သားတစ်ယောက်ကောက်ရ
Vol. 37 Ch. 515
“ကောင်းပြီ၊ မင်းမှာ ဘာစွမ်းရည်တွေ ပိုင်ဆိုင်လဲဆိုတာ ဒီအရှင်မြင်ချင်တယ်” ဟုန်ချန်ယဲ့ မထီမဲ့မြင် စကားဆိုရင်း လက်တစ်ဖက်ဖြင့် သင်္ကေတတစ်ခုကို ပုံဖော်သည်။ သူ၏ အရှိန်အဝါတစ်ခုလုံးသည် တည်ငြိမ်စွာ မြင့်တက်လာသည်။
ချင်ရူရန်၏ အမူအရာသည် အေးစက်ပြီး တည်ငြိမ်နေသော ဖြောင့်တန်းနေသော မျက်ခုံးတန်းများက ထက်မြက်ခိုင်မာသောစိတ်ဓာတ်ကို ဖော်ပြနေသကဲ့သို့။ ထို့နောက် တောက်ပသော ရတနာအလင်းရောင်နှင့်အတူ ကြာပန်းသုံးပွင့်သည် သူမ၏ခေါင်းပေါ်တွင် ဖြစ်တည်လာသည်။
သူမ၏ အရှိန်အဝါသည်လည်း ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာတော့၏။
ဝုန်း! ဝုန်း! ဝုန်း! ~
အရှိန်အဝါလှိုင်းလုံးတို့ မြင့်တက်လာသံနှင့်အတူ နှစ်ဖက်ကြားမှ တိုက်ပွဲတစ်ခု ပေါက်ကွဲဖြစ်ပေါ်လုဆဲဆဲတွင် ယဲ့ကျွင်းလင်၏ ရှင်းလင်းပြတ်သားသော အသံက မဝေးတော့သည့်နေရာမှ ထွက်ပေါ်လာသည်။
“ရပ်!!!”
ဒါရိုက်တာမှ ကဒ်ဟုအော်လျှင် သရုပ်ဆောင်များ ချက်ချင်းရပ်တန့်ရသကဲ့သို့ သူ၏လေသံသည်လည်း ငြင်းမရသော အခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် အံ့ဖွယ်စွမ်းအားအချို့လည်း ပါရှိနေသေးရာ တိုက်ခိုက်ဖို့ပြင်ထားကြသည့် နှစ်ဦးစလုံးမှာ တုတ်တုတ်ပင်မလှုပ်နိုင်တော့အောင် ရပ်တန့်သွားရတော့၏။
“ဘယ်သူလဲ?”
ချင်ရူရန်၏ နှလုံးသားသည် ဆတ်ခနဲတုန်ယင်သွားသည်။ သူမပင် နားမလည်နိုင်သော အရှိန်အဝါတစ်ခုက အနားသို့ တဖြည်းဖြည်းချဥ်းကပ်လာကြောင်း ခံစားမိလိုက်၏။
ယဲ့ကျွင်းလင်သည် သူတို့ရှိရာသို့ ခပ်ဖြည်းဖြည်းလမ်းလျှောက်လာသည်။ သူ၏မျက်နှာသည် ချောမောသန့်စင်ကာ ကျောက်စိမ်းကဲ့သို့ သေသပ်ချောမွေ့သည်။ စိတ်နေစိတ်ထားက လူကိုရောင်ပြန်ဟပ်သကဲ့သို့ အသားအရည်ကအစ နတ်မင်းတစ်ပါးအလား ကြည်လင်တောက်ပလျက်ရှိကာ နှင်းကဲ့သို့ဖြူဖွေးသော ဆံပင်ရှည်များက လေထဲတွင်လှုပ်ခါလွင့်ပါလျက်ရှိ၏။ ဆံချည်တစ်မျှင်ချင်းစီကအစ အပြစ်အနာအဆာကင်းမဲ့ကာ ပန်းချီကားထဲမှ လှမ်းထွက်လာသော ယောက်ျားပျိုတစ်ဦးကဲ့သို့ ပြီးပြည့်စုံသည်။
သို့သော် သူ စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် လှပသိမ်မွေ့သောလေထုလေး ပျက်စီးသွားရတော့၏။
“ရပ်ကြ! ရပ်ဆို ရပ်ကြစမ်း!”
“ခုနက တိုက်နေတာအထိ ဟုတ်ပါသေးတယ်၊ ဒါပေမဲ့ အခုလည်းဆက်တိုက်ဖို့ ပြင်နေပြန်တာလား? အပြစ်ပေးခံရတာကိုများ စွဲလမ်းနေသလား ဟမ်?”
ယဲ့ကျွင်းလင်က စိတ်အနှောင့်အယှက်ဖြစ်သော လေသံဖြင့် ဆူပူလိုက်သည်။
ချင်ရူရန်- “?”
သူ့…သူ့စကားက ဘာအဓိပ္ပာယ်လဲ?
ငါ နားမလည်ဘူး!
ယဲ့ကျွင်းလင်ပေါ်လာသည်ကို မြင်သော်အခါ ဟုန်ချန်ယဲ့သည် ရိုသေစွာ လက်များကို ယှက်ကာ “ဆရာသခင်!” ဟု ခေါ်လိုက်သည်။
ဤမြင်ကွင်းသည် ကျင့်ကြံသူအားလုံးအတွက် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်၏။
သူတို့၏ မျက်လုံးများ ပြူးကျယ်လာပြီး ခေါင်းထဲ တဝီဝီမြည်လာသည်။
နတ်ဆိုးဂိုဏ်းချုပ်က ဒီလူကို ဘယ်လိုခေါ်လိုက်တာလဲ?
ဆရာသခင်?!
သူက ဆရာသခင်လို့ တကယ်ခေါ်လိုက်တာလား?!
ကျင့်ကြံသူများသည် နားကြားများမှားလေသလားဟု သံသယဝင်သွားကြသည်။ ပုံမှန်အားဖြင့် ကြောက်စရာကောင်းသော သဘာဝရှိကာ ရုန့်ရင်းကြမ်းတမ်းသည့် နတ်ဆိုးဂိုဏ်းချုပ်သည် တစ်ခြားတစ်ဦး၏တပည့်အဖြစ် နာနာခံခံ ခံယူခဲ့သတဲ့လား?
ဒီ လူငယ်လေးက ဘယ်သူလဲ? ဘာလို့ ဒီလောက်ကြီးမားတဲ့ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားရတာလဲ?
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? နတ်ဆိုးဂိုဏ်းချုပ်မှာ တကယ်ကြီး ဆရာသခင်ရှိနေတာလား?” ဤလူအုပ်ထဲတွင် ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ သူတော်စင် လင်တုရှိုသည်ကား အတုန်လှုပ်ရဆုံးဖြစ်သည်။
မဟာအကြီးအကဲ လျိုချင်းမင် ရွှယ်ထျန်းသူတော်စင်နယ်မြေသို့ ပြန်လာပြီး အရှေ့ပိုင်းဒေသတွင် မြင်ခဲ့ကြားခဲ့ရသမျှ အရာအားလုံးကို အပြည့်အစုံ ပြန်ပြောပြခဲ့ဖူးသည်။ ထိုအကြောင်းအရာများထဲတွင် နတ်ဆိုးဂိုဏ်းချုပ်သည် ယဲ့ကျွင်းလင်အမည်ရှိ အခြားတစ်ဦးကို တပည့်ခံလိုက်သည့်အကြောင်းလည်း ပါဝင်ခဲ့၏။ အရှေ့ပိုင်းဒေသမှ ကျင့်ကြံသူများအားလုံးက ထိုပုဂ္ဂိုလ်ကို ရိုသေစွာဖြင့် အကြီးအကဲယဲ့ဟုသာခေါ်ကြကြောင်းလည်း ကြားခဲ့ရသည်။
လင်တုရှိုသည် အစက မယုံကြည်ခဲ့ပေ။ အရှေ့ပိုင်းဒေသဆိုတာ ဘယ်လောက်တောင် ဝေးလံခြောက်ခမ်းလိုက်သလဲ? ပါရမီရှင် အင်မတန်ပေါများသော အလယ်ပိုင်းဒေသနှင့် နှိုင်းယှဥ်နိုင်ပါ့မလား?
ထို့အပြင် နတ်ဆိုးဂိုဏ်းချုပ် ဆိုသည်မှာလည်း အလယ်ပိုင်းဒေသ နတ်ဆိုးလမ်းစဥ်၏ နံပါတ်တစ်အာဏာရှင်အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်၏။ အလွန်အန္တရာယ်ရှိပြီး ယဉ်ပါးအောင်ပေါင်းသင်းဖို့ရာပင် မတွေးတတ်လောက်အောင်ခက်ခဲသည်။ ဒီလိုလူက တစ်စုံတစ်ယောက်ကို ဆရာသခင်အဖြစ် အမြင့်မှာတင်ထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?
ယခုအခါ ဟုန်ချန်ယဲ့မှ သူ့အလိုလို ရိုသေစွာ ဦးညွှတ်ပြီး “ဆရာသခင်” ဟူသော စကားနှစ်လုံးကို ကိုယ်တိုင်ပြောဆိုလိုက်သောအခါ လင်တုရှိုသည် အကြီးအကဲလျိုသည်ကား အမှန်ကိုသာဆိုခဲ့ကြောင်း ရုတ်ချည်းသဘောပေါက်လိုက်ရ၏။
လျိုချင်းမင် မမှားဘူးဆိုရင် သူတို့ကပဲ တုံးအခဲ့ကြတာလား?
နတ်ဆိုးဂိုဏ်းချုပ်၏ ဆရာသခင်ဆိုသူကား တကယ်ရှိနေသောကြောင့် သူနောက်ထပ်ပြောပြခဲ့သော ဒဏ္ဍာရီလာလုပ်ရပ်များသည်လည်း…
လင်တုရှို ဒီ့ထက်ပိုမစဥ်းစားရဲတော့ပေ။ တာအိုနှလုံးသားမှာ သည်းမခံနိုင်တော့စွာ ကွဲအက်တော့မလို ခံစားရ၏။
“ရှောင်ဟုန်၊ မင်း ဘာလို့ တိုက်ခိုက်ရတာကို ဒီလောက်စွဲလမ်းနေတာလဲ? ဒီ အမျိုးသမီးလေးကလည်း မင်းရဲ့ အလယ်ပိုင်းဒေသက ရန်သူတစ်ဦးဖြစ်နေပြန်တာလား?”
ယဲ့ကျွင်းလင် အလေးအနက် မေးလိုက်သည်။
ဟုန်ချန်ယဲ့က စူပုပ်ပုပ်ပြန်ဖြေသည်။ “ဆရာသခင်၊ တပည့်ကို နားလည်မှုလွဲနေပြီ။ ကျွန်တော်က တိုက်ပွဲရပ်တန့်ဖို့ မူလက ရည်ရွယ်ခဲ့တာပါ၊ ဒါပေမယ့် ဒီအမျိုးသမီးက အကြောင်းရင်း သေချာမရှင်းပြဘဲ ကျွန်တော့်ကို စိန်ခေါ်တယ်လေ၊ ကျွန်တော်လည်း လက်ခံလိုက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ဘူး"
ချင်ရူရန် မျက်မှောင်ကြုတ်သည်။ “အဲဒါ ရှင်က ကျွန်မတို့ကို တိုက်ခိုက်တော့မှာမလို့လေ"
ဟုန်ချန်ယဲ့၏ မျက်နှာအရောင် မည်းမှောင်သွားကာ မကျေမနပ်ပြောလာသည်။ “ဒီ အရှင်ကို မပုတ်ခတ်နဲ့။ ဒီ အရှင်မှာ မင်းတို့နဲ့ ဘာရန်ငြိုးမှမရှိဘူး၊ ဘာလို့ အလကားသက်သက် အချိန်ကုန်အားကုန်ခံမှာလဲ”
ချင်ရူရန်လည်း ပြန်ပြောစရာစကားလုံး ရှာမတွေ့။
“ဒီလောက်ဆိုရှင်းပြီ၊ ဒါက နားလည်မှုလွဲတာပဲ” ယဲ့ကျွင်းလင် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“အကြောင်းရင်းက ရှင်းလင်းသွားပြီဆိုတော့ ငြိမ်းချမ်းရေးယူကြရအောင်!”
“ဟုတ်ကဲ့၊ ဆရာသခင်!” ဟုန်ချန်ယဲ့ ခေါင်းညိတ်သည်။
နတ်ဆိုးဂိုဏ်းချုပ်လေး အလွန်နာခံရိုကျိုးနေသည်အားမြစ်သော် လူတိုင်းသည် ထိုလူငယ်၏ မူရင်းဇာစ်မြစ်ကို ပို၍ပင် သိချင်လာကြသည်၊ တစ်ချိန်တည်းမှာပင် ကြက်သီးလည်း ဖြန်းဖြန်းထမိရ၏။
ဒီလူက သေချာပေါက် စူပါ စွမ်းအားရှင်ကြီးတစ်ဦးပဲ!
လင်တုရှိုသည် ဆက်လက်ထိန်းချုပ်ထားဖို့ မတတ်နိုင်စွာ သတိထားပြီး မေးလိုက်သည်။ “အကြီးအကဲက ရွှယ်ထျန်းဂိုဏ်းက လာတာများလားခင်ဗျာ"
ယဲ့ကျွင်းလင်က သူ့ဘက်လှည့်ကြည့်ပြီး အပြုံးဖြင့်ဖြေသည်။ “ဟုတ်တယ်၊ ငါက ရွှယ်ထျန်းဂိုဏ်းရဲ့ အကြီးအကဲ ယဲ့ကျွင်းလင်ပါ!”
"ဟိုက်~”
လင်တုရှို သက်ပြင်းတစ်ချက်ရှိုက်လိုက်မိကာ မယုံကြည်နိုင်မှုများစွာဖြင့် ရင်ထဲရှုပ်ထွေးနေသည်။ လက်ရှိခံစားချက်ကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြနိုင်တော့မည်မဟုတ်တော့။
တစ်ဖက်လူသည် ရွှယ်ထျန်းဂိုဏ်းက လာသည်ဆိုပါလျှင် ရွှယ်ထျန်းသူတော်စင်နယ်မြေနှင့် ဆက်စပ်မှုရှိနိုင်သည်။ နတ်ဆိုးဂိုဏ်းချုပ်သည် ရွှယ်ထျန်းဂိုဏ်းကို ဝင်ရောက်ခဲ့သောကြောင့် သူသည်လည်း ရွှယ်ထျန်းသူတော်စင်နယ်မြေနှင့် ဆက်စပ်မှုရှိနေသည်။ အဆုံးတွင် သူတို့အားလုံးက တစ်ဘက်တည်းသာပင်။
“ဒါနဲ့ မင်းက ဘယ်သူလဲ?” ယဲ့ကျွင်းလင် မေးလိုက်သည်။
လင်တုရှိုသည် စိတ်လှုပ်ရှားမှုကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ရိုသေစွာ လက်များကို ယှက်ကာ ဦးညွှတ်သည်။ “အကြီးအကဲယဲ့ကို ဖြေကြားပါတယ်။ ဒီငယ်သားက လင်တုရှိုပါ၊ ရွှယ်ထျန်းသူတော်စင်နယ်မြေရဲ့ သူတော်စင်ပါ!”
လီဝူကျယ်က တဟားဟား ရယ်မောလိုက်သည်။ “ဒါဆို မင်းက ရွှယ်ထျန်းသူတော်စင်နယ်မြေကပဲ၊ အမျိုးတွေပြန်ဆုံကြတာပေါ့ကွာ"
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်” လင်တုရှိုသည် အလိုက်သင့်ပြောရင်း စိတ်မသက်မသာ ပြုံးလိုက်သည်။
“လင်တုရှို၊ နာမည်ကောင်းပဲ။ ဒီကနေစပြီး မင်းကို ရှို့အာလို့ ခေါ်မယ်!” ယဲ့ကျွင်းလင်သည် ချောမောသောကောင်ငယ်လေး၏ ပခုံးကို ရင်းနှီးစွာ ပုတ်လိုက်သည်။
ရှို့အာ?
လင်တုရှို အေးခဲသွားသည်။
ဤမျှသရိုးသရီနိုင်လှသော နာမည်ပြောင်ဖြင့် အခေါ်ခံရဖူးလိမ့်မည်ဟု စိတ်ပင်မကူးစဖူး။