အတော်လေးတုံးအတဲ့ ပိုးပန်းနည်းပဲ
Vol. 37 Ch. 509
လျန်ချန်ပိ မသိလိုက်သည်မှာ သူ့စိတ်ထဲတွင် ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ဘဝသက်တမ်းမှာ နောက်ဆုံးနေဝင်ချိန်ဆီသို့ ရောက်ရှိသွားခြင်းသာပင်။
ကောင်းကင်တွင် ရွှေရောင် စစ်တုရင်ခုံပုံရိပ်သည် တိတ်ဆိတ်စွာ မျောလွင့်တည်ရှိနေသည်။ လူများစွာသည် စစ်တုရင်ခုံနယ်မြေမှ တစ်ဦးပြီးတစ်ဦး ထွက်ခွာလာခဲ့ကြရင်း အယောက်တိုင်း၏ မျက်နှာများမှာ ကျေနပ်ဖွယ်ကောင်းသော အပြုံးများဖြင့် ပြည့်လျှံလျက်သာ ရှိတော့၏။
ဤသည်မှာ အခမဲ့ဂုန်းဆင်းခြင်းမှ ရရှိနိုင်သော ပျော်ရွှင်မှုဖြစ်သည်။
သို့သော် စစ်တုရင်ကျွမ်းကျင်သော ကျင့်ကြံသူအနည်းငယ်မှာတော့ သက်ပြင်းတချချဖြင့်သာ ထွက်ခွာလာရ၏။ အနိုင်ယူဖို့ရာနည်းလမ်းမရှိတော့၍သာ လက်မှိုင်ချဆုတ်ခွာလာရသော မျက်နှာများဖြင့်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပြိုင်ဘက်နှင့်မိမိတို့ကြားမှ စွမ်းရည်၏ စစ်မှန်သောကွာဟချက်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသောကြောင့်ပင်။
ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲကို တာဝန်ယူကျင်းပနေသော စစ်တုရင်သူတော်စင်သည် ပြိုင်ဘက်ကင်းသော စစ်တုရင်စွမ်းရည်များအား ပိုင်ဆိုင်ထား၏။ အကြိတ်အနယ်ယှဥ်ပြိုင်ဖို့ရာ ဆန္ဒရှိသော ပြိုင်ပွဲဝင်တို့ တာအိုနှလုံးသားကိုပင် ကြိတ်ချေခံရတော့မတတ် အညှာအတာမဲ့ အနိုင်ပိုင်းခံခဲ့ရသည်သာပင်။
အစပထမကတော့ ဤ မသေမျိုးအခွင့်အရေးသည် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော်လည်း စစ်တုရင်စွမ်းရည်တွင် ကျွမ်းကျင်နှံ့စပ်သော ကျင့်ကြံသူများကို ရှာဖွေစုဆောင်းလိုသော အစီအစဥ်ဖြစ်မည်ဟု ထင်ခဲ့ကြသည်။
နောက်ဆုံးတွင် ပြိုင်ဘက်နေရာမှ ကျောက်ချကစားနေသော စစ်တုရင်သူတော်စင်မှာ သူမတူသော စစ်တုရင်စွမ်းရည်ကို ပိုင်ဆိုင်ထားလေရာ သူတို့အမြတ်တနိုး တန်ဖိုးထားဝင့်ကြွားရပါသော စစ်တုရင်စွမ်းရည်များမှာတော့ ပြောပလောက်စရာပင် မကျန်ရှိတော့ချေ။
“အင်း၊ စစ်တုရင်တာအိုနယ်ပယ်မှာ ပြည့်စုံခြင်းလို့ ညွှန်းဆိုနိုင်တဲ့ စစ်တုရင်သူတော်စင်တစ်ဦးကို ဒီဘဝမှာ တွေ့ရလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး”
“ကိုယ့်ကိုယ်ကို ဒီလိုလူနဲ့ နှိုင်းယှဥ်ကြည့်မိတော့လည်း အတော်ကိုစိတ်ပျက်စရာကောင်းနေပါရောလား…”
စကားဆိုသူသည် တာအိုရိုးရာဆံထုံးနှင့် မသေမျိုးဆန်သော ထူးခြားကွဲပြားသည့် အသွင်အပြင်ရှိ အဝါရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးဖြစ်သည်။ ထိုသူသည် ရွှေရောင်စစ်တုရင်ခုံပုံရိပ်ဘက်သို့ မျှော်ငေးကြည့်ရင်း ဝမ်းနည်းဖွယ်လေသံဖြင့် ငြီးတွားပြောဆိုနေခဲ့ခြင်းပင်။
“ဒီ အကြီးအကဲက စစ်တုရင်တာအိုမှာ အထင်ကရအောင်မြင်မှုတွေ ရရှိထားလို့ နာမည်ကျော်ကြားတဲ့ အကြီးအကဲဟွမ် ဟုတ်တယ်မလား” ကျင့်ကြံသူအချို့သည် ထိုအဘိုးအို၏နောက်ခံကို ခန့်မှန်းမိလိုက်ပြီး အာမေဋိတ်ပြုလိုက်သည်။
“ဘာ? မင်းပြောတာ စစ်တုရင်သူတော်စင်လောင်း လို့ လူသိများတဲ့ အကြီးအကဲဟွမ်ကို ပြောတာလား”
“မှန်တယ်! ဒါ စစ်တုရင်သူတော်စင်လောင်း ဟွမ်ပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းအတွင်း အလယ်ပိုင်းဒေသမှာ စစ်တုရင်သူတော်စင်တစ်ဦးရဲ့ အဆင့်အတန်းနဲ့ အနီးစပ်ဆုံး ဖြစ်တည်မှုပဲ”
“ဘုရားရေ! ဒီလို စစ်တုရင် ဆရာသခင်ကြီးတောင် ရှုံးနိမ့်ဆုတ်ခွာခဲ့ရတယ်! ဒီစစ်တုရင်ပွဲကို အနိုင်ယူဖို့ဆိုတာ လုံးဝလက်တွေ့မကျတဲ့ မျှော်လင့်ချက်ကြီး ဖြစ်နေပြီမဟုတ်လား!”
“အေးလေ၊ အေးအေးသက်သာ အခမဲ့ဆုတွေရယူတာကမှ ပိုပြီး လက်တွေ့ကျသေးတယ်…”
စစ်တုရင်သူတော်စင်လောင်းဟု လူသိများသော အကြီးအကဲဟွမ်ကိုယ်တိုင် စိတ်ဓာတ်ကျလောက်သည်အထိ အပြင်းအထန် ရှုံးနိမ့်သွားသည်ကို သိလိုက်ရသောအခါ ကျင့်ကြံသူအားလုံး အထိတ်တလန့်ပင် အံ့အားသင့်သွားကြသည်။
စစ်တုရင်နယ်မြေတွင် အကြီးအကဲဟွမ်သည် မကျော်ဖြတ်နိုင်သော တောင်တန်းကြီးတစ်ခုအလား သတ်မှတ်ခံထားရပြီး အလယ်ပိုင်းဒေသ၏ စစ်တုရင်လောကတွင် နတ်ဘုရားအလား ပူဇော်ကိုးကွယ်ခံရသော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်လေသည်။
ဒါပေမဲ့ ဒီရလဒ်က ဘာသဘောလဲ?
တစ်ဖက်က စစ်တုရင်သူတော်စင်ရဲ့ ရှေ့မှာ သူ့ရဲ့ ကျော်ကြားအောင်မြင်မှုကို သံသယဝင်လောက်အောင်အထိ ပညာပြခံလိုက်ရသတဲ့လား?
ဝမ်းနည်းစရာပဲ၊ ကြားရတာကို စိတ်မချမ်းသာစရာ!
ရွှစ်!
ရွှစ်!
စစ်တုရင်ခုံနယ်မြေ တစ်ဖန်ပွင့်ဟလာပြီး ပုံရိပ်နှစ်ခုသည် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကြ၏။ ထိုနှစ်ဦးမှာ ရွှယ်ထျန်းသူတော်စင် လင်တုရှိုနှင့် ယင်းယန်သူတော်စင် ကျိပါရှောင်တို့ ဖြစ်သည်။
“ဟူး၊ အရမ်းခက်ခဲလွန်းတယ်၊ မျှော်လင့်ချက် လုံးဝမရှိဘူး။ အခမဲ့ဆုသုံးခုကို ယူပြီးပြန်တာပဲ ပိုကောင်းပါတယ်”
လင်တုရှိုလို ကိုယ်နှုတ်မူရာယဥ်ကျေးချိုသာကာ အရည်အချင်းပြည့်ဝသူတစ်ဦးပင် မရှုမလှရှုံးနိမ့်ခဲ့ရပြီးနောက် အတော်လေး ကူရာကယ်ရာမဲ့ ဖြစ်နေရသည်။
“အဲ့ဒီအဘိုးအိုရဲ့ စစ်တုရင်စွမ်းရည်တွေက ကြောက်စရာကောင်းတယ်!” ကျိပါရှောင် စိတ်ပျက်အားငယ်စွာဖြင့် ညည်းညူလိုက်သည်။
ပြိုင်ဘက်ကမှ ထုတ်သုံးလိုက်သော အကွက်တိုင်းဟာ အပြစ်အနာအဆာမရှိ ပြည့်စုံကျနပြီး ဖုံးကွယ်ထားသော ပညာအရည်အချင်းက အပြည့်အဝရှိသည်။ သူ အသိဝင်လိုက်ချိန်တွင် စစ်တုရင်ခုံထက်မှ သတ်ကွင်းသည်ကား အသက်ဝင်ပြီးနေခဲ့ပြီးဖြစ်၍ ပြန်လည်နာလန်ထူနိုင်ချေပင် မကျန်ရှိတော့ပေ။
မကြာမီတွင်။
ယောင်ကွမ်းသူတော်စင်မ နတ်သမီး ချင်ရူရန်သည်လည်း ပြိုင်ပွဲနယ်နိမိတ်စည်းမှ ထွက်ပေါ်လာသည်။
သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်သေသပ်လှသည့် မျက်နှာသည် နှင်းခဲတစ်လွှာဖြင့် ဖုံးအုပ်ထားသလို တောင့်တင်းအေးစက်၏။ ထွက်လာပြီးချိန်တွင် စိတ်မပြတ်နိုင်သကဲ့သို့ အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်သည့် မျက်နှာထက်တွင် အခဲမကျေဟန် နာကျည်းမှုများကို မြင်ရနိုင်ပြီး အလွန်မလိုလားစွာ ဆုတ်ခွာလာခဲ့ရပုံပေါ်၏။
ချင်ရူရန်လည်း ရှုံးနိမ့်သွားလေပြီ။
“နတ်သမီး ချင်၊ စိတ်လျှော့ပါ။ ငါတို့ ယှဥ်ပြိုင်ကစားခဲ့တဲ့ စစ်တုရင်သူတော်စင်ဟာ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ အထွတ်အထိပ် စစ်တုရင်သူတော်စင် ဖြစ်နိုင်တယ်လို့ ပြောကြတယ်” လင်တုရှိုက သူမကို နှစ်သိမ့်လိုက်သည်။
ချင်ရူရန်သည် ခဏတာ တိတ်ဆိတ်သွားပြီးမှ ညင်သာစွာ ပြောလိုက်သည်။ "မြင့်လှပါချည်ရဲ့ဆိုတဲ့ ကောင်းကင်ဘုံတွေရဲ့အထပ်မှာတောင် ပိုမြင့်တဲ့ကောင်းကင်တွေ ထပ်ရှိနေသေးသလိုပါပဲ။ ကိုယ့်ထက်မြင့်တဲ့ ပညာရှင်ဆိုတာ နေရာတိုင်းမှာ ရှိနေနိုင်တယ်လေ"
ဖြောင်း ဖြောင်း ဖြောင်း ~
စည်းချက်ညီသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။
ကျိပါရှောင်သည် အားရပါးရ လက်ခုပ်တီးပြီး စိတ်လှုပ်ရှားစွာဖြင့် ချီးကျူးထောပနာပြုသည်။
“နတ်သမီးချင်ရဲ့ ပြောစကားတွေက အဓိပ္ပာယ်ရှိလိုက်တာ! ကျွန်တော်လည်း အဲ့စကားပုံကို စဥ်းစားမိသားပဲ၊ ဒါပေမယ့် နတ်သမီးချင်က အရင်ပြောလိုက်နိုင်တယ်! ကျွန်တော် ကျိပါရှောင် တော်ရုံလူကို လေးစားဖို့အထိ စာရင်းမသွင်းပေမဲ့ နတ်သမီးချင်ကိုတော့ အမှန်တကယ် လေးစားအထင်ကြီးမိပါတယ်!”
ဒီလိုမျိုး အဓိပ္ပာယ်မရှိ အသားလွတ်ကြီး ဝင်ချီးကျူးတာက… အတော်ကို အူကြောင်ကြားနိုင်တဲ့ ပိုးပန်းနည်းပဲ…
အစောက ကျိပါရှောင်သည် စကားအပြောအဆိုမတတ်မှုကြောင့် ချင်ရူရန်ကို စော်ကားသလိုဖြစ်ခဲ့မိရာ အခု သူက ထိုကိစ္စအား လျော်ကြေးပေးဖို့ အခွင့်အရေးရှာခြင်းပင်။ သို့သော် ပို၍အရှက်ရစရာ မြင်ကွင်းတစ်ခုသာ ဖြစ်သွားခဲ့ရပြန်သည်။
လင်တုရှို၏မျက်နှာလည်း နည်းနည်းရှုံ့မဲ့သွားသည်။
သူ့ဟာက ချီးကျူးနေတာလား ရန်စနေတာလား?
အစ်ကိုကျိ၊ ပါးစပ်လေးကိုပိတ်ထားလို့ရမလား? ကျွန်တော်ကြားကနေ ချွေးပြန်လာလို့ပါ။
လင်တုရှိုသည် ကျိပါရှောင်နှင့် ဆက်ဆံရေးကောင်းမွန်ပြီး တစ်ဖက်လူတွင် မကောင်းသောအကြံအစည် အတွေးစိတ်ကူး နည်းနည်းမှမရှိသည်ကို သိထားသည်။ သို့သော် ထိုသူ၏ပါးစပ်ပေါက်ကတော့ အထိန်းအချုပ်မရှိ ကရားရေလွှတ် ပြောဆိုနေတတ်သည့် ပြဿနာတစ်ခုတော့ရှိ၏။ ပြောလိုက်သောစကားလုံးက ပြဿနာမရှိလျှင်တောင် ပြောသူ၏ကို့ရို့ကားရားနိုင်မှုကြောင့် တစ်ခုခုလွဲမှားနေသလို အမြဲခံစားရတတ်သည်သာ။
ချင်ရူရန်က သူ့ကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး သတိပေးစကားတစ်ခွန်းဆိုသည်။
“ပါးစပ်ပိတ်ထား!”
ကျိပါရှောင် ကြောက်ကြောက်ဖြင့် ကျုံ့ဝင်သွားကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ထို့နောက် သခင်ဆီမှ အဆူအငေါက်ခံလိုက်ရသော ခွေးလေးကဲ့သို့ အသံတစ်သံပင် ထပ်မထွက်ရဲတော့ချေ။