← Chapters

အခန်း (၅၁၂)

Vol. 37 Ch. 512

အခန်း (၅၁၂)

Vol. 37 Ch. 512

“ဒီလောက်၊ ဒီလောက်တောင် သန်မာလာတာလား…” တိုက်ပွဲကို စောင့်ကြည့်နေသော လင်တုရှိုသည် ဦးရေပြားပင် တင်းမာကျဥ်ထုံလာသည်ကို ခံစားမိရ၏။ လျန်ချန်ပိ ထုတ်လွှတ်လိုက်သော ထိုတံဆိပ်တိုက်ကွက်ကို သူ ရင်ဆိုင်ရမည်ဆိုလျှင် မသေဆုံးလျှင်တောင်မှ အတော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်သည်အထိ ရုန်းကန်တောင့်ခံရမည်ဖြစ်သည်။

ချင်ရူရန်ကမူ ဤရလဒ်ကို မျှော်လင့်ထားသည့်အတိုင်း မည်သည့်အံ့သြရိပ်ကိုမှ ပြသမလာခဲ့။

“ဟေ့ မျိုးမစစ်ကောင်၊ မင်းမှာ တခြား ဘာတိုက်ကွက်တွေရှိသေးလဲ။ ဖြစ်နိုင်ရင် အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်သုံးတာ အကောင်းဆုံးပဲ!” ဟုန်ချန်ယဲ့သည် သတ်ပွဲမစမီ ရန်သူ၏စိတ်ဓာတ်တံတိုင်းကို စတင်ဖြိုဖျက်သည်။

“သေစမ်း!”

လျန်ချန်ပိသည် တစ်ခုခုမှားနေသည်ကို သဘောပေါက်လိုက်သဖြင့် အရှေ့မှ အနီရောင်ဝတ်ရုံဝတ်ပုံရိပ်ကို ထိခိုက်စေဖို့ရာ တတ်နိုင်သမျှ အားထုတ်ကြိုးပမ်းလာသည်။

“နေအလင်းတန်း မသေမျိုးအဆုံးသတ် မြား!”

ဤသည်မှာ ထိုက်ချူသူတော်စင်နယ်မြေ၏ နောက်ထပ်ထူးခြားသော တိုက်ကွက်တစ်ခုဖြစ်ပြီး ဂိုဏ်း၏ အဓိကကျသော ပုဂ္ဂိုလ်များသာ ကျင့်ကြံနိုင်ကြသည်။ ၎င်း၏စွမ်းအားသည် အလွန်အားကောင်းရုံသာမက ရန်သူ၏စိတ်ဝိညာဥ်ကိုပါ ထိခိုက်နိုင်စွမ်းရှိသည်။

ရွှစ်~

လျန်ချန်ပိသည် လက်သင်္ကေတတစ်ခုကိုပုံဖော်ကာ သူ၏စွမ်းအားအားလုံးဖြင့် အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ထိုအဖြူရောင်အလင်းတန်းသည် မျက်စိကျိန်းစရာ မြားတံတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားကာ အကန့်အသတ်မရှိသော ဖျက်ဆီးနိုင်စွမ်းဖြင့် လေဟာနယ်အား ထိုးဖောက်ပြေးဝင်သွားတော့၏။

တစ်ဖက်မှ ဟုန်ချန်ယဲ့သည် လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လျန်ချန်ပိ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် နေအလင်းတန်း မသေမျိုးအဆုံးသတ် မြားကို ညှပ်ကိုင်ကာ တစ်စစီ ချေဖျက်လိုက်တော့လေသည်။

လျန်ချန်ပိ၏ မျက်နှာသည် ကြောက်စိတ်ဖြင့် စိမ်းပုပ်လာတော့၏။ သူ၏ကိုယ်ခန္ဓာတစ်လျှောက်လုံး အအေးဓာတ်တစ်ခုက စီးဆင်းဖြတ်သန်းသွားပုံမှာ အဆုံးမရှိသောချောက်နက်ထဲသို့ ပြုတ်ကျသွားသည့်အလား။

တစ်ဖက်လူ၏ ခွန်အားသည် သူ့စိတ်ကူးထက် အဆများစွာ ကျော်လွန်သွားလေပြီ။

ဒါက သာမန်ဉာဏ်အလင်းမသေမျိုးမှ မဟုတ်တာ!

ထိုက်ချူသူတော်စင်သခင် ကိုယ်တိုင်လာရောက်ရင်တောင် တစ်ဖက်လူကို နှိမ်နင်းနိုင်မည်မဟုတ်ပေ။

အချိန်ဘယ်လောက်တောင် ကြာသွားခဲ့လို့လဲ? သွေးနီနတ်ဆိုးက ဒီလောက်အထိ သန်မာလာခဲ့တာလား?

“ပြေး!”

အတွေးတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားချိန်ဝယ် လျန်ချန်ပိသည် ထိုက်ချူ ထွက်ပြေးလွတ်မြောက်ခြင်းကျင့်စဥ်ကို အသုံးပြုလိုက်ရာ ကိုယ်ခန္ဓာတစ်ခုလုံးသည် မင်စက်တစ်စက်ကဲ့သို့ ‌သေးငယ်ကွယ်ပျောက်သွားပြီး လော့ရိတောင်တန်းများထံမှ အလျင်အမြန်ထွက်ပြေးဖို့ ကြိုးစားသည်။

“ထွက်ပြေးဖို့ ကြိုးစားနေတာလား? သေလိုက်လေ!”

ဟုန်ချန်ယဲ့က လက်ကိုအချိန်မီဆန့်ထုတ်ကာ ကြုံးဝါးလိုက်သည်။

ရွှစ် ရွှစ် ရွှစ်~

ဉာဏ်အလင်းမီးတောက် ရှစ်မျိုးသည် လေဟာနယ်မှ ပေါက်ကွဲထွက်လာကာ လျန်ချန်ပိအား ပြေးလမ်းမရှိအောင် ပိတ်ဆို့ကာရံထားလိုက်ကြ၏။

“အား အား အား…”

အဆုံးမရှိသော မီးပင်လယ်ထဲတွင် လျန်ချန်ပိသည် လောင်မြိုက်ခြင်းမှတစ်ဆင့် သူ၏မူလပုံစံဆီသို့ အတင်းအကျပ် ပြောင်းလဲဖော်ပြခံခဲ့ရ၏။ သူ၏မျက်လုံးများသည် သွေးနီရောင်အဖြစ်သို့ပြောင်းလဲကာ ချွန်မြသောအစွယ်တစ်စုံမှာ ပါးစပ်အ‌ရှေ့သို့ပြူးထွက်နေပြီး ကျောထက်တွင်လည်း အသွေးအသားတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော တောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ မျက်နှာမှာ နာကျင်မှုကြောင့် ပုံပျက်ပန်းပျက် ရွဲ့စောင်းလျက်ရှိကာ အော်သံများမှာလည်း နားမခံသာစရာ။

“လျန်ချန်ပိက ဘယ်လိုလုပ်ပြီး ငှက်လူသားတစ်ယောက် ဖြစ်သွားတာလဲ။ သူက နတ်ဆိုးမျိုးနွယ်စုကလား” လင်တုရှိုသည် အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်သည်။

ချင်ရူရန်သည် မျက်ခုံးများကို ခပ်တင်းတင်းတွန့်ချိုးကာ တီးတိုးဆိုသည်။ “ဒါက ထာဝရသွေးမျိုးနွယ်စု…”

လင်တုရှိုသည် ရုတ်တရက် ခေါင်းကိုလှည့်ပြီး တအံ့တသြမေးလိုက်၏။ “နတ်သမီး ချင်၊ ကျွန်တော်တို့ ခွင်းလွင်ကမ္ဘာမှာ ဒီလိုနာမည်နဲ့ ဂြိုလ်သားမျိုးနွယ်စု ရှိတယ်လား?"

သူ့ကိုယ်သူ ဗဟုသုတ အထူးပြည့်စုံသူဟု ခံယူထားခဲ့ပြီး သူတော်စင်နယ်မြေ၏ ကျမ်းဂန်ဆောင်ရှိ စာအုပ်များ အားလုံးနီးပါးဖတ်ပြီးဖြစ်သော်ငြား ထာဝရသွေးမျိုးနွယ်စုအကြောင်းကိုတော့ တစ်ခါမှ မကြားဖူးခဲ့ပေ!

ထို့ကြောင့် လင်တုရှိုသည် ချင်ရူရန် ဘယ်ကနေဘယ်လိုသိသလဲဆိုတာကို အလွန်စူးစမ်းချင်မိ၏။

ချင်ရူရန် တိတ်ဆိတ်သွားသည်။

ဤခွင်းလွင်ကမ္ဘာ စတင်ပြောင်းလဲလာသည်နှင့်အမျှ အမျိုးစုံကွဲပြားသော မှတ်ဉာဏ်များစွာသည် သူမ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ၎င်းတို့အားလုံးကို အတည်အကျ ပေါင်းစည်းစဥ်းစားရန် ခက်ခဲသော်လည်း ဤကွဲပြားသော မှတ်ဉာဏ်များမှ အရေးပါသော အချက်အလက်တစ်ချို့ကိုတော့ ကောက်နှုတ်စဥ်းစားကြည့်နိုင်သည်။

လျန်ချန်ပိ၏ ထူးခြားသောပုံပန်းသဏ္ဍာန်သည် စကြဝဠာ၏ တစ်ဖက်အာကာသတွင် တည်ရှိသော ထာဝရသွေးမျိုးနွယ်စု၏ ပုံပန်းသဏ္ဍာန်ဖြစ်သည်။

ဤအတောအတွင်း ချင်ရူရန်သည် တရားထိုင်ကျင့်ကြံနေစဥ်တွင် မကြာခဏ အိပ်မက်မက်တတ်၏။ သူမသည် ကျယ်ပြန့်သော စကြဝဠာ ကြယ်တာရာကောင်းကင်ထက်တွင် ရပ်တည်နေကာ ဂြိုလ်သားမျိုးနွယ်စု အင်အားကြီးပုဂ္ဂိုလ်များက သူမကို ဝန်းရံပိတ်ဆို့ထားသည်။ သူတို့၏ ချီစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အကန့်အသတ်မရှိ။ သို့သော် သူမကိုကြည့်သော အကြည့်များကတော့ နက်ရှိုင်းသောစိုးရိမ်ပူပန်မှုနှင့် ‌ကြောက်စိတ်များဖြင့်သာ ဖုံးလွှမ်းနေခဲ့၏။

ထို့နောက် တိုက်ပွဲဖြစ်ပွားသည်။ စကြဝဠာတစ်ခုလုံးကို ကစဥ့်ကလျားဖြစ်စေသည့် ထိုတိုက်ပွဲကြီးတွင် အမြင့်မြတ်ဆုံးသော ကျင့်ကြံသူများစွာသည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားရ၏။ ကမ္ဘာဂြိုဟ်များ ဒဏ်မခံနိုင်စွာ ကြေမွပျက်စီးကာ သူမကိုယ်တိုင်လည်း ဖြည်းဖြည်းချင်လျော့ပါးလာသော စွမ်းအားပမာဏကို ခံစားမိနေသည်။ မသေဆုံးမီ အချိန်ကလေးတွင် သူမသည် ဇာတိမြေကို လွမ်းမောတမ်းတစွာ နှုတ်ဆက်လက်ပြသကဲ့သို့ ဝေးလံသောတစ်နေရာအား တစ်ချက်အကြည့်ပို့မိသည်။ ထို့နောက် နာကျည်းမုန်းတီးမှုအပြည့်ဖြင့် သူမကိုယ်သူမ အဆုံးစွန်ထိ ဖောက်ခွဲဖျက်ဆီးကာ ပတ်ဝန်းကျင်ရှိ ဂြိုလ်သား အကြီးအကဲများနှင့် အတူတကွ ပျက်စီးကြေမွသွားခဲ့တော့၏။

All Chapters