အခန်း (၅၀၅)
Vol. 37 Ch. 505
ရုတ်တရက် လျန်ချန်ပိ၏ နားရွက်တစ်ဖက် ဆတ်ခနဲလှုပ်သွားသည်။ သူသည် အဝေးမှ သစ်ပင်တစ်ပင်အောက်တွင် ကျင့်ကြံသူအနည်းငယ် ဆွေးနွေးနေသည်ကို နားစွင့်နေခြင်းပင်။
“အားလုံးပဲ၊ မကြာသေးမီက အဓိက တာအိုပြည်နယ်အချို့မှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့တယ်။ ဂိုဏ်းအတော်များများက မသေမျိုးတွေ လုပ်ကြံခံရတာများ အရိုးတောင်မကျန်ခဲ့ဘူးတဲ့"
“လုပ်ကြံသူရဲ့ရည်ရွယ်ချက်က အရမ်းရှင်းလင်းနေတယ်လို့ ပြောကြတယ်။ သူတို့က မသေမျိုးအဖြစ် တက်လှမ်းထားတဲ့ ကျင့်ကြံသူတွေကို အတိအကျ ပစ်မှတ်ထားပြီး သတ်ပြီးတဲ့နောက် ခန္ဓာကိုယ်တွေကိုပါ ဖျက်ဆီးပစ်ကြတာတဲ့”
“ဘယ်လိုပြစ်မှုမျိုးလဲ! ကမ္ဘာကြီးက ဘာတွေဖြစ်နေမှန်း မသိတော့ပါဘူးကွာ၊ မသေမျိုးတွေတောင် သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တော့ဘူး!”
“ဟုတ်ပါရဲ့၊ မသေမျိုးအဖြစ် မတက်လှမ်းရင်တောင် အသက်ရှင်နိုင်ချေရှိသေးတယ်၊ မသေမျိုးဖြစ်မှ သူတကာထက် အသက်မြန်မြန်သေရတယ်လို့၊ အဓိပ္ပာယ်မရှိလိုက်တာ"
ထိုစကားကို ကြားသောအခါ လျန်ချန်ပိ၏ မျက်လုံးများမှာ မရေမရာ အလင်းရောင်တစ်မျိုးဖြင့် လင်းလက်သွားသည်။ နှုတ်ခမ်းထောင့်တစ်ဖက်က မသိမသာလေးကွေးတက်သွား၏။ ဤလုပ်ရပ်၏ နောက်ကွယ်မှတရားခံကို သူကောင်းကောင်းသိနေသည်လေ။
ထိုအချိန်တွင်၊ လူအုပ်ထဲမှ အာမေဋိတ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ “မြန်မြန်ကြည့်ကြစမ်း၊ အဲ့ဒါ ရွှယ်ထျန်းသူတော်စင်နဲ့ ယင်းယန်သူတော်စင်ပဲ”
ရွှယ်ထျန်းသူတော်စင် လင်တုရှိုသည် ခန့်ညားသောရုပ်ရည်ဖြင့် သပ်ရပ်လှပသော ကောင်းကင်ပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံပခုံးနှစ်ဖက်တွင် ကြမ်းကြုတ်ရက်စက်ဟန်ရှိသော အဖြူရောင်နဂါးတစ်ကောင်ကို ထိုးချုပ်ပုံဖော်ထားရာ အရှိန်အဝါမှာ ခမ်းနားကြီးကျယ်လှ၏။ သူသည် မသေမျိုးအလင်းရောင် ထုတ်လွှတ်နေသော ဓားပျံကိုစီးနင်းကာ လေစီးကြောင်းနှင့်အတူ လွတ်လပ်ပေါ့ပါးစွာ ရောက်ရှိလာသည်။
သူ၏ဘေးတွင် ယင်းယန်သူတော်စင် ကျိပါရှောင်သည် အဖြူတစ်ဝက် အနက်တစ်ဝက်ပါဝင်သော ဆံပင်ရှည်များ နဖူးပေါ်တွင် ဖရိုဖရဲဝဲကျလျက်သားဖြင့် ရောက်ရှိလာသည်။ မျက်လုံးအစုံမှာ စွမ်းအင်အနှစ်သာရဖြင့် အပြည့်အဝတောက်ပလျက်။ သူသည် ရှေးဟောင်းဆန်သော အညိုရောင် ဘူးသီးပုံစံ မှော်ရတနာတစ်ခုပေါ်တွင် လက်များကို နောက်ကျောဘက်သို့ပစ်လျက် ရပ်နေသည်။ ထိုမှော်ရတနာမှ ထုတ်လွှတ်နေသော မှော်အစွမ်းမှာ အထူးတလည် နက်ရှိုင်းစစ်မှန်လှ၏။
မဟာသူတော်စင်နယ်မြေကြီးများမှ ဤ သူတော်စင်နှစ်ဦးသည် ကြိုတင်စီစဥ်ထားသကဲ့သို့ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကြသည်။
“ဟဲဟဲ၊ ဒါက ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲတဲ့လား” လင်တုရှိုသည် ရွှေရောင် စစ်တုရင်ခုံပုံရိပ်ကိုကြည့်ပြီး စိတ်ဝင်စားစွာ ပြောလိုက်သည်။
ကျိပါရှောင်သည် လူစည်ကားသော မြင်ကွင်းကိုကြည့်ပြီး လေတစ်ချက်ချွန်လိုက်သည်။ “ဒီလောက်များတဲ့ စစ်တုရင်ဝါသနာရှင်တွေ ရှိလိမ့်မယ်လို့ ငါ တကယ်မမျှော်လင့်ခဲ့ဘူး”
သူ၏လေသံသည် ယင်းနှင့်ယန်၏ ဆန့်ကျင်ဘက်အရိပ်အမြွက်ကို သယ်ဆောင်ထားကာ ယင်းယန်သူတော်စင်ဟူသော ဘွဲ့အမည်နှင့် ကိုက်ညီလျက်ပင်။
ကျင့်ကြံသူအများ၏ မျက်နှာအရောင်များ နီရဲသွားကာ ခေါင်းတွင်တွင်ငုံ့လျက် တိတ်တိတ်လေးရေရွတ်မိကြသည်။ “မင်းတို့လည်း အခမဲ့လက်ဆောင်ရဖို့လာတာပဲမဟုတ်လား? အရူးချင်းချင်း တစ်မူးသာချင်မနေနဲံ"
“ဟမ်? ဟိုကောင် လျန်ချန်ပိလည်း ဒီမှာပဲ” ကျိပါရှောင်သည် အဝေးမှ လျန်ချန်ပိကို သတိပြုမိလိုက်ပြီး မျက်လုံးများက အံ့သြရိပ်ဖြင့် လင်းလက်သွားသည်။
ဘာကြောင့်မှန်းမသိ တစ်ဖက်လူတွင် တမင်တကာ ဝှက်ထားသော ထူးခြားသည့် အရှိန်အဝါတစ်ခုရှိနေသည်ဟု သူ အမြဲတမ်း ခံစားမိရသည်။
လင်တုရှိုသည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သတိကြီးတတ်သော မွေးရာပါဗီဇစိတ်အရ သူသည် လျန်ချန်ပိအပေါ်တွင် ယခုနောက်ပိုင်း အထူးသတိထားမိလာ၏။
လျန်ချန်ပိ၏ မျက်လုံးများတွင် သွေးဆာသောအကြည့်တစ်ခု သိမ်မွေ့စွာ လင်းလက်သွားပြီးမှ အနည်းငယ်ဖြူဖျော့သော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် လက်များကို ယှက်ကာ စတင်နှုတ်ဆက်လာ၏။ “မင်္ဂလာပါ၊ နှစ်ယောက်စလုံးပဲ။ မတွေ့တာ ကြာပြီ”
“ငါတို့ မတွေ့တာမဟုတ်ပါဘူး၊ မတွေ့အောင် ရှောင်နေကြတာလေ” ကျိပါရှောင်က ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းဆိုသလို တစ်ဖက်၏ချိုသာသော နှုတ်ခွန်းဆက်စကားကို ဖြတ်ရိုက်လိုက်သည်။
လျန်ချန်ပိ၏အပြုံးသည်လည်း တောင့်တင်းသွားသည်။
မဟာသူတော်စင်နယ်မြေကြီးလေးခုထဲတွင် ဒီကောင်စကားပြောပုံဆိုပုံကို သူ အမုန်းဆုံးပင်။ စကားများရုံသာမက စကားလုံးများကိုလည်း ဘယ်တော့မှစည်းမစောင့်။
လင်တုရှိုက သူ့ထက်ပိုယဥ်ကျေးသည်။ သူသည် လက်များကိုယှက်ကာ ပြန်လည်နှုတ်ဆက်လာသည်။ “တာအိုရောင်းရင်းလျန်၊ နေလို့ထိုင်လို့ကောင်းပါရဲ့လား?"
လေထုကိုပြေလျော့စေဖို့ အခွင့်အရေးတစ်ခုရှိလာသဖြင့် လျန်ချန်ပိ၏အမူအရာ အနည်းငယ် ပျော့ပြောင်းသွားသည်။ “ခင်ဗျားတို့နှစ်ယောက်လည်း ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲမှာ ပါဝင်ဖို့လာကြတာလား”
“မဟုတ်ရင်ဘာလုပ်ရမှာလဲ? မင်းနဲ့ရန်ဖြစ်ဖို့လား” ကျိပါရှောင်က စိတ်တိုစွာ ပြောလိုက်သည်။
လျန်ချန်ပိ မျက်နှာနည်းနည်းတင်းသွားသည်။
“ဒီ မသေမျိုးအခွင့်အရေးက အထူးတလည်ဖြစ်ပြီး စစ်တုရင်ကစားခြင်းနဲ့ ဆက်စပ်တယ်လို့ ကြားမိတယ်။ အစ်ကိုကျိနဲ့ ကျွန်တော်က စစ်တုရင်တာအိုမှာ နည်းနည်းပါးပါး ကျွမ်းကျင်ထားတာကြောင့် ကံစမ်းကြည့်ဖို့ တွေးလိုက်တာ” လင်တုရှိုက ပြောလိုက်သည်။
သူတို့နှစ်ဦး၏ အချင်းချင်း ခေါ်ဆိုပုံအရ ဆက်ဆံရေးမှာ အတော်လေးခင်မင်ရင်းနှီးဟန်တူ၏။
“ကောင်းလိုက်တာ။ ကံမကောင်းစွာနဲ့ပဲ၊ ကျွန်တော်က စစ်တုရင် တာအိုအကြောင်း ဘာမှမသိဘူး။ တာအိုရောင်းရင်းလင်ကပဲ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲကို ချိုးဖျက်အနိုင်ယူပေးပြီး ကျွန်တော်တို့ကို မျက်စိပွင့်နားပွင့်စေမယ်လို့ မျှော်လင့်ပါတယ်” လျန်ချန်ပိက ပြောလိုက်သည်။
“ခဏစောင့်ဦး၊ မင်းပြောနေတာ ငါ့မှာကျ နိုင်ဖို့မျှော်လင့်ချက်မရှိဘူးဆိုတဲ့ သဘောလား” ကျိပါရှောင်အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။
လျန်ချန်ပိ- “ဟဲဟဲ”
“အားပေးစကားအတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း လျန်။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်” လင်တုရှိုက အလေးအနက်ထား ပြောလိုက်သည်။
ထို့နောက် သူ၏လေသံတွင် စူးစမ်းမှုအရိပ်အမြွက် ပါလာသည်။ “တာအိုရောင်းရင်းလျန်ရဲ့ အရှိန်အဝါကို ကြည့်ရတာ အရင်ကနဲ့ အတော်လေးကို ကွာခြားနေတယ်။ ကျင့်ကြံမှုမှာ တစ်ခုခုမှားယွင်းတာများ ရှိခဲ့လို့လား?"
အရင်က လျန်ချန်ပိသည် အထူးတလည် အထင်ကြီးစရာမကောင်းသော်လည်း အနည်းဆုံးတော့ ရိုးသားဖြောင့်မတ်ပုံရသည်။ သို့သော် အခုတော့ သူ၏ အရှိန်အဝါသည် အလွန်အေးစက်နေပြီး တစ်မျိုးတစ်မည် ထူးဆန်းနေသည်ပင်။
လျန်ချန်ပိက တည်ငြိမ်စွာ ပြုံးပြီး စကားပြန်သည်။ “တာအိုရောင်းရင်းလျန်က စိတ်ပူပေးတတ်တာပဲ။ ကတယ်တော့ ကျွန်တော် ကျင့်ကြံဆင့်တိုးတာကလွဲပြီး တခြားပြောင်းလဲမှုမရှိပါဘူး"
“ဪ ဒီလိုကိုး"
လင်တုရှိုသည် သဘောပေါက်သွားဟန်ပြုသည်။ သို့သော် အမှန်တကယ်တွင် သူ၏သံသယများ ပိုမိုနက်ရှိုင်းလာခြင်းသာ။
“ဒီလောက်ဖြူဖျော့နေပုံကြည့်ရတာ ကျင့်ကြံဆင့် တိုးတက်မှုရဲ့ လက္ခဏာမဟုတ်ဘူး။ ငါ့အမြင်အရတော့ သူကသေခါနီးပုံဖြစ်နေပြီပဲ" ကျိပါရှောင်က ဝင်ပြောသည်။
“တာအိုရောင်းရင်း ကျိ၊ ကျေးဇူးပြုပြီး လေးစားသမှုနဲ့ စကားဆိုပါ"
လျန်ချန်ပိ၏မျက်နှာ မှောင်မိုက်သွားသည်။ ဒီလူကို ချက်ချင်းပင် တိုက်ခိုက်ပြီး နှိမ်နင်းကာ အသွေးအသားများ ခြောက်ခန်းသွားအောင် စုပ်ယူပစ်ချင်မိ၏။
ကံမကောင်းစွာပင် လော့ရိတောင်တန်းများမှာ အလွန်တရာ လူစည်ကားနေခဲ့သည်။ ထို့ကြောင့် သတ်ချင်စိတ်ကို ဇွတ်အတင်းချိုးနှိမ်ခဲ့ရသော်ငြား အခွင့်အရေးသာရလျှင် ဤလူကို သေချင်စိတ်ပေါက်သွားရလောက်အောင် နှိပ်စက်ပေဦးမည်ဟု သူ၏နှလုံးသားတွင်းမှ ဆိုးရွားစွာ ကျိန်ဆိုလိုက်သည်။
“အစ်ကိုကျိ၊ ဒါက အရမ်းလွန်လွန်းတယ်” လင်တုရှိုက လေသံတင်းတင်းဖြင့် ဝင်တားသည်။
“တောင်းပန်ပါတယ်၊ ငါက အမြဲတမ်း စနောက်နေတတ်လို့ပါ။ တာအိုရောင်းရင်း လျန်၊ မင်း တကယ်စိတ်ဆိုးနေတာ မဟုတ်ပါဘူးနော်”
ကျိပါရှောင်က တောင်းပန်သောအမူအရာကို ပြသလာသော်ငြား စကားများက ပို၍ရန်စနေသလိုပုံပေါက်ကာ လျန်ချန်ပိ၏လူသတ်လိုစိတ်အား ပိုလို့ပင်ပြင်းထန်စေသည်။
သူ စကားပြောတော့မည့်ဆဲဆဲတွင် အဝေးမှ လူ့ပြည်လူ့ရွာနှင့် မသက်ဆိုင်လှသော အရှိန်အဝါတစ်ခု ရောက်ရှိလာသည်။ ၎င်းကို ခံစားမိသော ကျင့်ကြံသူများစွာ ကြောက်လန့်တကြား လှည့်ကြည့်မိကြလိုက်ရာ သူတို့၏ ဘဝတစ်သက်တာတွင် တစ်ခါမျှ မမေ့နိုင်တော့မည့် မြင်ကွင်းတစ်ခုကို မြင်ခဲ့လိုက်ရတော့၏။ အချို့သော စိတ်ဓာတ်မခိုင်မာသူများမှာ သွေးရူးသွေးတန်း ထခုန်မိကြသည်အထိ…