← Chapters

ကောင်းကင်ကိုမရွေးရင် ငရဲကိုဆင်းရမှာပဲ

Vol. 37 Ch. 508

ကောင်းကင်ကိုမရွေးရင် ငရဲကိုဆင်းရမှာပဲ

Vol. 37 Ch. 508

“ဆရာပြောချင်တာက အခွင့်အရေးကသုံးကြိမ်ရှိတာ မဟုတ်ဘူးလား? မင်း အားလုံးသုံးလိုက်ပြီလား?”

ယဲ့ကျွင်းလင် အံ့သြစွာဖြင့် “ပြီးတော့ ဒီလောက်တောင်မြန်မြန် ပြီးသွားတာ! ဒါ နည်းနည်းလွန်တယ်လေ”

စစ်တုရင်တစ်ပွဲလုံး ရှုံးဖို့အတွက်တောင် အနည်းဆုံးတော့ အမွှေးတိုင်တစ်တိုင်စာလောက် အချိန်ယူရမယ်၊ ဟုတ်တယ်မလား?

မင်းဟာက ဆယ်စက္ကန့်တောင် မကြာဘဲ ပြီးသွားတယ်၊ နှစ်ချက်လောက်‌ရွှေ့ပြီး ထပြန်လာတာလား?

မြန်တယ်၊ တကယ်ပဲ အရမ်းမြန်တယ်!

ငါ၊ ယဲ့ကျွင်းလင်က မင်းကို လောကရဲ့ သုံးမိနစ်ကောင်နေမင်းကိုတောင် ကျော်လွန်တဲ့ အမြန်ဆုံးလူလို့ ကြေညာလိုက်တယ်!

လီဝူကျယ်၏အမူအရာမှာ နည်းနည်းတော့ ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ “အင်း တကယ်တော့ ကျွန်တော်က ပွဲတိုင်းကို စောစောအရှုံးပေးလိုက်လို့ အဲ့လောက်မြန်သွားတာ။ အခွင့်အရေးသုံးကြိမ်လုံးကို တစ်ပြိုင်နက်တည်း သုံးလိုက်တာလေ”

“အဲ့လိုကိုး”

ယဲ့ကျွင်းလင် ရုတ်တရက် နားလည်သွားသည်။

မဆော့နိုင်လျှင် ဆော့ဆော့အရှုံးပေးလို့ရသည်တဲ့။ အတော်လေးသက်ညှာပေးထားပါလား။

“ဟဲဟဲ၊ ဒီလောက်မြန်မြန် ပြီးသွားတာက အကျိုးအမြတ်တွေကို စောစောစီးစီး အလကားရယူဖို့ မဟုတ်လား။ မင်းရဲ့ စစ်တုရင်တာအိုဝိညာဥ်ဆိုတာရော ဘယ်နားကျကျန်ခဲ့လဲ?” ဟုန်ချန်ယဲ့က စောင်းငဲ့ကြည့်ရင်း လှောင်သည်။

လီဝူကျယ်မှာ လေကြီးထားသမျှ ဖော်ထုတ်ခံလိုက်ရသော်လည်း အပြစ်ရှိစိတ်မခံစားရဘဲ ရင်ဘတ်ကိုကော့ကာ အားအင်အပြည့်ဖြင့် ပြန်ပက်သည်။ “အလကားယူတာ ဘာဖြစ်လဲ? အလကားယူရတာ ဘယ်လောက်‌တောင်ဂုဏ်ယူစရာကောင်းလဲ? ငါတော့ ဂုဏ်ယူတယ်"

“အလကားယူရတာ အရမ်းကောင်းတယ်၊ အချိန်တိုင်းသာရနေရင် ပိုတောင်ကောင်းဦးမယ်”

သူ၏ ကြွေးကြော်သံသည် ပြတ်သားပြီး သူရဲကောင်းစိတ်ဓာတ် အပြည့်အဝပါရှိ၏။

ဟုန်ချန်ယဲ့- “…”

ဒီလောက်အရှက်မရှိတာမျိုးကတော့ လိုက်မမီနိုင်တဲ့လယ်ဗယ်တစ်ခုကိုရောက်သွားပြီ။

“အမှန်အတိုင်းပြော၊ မင်းဘာတွေများ ရခဲ့တာလဲ?” ယဲ့ကျွင်းလင်က မေးလိုက်သည်။

ထိုမေးခွန်းကိုကြားသော် လီဝူကျယ်သည် တဟဲဟဲရယ်လိုက်ပြီးမှ ဖြေ၏။ “ပြောပါ့မယ် ဆရာသခင်၊ ပထမအချီအတွက် ကျွန်တော့်ရဲ့ဆုက မသေမျိုးသလင်း‌ကျောက် ရှစ်ထောင်၊ ဒုတိယအချီအတွက်က မသေမျိုးအဆင့် နေရာကူးပြောင်း မှော်ပစ္စည်းတစ်ခု၊ ပြီးတော့ တတိယအချီက ခန္ဓာကြံ့ခိုင်ရေးအတွက် မသေမျိုးဆေးလုံးတစ်ခုပါ"

ပြိုင်ပွဲ၏ ကျိုးအမြတ်များကို ကြားသောအခါ မူလက အထင်တသေး ကြည့်နေသော ဟုန်ချန်ယဲ့သည် ချက်ချင်းပင် မျက်လုံးများ ပြူးသွားကာ အသက်ရှူသံလည်း အနည်းငယ်မြန်ဆန်လာသည်။ "အဲ့ဆုတွေက အဲ့လောက်တောင်ကောင်းတယ်လား?"

အကယ်၍ ဆုများက ထိုမျှအရည်အသွေးကောင်းနေလျှင် ဂုန်းဆင်းချင်သူများကိုလည်း နားလည်နိုင်စရာပင်…

“အရှင်လီက ကံကောင်းလို့ရခဲ့တာပေါ့ကွ” လီဝူကျယ်က ဟန်ပါပါလက်ပိုက်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

ကောင်းမွန်အဆင့်မြင့်သော ဆုလာဘ်တစ်ခုကို အခမဲ့ရရှိတဲ့အခါ ဘယ်သူကဂုဏ်မယူဘဲနေနိုင်မှာလဲ?

“ဒါတွေအားလုံးက အမှိုက်သရိုက်တွေပဲ မဟုတ်လား။ မင်းဘာဖြစ်လို့ အဲ့လောက်ကြွားဝါနေတာလဲ” ယဲ့ကျွင်းလင်သည် ဆုများကိုကြားပြီးနောက် ပျင်းစရာကောင်းသည်ဟုခံစားရကာ နှာခေါင်းတစ်ချက်ရှုံ့သည်။

သူ့အတွက်တော့ စနစ်သို့ နေ့စဥ်ဆိုင်းအင်ဝင်ခြင်းမှာ မသေမျိုးဆေးလုံး၊ မသေမျိုး မှော်ပစ္စည်းများနှင့် မသေမျိုးသလင်းကျောက်များကို ဖောဖောသီသီ ရရှိနေခဲ့သည်ပင်။

ဤသို့ဖြင့် စစ်တုရင်ပွဲမှဆုများက လုံးဝ အံ့သြစရာဟုတ်မနေတော့။

“အယ်”

လီဝူကျယ်မှာ အတော်လေးအစာမကြေသွားဟန်ရှိကာ ခေါင်းကိုတဗျင်းဗျင်းကုတ်လျက် ခါးခါးသီးသီး ပြုံးလိုက်သည်။ “ဆရာသခင်နဲ့တော့ ဘယ်လိုလုပ် နှိုင်းယှဥ်နိုင်ပါ့မလဲ။ ဆရာသခင်ရဲ့ လက်သည်းတစ်ဖက်စာလောက် စွမ်းအင်လေးနည်းနည်းကတောင် သာမန်လူတွေ တစ်ဘဝလုံးသက်သက်သာသာနေထိုင်ဖို့ လုံလောက်နေပြီလေ"

ဟုန်ချန်ယဲ့ကလည်း ခေါင်းညိတ်ထောက်ခံသည်။ ထိုစကားများသည် တကယ်ကို မှန်ကန်သည်။

သူတို့၏အမြင်တွင် ယဲ့ကျွင်းလင်သည် တစ်ချိန်က အင်အားအကြီးဆုံးသော မသေမျိုး ဧကရာဇ်၊ ခွင်းလွင်ကမ္ဘာကို အုပ်စိုးခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူစုဆောင်းထားသော စည်းစိမ်ဥစ္စာများက အံ့မခန်းကြွယ်ဝမည်မှာ ဧကန်ပင်။

ဤမျှသေးငယ်သောဆုက သူ့အတွက်အထင်ကြီးစရာဟုတ်မနေခဲ့သည်မှာ လက်ခံနိုင်စရာပင်။

“ဒီအရှင်ကတော့ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲကို ထိန်းချုပ်နေတဲ့ စစ်တုရင်သမားက ဘယ်လောက်အရည်အချင်းရှိသလဲဆိုတာ စပြီးစိတ်ဝင်စားမိနေပြီ"

ဟုန်ချန်ယဲ့သည် ရွှေရောင် စစ်တုရင်ခုံပုံရိပ်ကိုကြည့်ရင်း မျက်လုံးများ လင်းလက်တောက်ပလာသည်။

ယခုမူ လီဝူကျယ်လှောင်ရမည့်အလှည့်သာ။ “ဟန်လုပ်မနေပါနဲ့၊ မင်းလည်းအလကားဂုန်းဆင်းချင်လို့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတာမလား"

ဟုန်ချန်ယဲ့က ပြန်ပက်သည်။

“ဒီအရှင်က မင်းလို အမြင်ကျဉ်းမြောင်းတဲ့လူမှ မဟုတ်တာ။ လူတိုင်းရဲ့ စစ်တုရင်စွမ်းရည်က မင်းလောက် ဆိုးရွားလိမ့်မယ်လို့ တကယ်ထင်နေတာလား?"

မီးလျှံနတ်ဆိုးဂိုဏ်း၏ နတ်ဆိုးဂိုဏ်းချုပ်အနေဖြင့် သူသည် ထိုအချိန်က အင်အားကြီးပုဂ္ဂိုလ်များစွာနှင့် စစ်တုရင်ကစားခဲ့ဖူးသည်။ ကျင့်ကြံရေးလောကတွင် ခေါင်းဆောင်များအချင်းချင်း ချစ်ကြည်ရေးအနေဖြင့် စစ်တုရင်ကစားရင်း အကျိုးအမြတ်များ ဖလှယ်ခြင်း၊ အဓိပ္ပာယ်နှစ်ခွပါသော သကာရည်လောင်းစကားများဖြင့် စစ်ထိုးရင်း လက်မှလည်း စစ်တုရင်ရုပ်အဖြူအနက်များဖြင့် စီးချင်းထိုးယှဥ်ပြိုင်ရသည့် တွေ့ဆုံမှုမျိုးက ဂုဏ်သိက္ခာရှိ အစဥ်အလာတစ်ခုဟု သတ်မှတ်ခံထားရသည်သာ။

အချိန်ကြာလာသည်နှင့်အမျှ ဟုန်ချန်ယဲ့၏ စစ်တုရင်စွမ်းရည်သည်လည်း ကြီးမားစွာ တိုးတက်လာခဲ့သည်။ ကျွမ်းကျင်သူတစ်ဦးဟု သတ်မှတ်၍ရသည်အထိ။

ထို့ကြောင့် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲ၏ ရက်ရောသော ဆုလာဘ်များကို ရင်ဆိုင်ရရာတွင် ဟုန်ချန်ယဲ့လည်း စိတ်ဝင်စားလာခဲ့သည်။

ထို့အပြင် ပါဝင်သူများစွာ ထိခိုက်မှုမရှိဘဲ ထွက်လာသည်ကို မြင်ရသောကြောင့် သူစမ်းမကြည့်ချင်ဟုဆိုပါက လိမ်ရာ‌ရောက်ပေမည်။

အလကားယူရတာလောက် ကောင်းတာ ဘယ်မှာရှိတော့မလဲ?

ဒီအရှင်ကတော့ အလကားဂုန်းဆင်းချင်လို့ မဟုတ်ပါဘူး။ ဒီအရှင်က နောက်ဆုံးဆုကိုရည်ရွယ်ပြီး ယှဥ်ပြိုင်မှာ။

ဟုန်ချန်ယဲ့ တိုးတိုးရေရွတ်ရင်း မိမိကိုယ်ကို ယုံကြည်မှုကိုတည်ဆောက်သည်။

“ဆင်ခြေတွေ၊ အားလုံးက ဆင်ခြေတွေပဲ” လီဝူကျယ်က သူ့ကိုပြန်ချေပလို့မပြီး။

“မင်းကမှ မနာလိုဖြစ်နေတာ၊ ဒီအရှင်က စစ်တုရင်ပွဲမှာ နောက်ဆုံးအောင်ပွဲကို ရတော့မှာမလို့ မနာလိုဖြစ်နေတာ”

ဟုန်ချန်ယဲ့က သနားစိတ်ဝင်ဟန်ဖြင့် ပြောလာသည်။ “ရပါတယ်။ ဒီအရှင်က အလကားယူဖို့ပဲစိတ်ရှိတဲ့ ခုခေတ်လူငယ်တွေရဲ့စိတ်သဘောထားကို နားလည်ပါတယ်"

နှစ်သိမ့်စကားယောင်ဆောင်ထားသော လှောင်ရယ်စကားများသာ။

လီဝူကျယ်မှာ ရန်စခံလိုက်ရသောကြောင့် ဒေါသူပုန်ထလျက် မျက်နှာကြီးနီရဲလာကာ အော်သည်။ “သွား! အခု သွား! မင်းဆိုတဲ့ ဟုန်မျိုးရိုး ဘယ်လောက်အရည်အချင်းရှိလဲ ငါကြည့်ချင်တယ်”

“ဟဲဟဲ၊ မင်းပြောတာနော်"

ဟုန်ချန်ယဲ့သည် မေးစေ့ကိုမော့ပင့်ကာ သူ၏လက်များကို နောက်ကျောတွင်ထားပြီး ပြီးပြည့်စုံသော ယုံကြည်မှုအပြည့်ကိုယ်ဟန်ဖြင့် ကောင်းကင်မှ ရွှေရောင် စစ်တုရင်ခုံပုံရိပ်ဆီသို့ ပျံသန်းသွားသည်။

“ဟမ့်! ငါ့ထက်ပိုဆိုးတဲ့ ပစ္စည်းတွေပိုက်ပြီး ပြန်လာရဲလာကြည့်စမ်းပါ” လီဝူကျယ်က အော်ဟစ်ကျန်ရစ်၏။

အနားတွင်ရပ်နေသော ယဲ့ကျွင်းလင်မှာ ဆွံ့အနေမိသည်။

ဘာ့ဖြစ်လို့ ဒီလောက် အနိုင်ယူချင်စိတ်တွေ ပြင်းပြနေကြတာလဲ?

ငါ တကယ်ကို ပြောစရာစကား မရှိတော့ဘူး!

ထိုအချိန်တွင်။

ဟုန်ချန်ယဲ့သည် အလင်း၏အမြန်နှုန်းဖြင့် လှစ်ခနဲပျံသန်းသွားပြီး အနီရောင်သက်တံအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ စစ်တုရင်ခုံနယ်မြေထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ထိုလှုပ်ရှားမှုကို အနီးနားမှ လျန်ချန်ပိက မတော်တဆ သတိထားမိလိုက်သည်။

လျန်ချန်ပိသည် အေးခဲသွားသည်။ သူ၏မျက်လုံးများသည် နက်ရှိုင်းသော အံ့အားသင့်မှုများဖြင့် တမုဟုတ်ချင်း ပြည့်နှက်လာတော့၏။

ထို အနီရောင် ပုံရိပ်သည် ရင်းနှီးလွန်းနေသည်ပင်!

ဒီပုံကို တစ်နေရာမှာ မြင်ဖူးနေသလိုပဲ!

လျန်ချန်ပိ စဥ်းစားလေလေ တစ်ခုခု မှားနေသည်ဟု ခံစားရလေလေဖြစ်သည်။ သူ၏နှလုံးသား နက်နက်ရှိုင်းရှိုင်း တစ်နေရာမှ ကြောက်ရွံ့မှုသည် နိုးထလာပုံရကာ မှတ်ဉာဏ်၏ထောင့်တစ်နေရာမှ ထို မှိန်ဖျော့နေသော အနီရောင်ပုံရိပ်သည် တဖြည်းဖြည်း ထင်ရှားခိုင်မာလာသည်။ ထို့နောက် အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို စိုက်ပျိုးအမြစ်တည်ခဲ့သော ဒဏ္ဍာရီလာ နာမည်တစ်ခုက သူ့ခေါင်းထဲ ထွက်ပေါ်လာတော့၏။

“သွေးနီနတ်ဆိုး ပြန်ပေါ်လာတာလား။ ဒါပေမယ့် သူ အရှေ့ပိုင်းဒေသမှာ နေနေတာ မဟုတ်ဘူးလား”

လျန်ချန်ပိ၏ နဖူးတွင် ချွေးအေးများ စိမ့်ထွက်လာသည်။ စိတ်အစဥ်မှာ ကစဥ့်ကလျားဖြစ်လျက်။

ထိုက်ချူသူတော်စင်တစ်ဦးအနေဖြင့် သွေးနီနတ်ဆိုးနှင့် ထိုက်ချူသူတော်စင်နယ်မြေတို့ကြားမှ ရန်ငြိုးကို သူ နက်နက်ရှိုင်းရှိုင်း သိရှိထားသည်။

ထိုအချိန်က ထိုက်ချူသူတော်စင်သခင်သည် မသေမျိုးလက်နက်ကို ကိုင်ဆောင်ပြီး သွေးနီနတ်ဆိုးကို ကိုယ်တိုင်တိုက်ခိုက်ခဲ့သည်။ ထိုသူကို အနိုင်ယူခဲ့ပြီး အသေမသတ်နိုင်ခဲ့သော်ငြား အရှေ့ပိုင်းဒေသသို့ ထွက်ပြေးရန် အတင်းအကျပ်ဖိအားပေးခဲ့ရာ ထိုက်ချူသူတော်စင်နယ်မြေ၏ ဂုဏ်သိက္ခာသည်လည်း ထိုအချိန်မှစ၍ တဟုန်ထိုး တိုးတက်လာခဲ့သည်။ ထိုက်ချူသူတော်စင်သခင်ကိုယ်တိုင်ပင် သူတော်ကောင်းလမ်းစဥ်၏ ရှေ့ဆောင်အလင်းရောင်အဖြစ် ချီးကျူးခံခဲ့ရ၏။

ထိုအချိန်က အင်မတန်မှနားစွဲကာ ကာရံညီသော စကားပုံတစ်ခုပင် ပေါ်ပေါက်ခဲ့သေးသည်။

“သူတော်ကောင်းလမ်းစဥ်ရဲ့ မီးအိမ်ရှင်ဟာ~~ ကမ္ဘာသူကမ္ဘာသားတို့ကို ထွန်းလင်းလမ်းပြပေးလျက်သာ~~”

ထိုက်ချူသူတော်စင်သခင်မှာ ဤသို့ မြှောက်ပင့်ချီးကျူးခံထိုက်ရလောက်အောင် တန်ခိုးထွားခဲ့ပါ၏။

ထို့ကြောင့် သွေးနီနတ်ဆိုး၏ ပုံပန်းသဏ္ဍာန်နှင့် အတော်လေးဆင်တူသူကို မြင်လိုက်ရသော် ထိုက်ချူသူတော်စင်တစ်ဦးအနေဖြင့် ရန်သူဟောင်းနှင့်ထိပ်တိုက်တိုးသောခံစားချက်ဟု ဆိုရပေမည်။

ထိုသူသည် မသေမျိုးအဆင့် စွမ်းအားရှင်များစွာကို သတ်ဖြတ်ခဲ့သော ဉာဏ်အလင်းအဆင့် အင်အားကြီး မသေမျိုးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

နေစမ်းပါဦး!

ဉာဏ်အလင်းမသေမျိုး…

ဤအချက်ကို တွေးလိုက်မိသည်နှင့် လျန်ချန်ပိလက်ရှိအခြေအနေကို ဆင်ခြင်မိသွားသည်။

သူလည်း အခု ဉာဏ်အလင်းမသေမျိုးပဲ မဟုတ်ဘူးလား?

ထိုက်ချူသူတော်စင်သခင်က သူ့ကို သွေးကျွန်အဖြစ် ပြောင်းလဲလိုက်ကတည်းက သူသည် အချိန်ကာလတစ်ခုအထိ ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရပြီး အသက်ဆက်ရှင်ရန်အတွက် တစ်ဖက်လူ၏ အနှစ်သာရသွေးကို လိုအပ်သည်အထိ နာခံရိုကျိုးရသော ကျွန်တစ်ဦးဖြစ်လာသော်ငြား၊ ၎င်းက ယူဆောင်လာသော အကျိုးကျေးဇူးမှာ ကျင့်ကြံဆင့်တစ်ပါတည်း မြင့်တက်နိုင်ခြင်း ဖြစ်ပေ၏။

စစ်မှန်သော မသေမျိုး အထွဋ်အထိပ်ဆင့်မှ ဉာဏ်အလင်းမသေမျိုး တတိယဆင့်အထိ ရုတ်တရက် တက်လှမ်းသွားခဲ့ရခြင်းပင်။

နောက်ကွယ်မှ စောင့်ကြည့်လေ့လာနေကြသော ရှေးခေတ်လက်ကျန် အင်အားကြီးပုဂ္ဂိုလ်များ ပေါ်မလာသရွေ့ ဉာဏ်အလင်းမသေမျိုးသည် အလယ်ပိုင်းဒေသတွင် အင်အားအကြီးဆုံးသော တိုက်ခိုက်ရေးသမားများသာဖြစ်၏၊

ယခင်က ဖျက်ဆီးခံခဲ့ရသော မသေမျိုး မဟာမိတ်တပ်ကို ကောင်းကင် မသေမျိုးအဆင့် ဂိုဏ်းချုပ်ခုနှစ်ဦးက ဦးဆောင်ခဲ့ရာတွင် တစ်ယောက်မကျန် ရှင်းလင်းဖယ်ရှားခံခဲ့ရသည်။

ယခု လျင်မြန်စွာ ပြောင်းလဲနေသော ခေတ်အခြေအနေအရ ဉာဏ်အလင်းမသေမျိုးအရေအတွက် တဖြည်းဖြည်း တိုးလာသည်နှင့်အမျှ ထိုမသေမျိုးမဟာမိတ်တပ် ကျဆုံးမှုမှာလည်း ထိုမျှထည့်တွက်နေစရာမဟုတ်တော့။

လျန်ချန်ပိသည် သွေးနီနတ်ဆိုးနေရာတွင် သူသာဆိုပါကလည်း မသေမျိုး မဟာမိတ်တပ်ကို တစ်ယောက်တည်း ဖျက်ဆီးပစ်နိုင်သည်ဟု ခံစားရသည်။

သူ၏အတွေးများ တက်ကြွလာသည်နှင့်အမျှ။

လျန်ချန်ပိသည် တစ်ချိန်က အလယ်ပိုင်းဒေသကို လှုပ်ခတ်စေခဲ့သော သွေးနီနတ်ဆိုးမှာ ယခုအခါတော့ ထိုမျှလောက် ကြောက်စရာမကောင်းတော့ပါဟု ရုတ်တရက် ခံစားလိုက်ရသည်။

သူ၏ အသစ်ပြန်လည်ဖွဲ့စည်းတည်ဆောက်နိုင်သော သွေးမျိုးနွယ်ကျင့်စဥ်နှင့် ဉာဏ်အလင်းမသေမျိုးအဆင့် ကျင့်ကြံဆင့်ဖြင့်သာ ဆိုလျှင် တစ်ဖက်လူကို နှိမ်နင်းရန် လွယ်ကူလိမ့်မည် မဟုတ်ပေလား။

ထို့အပြင် သူ့ကို အရှင်ဖမ်းပြီး ပြန်ခေါ်လာနိုင်ပါက ကြီးမားသော အောင်မြင်မှုဖြစ်လိမ့်မည်။

ဤအချက်ကို စဥ်းစားရင်း လျန်ချန်ပိ၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းစွာ တောက်ပစူးရှလာကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“သွေးနီနတ်ဆိုး သွေးနီနတ်ဆိုး၊ ကောင်းကင်ဆီတက်ရမယ့်လမ်းကို မရွေးချယ်ခဲ့မှတော့ ငရဲဆီဆွဲချခံရမှာ ပုံမှန်ပဲမဟုတ်လား"

“အရှေ့ပိုင်းဒေသမှာပဲ ဘာလို့ဆက်မနေသလဲ? ထိုက်ချူသူတော်စင်ရဲ့ မျက်စိအရှေ့ထိ ရောက်လာရအောင် ဘာတွေများအဲ့လောက်ယုံကြည်မှု ရှိနေရတာလဲ?"

“မင်း ထွက်လာတဲ့အခါ ဒီ သူတော်စင်က သေချာပေါက် အပြစ်ပေးဆုံးမရတော့မယ်”

All Chapters