အခန်း (၅၁၀)
Vol. 37 Ch. 510
သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့သည်လည်း အပြင်သို့ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူ၏ တန်ပြန်တွန်းလှန်ဖို့ရာ မဖြစ်နိုင်ခဲ့သော အကြီးအကျယ်ရှုံးနိမ့်မှုမြင်ကွင်းကို ပြန်စဥ်းစားမိရင်း မျက်နှာတစ်ခုလုံးမှာ ဒေါသဖြင့်နီရဲလျက်။
“အဲ့ဒီအဘိုးကြီး ဘယ်သူလဲ။ စစ်တုရင်စွမ်းရည်က ဘာလို့အဲ့လောက်ကောင်းနေရတာလဲ? သူက ငါ့ရဲ့ အကျွမ်းကျင်ဆုံး စစ်တုရင်အကွက်တွေကို တစ်ခုပြီးတစ်ခုတောင် ဖျက်ပစ်လိုက်တာ ဘာမှမဟုတ်သလိုပဲ!”
သူ့တွင် ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးပင်မရခဲ့။
အခြေအနေသာပေးလျှင် ဟုန်ချန်ယဲ့သည် ထိုနေရာတွင်ပင် စစ်တုရင်ခုံကိုလှန်ချကာ ပြဿနာရှာလိုက်ချင်သည်။
စိတ်ပျက်စရာအကောင်းဆုံးအရာမှာ သူရရှိခဲ့သော ဆုသုံးခုသည် ထူးခြားမှုမရှိ၊ လီဝူကျယ်ရရှိခဲ့သည်ထက် တန်ဖိုးနည်းနေခဲ့သည်။
နောက်ပိုင်းတွင် သူ ဘယ်လိုလှောင်ပြောင်ခံရတော့မည်ကို စဥ်းစားရင်း ဟုန်ချန်ယဲ့ ပိုမိုဒေါသထွက်လာသည်။ မျက်နှာမှာ ရွှံ့ပုပ်အိုင်အလား စူပုပ်မည်းမှောင်လျက်။
ရုတ်တရက် ကျောက်တုံးတစ်တုံးကိုပစ်လွှဲကာ ကောင်းကင်ကို ရိုက်ခွဲလိုက်သကဲ့သို့ မိုးခြိမ်းသံတစ်ခုက လော့ရိတောင်တန်းများတစ်လျှောက်လုံး ပဲ့တင်ထပ်သွားသည်။
“အတင့်ရဲလိုက်တဲ့ သွေးနီနတ်ဆိုး! မင်း ဘယ်လိုလုပ်ပြီး စန်းမူပြည်နယ်ထဲထိ ဝင်ရောက်ရဲတာလဲ!!!”
ကောင်းကင်သည် ချက်ချင်း မှိန်ကျသွားကာ သဲမှုန်သဲစများနှင့် ကျောက်စကျောက်နများလည်း ပျံဝဲလာသည်။
တစ်ဖက်လူထွက်အလာကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသော လျန်ချန်ပိသည် ဟုန်ချန်ယဲ့ကို မြင်လိုက်ရသည်နှင့် ချုပ်တည်းထားသော စိတ်ခံစားချက်များ ပေါက်ထွက်ကုန်လေတော့၏။ ထို့နောက် သတ်ဖြတ်လို့စိတ်ပြည့်နေသော မျက်နှာထားဖြင့် တစ်ဖက်လူ၏လမ်းကြောင်းကို အလျင်အမြန်သွားရောက်ပိတ်ဆို့သည်။
သူ၏ကျင့်ကြံမှု လျင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ ပြိုင်ဘက်ကင်းစွမ်းရည်ကို ပြသရန်နှင့် သူ၏အသစ်ရရှိထားသော ခွန်အားကို စမ်းသပ်ရန် အမြဲတစေ စိတ်အားထက်သန်နေခဲ့သည်။
သွေးနီနတ်ဆိုးကဲ့သို့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကို နှိမ်နင်းနိုင်လျှင် အကြီးမားဆုံးသော ကျော်ကြားမှုနှင့် အခွင့်အလမ်းများက သူ့ကိုစောင့်ကြိုနေပေရော့မည်။
ရုတ်တရက်ဆန်သော အဖြစ်အပျက်များကြောင့် လော့ရိတောင်တန်းများရှိ ကျင့်ကြံသူများ အားလုံး အလန့်တကြားဖြစ်ကုန်ကြသည်။
“ငါများ နားကြားမှားတာလား? တစ်ယောက်ယောက်က တကယ်ပဲ ‘သွေးနီနတ်ဆိုး’ လို့ အော်လိုက်တာလား”
“အမလေး၊ သွေးနီနတ်ဆိုးက ဒီကို ဘယ်လိုရောက်လာတာလဲ။ သူ အရင်က အရှေ့ပိုင်းဒေသမှာပဲနေနေတာ မဟုတ်ဘူးလား”
“ဟာ! ထိုက်ချူသူတော်စင်က အော်လိုက်တာပဲ! သူက သွေးနီနတ်ဆိုးနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတယ်!”
“အိုး… တကယ်ကြီး သွေးနီနတ်ဆိုးပဲ!”
အာမေဋိတ်သံများ တိုးပွားလာပြီး တောင်တန်းတစ်ခုလုံးသည် စိတ်လှုပ်ရှားမှုကြောင့် ပေါက်ကွဲထွက်တော့မတတ် စီစီညံညံဖြစ်လာသည်။
အံ့ဩခြင်း၊ ကြောက်ရွံ့ခြင်း၊ သံသယ၊ လေးစားအားကျမှုနှင့် အခြားစိတ်ခံစားမှုများဖြင့် ပြည့်လွှမ်းနေသော အကြည့်ပေါင်းများစွာသည် တစ်နေရာတည်းသို့သာ ပေါင်းဆုံသွားခဲ့၏။
အလယ်ပိုင်းဒေသတစ်လျှောက်လုံး ပဲ့တင်ထပ်ကျော်ကြားခဲ့သော၊ သူတော်ကောင်းလမ်းစဥ် ကျင့်ကြံသူများစွာကို စိုးရိမ်ပူပန်မှုဖြင့် တုန်လှုပ်ချောက်ချားစေခဲ့သော၊ နတ်ဆိုးလမ်းစဥ်တွင် စိတ်ဝိညာဥ်တို့အား နိုးထတက်ကြွစေသည့် မူလလက်ဟောင်း ခေါင်းဆောင်တစ်ဦးအဖြစ်ပင် ပူဇော်ခံခဲ့ရသော သွေးနီနတ်ဆိုးဟူသည့် အမည်နာမ။
အဆင့်အတန်းတွင်ဖြစ်စေ၊ သြဇာလွှမ်းမိုးမှုတွင်ဖြစ်စေ၊ သူသည် လက်ရှိတွင် အလယ်ပိုင်းဒေသ၏ ထိပ်ဆုံးအဆင့်တွင် ရပ်တည်နေဆဲဖြစ်၏။
“အဲ့ဒါ မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့လား” လင်တုရှိုသည် အလွန်အံ့ဩသွားပြီး မျက်နှာထားမှာ ချက်ချင်းတည်ကြည်လေးနက်သွားခဲ့သည်။
သူသည် ရွှယ်ထျန်းသူတော်စင်နယ်မြေမှ သူတော်စင်တစ်ဦးဖြစ်ပြီး သူတို့ဂိုဏ်းဘက်က အရှေ့ပိုင်းဒေသရှိ လက်အောက်ခံဂိုဏ်းခွဲဖြစ်သော ရွှယ်ထျန်းဂိုဏ်းဆီသို့ ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ကြောင်း သိထားသည်။
နောက်ပိုင်းတွင် ရွှမ်ထျန်ဂိုဏ်းကို သွေးနီနတ်ဆိုးက သိမ်းယူထားပြီးဖြစ်သည်ကို တွေ့ရှိခဲ့ရ၏။
ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ကိုယ်စားလှယ် လျိုချင်းမင် ပြန်ရောက်လာပြီးနောက် ရွှယ်ထျန်းသူတော်စင်သခင်အား သွေးနီနတ်ဆိုးသည် ယဲ့ကျွင်းလင်အမည်ရှိ ဆရာသခင်တစ်ဦးထံ တပည့်ခံယူထားပြီး၊ ထိုယဲ့ကျွင်းလင်တွင် ကြီးမားသော နောက်ခံတစ်ခု ရှိသည်ဟုဆို၏။ ထိုသူမှာ ရှေးခေတ်တစ်ခါက အင်အားအကြီးဆုံး မသေမျိုးဧကရာဇ်တစ်ပါးဖြစ်ပြီး ကောင်းကင်ဧကရာဇ်ယဲ့အဖြစ် လူသိများကာ သမိုင်းတွင် ပြိုင်ဘက်ကင်းသော အောင်မြင်မှုများ ပိုင်ဆိုင်ထားသည်။ အမှောင်မျိုးနွယ်၏ ပုန်ကန်ထကြွမှုကို တစ်ယောက်တည်းအားဖြင့် နှိမ်နင်းရှင်းလင်းခဲ့ကာ ခွင်းလွင်ကမ္ဘာ၏ သာမန်လူများကို ကယ်တင်ရန်အတွက် ပြင်ပကမ္ဘာမှ မသေမျိုး တစ်ဘီလီယံကို သတ်ခဲ့သည်ဟုပင် ဆို၏။
မယုံကြည်နိုင်စရာအကောင်းဆုံး အတုံးအဆုံး အပိုင်းမှာ ထိုယဲ့ကျွင်းလင်က တပည့်ဖြစ်သူ သွေးနီနတ်ဆိုးတစ်ယောက် လျှပ်စီးဒုက္ခကို ခံနေရစဥ်တွင် အန္တရာယ်ရှိလာကြောင်း သတိပြုမိသဖြင့် ရဲရင့်စွာ ဝင်ရောက်စွက်ဖက်ပြီး ကျင့်ကြံရေးလောက၏ အမြင့်မြတ်ဆုံးသော လျှပ်စီးဒုက္ခကိုပင် ကြောက်လန့်ထွက်ပြေးသွားစေခဲ့သည်ဟု။
စဥ်းစားကြည့်ကြပါဦး။
အရူးချီးပန်း လျှောက်ပြောထားတဲ့ စကားတွေပဲမဟုတ်လား!
ထို့ကြောင့် ဒေါသူပုန်ထသွားခဲ့သော ရွှယ်ထျန်းသူတော်စင်သခင်က ကိုယ်စားလှယ် လျိုချင်းမင်ကို အချုပ်ထောင်ထဲပစ်ထည့်ခဲ့လေရာ ယနေ့အချိန်အထိ ပြန်ထွက်လာနိုင်ခြင်းမရှိခဲ့သေး။
သို့တိုင် လျိုချင်းမင်သည် နောင်တမရသေးဘဲ သူပြောခဲ့သမျှ အရာအားလုံး အမှန်တရားဖြစ်သည်ဟုသာ အခိုင်အမာ ပြောဆိုနေဆဲဖြစ်ပြီး သူ့အချုပ်ခန်းမှ တိုင်တည်အော်ဟစ်သံတစ်ခုကိုလည်း မကြာမကြာကြားနေရဆဲဟု ဆိုကြသည်။
“ကောင်းကင်ဧကရာဇ်ယဲ့၊ ကျွန်တော့်ကို ကယ်ပါဦး" ဟူ၏။