည်းစေခြင်း မန္တန်နဲ့ အရေးပါတဲ့ စွမ်းအင်တွေကို ဆွဲထုတ်ယူခြင်းက ကောင်းကင်ဘုံရဲ့ အနှစ်သာရကို ရရှိလာစေနိုင်တယ် ... ဒါတင်မကဘူး လေထဲမှာ စွမ်းအင်တွေကို စုစည်းပြီး သဟဇာတ ဖြစ်လာစေနိုင်ပြီ ဆိုတာနဲ့ ငြိမ်သက်ကွင်း နည်းစဉ်ကို အသုံးပြုနိုင်ပြီ ဖြစ်တယ် ... အဲဒါတွေကို ပြီးမြောက်စေမယ် ဆိုရင်တော့ ထျန်းဟွာ ပုံသေနည်းကို အသုံးပြုပြီး မီးတောက်မန္တန်ရဲ့ ကြာမြင့်ချိန်ကို လျှော့ချ နိုင်လာလိမ့်မယ် ..." မြေကမ္ဘာ အင်မော်တယ် ချန်းချင်က မနှေးမမြန်သည့် အနေအထားဖြင့် ပြောကြားနေသည်။

ကျောင်းသားများသည် နားလည် သဘောပေါက်သည့် အသိအမြင် ပေါ်ထွက်လာပြီး သဘော တူညီစွာဖြင့် အပြင်းအထန် ခေါင်းညိတ်ကြသည်။

အန်လင်း : "…"

အားနည်းသည့် လူတစ်ယောက် ဖြစ်သည်ကြောင့် အန်လင်းက ရူးသွပ်လုနီးနီး လေ့လာဖို့ ကြံရွယ်ထားပြီး သူ၏ ထက်မြက်လှသည့် ဉာဏ်ရည်ဖြင့် ပါရမီရှင်များကို ချေမှုန်းဖို့ရာ စီစဉ်ထားသည်။ စားပွဲများကို မှောက်ပစ်နိုင်သည့် အားနည်းသူ တစ်ယောက် ဖြစ်လာနိုင်ဖို့ရာ ရည်မှန်းထားသည်။

သို့သော်လည်း လက်တွေ့ဘဝက ရက်စက်သည်။ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အခြေခံအသိ ဗလာနတ္ထိ လူတစ်ယောက်သည် စာသင်ခန်းထဲတွင် ငေးတိငေးငိုင်ဖြင့် ထိုင်နေရုံသာ တတ်နိုင်သည်။

မြေကမ္ဘာ အင်မော်တယ် ချန်းချင်၏ ရှင်းပြချက်များက သွက်လက်ပြီး ထင်သာမြင်သာ ရှိလှသည်မှာ ရှုပ်ထွေးသည့် အရာများကို ရိုးရှင်းသော အသုံးအနှုန်းများဖြင့် ရှင်းလင်း ဖော်ပြသောကြောင့် ဖြစ်သည်။

ထို့ကြောင့် မန္တန်နှင့် ပတ်သက်ပြီး အခြေခံအသိ ရှိနှင့်ပြီးသားဖြစ်သည့် တန်းခွဲ ၁ မှ ကျောင်းသားများအတွက် ထိုရှင်းလင်းချက်များက အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေသည်။

အန်လင်းလို အခြေခံအသိ ဗလာနတ္ထိနှင့် အရူးတစ်ယောက် အတွက်ကတော့ မြေကမ္ဘာအင်မော်တယ် ချန်းချင် ပြောပြသမျှသည် ကောင်းကင်ဘုံမှ ကျလာသည့် စာအုပ် တစ်အုပ်သာ။

'ချန်းချင် အမှတ်တံဆိပ် အိပ်ဆေးလုံး' ၏ ပြင်းထန်သည့် သက်ရောက်မှု အောက်တွင် စာမလိုက်နိုင်သည့် ကျောင်းသား အန်လင်းတစ်ယောက် တဖြည်းဖြည်း ငိုက်မျဉ်းလာသည်။

အဆုံးတွင်တော့ အိပ်ပျော် သွားတော့သည် ...

ထို့နောက် အန်လင်းက အိပ်မက်မက်ခဲ့သည်။

သူက ကြီးမြတ်သည့် စစ်နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ပြီး မရေမတွက် နိုင်လောက်သည့် နတ်မိမယ်လေးများ၏ ချစ်ခင်နှစ်သက်မှုကို ခံရသည့်အကြောင်း အိပ်မက်မက်ခဲ့သည်။

ရွှမ်ယွမ်ချန်က သူ့လက်အောက်ခံ ဖြစ်လာခဲ့ပြီး သူ့အား 'အစ်ကိုကြီး အန်' ဟု ခေါ်သည်။

ထို့အပြင် စုချန်းရန်၏ နှလုံးသားကို အပိုင်ရရှိထားပြီး စုချန်းရန်က သူနှင့် တွေ့ဆုံတိုင်း သူမ၏အချစ်ကို ဖွင့်ဟသည့် အနေနှင့် နှင်းဆီပွင့် ၉၉ ပွင့်ကို လက်ဆောင်ပေးအပ်သည်။

သို့ပေမဲ့လည်း အန်လင်းက သူမ၏ ခံစားချက်များကို လက်ခံရန် မဖြစ်နိုင်ချေ။ သူ့ပခုံးပေါ်တွင် ကမ္ဘာကြီးကို ကာကွယ်ရမည့် လေးလံသည့် တာဝန် ဝတ္တရားများကို ထမ်းပိုးထားရသည်။ ထို့ကြောင့် သူ့၏ ကိုယ်ရေးကိုယ်တာ ခံစားချက်များကို ဘေးဖယ် ထားဖို့ရာသာ တတ်နိုင်သည်။

ကြည့်လိုက်စမ်း ... နတ်ဆိုး အင်အားစုတွေက ကိုးပြည်ထောင်ကို စတင်ပြီး ထပ်မံ ကျူးကျော်ဖို့ ပြင်နေကြတာ မဟုတ်လား။

နတ်ဆိုးလောက၏ ဧကရာဇ်မှာ အတော်လေး စွမ်းအားကြီးမားသည်။ ကောင်းကင်ဘုံ ပိုင်နက်ရှိ နတ်ဘုရားများနှင့် အင်မော်တယ် အားလုံးသည် နတ်ဆိုး ဧကရာဇ်အား မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ကြောက်ရွံ့ စိုးရိမ်စိတ်များ ပြည့်လာကြပြီး မည်သူ တစ်ဦးတစ်ယောက် ကမျှ ထိုဧကရာဇ်၏ ပြိုင်ဘက် ဖြစ်ဖို့ရာ အစွမ်းသတ္တိ မရှိကြချေ။

ထိုအချိန်တွင် စစ်နတ်ဘုရား အန်လင်း က မတ်တတ်ရပ်လိုက်သည်။

"ဘွားဟားဟားဟား ... မင်းက ကောင်းကင်ဘုံပိုင်နက်ရဲ့ အရက်စက်ဆုံးသော စစ်သူကြီး ကြီးမြတ်ပါတယ် ဆိုတဲ့ စစ်နတ်ဘုရား အန်လင်းလား ..." နတ်ဆိုးဧကရာဇ်ရဲ့ အသံမှာ ပဲ့တင်ခတ်ပြီး ကောင်းကင်ဘုံ တစ်ခုလုံး ဖုံးလွှမ်းသွားသည်။

"အမှန်ပဲ ... အဲဒါ ငါလေ ... မင်းရဲ့ သေဆုံးခြင်းကို လက်ခံလိုက်စမ်း နတ်ဆိုးဧကရာဇ် ..." အန်လင်းက အော်ဟစ်ကာ နတ်ဆိုးဧကရာဇ်ကို ပစ်တိုက်လိုက်သည်။ စစ်ပွဲက ကောင်းကင်နှင့် မြေပြင်အကြား စတင်တော့သည်။

"အိုး ... မင်းက အရမ်းသန်မာတာပဲ ... ဒါပေမဲ့ ဘာလို့များ ငါ့စာသင်ချိန်မှာ အိပ်မက်ယောင်ပြီး စကားတွေ ပြောနေရတာတုန်း ..." နတ်ဆိုးဧကရာဇ်က စိတ်ပျက်လက်ပျက် အော်နေသည်။

"မင်းဘာတွေ ပြောနေတာလဲ ... ငါက ဒီကမ္ဘာကြီးကို ကာကွယ်နေတာ ..." အန်လင်းက အော်လိုက်သည်။ နတ်ဆိုးဧကရာဇ်က ဘယ်လို အဓိပ္ပာယ်မဲ့တဲ့ စကားတွေကို ရေရွတ်နေမှန်း သူမသိချေ။

နတ်ဆိုးဧကရာဇ်က ဒေါသတကြီး အော်လိုက်ပြီး "ထစမ်း ... ငါ့ကိုယုံ ... မင်းကို စာသင်ခန်း အပြင်ကို လွှင့်ပစ်မယ် ..."

အန်လင်းသည်လည်း ဒေါသထွက်လာပြီး "သောက်အဓိပ္ပာယ် မရှိတာတွေ ပြောနေတာ ရပ်လိုက်ပြီး ငါ့လက်သီးကို မြည်းလိုက်စမ်း ..."

အန်လင်းက လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး မျှော်လင့် မထားသည်မှာ နတ်ဆိုးဧကရာဇ်၏ လက်သီးက ပိုကြီးပြီး ပိုသန်မာသည်ကိုပင်။

ထိုလက်သီးချက်က အန်လင်းအား ခေါင်းထဲတွင် ချာချာလည်ပြီး ပြင်းထန်စွာ နာကျင်စေသည့် အပြင် နာကျင်မှုကြောင့် အော်ဟစ် လာစေသည်။

"အိုး ... နာတယ်ဟ ..." အန်လင်းက နိုးလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဪ ... အိပ်မက်လား။ အန်လင်းက ချွေးများ စိုရွှဲနေတော့သည်။

သူ့မျက်လုံးကို ခက်ခက်ခဲခဲ ဖွင့်လိုက်ပြီးနောက် အခြားကျောင်းသား အားလုံးက ထူးဆန်းသည့် အကြည့်နှင့် ဝိုင်းကြည့်နေကြပြီး တချို့ဆိုလျှင် သူတို့၏ ရယ်ချင်စိတ်များကို ထိန်းချုပ် မထားနိုင်သည်ကို တွေ့လိုက်ရသည်။

နာကျင်နေသည့် ခေါင်းကို ပွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို စိုးရိမ်စိတ်များ ဝင်ရောက်လာသည်။

အန်လင်းက ခေါင်းမော့ ကြည့်လိုက်ပြီးနောက်တွင် ကျက်သရေရှိသည့် အမျိုးသမီး တစ်ယောက်က သူ့ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမက သင်ကြားရေးဇယားကို လက်တွင်ကိုင်ထားပြီး အန်လင်းကို ဒေါသကြီးစွာ ကြည့်နေသည်။

"ဟမ် ... ဆရာက သက်လတ်ပိုင်း အမျိုးသားတစ်ယောက် မဟုတ်တော့ဘူးလားဟ ... ရုတ်တရက်ကြီး ဘာလို့ လှပတဲ့ အစ်မကြီးလဲ ..." အန်လင်းသည် သူ့အတွေးများကို မတော်တဆ ထုတ်ပြောမိသွားသည်။

သူ့ပါးစပ်မှ ထိုစကားများ ထွက်လာသည်နှင့် စာသင်ခန်း တစ်ခုလုံးမှာ ဝါးလုံးကွဲ ရယ်မောကြပြန်သည်။

အန်လင်း နံဘေးတွင်တော့ စုရှောင်လန်က သူမ၏ ခေါင်းကို လက်ဖြင့် ကိုင်ထားပြီး မျက်နှာကို တစ်ဖက်လှည့်နေသည်။ သူမက သူနှင့် ရင်းနှီးသည်ဟု တခြားသူများ မထင်စေလိုပေ။

"အိုး ... မောင်ငယ်လေးက အပြောကောင်းတဲ့ သူတစ်ယောက်ပါလား ..." အမျိုးသမီးက သူ့အား ကြည့်လိုက်ပြီး အပြုံးတုတစ်ခု ပြုံးပြလိုက်သည်။

အန်လင်းက ရုတ်တရက် ဆိုသလို ထိတ်လန့်သွားသည်။ ထိုအခါမှ အသိပြန်ဝင်လာပြီး သူက မရည်ရွယ်ဘဲနှင့် ပြောထွက်သွားသည်ကို သတိရလိုက်သည်။

အန်လင်းက နောက်တစ်ကြိမ် ပါးစပ်ကို ဖွင့်ဟပြီး မတောင်းပန်ခင် မှာပင် သူ့ခေါင်းကို အားပြင်းပြင်းနှင့် ရိုက်လိုက်သည်ကို ခံစားရလိုက်ပြန်သည်။

တလက်လက် တောက်ပနေသည့် ကြယ်လေးများက သူ့အား နောက်တစ်ကြိမ် လှည့်ပတ်နေပြီး သူ့ခေါင်းပေါ်တွင် ဘုသီး နောက်တစ်ခု ထွက်လာပြန်သည်။

"မှတ်ထား ... နောက်တစ်ခါ ငါ့စာသင်ချိန်မှာ အိပ်မက်ယောင်ပြီး စကားပြောနေမယ် ဆိုရင် စာသင်ခန်းထဲ ကနေ ချက်ချင်းအပြင်ကို မောင်းထုတ်ပစ်မယ် ..." ထိုကျက်သရေ ရှိသည့် အမျိုးသမီးက ခြိမ်းခြောက်သည်။

ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအား တစ်ခုခုက သူမပတ်လည်တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး အန်လင်းအား ဖုံးလွှမ်းသွားသည်မှာ သူ့တစ်ကိုယ်လုံးပင် တုန်ယင်နေတော့သည်။

"ကျွန်တော် နောက်တစ်ကြိမ် အဲလို ထပ်မလုပ်တော့ပါဘူးလို့ ကျိန်ဆိုပါတယ် ဆရာမ ..." အန်လင်းက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။

အနှောင့်အယှက် အသေးလေးက လျင်မြန်စွာ ငြိမ်းသတ်သွားပြီးနောက် ဆရာမက သူမ၏ သင်ခန်းစာကို ဆက်လက်ပို့ချသည်။ ကျောင်းသားများသည်လျှင် အလျင်အမြန်ပင် ပုံမှန်အနေအထားသို့ ရောက်ရှိကာ သင်ခန်းစာကို အာရုံစိုက်ပြီး နားထောင်ကြသည်။

"ဟေ့ ... ဟေ့ ... စုရှောင်လန် ...အခု ဘာတွေ ဖြစ်နေတာတုန်း ..." အန်လင်းက စုရှောင်လန်ကို လှည့်မေးသည်။

သူမတွင် ရွေးချယ်စရာ ရှိမည်ဆိုပါက အန်လင်းအား လျစ်လျူရှုဖို့ ကြိုးစားမည်ဖြစ်သည်။

သို့ပေမဲ့လည်း အန်လင်းက သူ၏ သနားကရုဏာ သက်စရာ မျက်ဝန်းကြီးများဖြင့် သူမအား ကြည့်လာသောအခါ ရွေးချယ်စရာ မရှိတော့ဘဲ ပြန်ဖြေရတော့သည်။ "နင်က သင်ခန်းစာ ဘယ်နှချိန်လောက် အိပ်ပျော်နေခဲ့တယ်လို့ ထင်သလဲ ..."

"နှစ်ချိန် ..." အန်လင်းက သိပ်တော့ မသေချာပေ။

သက်လတ်ပိုင်း အရွယ် အမျိုးသား ဆရာမှ စင်မြင့်တွင် လတ်တလော ရပ်နေသော လှပသည့် အမျိုးသမီးအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ထို့ကြောင့် သင်ကြားချိန် ၂ ချိန်သာ အိပ်ပျော် သွားသည်သာ ဖြစ်မည်။

"မဟုတ်ဘူး ... နင်အိပ်ပျော်နေတာ ၄ ချိန် နီးနီးပဲ ... ဒီတစ်ခုက နောက်ဆုံးအချိန် ..." စုရှောင်လန်က ဆူပူလိုက်သည်။

"ဘုရားရေ ..." အန်လင်းမှာ ပါးစပ် အဟောင်းသားနှင့် ကျန်ခဲ့သည်။

ငါက တစ်မနက်ခင်းလုံး အိပ်ပျော်နေခဲ့တာပေါ့ ... ဘယ်တုန်းက အဲလောက်အထိ အိပ်နိုင်သွားတာလား။

အန်လင်း တွေးထင်လိုက်သည်မှာ မနေ့ညက တရားထိုင်ရင်း အသက် ရှူထုတ်နည်းကို ပြုလုပ်လိုက်သဖြင့် ထိုမျှ ပင်ပန်းသွားခြင်းကြောင့် ဖြစ်မည်ဟု။

"နင်သာ တိတ်တိတ်ဆိတ်ဆိတ် အိပ်ပျော်နေမယ် ဆိုရင် ဆရာတွေက နင့်ကို ဒီအတိုင်း မမြင်ချင် ယောင်ဆောင် နေပေးမှာ ..." စုရှောင်လန်က တီးတိုးပြောသည်။ "ဒါပေမဲ့ နင်က အိပ်မက်ယောင်ပြီး စကားပြောနေတဲ့ အပြင် အသံကလည်း အကျယ်ကြီးပဲ ... အဲတော့ ကျောင်းသား တော်တော်များများက နင့်ရဲ့ စကားတွေကို ကြားသွားရောပေါ့ ..." စုရှောင်လန်က အန်လင်းကို ကရုဏာသက်စွာ ကြည့်လိုက်သည်။

အန်လင်းက ဆိုးဆိုးရွားရွား ခံစားရပြီး "အဲတော့ ငါက ဘာတွေ ပြောခဲ့တာတုန်း ..."

စုရှောင်လန်က သူမရဲ့ မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး တခစ်ခစ် ရယ်မောကာ တစ်စုံတစ်ခုကို ပြန်တွေးနေပုံ ပေါ်သည်။

ခဏမျှ ရယ်မောပြီးနောက် သူက အန်လင်းနှင့် ဆရာမရဲ့ လေသံကို အတုခိုးပြီး ...

"မင်းရဲ့ သေဆုံးခြင်းကို လက်ခံလိုက်တော့ နတ်ဆိုးဧကရာဇ် ..."

"အဲဒီကျောင်းသားက ဘယ်သူလဲ ... သူက စာသင်ချိန်မှာ တကယ်ပဲ အိပ်မက်ယောင်ပြီး  စကားပြောနေတာလား ..."

"မင်းဘာတွေ ပြောနေတာတုန်း ... ငါက ကမ္ဘာကြီးကို ကာကွယ်နေတာကွ ..."

"ထစမ်း ... နင်မထဘူး ဆိုရင် စာသင်ခန်းထဲကနေ မောင်းထုတ်ပစ်မယ် ..."

"အဓိပ္ပာယ် မရှိတာတွေ ပြောနေတာ ရပ်လိုက်စမ်း ... ငါ့လက်သီးကို မြည်းကြည့်လိုက် ..."

***

"အဲဒါပဲ ... အဲဒီ ဂန္ထဝင် စကားပြောခန်းလည်း ပြီးရော နင်အရိုက် ခံရတော့တာပဲ ..."

စုရှောင်လန်က သူ့မျက်လုံးကို စွေကြည့်လိုက်ပြီးနောက် အန်လင်း၏ ခေါင်းပေါ်ရှိ ဘုသီးအကြီးကြီး နှစ်ခုကို မြင်သည့်အခါ သူမမျက်ခုံးများ တွန့်သွားသည်။ သူ့ကိုပိုပြီး မနာကျင် စေချင်တာကြောင့် သူမ၏ ရယ်သံကို အတင်း ချုပ်ထိန်းလိုက်ရသည်။

နောက်ဆုံးတော့ အန်လင်းက သူ ဘယ်လောက်တောင် ကရုဏာ သက်စရာ ကောင်းသည်ကို သိလိုက်ရသည်။ ထိုင်ခုံတွင် တွေတွေကြီး ထိုင်နေပြီး အော်ငိုချင်စိတ်များပင် ပေါက်လာသည်။

သူ့ကိုသူ အဆင့်အတန်းနှင့် ဂုဏ်သတင်း တဖြည်းဖြည်း ကင်းမဲ့လာသူဟု ဖော်ပြရန် အတော်လေး သင့်တော်သည်ဟု ခံစားနေရသည်။

အတန်း တစ်တန်းလုံး ရှေ့မှာ အိပ်မက်ယောင်ပြီး စကားပြောနေတယ် ဆိုတာ ဘယ်လိုတောင် ကိုးရိုးကားရား နိုင်တဲ့ အခြေအနေ ကြီးလဲလို့။

အိပ်မက်ယောင်ပြီး စကားပြောတာကို ထားပါ ... အရေးအကြီးဆုံး အချက်မှာ ထင်ယောက်ထင်မှား ဖြစ်ပြီး ပေါက်ပန်းလေးဆယ် စကားတွေ ပြောမိခဲ့ခြင်းပင်။

အား ... အရမ်းရှက်နေပြီ။

အန်လင်းက တော်တော်လေး တုန်လှုပ်နေပြီးတော့ မျက်နှာကို အုပ်ကာ တွင်းတစ်တွင်း ရှာပြီး သူ့ကိုသူ မြှုပ်နှံဖို့ ဆုတောင်းမိတော့သည်။

***

All Chapters