← Chapters

ဝါသနာတူ ညီအစ်ကို

Vol. 37 Ch. 517

ဝါသနာတူ ညီအစ်ကို

Vol. 37 Ch. 517

ကျိပါရှောင် အလွန်စိတ်ဓာတ်ကျနေသည်။ ဒီနာမည်ရှိတာ အပြစ်လား?

ဝမ်းနည်းလွန်းလို့ အန်ချမိတော့မယ်!

လူတိုင်း ပြုံးစိစိမျက်နှာပေးဖြင့် ဝါးလုံးကွဲရယ်ချချင်စိတ်ကို ထိန်းချုပ်ထားရသည်။

“မေးပါရစေ၊ ထိုက်ချူသူတော်စင်နယ်မြေက တကယ်ပဲဘာဖြစ်နေတာလဲ? ဒီလောက်အကြာကြီး သိကျွမ်းလာတဲ့ လျန်ချန်ပိက ထာဝရသွေးမျိုးနွယ်စုက ဖြစ်နေတာကို ခုမှ သိရတယ်၊ ပြီးတော့ အရေးအကြီးဆုံးအချက်က ဒီမျိုးနွယ်စုကို ခွင်းလွင်ကမ္ဘာမှာ တစ်ခါမှ မကြားဖူးဘူး၊ ကျွန်တော်ပဲ မသိနားမလည်တွေ များပြားနေသေးတာလား?” လင်တုရှိုသည် မျက်မှောင်ကြုတ်ကာ အလေးအနက်ဆိုလာသည်။

“ခဏလေး၊ မင်း မကြားဖူးဘူးဆိုပြီး အခုကျ ဘယ်လိုသိနေတာလဲ?” ယဲ့ကျွင်းလင်သည် အဓိကအချက်ကို ဖမ်းမိသွားပြီး မျက်လုံးများတလက်လက်တောက်လာကာ အမိအရမေးလိုက်သည်။

ထာဝရသွေးမျိုးနွယ်စု၏ အကြောင်းကို ရှေးခေတ်မှ ပြန်လည်နိုးထသက်ဝင်လာသူများမှလွဲ၍ ခွင်းလွင်ကမ္ဘာတစ်ခုလုံးတွင် လူအနည်းစုမျှသာ သိနိုင်ပေမည်။

ယခု ရွှယ်ထျန်းသူတော်စင်မှ ထိုမျိုးနွယ်စုနာမည်ကို တိကျသေချာစွာ နှုတ်ထွက်ပြောဆိုလိုက်ခြင်းကြောင့် ယဲ့ကျွင်းလင်သိချင်စိတ် မြင့်တက်လာခဲ့သည်။

“မိန်းကလေးချင်က ကျွန်တော့်ကို ပြောပြတာ။ ကျွန်တော်လည်း ခုနကမှ သိလိုက်ရတာပဲ” လင်တုရှိုသည် သူ၏ဘေးမှ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးကို တရိုတသေလှမ်းကြည့်ရင်း ဆိုသည်။

တစ်ဖက်အမျိုးသမီးမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ကတည်းက လင်တုရှိုသည် မိမိတို့မှာ သူတော်စင်ရာထူးချင်းတူပါသော်ငြား အဆင့်အတန်းကတော့ ကွာခြားလှပြီဖြစ်ကြောင်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်နားလည်ခဲ့ရ၏။

“မိန်းကလေးချင်၊ ဘယ်လိုလုပ် သိခဲ့တာလဲ?” ယဲ့ကျွင်းလင်သည် အေးစက်စက်နှင့် မတုန်မလှုပ် တည်ငြိမ်ခိုင်မာသော စိတ်နေစိတ်ထားရှိသည့် အမျိုးသမီးကို စိတ်ဝင်တစား စိုက်ကြည့်သည်။ သူမ၏လျှို့ဝှက်ချက်များကို ဖောက်ထွင်းမြင်လိုသကဲ့သို့။

ချင်ရူရန်သည် ခဏတာ တိတ်ဆိတ်နေပြီးမှ ညင်သာစွာဖြင့် ပြောပြလာ၏။ “ကျွန်မက ပုံမှန်အားဖြင့် လျှို့ဝှက်ကျမ်းစာတိုက်မှာ ရှေးဟောင်းကျမ်းဂန်တွေ နေကုန်နေခမ်း ဖတ်နေရတာကို သဘောကျလို့ပါ။ ရှေးဟောင်းကျမ်းဂန်တစ်အုပ်မှာ ထာဝရသွေးမျိုးနွယ်စုရဲ့ ဝိသေသလက္ခဏာများကို မှတ်တမ်းတင်ထားတယ်၊ အဲဒါကြောင့် လျန်ချန်ပိရဲ့ မူလဇာစ်မြစ်ကို ကျွန်မ ခန့်မှန်းနိုင်ခဲ့တာ”

စကားလုံးများက အလျင်စလိုမနိုင်ဘဲ အေးဆေးတည်ငြိမ်သည်။

“ဒီလိုကိုး။ ယောင်ကွမ်းသူတော်စင်နယ်မြေရဲ့ လျှို့ဝှက်ကျမ်းစာတိုက်က တစ်မူထူးခြားတယ်လို့ အရင်ကတည်းက ကြားဖူးခဲ့တာ၊ ပြီးတော့ သမိုင်းမှတ်တမ်းမှတ်ရာတွေကလည်း ခွင်းလွင်ကမ္ဘာတစ်ခုလုံးမှာ အပြည့်အစုံဆုံးဖြစ်တယ်လို့ ပြောကြတယ်။ အဲ့လောက်ထိပြည့်စုံလိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့တာအမှန်ပဲ” လင်တုရှို၏ လေသံတွင် မနာလိုမှုအရိပ်အယောင်တစ်ခု ပါရှိသည်။

“ဒါဆို မိန်းကလေးချင်က စာဖတ်ရတာ ကြိုက်တာပေါ့။ ကျွန်တော်လည်း ကြိုက်တယ်! အသိပညာသမုဒ္ဒရာထဲမှာ လွင့်ပျံနေတဲ့ ခံစားချက်က ကျွန်တော့်ကို အရမ်းမူးယစ်ပျော်မွေ့စေတယ်” ကျိပါရှောင်က သက်ပြင်းတစ်ချက်ချရင်း ဝင်ပြောသည်။

လီဝူကျယ်က စပ်ဖြဲဖြဲဝင်မေးလာ၏။ “ညီလေး၊ မင်းက အပြာဝတ္ထုတွေဖတ်နေတာမဟုတ်လား"

“ဟာ ဘယ်လိုလုပ် သိတာလဲ?!”

ကျိပါရှောင် အလွန်အမင်း ထိတ်လန့်သွားသည်၊။ လျှို့ဝှက်ချက် ဖော်ထုတ်ခံလိုက်ရသော်ငြား မျက်နှာပြောင်တိုက်ပြီး လေးနက်စွာဖြင့် ပြောလာ၏။

“ဒီခေတ်မှာ၊ စာဖတ်တာကို အဆင့်တွေ ခွဲထားရမှာလား? ကာမဝတ္ထုတွေက ဘာများမသင့်တော်နေလို့လဲ? ကျွန်တော် ပြောပြမယ်၊ အဲဒီထဲမှာ ယူတတ်ရင်ရတဲ့ အသိပညာတွေ အများကြီး ပါဝင်တယ်! လူသားမျိုးနွယ်ရဲ့ မျိုးပွားခြင်း၊ ဆင့်ပွားရှင်သန်ခြင်း၊ ယင်းနဲ့ယန် ပေါင်းစည်းခြင်းရဲ့ အဆုံးစွန်နက်နဲမှုတွေ ပါဝင်တယ်။ တစ်နေ့မှာ အဲ့ဝတ္ထုတွေရဲ့ နက်နဲထူးခြားမှုကနေ ယင်းယန်ပေါင်းစပ်မှုအကြောင်း နားလည်သွားရင် ကျိပါရှောင်ရဲ့ဘဝကတော့ ဟိုးထိပ်ဆုံးကိုတက်လှမ်းဖို့ အစပြုပြီပဲ!”

“ငါ ကာမဝတ္ထုတွေ ဖတ်တယ်၊ ပြီးတော့ အဲ့အတွက်လည်း ငါဂုဏ်ယူတယ်!”

ကျိပါရှောင်သည် ယုံကြည်မှုအပြည့်နှင့် ဖြောင့်မတ်စွာ ပြောဆိုလိုက်သည်။ ဂုဏ်ယူဝင့်ကြွားနေသော ထို မတုန်မလှုပ်အမူအရာကို ဖြတ်သွားဖြတ်လာများမြင်လျှင် ကျမ်းဂန်စာပေများကို မပြတ်လေ့လာဆည်းပူးနေသော ကွန်ဖြူးရှပ် ကျင့်ကြံသူတစ်ဦးဟု ထင်သွားနိုင်သည်…

ကျင့်ကြံသူများအားလုံး တိတ်ဆိတ်သွားကြသည်။

မျှော်လင့်ထားသည့်အတိုင်း ယင်းယန်သူတော်စင်နယ်မြေ၏ သူတော်စင်သည် ကာမဝတ္ထုများဖတ်ခြင်းကိုပင် တရားဝင် အကြောင်းပြချက်အဖြစ် ပေးနိုင်သည်အထိ မျက်နှာအရေထူသည်!

“အပြောကောင်းချက်၊ ငါ လီဝူကျယ်က မင်းကို ငါ့မိတ်ဆွေသူငယ်ချင်းအဖြစ် သေချာပေါက်သတ်မှတ်လိုက်ပြီ!” လီဝူကျယ်သည် မိမိ၏ပျောက်ဆုံးနေသော ဝိညာဥ်တစ်ခြမ်းအား တွေ့လိုက်ရသကဲ့သို့ ဝမ်းသာအားရ တဟားဟားရယ်မောလိုက်သည်။

“ခင်ဗျားက အကြီးအကဲ ယဲ့ရဲ့…” ကျိပါရှောင်က စူးစမ်းစွာ မေးလိုက်သည်။

“ကျွန်တော်လည်း သူ့ရဲ့တပည့်ပဲ!” လီဝူကျယ်သည် ရင်ဘတ်ကို ဝင့်ကြွားစွာကော့ပင့်လျက် ဖြေသည်။

“အစ်ကိုကြီး! ဒီ ညီလေးရဲ့ ဦးညွှတ်မှုကို လက်ခံပါ!”

ကျိပါရှောင်သည် ပျော်ရွှင်စွာဖြင့် လျင်မြန်စွာ ဒူးထောက်၍ ဦးညွှတ်သည်။

ခေါင်းကိုင်ဖခင် မရခဲ့ရင်တောင် အစ်ကိုကြီးတစ်ယောက်ရှိတာလည်း မဆိုးပါဘူး!

နောက်ပြီး ဒီအစ်ကိုကြီးက အကြီးအကဲယဲ့ရဲ့ တပည့်ရင်း၊ နတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့နဲ့ တစ်ဂိုဏ်းတည်းသား။

ဒီ ဆက်စပ်မှု၊ ဒီနောက်ခံ၊ ဒါက လုံးဝခိုင်မာတဲ့ ကျောက်ထောက်နောက်ခံပဲ!

“ညီလေးကလည်း ထပါ!”

လီဝူကျယ်သည် ကျေနပ်ပီတိဖြာနေသောမျက်နှာဖြင့် လူငယ်လေးကိုထူမပေးကာ ပုခုံးကိုအားရပါးရပုတ်ရင်း ကြွေး‌ကြော်သည်။ “ဒီကနေစပြီး အစ်ကိုကြီးက မင်းကို ကာကွယ်ပေးမယ်၊ မင်း ဘာကိုမှ ကြောက်စရာ မလိုတော့ဘူး! တစ်ယောက်ယောက်က မင်းကို ရဲရဲတင်းတင်း လာပုတ်ခတ်ရဲရင်၊ အစ်ကိုကြီးက အကုန်ုခုတ်သတ်ပေးမယ်!”

“အစ်ကိုကြီး၊ အစ်ကိုကြီးက တကယ်ကို မိတ်ဆွေကောင်းတစ်ဦးပါပဲ!” ကျိပါရှောင်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် စကားပင် ဖြောင့်ဖြောင့်မပြောနိုင်တော့။ အားကိုးချင်စရာ နောက်ခံအင်အားတစ်ခုကို နောက်ဆုံးတော့ ရှာဖွေတွေ့ရှိလေပြီ။

ဟုန်ချန်ယဲ့သည် တမင်တကာ ပွဲဝင်ဖျက်သည်။ “သတိပေးတာပါ၊ မင်းရဲ့ အစ်ကိုကြီးက စိတ်လွတ်သွားရင် တွေ့ကရာလူခုတ်သတ်တာနော်။ ငါ ပြောတာ မယုံမရှိနဲ့၊ ငါကိုယ်တိုင်တောင် သူ့ဆီကနေ လိုက်အခုတ်ခံရဖူးတာ”

ကျိပါရှောင်- “!!!”

အဲဒီလောက်တောင် စိတ်လွတ်တာလား?

သူ ရူးသွပ်သွားရင် တစ်ဂိုဏ်းတည်းသားချင်းကိုတောင် ဓားနဲ့လိုက်ခုတ်တာလား?

“တော်စမ်း၊ ငါ့ညီလေးကို မခြောက်လှန့်နဲ့!”

လီဝူကျယ်က ဟုန်ချန်ယဲ့ကို သတိပေးသလိုစိုက်ကြည့်ကာ တုန်ယင်သွားရှာသော ယင်းယန်သူတော်စင်လေးကို လျင်မြန်စွာ နှစ်သိမ့်သည်။ “ညီလေး၊ အစ်ကိုကြီးက ပုံမှန်ဆိုရင် စိတ်လွတ်တတ်တဲ့သူမဟုတ်ပါဘူး၊ အဲ့ကောင်က သက်သက်ပြဿနာလာရှာလို့ နည်းနည်းပညာပေးလိုက်တာ။ မင်းက ပါရမီရှိတဲ့သူ၊ ပြီးတော့ စကားပြောလည်း ဒီလောက်မွန်ရည်တာ၊ အစ်ကိုကြီးက မင်းကို ဘယ်လိုလုပ်ပြီး ဓားနဲ့လိုက်ခုတ်ရက်မှာလဲ?"

ကျိပါရှောင်သည် ချွေးအေးများကိုသုတ်ကာ တဟဲဟဲရယ်မောလိုက်ရ၏။ "ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ"

ဘာကြောင့်မှန်းမသိ ထိုစကားကို သူယုံရဲသလို မယုံရဲသလို။

ထားလိုက်ပါတော့၊ နောက်ခံတောင့်တင်းနေရင် ရပြီလေ!

လင်တုရှို သူ့ကို တိတ်တိတ်လေး ချီးကျူးလိုက်မိသည်။ သူ၏သူငယ်ချင်းမှာ စကားအပြောအဆိုမတတ်လှသည် ဆိုသော်ငြား ထိုစကားအပြောအဆိုကြောင့်ပင် အင်အားကြီးနောက်ခံကို ရှာဖွေတွေ့ရှိခဲ့လေပြီ။ ၎င်းသည် ဉာဏ်အလင်းမသေမျိုး နယ်မြေသို့ တိုးတက်ရခြင်းထက် များစွာ သာလွန်သည်။

ယဲ့ကျွင်းလင်သည် လူနှစ်ဦး၏ ညီအစ်ကိုဆက်ဆံရေးတည်ဆောက်မှုကို လျစ်လျူရှုထားက သူ့အကြည့်များက ချင်ရူရန်ထံ၌သာ တစ်ချိန်လုံး ဝေ့ဝဲနေသည်။

သူ၏ဆဋ္ဌမအာရုံမှ ခံစားချက်အရ ဤအမျိုးသမီးသည် မြင်နေရသည်ထက် အများကြီးသာလွန်သော နေရာတစ်ခုကို ပိုင်ဆိုင်ထားကာ ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကိုလည်း ဖုံးကွယ်ထားသည်ပင်။

သို့သော် ယဲ့ကျွင်းလင်သည် မည်မျှပင် သိချင်စိတ်ပြင်းပြနေပါစေ တစ်ပါးသူ၏နောက်ခံကို ထဲထဲဝင်ဝင် ပြောင်ပြောင်တင်းတင်း စုံစမ်းဖို့ကြိုးစားလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင် လျှို့ဝှက်ချက်များရှိသည်။ ဥပမာအားဖြင့် သူကိုယ်တိုင်သည်လည်း ကိုယ်တွင်းမှ အားသာချက်အဖြစ် ပါရှိလာသော စနစ်နှင့်အတူ လိမ်ညာနေထိုင်နေသူတစ်ဦးသာဖြစ်၏။

ယဲ့ကျွင်းလင်မှ မျက်စိမလွှဲစတမ်း စိုက်ကြည့်နေသည်ကို သတိပြုမိသောအခါ ချင်ရူရန်သည် စိုးရိမ်စိတ်မဝင်ဘူးဆိုလျှင် လိမ်ရာရောက်လိမ့်မည်။ သူမ၏အလိမ်အညာစကားများ ဖော်ထုတ်ခံရမည်ကိုတော့ စိုးကြောက်မိသည်။ တစ်ဖက်လူသည် မသင်္ကာစိတ်ဖြင့် သူမ၏အသိစိတ်ပင်လယ်ကို ထိန်းချုပ်ရှာဖွေဖို့ကြိုးစားမည်လား သို့မဟုတ် သူမကို တိုက်ခိုက်နှိမ်နင်းကာ အတင်းအကျပ်စစ်မေးမည်လား စသည်ဖြင့် တောင်တောင်အီအီ တွေးပူနေမိ၏။

ထိုသို့ဖြစ်ခဲ့လျှင် သူမ၏လက်ရှိစွမ်းအားဖြင့် တွန်းလှန်နိုင်စွမ်း ရှိဦးမည်မဟုတ်ပေ။

သို့သော် သူမ အတွေးလွန်နေခြင်းသက်သက်သာ ဖြစ်၏။ ယဲ့ကျွင်းလင်တွင် ထိုသို့သော ရည်ရွယ်ချက်မျိုး မရှိချေ။

ချင်ရူရန်သည် ခဏတာစဥ်းစားခန်းဝင်ပြီးနောက် ယဥ်ကျေးစွာဖြင့် မေးလာသည်။ “အကြီးအကဲယဲ့၊ အကြီးအကဲက ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲမှာ ပါဝင်ဖို့ ဒီကို ရောက်နေတာလား?”

ယဲ့ကျွင်းလင်က ပြန်ဖြေသည်။ “ကျွန်တော်တို့က ဒီနားကဖြတ်သွားရင်း လမ်းကြုံလို့ပါ။ စစ်တုရင်ပွဲမှာ ပြိုင်ဘက်ရဲ့ ကျွမ်းကျင်မှုက အလွန်မြင့်မားတယ်လို့ ပြောကြတာနဲ့ လာစူးစမ်းကြည့်တာ"

“ဟုတ်တယ်၊ ကျွန်မလည်း အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ လုံးဝ ရှုံးနိမ့်ခဲ့ရတယ်လေ” ချင်ရူရန်သည် ပြောရင်းဆိုရင်း မကျေနပ်သေးဟန်ဖြင့် နှုတ်ခမ်းကိုအနည်းငယ်ဖိကိုက်လိုက်သည်။

“လိုရင်းကိုရှင်းပြရရင် အဲဒီ အဘိုးကြီးက စစ်တုရင်သူတော်စင်တစ်ယောက်ပဲ။ ဒီက ရောင်းရင်းကျင့်ကြံသူတွေအားလုံး သူ့ကိုဘယ်သူမှ မတွန်းလှန်နိုင်ခဲ့ကြဘူး” လင်တုရှိုက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

လီဝူကျယ်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ဟုန်ချန်ယဲ့ကို ကျီစယ်စနောက်တော့မည့်ဟန်ဖြင့် ကြည့်လာသည်။ “မင်း စစ်တုရင်ပွဲကို ရအောင်အနိုင်ယူမယ်လို့ ပြောခဲ့တာမလား? မင်းလည်းငါနဲ့ ဘာကွာလို့လဲ!”

“အိုး၊ ဒါနဲ့ ဘာဆုတွေရလာလဲ ပြစမ်းပါဦး၊ ငါ့လောက်တောင်မကောင်းတာတော့ မဟုတ်လောက်ဘူးမလား?”

ထိုစကားတွင် လှောင်ပြောင်မှုများ အပြည့်ပါဝင်နေသည်။

“ဟမ့်!”

ဟုန်ချန်ယဲ့၏ မျက်နှာသည် မည်းမှောင်နေပြီး တစ်ဖက်လူ၏စကားများကို လုံးဝလျစ်လျူရှုထားလိုက်သည်။

“ဒီ မသေမျိုးအခွင့်အရေးက အလွန်ရှားပါးတယ်။ စစ်တုရင်ကျွမ်းကျင်မှုအကြောင်း ပြောရမယ်ဆိုရင်တော့ ဒီကမ္ဘာမှာ စစ်တုရင်သူတော်စင်ကို ဘယ်သူက ကျော်လွန်နိုင်မှာတဲ့လဲ?” ကျိပါရှောင်က ခေါင်းကိုအသာကုတ်ကာ စိတ်ရင်းမှန်ဖြင့် ညည်းညူလိုက်သည်။

ချင်ရူရန်က မျက်လွှာကိုအသာပင့်ကာ ယဲ့ကျွင်းလင်ကို စူးစမ်းသလိုကြည့်လိုက်သည်။ “အကြီးအကဲယဲ့၊ အကြီးအကဲရဲ့ စစ်တုရင်ကျွမ်းကျင်မှု အဆင့် ဘယ်လောက်ရှိပါသလဲ? ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ကိုရော စိတ်ဝင်စားလား?”

လူတိုင်း၏ မျှော်လင့်နေသော အကြည့်များက ယဲ့ကျွင်းလင်ဆီသို့ တရွှစ်ရွှစ် ရောက်ရှိလာသည်။

“ကျွန်တော်…” ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းကာ ယဥ်ကျေးစွာ ငြင်းဆန်တော့မည်ပြုသည်။

ဤထူးဆန်းသော မသေမျိုးအခွင့်အရေးက သူ့အတွက်တော့ စိတ်ဝင်စားစရာမဟုတ်ခဲ့။ စစ်တုရင်ပွဲကို အနိုင်ရခဲ့လျှင်တောင် နောက်ဆုံးဆုသည် သူ့အတွက်အသုံးလိုလိမ့်မည်မဟုတ်။

ငြင်းတော့မည့်ဆဲဆဲအချိန်တွင် သူ၏ အသိစိတ်ပင်လယ်၌ စနစ်၏အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာသည်။

【တင်၊ ကျပန်းတာဝန်တစ်ခု စတင်နိုင်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်- ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲကို အနိုင်ယူပါ၊ ဆုလာဘ်- အရှုံးမရှိ ဓားနှလုံးသား!】

【အရှုံးမရှိ ဓားနှလုံးသား】- မရှုံးနိမ့်နိုင်သော ဓားနှလုံးသားရှိသူတစ်ဦးသည် ဓားပျံနှင့် ဓားသိုင်းဆိုင်ရာ ကျင့်စဥ်ပညာရပ်များကို အသုံးပြုရာ၌ စွမ်းအား အဆမတန် မြင့်တက်ပေမည်!

ချက်ချင်းပင်။

ယဲ့ကျွင်းလင် စိတ်ပြောင်းသွားသည်။ စူးရှထက်မြက်သော မျက်လုံးများဖြင့် လေးလေးနက်နက် ဖြေကြားလိုက်၏။

"ကျွန်တော် သေချာပေါက်ကို အနိုင်ယူဖို့ ရည်ရွယ်ချက်ရှိပါတယ်"

All Chapters