ဧကရီတစ်ပါး၏ ရောင်ဝါ
Vol. 37 Ch. 513
ရုတ်တရက် ပေါ်လာသော မှတ်ဉာဏ်အမျိုးမျိုးနှင့် အိပ်မက်များထဲတွင် အဆက်မပြတ် မြင်တွေ့နေရသော မြင်ကွင်းများက ချင်ရူရန်ကို မကြုံစဖူးသော တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုကို ခံစားရစေသည်။
အချုပ်အားဖြင့် ထို အင်အားကြီးသော ဂြိုလ်သားစွမ်းအားရှင်များက အလွန်ကြောက်စရာကောင်းသည်။ သူတို့သည် လက်တစ်ဖျစ်တည်းဖြင့် ဂြိုလ်များကို တမုဟုတ်ချင်း ဖျက်ဆီးနိုင်ပြီး ဘီလီယံနှင့်ချီသော သက်ရှိများကို သတ်ဖြတ်နိုင်သည်။ သို့သော် သူမတစ်ယောက်တည်းကို တိုက်ထုတ်ဖို့ရုံမျှဖြင့် ထိုမျှအင်အားကြီးသော စွမ်းအားရှင်များ တပ်မကြီးတစ်ခုလောက်အထိ ပူးပေါင်းဖွဲ့စည်းခဲ့ကြရသည် ဟူ၏။
ထို့အပြင် သူမ မသေဆုံးမီတွင် ရှုပ်ထွေးသော စိတ်ခံစားမှုအမျိုးမျိုးက နှလုံးသားထက် ပေါက်ကွဲထွက်လာခဲ့သည်။ ဇာတိမြေ၏ ဝမ်းနည်းကြေကွဲဖွယ်ကံကြမ္မာအတွက် ယူကျုံးမရဖြစ်မှု၊ ရောင်းရင်းမိတ်ဖက်များ၏ သစ္စာဖောက်ခြင်းအပေါ် နာကြည်းမှု၊ နောက်ပြီး ချုံခိုတိုက်ခိုက်ခံရပြီးနောက် ကူကယ်ရာမဲ့ကြုံတွေ့ခဲ့ရသည့် တိုက်ပွဲအရှုံးအား မရမက ငြင်းဆန်တွန်းလှန်လိုစိတ်ဖြင့် သေဆုံးခဲ့ရမှု!
အိပ်မက်မှ နိုးလာတိုင်း ချင်ရူရန်၏ စိတ်နှလုံးမှာ ခဲဆွဲထားသည့်အလား အလွန်လေးလံနေခဲ့သည်။ သူမ ဘာကြောင့် ဒီအရာတွေကို အိပ်မက်မက်ရတာလဲ? ကွဲပြားပြန့်ကျဲနေသော ထိုမှတ်ဉာဏ်များ ဘယ်ကနေဘယ်လို ပေါ်ထွက်လာကြသလဲ? သူမတစ်ခုမှမသိပေ။
သို့သော် ထိုပြောင်းလဲမှုသည် သူမအား စိတ်ကူးလို့ပင်မဖြစ်နိုင်ခဲ့သော အကျိုးကျေးဇူးများကိုလည်း ယူဆောင်လာခဲ့သည်!
အဘယ်ကြောင့်ဆိုသော် သူမ၏အသိစိတ်ပင်လယ်တွင် မရေမတွက်နိုင်သော နက်နဲသော အမျိုးစုံလင်သော ကျင့်ကြံမှုနည်းလမ်းများနှင့် မသေမျိုးကျင့်စဥ်များ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ယောင်ကွမ်းသူတော်စင်နယ်မြေ၏ အမွေအနှစ်သည်ပင် ၎င်းတို့နှင့် နှိုင်းယှဥ်လျှင် ပိုးစုန်းကြူးနှင့် လမင်းကဲ့သို့ မှိန်ဖျော့အားနည်းလှ၏။
ဤကြီးမားသော အားသာချက်ကို မှီခိုပြီး ချင်ရူရန်သည် ပြီးပြည့်စုံသော ပြောင်းလဲခြင်းကို ရယူဆောင်ကျဥ်းခဲ့ရာ သူမ၏ကျင့်ကြံမှုသည်လည်း များစွာတိုးတက်လာခဲ့သည်။
ယခုအခါ သူမ၏အပေါ်ယံ ဖြစ်တည်မှုသည် ယောင်ကွမ်းသူတော်စင်ဖြစ်သော်လည်း လက်တွေ့တိုက်ခိုက်ရမည်ဆိုလျှင် ယောင်ကွမ်းသူတော်စင်သခင်မပင်လျှင် သူမ၏ပြိုင်ဘက်မဖြစ်နိုင်ပေ!
သို့သော် ချင်ရူရန်သည် ပေါ့ပေါ့တန်တန် ဝါကြွားနေထိုင်ဖို့ အတွေးမရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူမ၏ကိုယ်ခန္ဓာတွင် ဖြစ်ပေါ်လာသော ရုတ်တရက်ဆန်ဆန် ပြောင်းလဲမှုများကြောင့် သူမသည် ရှင်းပြလို့မရနိုင်သော ရည်မှန်းချက်တစ်ခုနှင့် လေးလံသောတာဝန်များကို ထမ်းပိုးထားသည်ဟု ခံစားခဲ့ရသည်။ သူမ၏ အနာဂတ်ခရီးလမ်းမှာလည်း ရေရှည်ကိုရှေးရှုဖြစ်တည်လာခဲ့ပြီး ခွင်းလွင်ကမ္ဘာ စည်းမျဥ်းစည်းဘောင်များကပင် သူမကိုကန့်သတ်ထိန်းချုပ်မထားနိုင်တော့။
ချင်ရူရန်သည် သူမ၏မှတ်ဉာဏ်များနောက်ကွယ်မှ အမှန်တရားကို ရှာဖွေလိုပြီး ခွင်းလွင်ကမ္ဘာရှိ မသိသေးသော အရာအားလုံးကို ဖော်ထုတ်လိုသည်။
ထိုအချိန်တွင် လျန်ချန်ပိသည် သူ၏စစ်မှန်သောပုံစံကို မီးလောင်တိုက်သွင်းကာ အတင်းအကျပ်ဖော်ထုတ်ခံခဲ့ရ၏။ ထို့နောက် ထာဝရသွေးမျိုးနွယ်စုအဖွဲ့ဝင်တစ်ဦး၏ ပုံပန်းသဏ္ဍာန်ကို ပြသခဲ့ရာတွင် ချင်ရူရန်အား သူမ၏မှတ်ဉာဏ်များကြား မကြာမကြာ ပေါ်လာတတ်သော အင်အားကြီး ဂြိုဟ်သားစွမ်းအားရှင်များကို သတိရစေသည်။
မရဏကိုးမျိုး မဟာမျိုးနွယ်စုသည် စကြဝဠာတစ်လျှောက်လုံး ဟုန်းဟုန်းတောက် နာမည်ကျော်ကြားကာ ၎င်းတို့၏ဘိုးဘွားဇာတိနယ်မြေမှာ သွေးရင်းမြစ်နယ်မြေဖြစ်၏။
သူတို့သည် သက်ရှိသတ္တဝါများ၏သွေးကို စုပ်ယူစားသုံးခြင်းဖြင့် ပိုမိုအားကောင်းလာနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိရောက်မြန်ဆန်သော ကိုယ်တိုင်ပြန်လည်ကုသနိုင်စွမ်းများ ပိုင်ဆိုင်ကြသည်။
ထို့ကြောင့် ချင်ရူရန်သည် လျန်ချန်ပိ၏ ပုံပန်းသဏ္ဍာန်ကို မြင်သောအခါ အလယ်ပိုင်းဒေသတွင် ထာဝရသွေးမျိုးနွယ်စု ပေါ်ပေါက်လာလေပြီဟု နားလည်သိရှိလိုက်ပြီး အံ့သြမှုနှင့်အတူ ရွံရှာစက်ဆုပ်မှုကပါ တစ်ပါတည်းဖြစ်တည်လာသည်။
“မင်း ငါ့ကို သတ်ရဲတယ်ပေါ့၊ သူတော်စင်သခင်က ငါ့အတွက် လက်စားချေလိမ့်မယ်!” လျန်ချန်ပိ အားကုန်ညှစ်၍ အော်ဟစ်ခြိမ်းခြောက်လိုက်၏။ သူ၏ပုံပန်းသဏ္ဍာန်သည် ကြည့်ပျော်ရှုပျော်ပင် မရှိတော့လောက်အောင် စုတ်ပြတ်ဆိုးရွားလျက်ရှိသည်။ ပြင်းထန်သော မီးလျှံများကြား အဆက်မပြတ် အကင်ခံနေရကာ မီးလောင်သံတဖျစ်ဖျစ်နှင့်အတူ နာကျင်ပူပြင်းနေသည့် အော်သံများကိုပါ နားမခံသာစဖွယ် ကြားသိနေရ၏။
သူသည်သာ သွေးကျွန်မဟုတ်ခဲ့လျှင် ထာဝရသွေးမျိုးနွယ်စု မူပိုင်စွမ်းရည် ကိုယ်တိုင်ပြန်လည်ကုသနိုင်စွမ်း၏ သေးငယ်သောအစိတ်အပိုင်းလေး အနည်းအကျဥ်းမျှကို ပိုင်ဆိုင်ထားခြင်းမရှိခဲ့လျှင် ပြာပုံဖြစ်သွားသည်မှာ ကြာလှရှိပေရော့မည်။
တစ်ဖက်လူသည် သူ၏စစ်မှန်သောပုံစံကို ဖော်ထုတ်လာချိန်ဝယ် ဟုန်ချန်ယဲ့၏အမူအရာသည် အံ့အားတသင့်ဖြစ်သွားရကာ မျက်လုံးများက အရောင်တလက်လက်တောက်လာ၏။ “မင်းက အရှေ့ပိုင်းဒေသကို အရင်တစ်ခေါက် ပြဿနာလာရှာတဲ့လူနဲ့ အရမ်းတူနေတယ်။ ဒါဆို မင်းရဲ့ ထိုက်ချူသူတော်စင်နယ်မြေက သူနဲ့ ပူးပေါင်းကြံစည်နေတာပဲ”
စကားပြောနေစဥ်တွင် သူသည် ဉာဏ်အလင်းမီးတောက် ရှစ်မျိုး၏ စွမ်းအားကို တမင်တကာ ထိန်းချုပ်သည်။ ၎င်းသည် လျန်ချန်ပိကို ချက်ချင်းမလောင်ကျွမ်းစေဘဲ ရေနွေးနွေးဖြင့် ဖားကိုပြုတ်သကဲ့သို့ မျှဥ်း၍နှိပ်စက်နေသလို ဖြစ်နေရော့၏။
“အား အား အား အား…”
ကောင်းကင်ယံတစ်လျှောက်လုံးတွင် အော်ဟစ်သံများ ပဲ့တင်ထပ်နေကာ ကြားရသူအပေါင်းအား အရိုးထဲထိ ချမ်းစိမ့်သွားစေသည်။
လျန်ချန်ပိ၏ ခန္ဓာကိုယ်တစ်ခုလုံး မည်းတူးချိုးကပ်နေကာ မှတ်မိနိုင်စရာမရှိအောင် လောင်ကျွမ်းခံနေရသည်။ သို့သော် သူ၏ အထူးစွမ်းရည်ပိုင်ဆိုင်ထားသည့် သွေးကျွန်ခန္ဓာကိုယ်ကြောင့် ခက်ခက်ခဲခဲ အသက်ဆက်နိုင်နေဆဲဖြစ်၏။ သို့သော် သူ၏ အသက်စွမ်းအားသည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်ကို ခံစားနေရလေပြီ။ သူ၏နှလုံးသားသည် ကြောက်ရွံ့မှု၊ စိတ်ပျက်အားငယ်မှုနှင့် နက်ရှိုင်းသောနောင်တတရားများဖြင့် ပြည့်နှက်လေးလံလျက်ရှိသည်။
အချိန်ကိုသာ နောက်ပြန်ဆုတ်နိုင်မည်ဆိုလျှင် ဒီလူကိုတွေ့တွေ့ချင်း ထွက်သာပြေးဖို့ကြိုးစားမည်။
“မုန်းတယ်! ငါမင်းကို မုန်းတယ်!!”
လျန်ချန်ပိ ကြေကွဲစွာ ငိုကြွေးလိုက်သည်။
တိုက်ပွဲကို ကြည့်နေသော ကျင့်ကြံသူများလည်း ကြောက်စိတ်ကြောင့်တုန်ယင်နေရင်းဖြင့် အံ့လည်းအံ့သြနေရသည်။
နတ်ဆိုးဂိုဏ်းချုပ်ကတော့ နတ်ဆိုးဂိုဏ်းချုပ်ပါပဲ။
မကြာမီပင် လျန်ချန်ပိသည် ဉာဏ်အလင်းမီးတောက် ရှစ်မျိုးကြောင့် လုံးဝဝါးမျိုခံလိုက်ရပြီး သူ၏အော်ဟစ်သံများသည် ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားသည်။
မီးလျှံများ ပျောက်ကွယ်သွားပြီးနောက် ဘာဆိုဘာမှ မကျန်ရှိခဲ့တော့ပေ။
“ဒီစွမ်းအားက…” လင်တုရှို၏ ဦးရေပြားတပြင်လုံး တင်းမာလာသည်။ အနီရောင်ဝတ်ရုံနှင့်ပုံရိပ်ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သော သူ့မျက်လုံးများတွင် အကြောက်တရားများသာ အတိုင်းသာပေါ်လွင်လျက်။
“သူတော်စင်က သေသွားပြီ၊ ပြေး!” လျန်ချန်ပိနောက် လိုက်ပါလာသော နောက်လိုက်တပည့်များသည် ထိတ်လန့်တကြား ထွက်ပြေးကြသည်။
“ဟမ့်! မင်းတို့ အားလုံး၊ ငရဲကိုဆင်း!”
ဟုန်ချန်ယဲ့ လှောင်ရယ်လိုက်ရင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို နောက်လိုက်တပည့်များ၏ ကိုယ်ခန္ဓာများမှာ သူ့အလိုလို မီးလောင်ကျွမ်းသွားကြတော့၏။
ဤသို့ဖြင့် ထူးဆန်းသော မြင်ကွင်းတစ်ခု ထပ်မံပေါ်ထွက်လာပြန်သည်။ သူတို့အားလုံးသည်လည်း ထာဝရသွေးမျိုးနွယ်စု၏ ပုံပန်းသဏ္ဍာန်ကို ဖော်ထုတ်ခဲ့ကြခြင်းပင်။ တစ်ဦးစီတွင် ထက်ရှသောအစွယ်များ၊ နီမြန်းသောမျက်လုံးများနှင့် ကျောဘက်တွင် အသားအတောင်ပံတစ်စုံစီ ပါရှိသည်။ သို့သော် လျန်ချန်ပိနှင့်ယှဥ်လျှင်တော့ အတော်လေးပုံပန်းမကျနသော အကြမ်းထည်လက်ရာများဟုသာ ဆိုရပေမည်။ အကြိမ်ကြိမ်မျိုးစပ်ပြီးနောက်မှ ထွက်လာသော အဆင့်နိမ့်မျိုးစိတ်များကဲ့သို့။
လျန်ချန်ပိကို ထိုက်ချူသူတော်စင်သခင်က သွေးကျွန်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် သူ၏ စိတ်နေစိတ်ထားသည် ကြီးမားစွာ ပြောင်းလဲသွားကာ သူကိုယ်တိုင်ကပါ အခြားသူများကို ထိန်းချုပ်လိုသော ရူးသွပ်မိုက်မဲသည့်ဆန္ဒဖြင့် သူ၏သစ္စာခံလက်အောက်ငယ်သားများကိုလည်း ထိုနည်းအတိုင်း တိတ်တဆိတ် ပြောင်းလဲပေးခဲ့သည်။ သူတို့အားလုံး သွေးမျိုးနွယ်စု၏ သွေးကျွန်များဖြစ်ခဲ့ကြလေပြီ။
ယခုလက်ရှိ ဟုန်ချန်ယဲ့၏ တိုက်ခိုက်မှုအောက်တွင် ဤလက်အောက်ငယ်သားများသည်လည်း သူတို့၏စစ်မှန်သောပုံစံများကို ဖော်ထုတ်လိုက်ကြရပြီး ပြင်းထန်သော မီးလျှံများကြားတွင် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားရသည်။
ထိုသို့ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းသည် ကျင့်ကြံသူအားလုံးကို မလှုပ်နိုင်လောက်အောင် ထိတ်လန့်စေ၏။
သူတို့၏အမြင်တွင် ဟုန်ချန်ယဲ့သည် ယှဥ်ပြိုင်ဘက်မရှိသော တစ်ဦးတည်းသော နတ်ဆိုးဂိုဏ်းချုပ်သာဖြစ်ပြီး လူတစ်ယောက်ကိုသတ်ဖို့ရာအတွက် လေအကုန်ခံပြီး စကားရှည်နေမည့်သူမျိုးမဟုတ်။
မလှုပ်နိုင်အောက် ကြောက်ရွံ့နေရသည်ဆိုသော်ငြား သူတို့ ထွက်ပြေးချင်ရင်တောင် မပြေးနိုင်သည့် အခြေအနေဖြစ်သည်။