ချင်ရူရန်၏ ထူးဆန်းသော မှတ်ဉာဏ်အပိုင်းအစများ
Vol. 37 Ch. 511
ထိုထူးဆန်းသော အဖြစ်အပျက်နှင့်ပက်သက်၍ သူတော်စင်နယ်မြေ၏ အဆင့်မြင့်ပုဂ္ဂိုလ်များက လျိုချင်းမင်သည် သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့၏ ဆိုးယုတ်သော အစီအစဥ်ဖြင့် မှတ်ဉာဏ်ပြုပြင်မွမ်းမံခြင်းခံခဲ့ရသည်ဟုသာ တစ်ညီတည်းယုံကြည်ခဲ့ကြ၏။ ဤလုပ်ရပ်သည် တစ်ဖက်လူမှ ရွှယ်ထျန်းသူတော်စင်နယ်မြေအား ရှင်းလင်းစွာ စိန်ခေါ်ခြင်းဖြစ်သည်ဟုသာ ရှုမြင်ခဲ့ကြသည်။
လင်တုရှိုသည် လျိုချင်းမင်၏ ဝမ်းနည်းဖွယ်အခြေအနေကို နက်နက်ရှိုင်းရှိုင်း သနားစာနာမိခဲ့ပြီး နောက်ကွယ်မှ လက်သည်တရားခံဖြစ်သော သွေးနီနတ်ဆိုး၏ ရက်စက်သောနည်းလမ်းများအပေါ် နက်နက်ရှိုင်းရှိုင်း မုန်းတီးစက်ဆုပ်မိ၏။
ဒါက အရမ်းလွန်လွန်းတယ်လေ!
ဤသို့ဖြင့် လက်ရှိအချိန် သွေးနီနတ်ဆိုး ထွက်ပေါ်လာသည်ကို မြင်သောအခါ လင်တုရှိုသည် အံ့ဩခြင်းနှင့်အတူ ဒေါသလည်းထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရန်သူအား ရင်ဆိုင်ရတော့မည့် အသင့်အနေအထားကို အမြန်ပြင်ဆင်ထားလိုက်သည်။
ကျိပါရှောင်သည် ဟုန်ချန်ယဲ့ကို တအံ့တသြလက်ညှိုးထိုးကာ တစ်ခုခုပြောဖို့ပြင်သော်ငြား နံဘေးမှချင်ရူရန်ကို တစ်ချက်စွေကြည့်မိပြီး စကားလုံးများအား ပြန်မျိုချလိုက်ရသည်။
“သွေးနီနတ်ဆိုး…”
အမြဲတမ်း အေးစက်ပြီး အမူအရာကင်းမဲ့သော ချင်ရူရန်သည် ဤတစ်ကြိမ်တွင်တော့ ထူးထူးခြားခြားကို မျက်နှာပျက်သွားရတော့၏။ အဘယ်ကြောင့်ဆိုသော် ဤ နတ်ဆိုးလမ်းစဥ် ဒဏ္ဍာရီလာပုဂ္ဂိုလ်၏ ထူးခြားချက်ကို သူမ၏အမြင်အာရုံဖြင့် ဖောက်ထွင်းသိမြင်နိုင်သောကြောင့်ပင်။
“ဟမ်?”
ဟုန်ချန်ယဲ့ ပထမတော့ ကြောင်သွားသည်။ ထို့နောက် သူ့ရှေ့မှ လူကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါ ဖီးနစ်မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး အပေါ်အောက်အသေးစိတ် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက်မှာ စဥ်းစဥ်းစားစားရေရွတ်လာ၏။ "ဘာလို့မင်းကို တစ်နေရာရာမှာမြင်ဖူးသလို ခံစားနေရတာလဲ?"
လျန်ချန်ပိ လှောင်ရယ်လိုက်သည်။ “သွေးနီနတ်ဆိုး၊ မင်းမှတ်ဉာဏ်က ဘယ်လောက်တောင် ဆိုးရွားနေလိုက်သလဲ! ငါက ထိုက်ချူသူတော်စင်ပဲ၊ မီးလျှံနတ်ဆိုးဂိုဏ်းကို နှိမ်နင်းနေချိန်တုန်းက ငါလျန်ချန်ပိဟာ သူတော်ကောင်းလမ်းစဥ် မဟာမိတ်တပ်ဖွဲ့ရဲ့ အဆင့်အမြင့်ဆုံး စစ်သူကြီးတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်"
သူ၏လေသံသည် မိမိကိုယ်ကို ကျေနပ်အားရမှုနှင့် ဂုဏ်ယူမှုအပြည့်ဖြင့် ဝင့်ကြွားလျက်ရှိ၏။
ရွှစ်!!
ပတ်ဝန်းကျင်အပူချိန်သည် ရုတ်တရက် သိသိသာသာ မြင့်တက်လာကာ ပေါက်ကွဲခါနီးမီးတောင်၏ အလယ်ဗဟိုတွင်ရောက်နေသကဲ့သို့ ခံစားရစေသည်။
ဟုန်ချန်ယဲ့၏ ဆံပင်နက်များက လေပြင်းနှင့်အတူ ရူးသွပ်စွာကခုန်လွင့်ပျံနေကာ ပြင်းထန်သောသတ်ဖြတ်လိုစိတ်ဖြင့် စူးရှလာသည့် မျက်လုံးများက လျန်ချန်ပိပေါ်တွင် စူးစိုက်ကျရောက်နေသည်။ ထွက်ဆိုလာသောစကားသံ၏ အေးစက်မှုဒဏ်ကား အရိုးကိုပင် ခိုက်ခိုက်တုန်စေတော့မတတ်။
“ငါ အဲ့ဒီအဘိုးကြီးနဲ့ စာရင်းရှင်းဖို့ ထျန်းယွမ်ပြည်နယ်ကို သွားမလို့ပါပဲ။ မင်းဆိုတဲ့ ရွံစရာကောင်ကတော့ ငါ့အလာကိုတောင်မစောင့်နိုင်ဘဲ ထောင်ချောက်ထဲကို တည့်တည့်လျှောက်ဝင်လာတာပေါ့”
“တစ်ခုတော့မှတ်ထား၊ မင်းဟာမင်း ကိုယ့်သေတွင်းကိုယ်တူးပြီး လာတာ၊ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့”
တစ်ဖက်လူ၏ ယုံကြည်မှုပြင်းထန်သော ခြိမ်းခြောက်စကားများကိုကြားသောအခါ လျန်ချန်ပိ ဒေါသနှင့်တူ အံ့သြလို့လည်းမဆုံးနိုင် ဖြစ်ရ၏။
မင်း ကိုယ်မင်း အရှေ့ပိုင်းဒေသမှာရှိနေတုန်းပဲလို့ ထင်နေတာလား?
ဒါက ထိုက်ချူသူတော်စင်နယ်မြေရဲ့ အိမ်ကွင်းပဲ။ ပြီးတော့ ငါ၊ ထိုက်ချူသူတော်စင်ဟာ အရင်က ငါမဟုတ်တော့ဘူး၊ မင်းကို နှိမ်နင်းဖို့အတွက်တော့ လုံလောက်တာထက် ပိုတယ်!
“ဟမ့်၊ မင်း ငါ့ကို ကျိန်ဆဲလို့ရတယ်၊ ဒါပေမယ့် သူတော်စင်သခင်ကို ကျိန်ဆဲရဲတာကတော့ ခွင့်လွှတ်လို့မရနိုင်တဲ့ အပြစ်ပဲ!”
“သူတော်စင်သခင်ဟာ အလယ်ပိုင်းဒေသ သူတော်ကောင်းလမ်းစဥ်ရဲ့ ရှေ့ဆောင်အလင်းရောင်အဖြစ် အသိအမှတ်ပြုခံထားရတယ်ဆိုတာ မင်း သိသင့်တယ်!”
လျန်ချန်ပိသည် ဒေါသတကြီး ချေပလိုက်သည်။
ထိုက်ချူ၏ သူတော်စင်တစ်ဦးအနေဖြင့် သူသည် ထိုက်ချူသူတော်စင်သခင်၏ပုံရိပ်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းရမည်။
“အဲ့စောက်အဘိုးကြီးက စိတ်ဖောက်ပြန်နေတာ၊ သူတော်ကောင်းလမ်းစဥ်ရဲ့ ရှေ့ဆောင်အလင်းရောင်လို့ ခေါ်ထိုက်ပါ့မလား။ သူတော်ကောင်းလမ်းစဥ်ရဲ့ အရှက်ရစရာဆိုရင် ပိုမှန်ဦးမယ်”
အပြင်ပန်းကကြည့်တော့ ဖြောင့်မတ်သယောင်ရှိပေသည့် အတွင်းစိတ်တွင်တော့ ကောက်ကျစ်ယုတ်မာမှုအပြည့်ဖြင့် နှာဘူးအဘိုးအို၏ သွင်ပြင်ကို ပြန်လည်စဥ်းစားကြည့်ရင်း ဟုန်ချန်ယဲ့ ရွံရှာစွာပြောလိုက်သည်။
“မိုက်ရိုင်းလှချည်လား!”
လျန်ချန်ပိက မိုးခြိမ်းသကဲ့သို့ အော်ဟစ်လိုက်သည်။ လှုပ်ရှားရတော့မည့်အချိန်သို့ ရောက်လေပြီ။ ထို့နောက် ထိုက်ချူသူတော်စင်နယ်မြေ၏ ထူးခြားသော တိုက်ကွက်တစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း…
ကျယ်ပြန့်သော ချီစွမ်းအင်သည် အကန့်အသတ်မရှိ တိုးမြင့်လာကာ နေနှင့်လကို မှိန်ဖျော့စေပြီး မဟာပထဝီမြေကြီးကို တုန်ခါစေသည်။ ကျင့်ကြံသူများစွာမှာ ကြောက်လန့်တကြားဖြင့် အဝေးသို့ဆုတ်ခွာသွားကြရ၏။
“ဘဝသက်တမ်းပျက်သုဥ်းခြင်း တံဆိပ်!”
ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိုးမျှော်တောင်တစ်ခုနှင့် သဏ္ဍာန်တူသော မည်းနက်သည့်အဆင်းရှိ တံဆိပ်တစ်ခုသည် ဟုန်ချန်ယဲ့၏ဦးခေါင်းအထက်တွင် လွင့်မျောပုံပေါ်လာကာ အကန့်အသတ်မရှိသော အမှောင်စွမ်းအင်ကိုထုတ်လွှတ်ပြီး ဖျက်ဆီးခြင်းချီစွမ်းအင်အား ကူးသန်းပို့လွှတ်သည်။
ဤ တံဆိပ်၏အောက်တွင် ထာဝရ ကယ်တင်ခြင်းမခံရနိုင်တော့သကဲ့သို့ ငိုကြွေးနေကြသော ဝိုးတဝါးငိုညည်းသံများအား ကြားရနိုင်၏။
“လျန်ချန်ပိရဲ့ ကျင့်ကြံမှုက ဉာဏ်အလင်းမသေမျိုး တတိယကောင်းကင်အဆင့်ဖြစ်နေတာကိုး” လင်တုရှို၏ နှလုံးသားမှာ အကြီးအကျယ် တုန်လှုပ်သွားသည်။
အဘယ်ကြောင့်ဆိုသော် မကြာသေးမီကပင် သူသည် ဉာဏ်အလင်းမသေမျိုး ပထမကောင်းကင်သို့ တက်လှမ်းခဲ့သည်ပင်။ သို့သော် ထိုက်ချူသူတော်စင်၏ ကျင့်ကြံဆင့်က ဤမျှ လိုက်မမီနိုင်လောက်အောင် မြင့်မားနေမည်ဟု တွေးထင်မထားခဲ့။
“သွေးနီနတ်ဆိုး၊ ဒီ တိုက်ကွက်ကို ခံစားကြည့်လိုက်!” လျန်ချန်ပိသည် ယုံကြည်မှုအပြည့်ဖြင့် ဘဝသက်တမ်းပျက်သုဥ်းခြင်းတံဆိပ်ကို အသက်သွင်းလိုက်သည်။
စွမ်းအားအပြည့်ဖြင့် အနက်ရောင်တံဆိပ် အသက်ဝင်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ဒီရေကဲ့သို့ ပျံ့နှံ့သွားသည်။
လေဟာနယ်သည် ပြိုကျတော့မတတ်တုန်ခါကာ မြေပြင်သည်လည်း ပျက်စီးကြေမွတော့မတတ် ယိမ်းထိုးလျက်ရှိ၏။
“ပညာမပါလိုက်တဲ့ လှည့်ကွက်တွေ”
ဟုန်ချန်ယဲ့ လှောင်ရယ်လိုက်ပြီး သူ၏လက်ညှိုးကို ညင်သာစွာ အပေါ်သို့ထိုးညွှန်လိုက်သည်။ တမုဟုတ်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏လက်ညှိုးထိပ်မှ ပေါက်ကွဲထွက်လာ၏။
ဘုံး!
ဘဝသက်တမ်းပျက်သုဥ်းခြင်းတံဆိပ်သည် ထိုလက်ညှိုးဖြင့် ထိတွေ့လိုက်ရုံမျှဖြင့် ပူဖောင်းတစ်ခုကဲ့သို့ ကွဲထွက်သွားသည်။
ယခုလေးတင် ယုံကြည်မှုအပြည့်ရှိခဲ့သော လျန်ချန်ပိသည် ချက်ချင်းပင် ဖြတ်ရိုက်ခံလိုက်ရကာ သူ၏မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ကြောင်အနေခဲ့သည်။ “ဒါ၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူရဲ့ ထူးခြားရှားပါးတဲ့ အဖိုးတန်တိုက်ကွက်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ ဖျက်ဆီးပစ်လိုက်တာလား?