← Chapters

အခန်း (၅၁၄)

Vol. 37 Ch. 514

အခန်း (၅၁၄)

Vol. 37 Ch. 514

“နတ်ဆိုးဂိုဏ်းချုပ်၊ ကျွန်တော်တို့ကို မသတ်ပါနဲ့! ကျွန်တော်တို့က ဒီလူတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး!”

“ဟုတ်တယ်၊ ဟုတ်တယ်၊ တကယ်တော့ ကျွန်တော်က နတ်ဆိုးဂိုဏ်းချုပ်ရဲ့ အမာခံပရိသတ်ပဲ! ကျွန်တော် နတ်ဆိုးဂိုဏ်းချုပ်ကို အရမ်းလေးစားတယ်!”

“နတ်ဆိုးဂိုဏ်းချုပ်၊ ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော် လီမျိုးရိုးက နတ်ဆိုးဂိုဏ်းချုပ်ရဲ့ လက်အောက်ခံခွေးဖြစ်ဖို့ ဆန္ဒရှိပါတယ်! ဝုတ် ဝုတ် ဝုတ်!”

တောင်းပန်တိုးလျှိုးသော စကားသံများ စီစီညံထွက်ပေါ်လာသည်။ လူတိုင်းသည် မိမိကိုယ်ပိုင်အသက်လေးကို ကယ်တင်ရန်အတွက် မဆိုင်းမတွ ဒူးထောက်ချကုန်ကြ၏။

ဝေးလံသော တောင်ထိပ်တစ်နေရာတွင် လီဝူကျယ်တစ်ယောက် ထူးထူးဆန်းဆန်း ရေရွတ်လိုက်သည်။ “ဘုရားဘုရား ဘာတွေဖြစ်နေကြပါလိမ့်”

ယဲ့ကျွင်းလင်က မေးစေ့ကိုပွတ်ရင်း တွေးတွေးဆဆဆိုသည်။ “ဒါဆို ထာဝရသွေးမျိုးနွယ်စုနဲ့ ထိုက်ချူသူတော်စင်နယ်မြေက ဟိုးအရင်ကတည်းက ပူးပေါင်းကြံစည်နေတာပေါ့နော်”

လျန်ချန်ပိတို့ တစ်ဖွဲ့သားလုံး၏ ထူးခြားသော ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရပြီး ယဲ့ကျွင်းလင် စနစ်ကိုသွားရောက်မေးမြန်းခဲ့ရာ ထာဝရသွေးမျိုးနွယ်စု၏ သွေးကျွန်အဆင့်ခွဲခြားပုံကို သိနားလည်ခဲ့ရ၏။

အဆင့်ခွဲခြားမှုအရ လျန်ချန်ပိသည် အမြင့်ဆုံးအဆင့် သွေးကျွန်ဖြစ်သည်။ ထိုလက်အောက်ငယ်သားများသည် အနိမ့်ဆုံးအဆင့် သွေးကျွန်များဖြစ်ကြသည်။

ဤအတွေးလမ်းစဥ်အတိုင်း ဆက်သွားပြီး ရင်းမြစ်ကို ခြေရာခံရမည်ဆိုလျှင် ထိုက်ချူသူတော်စင်နယ်မြေ၏ သူတော်စင်သခင်ကသာ ဤအရာအားလုံးအတွက် တာဝန်ရှိသူဖြစ်ပေမည်။

ဤအချက်ကို စဥ်းစားရင်း ယဲ့ကျွင်းလင်၏မျက်လုံးများ လက်ခနဲတောက်ပသွားသည်။ သူအရင်ကသတ်ခဲ့သော ထာဝရသွေးမျိုးနွယ်စု စွမ်းအားရှင် တကယ်‌သေမသေ စတင်သံသယဝင်လာမိ၏။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စတစ်ခုလုံး မြစ်ဖျားခံလာသည့် ဦးဆုံးရင်းမြစ်က သူသာဖြစ်ရမည်ပင်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး ဒူးထောက်ချကုန်ကြသည်ကိုမြင်သော် ဟုန်ချန်ယဲ့ ဘာပြန်ပြောလို့ပြောရမှန်းပင် မသိတော့။

သူ၏ပစ်မှတ်သည် ထိုက်ချူသူတော်စင်နယ်မြေမှ ကျင့်ကြံသူများသာဖြစ်သည်။ မဆိုင်သူများက ဘာမှဝင်ပါနေစရာ မလိုသည်ပင်။

ရုတ်တရက် သူ၏အကြည့်သည် ပုံရိပ်သုံးခုဆီသို့ ဖြတ်ပြေးသွားခဲ့၏။ ၎င်းတို့မှာ ချင်ရူရန်၊ လင်တုရှိုနှင့် ကျိပါရှောင်တို့ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မိမိမျက်မှောက်တွင် ကျင့်ကြံသူအားလုံးနီးပါး ဒူးထောက်ကိန်းဝပ်နေကြပါသော်ငြား ဤသုံးဦးသာ ဖြောင့်မတ်စွာ ရပ်တည်နေခဲ့ကြသည်။

“ဟာ ဒုက္ခပဲ၊ နတ်ဆိုးဂိုဏ်းချုပ်က ငါတို့ဆီ လာနေပြီ!” လင်တုရှို၏ နဖူးမှ ချွေးစက်ကြီးများ စီးကျလာကာ အန္တရာယ်နှင့် နဖူးတွေ့ဒူးတွေ့ တွေ့ရတော့မည်ဟု အတွေးဝင်လာသည်။

ကျိပါရှောင်သည်လည်း ဆံပင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ အလွန်စိုးရိမ်ကြောက်လန့်နေသော အမူအရာဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ သူ အော်ဟစ်အကူအညီတောင်းချင်သော်လည်း အတင်းအကျပ်ချုပ်ထိန်းထားခြင်းကြောင့် ပါးစပ်မှ မပီမသ ပွစိပွစိသံများသာ ထွက်လာနေ၏။

ဝုန်း!

မမျှော်လင့်ဘဲ ချင်ရူရန်သည် အေးစက်သောမျက်လုံးအစုံဖြင့် ရှေ့တည့်တည့်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူမ၏ ဆံပင်နက်များက လေအဟုန်နှင့်အတူ လွတ်လပ်စွာ ကခုန်လွင့်ပျံနေကာ အလွန်အမင်း အားကောင်းသော ချီဓာတ်စီးကြောင်းက သူမ၏ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်လာသည်။ လေဆင်နှာမောင်း၏အလယ်ဗဟိုတွင် ရပ်တည်နေသကဲ့သို့ သူမ၏ဘေးပတ်ပတ်လည်မှာ တိုးကပ်မရအောင် စွမ်းအားအပြည့်လည်ပတ်နေ၏။

“နတ်သမီးချင်!?” လင်တုရှို နေရာတွင်ပင် ကြက်သေသေသွားရသည်။ အဘယ်ကြောင့်ဆိုသော် ချင်ရူရန်၏ ကျင့်ကြံဆင့်သည်ကား ဉာဏ်အလင်းမသေမျိုး နဝမကောင်းကင် ဖြစ်နေသောကြောင့်ပင်။

ဒါ ဘယ်လိုသဘောတရားမျိုးလဲ။

သူမသည် မသေမျိုးအရှင်သခင် ကျင့်ကြံဆင့်သို့ ရောက်လုနီးလေပြီ။

ဤဖြစ်အင်ကြောင့် လင်တုရှိုမှာ သူ့ဘဝသူပင် သံသယဝင်သွားမိသည်။ သူသည် ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ အလားအလာအကောင်းဆုံး ပါရမီရှင်ဖြစ်ကာ အလယ်ပိုင်းဒေသ လူငယ်မျိုးဆက်၏ ခေါင်းဆောင်ဖြစ်သည်။

ရလဒ်အနေဖြင့် ချင်ရူရန်၏ ရုတ်တရက် စွမ်းအင်ဖော်ထုတ်မှုသည်ကား သူ၏ ကိုယ်ပိုင်ဂုဏ်သိက္ခာကို လက်သီးချက်ပေါင်းသန်းရာချီ ထိခိုက်ထိုးနှက်လိုက်သလို ခံစားရ၏။ နှလုံသားဆီမှ နက်ရှိုင်းနင့်နဲသော စိတ်ပျက်အားငယ်မှုဖြင့် သူစိတ်ဓာတ်ကျသွားရတော့သည်။

ဘာလို့လဲ?

ဘာလို့ သူမက ဒီလောက် မြန်မြန် တိုးတက်လာနိုင်တာလဲ?

ဝမ်းနည်းလွန်းလို့ အန်ချမိတော့မယ်!

“ဟမ်?”

ဟုန်ချန်ယဲ့၏ နှလုံးသားလည်း အနည်းငယ်တုန်ယင်သွားသည်။ ထို့နောက် သူ၏မျက်လုံးများတွင် အံ့ဩမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြစ်ပေါ်သွားသည်။

သူ့ကို အံ့ဩစေသည်မှာ ချင်ရူရန်တွင် ထိပ်တန်း ဉာဏ်အလင်းမသေမျိုး ကျင့်ကြံဆင့်ရှိနေခြင်း မဟုတ်ပါဘဲ သူမဆီမှ ခံစားရရှိနေသော အရှိန်အဝါဖြစ်၏။ လောကကို အုပ်စိုးနေသော အမျိုးသမီး ဧကရီတစ်ပါး၏ ရောင်ဝါကဲ့သို့ အင်အားပြင်းထန်သည်။

ဤ အမျိုးသမီးဧကရီ၏ ထူးခြားသော ရောင်ဝါသည် နတ်မိမယ်တိုင်းပြည်၏ အုပ်စိုးရှင်နှင့် နှိုင်းယှဥ်လျှင်ပင် များစွာသာလွန်မြင့်မြတ်နေသည်။

သူမသည် တစ်ချိန်တစ်ခါက ခွင်းလွင်ကမ္ဘာကို အုပ်စိုးစောင့်ရှောက်ခဲ့သော ဧကရီတစ်ပါးလိုမျိုး၊ ဘီလီယံနှင့်ချီသော သက်ရှိများထံမှ ပူဇော်ကိုးကွယ်ခံထားရသော ထိုအရောင်အဝါမျိုး!

“မင်းက…” ဟုန်ချန်ယဲ့၏အမူအရာသည် ရှားရှားပါးပါး တည်ကြည်လေးနက်လာသည်။ မိမိ‌ရှေ့မှ ရိုးရိုးရှင်းရှင်းဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးအား ဂရုတစိုက် ကြည့်ရှုအကဲခတ်မိသည်။

“ယောင်ကွမ်းသူတော်စင်မ ချင်ရူရန်ပါ” ချင်ရူရန်က အေးစက်စွာ ပြောလိုက်သည်။

ဟုန်ချန်ယဲ့၏ အမူအရာသည် အေးခဲသွားကာ နှလုံးသားသည် ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခတ်သကဲ့သို့ လှုပ်ရှားသွားသည်။

သူမသည် ဇာတိဇာစ်မြစ်ကို ယာယီဖုံးကွယ်ထားသော အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် ယောင်ကွမ်းသူတော်စင်နယ်မြေ၏ သူတော်စင်မတစ်ဦးသာဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဟုန်ချန်ယဲ့၏အမြင်တွင် ထိုအမျိုးသမီး၏ ဂိုဏ်းအဆင့်အတန်းကား လျန်ချန်ပိနှင့် အတူတူလောက်သာဖြစ်မည်။

သို့သော် အရာအားလုံးက သူမျှော်လင့်ထားသမျှကို အကြီးအကျယ် ကျော်လွန်နေသည်ပင်။ သာမန်သူတော်စင်မတစ်ဦးတော့ လုံးဝမဖြစ်နိုင်။

ဤရောင်ဝါကို ယောင်ကွမ်းသူတော်စင်သခင်မ ကိုယ်တိုင်ပင်လျှင် နှိုင်းယှဥ်နိုင်မည်မဟုတ်ပေ။

“ဟဲဟဲ၊ မင်းကြည့်ရတာ ငါနဲ့ ယှဥ်တိုက်ချင်ပုံရတယ်”

ဟုန်ချန်ယဲ့သည် လက်များကို အနောက်သို့ပစ်ကာ လေထဲတွင် ခံ့ညားစွာ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သွေးနီနဂါးကဲ့သို့ မီးလျှံများဖြင့် ဝန်းရံထားသော အမျိုးသမီးများပင် မနာလိုဖြစ်ရပါသည့် ထိုမျက်နှာမှာ မီးရောင်ရဲရဲဟပ်လျက် ပိုမိုဝင်းပနေကာ ဆွဲ‌ဆောင်မှုရှိသော မျက်လုံးတစ်စုံက ချင်ရူရန်ကို စိတ်ပါဝင်စားစွာ စိုက်ကြည့်နေကြသည်။

ချင်ရူရန်သည် မတုန်မလှုပ်ပင် လေးနက်စွာတုံ့ပြန်၏။

“ဒီလိုဆိုလည်း တိုက်ကြတာပေါ့!”

All Chapters