နတ်ဘုရားအံ့ဖွယ်တစ်ခု
Vol. 155 Ch. 2203
ကျယ်ပြောသော ကောင်းကင်တွင် တန်ခိုးရှင်များစွာ ရှိနေခဲ့သည်။ သူတို့အားလုံးက မတူညီသော နေရာများ၌ ရပ်နေခဲ့သော်လည်း အကြည့်များမှာ ကြီးမားသော ကျောက်တုံးကြီးပေါ်၌သာ ရှိနေပေသည်။
သူတို့သည် ထိုသို့ ကြီးမားသော ကျောက်တုံးမျိုး မည်သည့်အခါကမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ ကျောက်တုံး၌ ထူးခြားလှသည့် မဟာလမ်းစဥ်အရှိန်အဝါတို့ ပါဝင်နေသည်။ ၎င်းသည် အသန့်စင်ဆုံးနှင့် ရှေးအကျဆုံး မဟာလမ်းစဥ်စွမ်းအားများကို ထုတ်လွှတ်နေခဲ့၏။
ကောင်းကင်ဒေသမှ တန်ခိုးရှင်အချို့ထံ၌ နက်နဲသော အကြည့်များ ဖြစ်ပေါ်လာပေသည်။ ကောင်းကင်လမ်းစဥ်ပြိုကျပြီး ဘုံနှစ်ခု ဖြစ်တည်လာခဲ့သည်။ မူလဘုံက နက်နဲသောလောကတစ်ခု ဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာက မရေတွက်နိုင်သည့် တန်ခိုးရှင်များက ဤနေရာတွင် နတ်ရတနာများကို တူးဖော်ရန် ရောက်လာခဲ့ကြသည်။ မရေတွက်နိုင်သော ကပ်ဘေးများ ကြုံတွေခဲ့ပြီးနောက် မူလဘုံမှ တန်ဖိုးရှိသည့် ရတနာအားလုံးက ရှာဖွေတူးဖော်ခံလိုက်ရပေသည်။
သို့သော်လည်း ကြည့်ရသည်မှာ လျှို့ဝှက်ချက်အချို့က ယခုထိတိုင် ကျန်ရှိနေသည့်ပုံပင်။
ဤကျောက်တုံးကြီးမျှသာ ဖြစ်လျှင် တန်ခိုးရှင်များအတွက် အများကြီး တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ သူတို့က ကျောက်တုံးကို အသုံးပြုရန် ခွဲခြမ်းပိုင်းခြား၍ မရနိုင်သလို နောက်တစ်နေရာသို့ပင် ရွှေ့ပြောင်းမရနေပါချေ။
ဤအကြောင်းပြချက်ကြောင့် ယခင်က ထိပ်သီးပုဂ္ဂိုလ်ကြီးများက ၎င်းကို မည်သို့မှ မလုပ်ခဲ့ကြခြင်း ဖြစ်နိုင်ပေသည်။
သို့သော် ယခု သူတို့က ထိုအထဲမှ တစ်စုံတစ်ခုကို ရှာတွေ့နိုင်ပါမည်လား။
ထိုအခိုက်တွင် လူအုပ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော နတ်ကျောက်တုံးထံ လျှောက်သွားခဲ့သည်။ ဤပုဂ္ဂိုလ်မှာ အခြားမဟုတ်ဘဲ အင်ပါယာရှင်းကျောင်းတော်မှ နန်းတော်သခင် ဖြစ်လေသည်။ သူ၏ လက်ထဲတွင် တောင်ဝှေးကို ကိုင်ဆောင်ကာ သူသည် လေးနက်သည့် အမူအရာဖြင့် ကျောက်တုံးထံ ချဥ်းကပ်လာသည်။ သူ့ကို ကြယ်အလင်းများ ဝန်းရံထားပြီး တည်ကြည်လေးနက်သည့် အသွင်ကို ဆောင်နေသည်။
ဤမြင်ကွင်းသည် အင်ပါယာရှင်းကျောင်းတော်မှ နန်းတော်သခင်၏ မဟာမိတ်အင်အားစုများဖြစ်သော ရှန်ကလန်နှင့် အခြားလူများကို ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာစေသည်။ နန်းတော်သခင် ပြောသည်မှာ အမှန် ဖြစ်နိုင်သလား။
ဤတစ်ကြိမ်၌ အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်သည် ဤတားမြစ်ဂိတ်တံခါးအား ဖွင့်ရန် သူတို့ကို ပူးပေါင်းလာအောင် တက်ကြွစွာ ဖိတ်ခေါ်ခဲ့သည်။ မတိုင်ခင်က သူတို့သည် နန်းတော်သခင်က မည်သည့်အတွက်ကြောင့် ထိုသို့ လုပ်ရသနည်းဟု သံသယဝင်ခဲ့ပေသည်။ ဤနေရာ ပြိုကျပျက်စီးကာ ပျောက်ကွယ်သွားသည်နှင့် အကြီးမားဆုံး ဆုံးရှုံးရမည့်သူမှာ အင်ပါယာရှင်းသာ ဖြစ်ပေလိမ့်မည်။ နည်းလမ်းတကျ ပြောရလျှင် နန်းတော်သခင်က ထိုသို့ ဖြစ်ချင်လိမ့်မည် မဟုတ်ပေ။
အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်ထံ၌ သူတို့ကို မပြောပြခဲ့သော လျှို့ဝှက်ချက်တို့ ရှိပုံရသည်။ သူသည် စီဝေ့ဘုံအကြောင်း လျှို့ဝှက်ချက််အချို့ကို သိရှိထားခြင်း ဖြစ်ပေသည်။
ကျယ်ပြောသော ကောင်းကင်ထက်ရှိ တန်ခိုးရှင်များအားလုံးသည် အင်ပါယာရှင်းကျောင်းတော်မှ နန်းတော်သခင်ကို စူးစမ်းနေကြသည်။ ကြီးမားသော နတ်ကျောက်တုံးကြီး၏ အထက်တွင် သူ့ ပုံရိပ်က အလွန်ပင် သေးငယ်နေခဲ့၏။
ရုတ်တရက် သူ့ခန္ဓာကိုယ်မှ နတ်အလင်းများ တောက်ပလာသည်။ သူ၏ ဘယ်လက်လက်ပေါ်၌ ရှေးဟောင်းစာအုပ်တစ်အုပ် ပေါ်ပေါက်လာ၏။ စာအုပ်၏ စာရွက်အသားများက ဝါကျင့်ကျင့် ဖြစ်နေခဲ့ပြီး ၎င်း၏ ရှည်ကြာသော သမိုင်းကြောင်းကို ညွှန်ပြနေသည်။ ၎င်းသည် မရေတွက်နိုင်သော နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခြင်း ဖြစ်နိုင်သည်။ သို့သော် ထိုရှေးဟောင်းစာအုပ်ကို ဖြေးညင်းစွာ ဖွင့်လိုက်သည်နှင့် တောက်ပသော နတ်အလင်းများက ထိုစာအုပ်အတွင်းမှ ထွက်ပေါ်လာသည်။ ၎င်းသည် ကြယ်မြေပုံတစ်ခုကဲ့သို့ ကြီးမားသော အစီအရင်တစ်ခုအဖြစ် ပြောင်းလဲလာပေသည်။
“ကြည့်ရတာ အင်ပါယာရှင်းကျောင်းတော်ရဲ့ နန်းတော်သခင်မှာ တကယ်ကို လျှို့ဝှက်ချက်တချို့ ရှိနေတာပဲ။” သောမျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်သည်။ လူအများကလည်း ၎င်းကို သတိပြုမိလိုက်၏။ ယခု အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်သည် တင်းမာသော အမူအရာနှင့် ရှေးဟောင်းစာအုပ်ကို ကိုင်ဆောင်ထားသည်။ သူ့အနီးမှ မဟာလမ်းစဥ်စွမ်းအားများက စာအုပ်အတွင်းသို့ အရူးအမူး တိုးဝင်နေခဲ့သည်။ ရှေးဟောင်းစာအုပ်မှ ကြယ်မြေပုံက ဆက်လက်၍ ကျယ်ပြန့်လာနေပြီး ကြီးမားကျယ်ပြောသော လေဟာနယ်သို့ ဖြန့်ကျက်လာနေခဲ့သည်။
အလွန် လျင်မြန်စွာပင် ကြယ်မြေပုံမှ အလင်းတန်းတစ်ခု ထိုးထွက်လာကာ အဆုံးမဲ့ကြီးမားသော နတ်ကျောက်တုံးပေါ် သက်ဆင်းလာခဲ့သည်။ ထို့နောက် လူအများသည် နတ်ကျောက်တုံးပေါ်၌ အက်ကြောင်းများစွာ စတင်ထွက်ပေါ်လာပြီး တောက်ပသော ကြယ်မြေပုံတစ်ခု ဖြစ်လာသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ကြရပေသည်။
ကြယ်မြေပုံက တောက်ပသည်ထက် တောက်ပလာသည်။ ကောင်းကင်ထက်မှ အဆုံးမဲ့ ကြယ်အလင်းများ ဖြာကျလာကာ နတ်ကျောက်တုံးနှင့် ပေါင်းစည်းသွားသည်။ ထို့နောက် ပို၍ပင် တောက်ပသော နတ်အလင်းများ ဖြာကျလာ၏။ တောက်ပသော အလင်းတန်းသည် နတ်ကျောက်တုံးကို အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်တော့မလို ထင်မှတ်ရပြီး ပို၍ပင် တောက်ပလာခဲ့သည်။ တောက်ပသည့် နတ်အလင်းက နတ်ကျောက်တုံးပေါ်၌ ရေစီးကြောင်းများကဲ့သို့ ဆက်လက်စီးဆင်းနေခဲ့သည်။
ညကောင်းကင်နှင့် ဆင်တူသော အက်ကြောင်းများက ခမ်းနားထည်ဝါသော လှပမှုကို ခံစားမိစေသည်။ တန်ခိုးရှင်များသည် သူတို့ဘေးမှ လူများနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် မျက်လုံးများထဲမှ အံ့သြထိတ်လန့်မှုတို့ကို ဖုံးကွယ်မထားနိုင်ခဲ့ကြပေ။
နတ်ကျောက်တုံးက အက်ကြောင်းများနှင့် ထွင်းထုထားသလို ထင်မှတ်ရသည်။
“အဲဒါ ဝင်္ကပါအစီအရင်ပဲ။” ရီဖူရှင်းက ခပ်တိုးတိုး မှတ်ချက်ချလိုက်သည်။ “နတ်ဝင်္ကပါအစီအရင်တောင် ဖြစ်နိုင်တယ်။”
“နတ်ဝင်္ကပါအစီအရင်ကို ဒီကျောက်တုံးပေါ်မှာ ထွင်းထုထားတာလား။” တစ်စုံတစ်ယောက်က မေးလိုက်သည်။ သူတို့က အံ့အားသင့်ထိတ်လန့်နေကြ၏။ ဤသို့ ကြီးမားသော နတ်ကျောက်တုံးက နတ်ဝင်္ကပါအစီအရင်နှင့် လွှမ်းခြုံခံထားရလျှင် ထိုဝင်္ကပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
ထိုသည်က မည်သို့သော ဝင်္ကပါအစီအရင်မျိုး ဖြစ်သနည်း။
လူအများက ရုတ်တရက် သိချင်လာကြပေသည်။ ဤဝင်္ကပါအစီအရင်က အန္တရာယ်များလျှင် ကျယ်ပြောသော လေဟာနယ်ကို သက်ရောက်စေပေလိမ့်မည်။
အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်က သူ၏ လုပ်နေသည့်အရာကို ရပ်တန့်လိုက်သည်။ ကောင်းကင်မှ မျက်စိကျိန်းလောက်ဖွယ် အလင်းတန်း ကျဆင်းလာ၏။ ကြောက်မက်ဖွယ် အလင်းလှိုင်းများက နတ်ကျောက်တုံးပေါ် ဖြန့်ကျက်နေပေသည်။ ပိုမိုများပြားသော အက်ကြောင်းများ ပေါ်ပေါက်လာပြီး ၎င်းတို့မှ တောက်ပသော ကြယ်အလင်းတို့ ဖြာထွက်နေခဲ့သည်။
ရီဖူရှင်းက မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး နတ်ကျောက်တု အောက်ဘက်သို့ စိုက်ကြည့်လိုက်၏။ နတ်ကျောက်တုံးမှ စိမ့်ထွက်လာသော အလင်းများက မည်သည်တို့ ဖြစ်နိုင်သနည်း။
ဤနတ်ကျောက်တုံးက ကျိုးပဲ့သွားတော့မည်လား။
သို့ဆိုလျှင် ထိုကြီးမားလှသော နတ်ကျောက်တုံးအတွင်း မည်သည့်အရာကို မြှုပ်နှံထားသနည်း။
“ဒီနတ်ကျောက်တုံးက ချိပ်ပိတ်ခံထားရတာလား။” အခြားတန်ခိုးရှင်များက မေးလိုက်သည်။ သူတို့ထံ၌ အချို့သော ခန့်မှန်းချက်များ ရှိနေခဲ့သည်။ အကယ်၍ ဤနတ်ကျောက်တုံးက ချိပ်ပိတ်ထားသော အရာဝတ္ထုတစ်ခု ဖြစ်ခဲ့လျှင် ၎င်း၏ အတွင်း၌ မည်သည့် နတ်ရတနာကို ချိပ်ပိတ်ထားပါသနည်း။
၎င်းက ထိုမျှကြောက်မက်ဖွယ် နတ်ဝင်္ကပါအစီအရင်တစ်ခု ဖြစ်သည်။ ထိုသည်က ချိပ်ပိတ်ခြင်းနတ်အစီအရင်တစ်ခုဖြစ်နိုင်သလား။ ဤကြယ်မြေပုံသည် ချိပ်စည်းကို ဖွင့်လှစ်ရန် သော့ချက် ဖြစ်ရပေမည်။ ကောင်းကင်ထက်တွင် ရှိနေသော ထိပ်သီးကျင့်ကြံသူများက အကြမ်းဖျင်း စတင်ခန့်မှန်းလာကြသည်။ သူတို့ ခန့်မှန်းသည့်အတိုင်း ဖြစ်လျှင် ကျောက်တုံးအတွင်း ချိပ်ပိတ်ခံထားရသည့် ရတနာက အလွန် ထူးခြားပေလိမ့်မည်။
မဟုတ်လျှင် ၎င်းကို ချိပ်ပိတ်ရန် မည်သူက ထိုမျှ အတိုင်းအတာအထိ ကြိုးစားလိမ့်မည်နည်း။
အစွမ်းထက် ပုဂ္ဂိုလ်ကြီးများက ၎င်းကို တိုက်ခိုက်စမ်းသပ်ခဲ့သော်လည်း သူတို့၏ တိုက်ခိုက်မှုများက နတ်ကျောက်တုံးကို သက်ရောက်ခြင်း မရှိခဲ့ပေ။ သူတို့သည် မချိုးဖျက်နိုင်ခဲ့သော နတ်ရတနာသည် အခြားနတ်ရတနာတစ်ခုအတွက် ချိပ်ပိတ်ထားခဲ့သည့် အရံအတားမျှသာ ဖြစ်လေသည်။ ၎င်းချိပ်စည်းကို ပြုလုပ်ခဲ့သူက မည်မျှ ကြောက်မက်ဖွယ် အစွမ်းထက်လှကြောင်း လူတိုင်း ခန့်မှန်းမိနိုင်ပေသည်။
ထိုအခိုက်၌ လူတိုင်းသည် အထဲ၌ မည်သည့်အရာမျိုး ရှိနေနိုင်သနည်းဟု ခန့်မှန်းနေကြပေသည်။
ယခု သူတို့က အင်ပါယာရှင်းကျောင်းတော်မှ နန်းတော်သခင် ချိပ်စည်းဖွင့်ခြင်း အောင်မြင်ပါစေဟုသာ မျှော်လင့်နိုင်ပေသည်။
ယခု သူတို့က စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။
လူအုပ်ကြီးသည် ကောင်းကင်ထက်တွင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပြီး နတ်အလင်းများက ကြီးမားလှသော ကျောက်တုံးကြီးပေါ်၌ ဖြန့်ကျက်စီးဆင်းနေသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ အချိန်အတော်ကြာပြီးသည့်နောက် နတ်ကျောက်တုံး၏ အပြင်ပိုင်းက မျက်စိကျိန်းလောက်ဖွယ် နတ်အလင်းတို့နှင့် အလွန် တောက်ပလာခဲ့သည်။ မရေတွက်နိုင်သော အမှတ်အသား အက္ခရာလေးများက ကြောက်မက်ဖွယ် နတ်ဝင်္ကပါအစီအရင်ကဲ့သို့ ရောယှက်လာသည်။
အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်က ကောင်းကင်အမြင့်မှ အောက်ဘက်ရှိ နတ်ဝင်္ကပါအစီအရင်ကို ငုံ့ကြည့်လိုက်သည်။ ကြယ်မြေပုံထက်၌ တစ်နေရာသို့ ညွှန်ပြနေသော အမှတ်အသား ပေါ်ပေါက်လာ၏။ နတ်အလင်းတန်းတစ်ခုက ထိုနေရာသို့ ချက်ချင်း ထိုးထွက်သွားခဲ့သည်။ အင်ပါယာရှင်းကျောင်းတော်မှ နန်းတော်သခင်၏ ပုံရိပ်က ထိုနေရာသို့ မျောလွင့်သွားခဲ့ပေသည်။
ထို့နောက်တွင် ကောင်းကင်ထက်မှ တန်ခိုးရှင်များသည်လည်း သူ့နောက်သို့ လိုက်သွားကြသည်။ သူတို့သည် ထိုဝင်္ကပါအစီအရင်က ပြိုကွဲတော့မည်ဟု ခပ်ရေးရေး ခံစားမိပေသည်။
အင်ပါယာရှင်းကျောင်းတော်မှ နန်းတော်သခင်၏ ပုံရိပ်က နေရာ၌ ရပ်တန့်သွားသည်။ ယခု သူသည် အလွန် စိတ်လှုပ်ရှားနေခဲ့၏။ သူ၏ အကြည့်များတွင် ပြင်းပြသော ပိုင်ဆိုင်လိုစိတ်များ ရှိနေခဲ့သည်။ ရှေးခေတ်ဒဏ္ဍာရီများက မှန်ကန်ပေသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော စာအုပ်က လျှို့ဝှက်ချက်အား ဖော်ထုတ်ရန် အဓိက သော့ချက် ဖြစ်သည်ကို သူ သိလိုက်ရသည်။
သူတို့၏ အင်ပါယာရှင်းကျောင်းတော်သည် အမှန်တကယ်ပင် ထိုမျှ ထိတ်လန့်အံ့သြဖွယ် မူလအစရှိသည်။ သူက စိတ်မလှုပ်ရှားဘဲ မည်သို့ နေနိုင်ပါမည်နည်း။
သူသာ နတ်ကျောက်တုံးကို အမွေဆက်ခံနိုင်လျှင် ကောင်းကင်လမ်းစဥ်၏ အဟန့်အတားကို ချိုးဖျက်နိုင်စွမ်း ရှိလိမ့်မည်လား။
ကျန်တန်ခိုးရှင်များက အင်ပါယာရှင်းကျောင်းတော်မှ နန်းတော်သခင်၏ စိတ်လှုပ်ရှားမှုကို ခံစားမိကြသည်။ သူ့ကဲ့သို့သော ကျင့်ကြံဆင့်နှင့် လူတစ်ယောက်အနေနှင့် အလွန် တည်ငြိမ်သော စိတ်အခြေအနေမျိုး ရှိတတ်ကြသည်။ သို့သော် ဤသို့သော နတ်အမွေအနှစ်နှင့် ရင်ဆိုင်ရသည့်အခါ သူသည် နှလုံးသားအတွင်း စီးဆင်းနေသော ခံစားချက်များကို ဖိနှိပ်နိုင်စွမ်းမရှိတော့ပေ။
သို့သော် အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်က အားလုံး အထက်၌ ရပ်တည်နိုင်သောသူ ဖြစ်နေဆဲပင်။ သူက အသက်ပြင်းပြင်း ရှုလိုက်ပြီး ထိုနေရာသို့ ခြေလှမ်းလိုက်သည်။ ထို့နောက် သူက လက်ထဲမှ တောင်ဝှေးကို လွှတ်လိုက်ပြီး အောက်ဘက်ရှိ နတ်ဝင်္ကပါအစီအရင်ထံ ဦးတည်ရွေ့လျားသွားစေသည်။ ၎င်းသည် အမွေအနှစ်ကို ဖွင့်လှစ်နိုင်မည့် သော့တစ်ချောင်းကဲ့သို့ လေပွေအတွင်း ဝင်ရောက်သွားသည်။
ချက်ချင်းပင် အဆုံးမဲ့ နတ်အလင်းတို့က နတ်ဝင်္ကပါအစီအရင်မှ ပေါက်ကွဲထွက်လာသည်။ ၎င်းသည် နေအလင်းကဲ့သို့ စူးရှတောက်ပလေရာ လူအများကို မျက်လုံးများ ဖွင့်ရန် ခက်ခဲစေသည်။ ကျင့်ကြံသူများက စွမ်းအင်လှိုင်းကြောင့် နောက်သို့ လွင့်စင်သွားကြသည်။ ရီဖူရှင်းသည်လည်း သဏ္ဌာန်မဲ့လှိုင်းကြောင့် နောက်သို့ ဆုတ်ခွာသွားရန် တွန်းပို့ခံခဲ့ရသည်။ အခြားသော အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများအတွက်လည်း အတူတူပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရသော နတ်ကျောက်တုံးက ပွင့်ဟလာသည်။ တောက်ပသော နတ်အလင်းတို့က ကောင်းကင်သို့တိုင် ထိုးတက်သွား၏။ အခြားဘုံမှ တန်ခိုးရှင်များသည်ပင် လေဟာနယ်ကို ဖြတ်ကာ အလင်းများကို မြင်တွေ့ခဲ့ရသည်။ နတ်အလင်းက မိုင်ပေါင်း ကုဋေများစွာ ကျယ်ပြန့်လှသော နေရာအထိ ထိုးဖောက်သွားကာ နတ်တံတားတစ်စင်းကဲ့သို့ လေဟာနယ်အဆုံးထိပင် ရောက်ရှိသွားလေသည်။
တန်ခိုးရှင်များ၏ ပုံရိပ်များကို စီးဆင်းနေသော မဟာလမ်းစဥ်အလင်းတို့က ဝန်းရံနေခဲ့၏။ ၎င်းသည် သူတို့ကို နောက်သို့ လွင့်စင်သွားစေမည့် မုန်တိုင်းမှ ကာကွယ်ပေးထားသည်။ သူတို့က နတ်အလင်းများကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် လူတိုင်းက သူတို့၏ အကြည့်များကို အေးခဲသွားစေသော ထိတ်လန့်အံ့အားသင့်ဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ သူတို့၏ စိတ်ထဲမှ ခံစားချက်များက ပြင်းထန်စွာ လှိုင်းထလာခဲ့ပြီး အချိန်တော်တော်ကြာသည်အထိ မတည်ငြိမ်နိုင်ခဲ့ပေ။
သူတို့သည် အမှန်တကယ်ပင် အံ့သြဖွယ် ဖြစ်ရပ်တစ်ခုကို မြင်တွေ့ခဲ့ကြရသည်။
***