ပရော်ဖက်ရှင်နယ် ကျွမ်းကျင်စနစ်
Vol. 37 Ch. 518
ထိုစကားကို ကြားသောအခါ ကျင့်ကြံသူများအားလုံး ချက်ချင်းဆိုသလို ရင်ခုန်စိတ်လှုပ်ရှားသွားကြသည်။ ဤပုဂ္ဂိုလ်ကြီးသာဆိုလျှင် စစ်တုရင်ပွဲကို အနိုင်ရနိုင်မည်လားဆိုသည့် ပြင်းပြသော မျှော်လင့်ချက်များ စိတ်နှလုံးတွင် ပြည့်နှက်လာတော့၏။
“ဆရာသခင်၊ ဒီတပည့် ရိုင်းပျစွာနဲ့ မေးပါရစေ၊ ဆရာသခင်က စစ်တုရင်မှာ တကယ်တော်ပါသလား? ပြိုင်ဘက်က စစ်တုရင်သူတော်စင်အဆင့်မှာ ရှိနေတယ်လေ!” ဟုန်ချန်ယဲ့ အားနာပါးနာဖြင့်ပင် မထိန်းချုပ်နိုင်စွာ တိတ်တဆိတ်အသံလွှင့်မေးလိုက်သည်။
ယဲ့ကျွင်းလင်နှင့် စစ်တုရင်ကစားဖူးသည့် အနိုင်ကျင့်ခံပြိုင်ဘက်လေးတစ်ဦးအနေဖြင့် ဟုန်ချန်ယဲ့သည် ယဲ့ကျွင်းလင်၏ စစ်တုရင်ကျွမ်းကျင်မှု မည်မျှ ဆိုးရွားသည်ကို သေချာသိနားလည်ထား၏။
အမြဲတစေ စည်းကမ်းများကိုချိုးဖောက်ပြီး နောက်ဆုံးတွင် မရရအောင်အနိုင်ယူတတ်သော ဆရာသခင်တစ်ဦးပါပေ။
ဥပမာအားဖြင့် ယခင်က တရုတ်စစ်တုရင်ပွဲတစ်ခုတွင် တစ်ဖက်လူသည် တွေ့ကရာစစ်တုရင်ရုပ်ကို ကြုံသလိုကောက်ယူသည်။ စည်းကမ်းများကို လျစ်လျူရှုကာ ကူးချင်သည့်လမ်းကိုကူးပြီး ချချင်သည့်နေရာတွင်ချသည်။ ထို့နောက် သူ့ဘက်ကတပ်သားအရုပ်ကို အထူးတပ်သားဟု သူ့ဘာသာနာမည်ပေးကာ သူ့စစ်သူကြီးရုပ်ကိုပါ တိုက်ချသိမ်းယူသွားသေး၏။
အမြောက်စာ စစ်တုရင်ရုပ်လေးများဖြင့်ပင် သူ့စစ်သူကြီးကို တိုက်ရိုက်တိုက်ထုတ်သွားဖူးသေးသည်။ ဟုန်ချန်ယဲ့က စိတ်ပျက်လက်ပျက်ဖြင့် အကြောင်းပြချက်ကို မေးသောအခါ အရုပ်ကိုမော်တာတပ်လိုက်၍ အရမ်းမိုက်သွားခြင်းဖြစ်ကြောင်းဖြေသည်။ ဆွံ့အမိ။
အတွေ့အကြုံအရ အကဲဖြတ်ပေးရရင် အလွန်ကိုဆိုးရွားတဲ့အဆင့်ပါပဲ!
ထိုအကြောင်းကြောင့် ဟုန်ချန်ယဲ့သည် စစ်တုရင်ခုံတစ်ခုလုံးကို ထလှန်ပစ်ပြီး ယဲ့ကျွင်းလင်ကို အော်ဟစ်ရန်တွေ့ဖို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် စိတ်ကူးယဥ်ခဲ့ဖူးသည်-
“မင်း စစ်တုရင်ကစားတာ အရမ်းညံ့လွန်းတယ်၊ အဲ့ ခွေးချီးလိုကစားနည်းတွေက ဘယ်ဦးနှောက်ထဲကထွက်လာတာလဲ! ဒီလိုကစားပုံမျိုးနဲ့ မင်းကို ဘယ်သူက အနိုင်ရနိုင်မှာလဲ? ဒီ အရှင်ကတော့ ဆက်ပြီး သည်းမခံနိုင်တော့ဘူး!”
သို့သော် ဘယ်တော့မှဖြစ်မလာနိုင်သော စိတ်ကူးယဥ်မှုတစ်ခုသက်သက်ပါပေ။
တကယ်ထအော်ရင် သေသွားမှာပေါ့...
ဤသို့ဖြင့် ဟုန်ချန်ယဲ့မှာ ယဲ့ကျွင်းလင်၏ အနိုင်ယူဖို့ဆုံးဖြတ်ချက်ကို မယုံကြည်နိုင်ခဲ့ပေ။
အပြင်မှာ စစ်တုရင်စည်းမျဥ်းတွေကို ဆရာသခင်ကပဲသတ်မှတ်တာကြောင့် အမြဲနိုင်နေခဲ့တာလေ။
ဒါပေမယ့် တကယ့် အစစ်အမှန် စစ်တုရင်ပွဲမှာ ပြိုင်ဘက်က ပြိုင်စံရှား စစ်တုရင်သူတော်စင်ပါဆို၊ ခင်ဗျားလူလည်သွားကျလို့ မရဘူးနော်။
သေအောင်အရိုက်ခံရပြီး ပြန်လာရမလား၊ အပြတ်အသတ်ရှုံးပြီး ပြန်လာရမလား၊ တစ်ခုခုတော့ တစ်ခုခုပဲ!
နောက်ပြီး လူတွေအများကြီးက စောင့်ကြည့်နေကြတာ၊ ရှုံးလာရင် ရှက်စရာကြီးနော်!
အကြီးဆုံးတပည့်၏ လျှို့ဝှက်မေးခွန်းကို ကြားသောအခါ ယဲ့ကျွင်းလင်သည် ပြုံးတုံ့တုံ့ဖြင့်ကာ တုံ့ပြန်သည်-
“ရှောင်ဟုန်၊ မင်းက ဆရာသခင်ကို အရမ်းအထင်သေးလွန်းနေတာ မဟုတ်ဘူးလား? ဂိုစစ်တုရင်၊ တရုတ်စစ်တုရင်တွေတင်မကဘူး တရုတ်အဆိုတော်ကောင်မလေးတွေအကြောင်းကအစ မင်းရဲ့ ဆရာသခင်က ဘယ်ကစမ်းစမ်း ညာကစမ်းစမ်း အကုန်ကျွမ်းကျင်တယ်၊ ထိပ်ဆုံးအဆင့်လို့ပြောရင်တောင် မလွန်ဘူး!”
"နောက်ပြီး မင်း ဆရာသခင်နဲ့ အမြဲစစ်တုရင်ကစားနေတာပဲလေ၊ အခုထိ ဆရာ့အရည်အချင်းကို မယုံသေးဘူးလား?"
ဟုန်ချန်ယဲ့၏ ဦးနှောက်မှာ ရေခဲရိုက်ခံလိုက်ရသကဲ့သို့ ထုံထိုင်းသွားသည်။
ကျွန်တော်က ဆရာသခင်နဲ့ ယှဥ်ပြိုင်ဖူးလို့သာ ဆရာသခင်ရဲ့ စစ်တုရင်ကျွမ်းကျင်မှု ဘယ်လောက် ဆိုးရွားလဲဆိုတာ သိထားတာလေ!
ဒါနဲ့ တရုတ်အဆိုတော်ကောင်မလေး ဆိုတာကရော ဘာလဲ?
ဒီစကြဝဠာမှာ အဲ့နာမည်နဲ့ စစ်တုရင်အမျိုးအစား ရှိသေးတာလား?
ဟုန်ချန်ယဲ့သည် ယဲ့ကျွင်းလင်၏ ထင်ရာစိုင်းမည့်အဖြစ်ကို ဆက်ပြီး မကြည့်ရဲတော့ပေ။ ကြိုတွေးရုံနှင့်ပင် သူ့မှာ ကိုယ်စားအရှက်ရနေရပြီ ဖြစ်၏။
ယဲ့ကျွင်းလင် ပခုံးတွန့်လိုက်သည်။ သူကတော့ စစ်တုရင်သူတော်စင်ကို ရင်ဆိုင်ရမည့်အကြောင်း လုံးဝ မစိုးရိမ်ပေ။ စနစ်က ပေးမည့် အရှုံးမရှိ ဓားနှလုံးသားဆုကိုသာ စိတ်ဝင်စားနေသည်။
ဓားသုံးတဲ့ ကျင့်ကြံသူတိုင်းအတွက် ဓားတာအိုနှလုံးသားရဲ့ ကြံ့ခိုင်သန်မာမှုက အမြင့်မြတ်ဆုံး ရတနာပါပဲ။
သူ ဒါကို သေချာပေါက် ရအောင်ယူရမည်!
“အကြီးအကဲယဲ့၊ ကျေးဇူးပြုပြီး” ချင်ရူရန်သည် အံ့အားသင့်နေဟန် မျက်လုံးလက်လက်လေးများဖြင့် လက်တစ်ဖက်ကိုဆန့်ထုတ်ကာ စစ်တုရင်ခုံရှိရာသို့ လမ်းညွှန်ပေးသည်။
ယဲ့ကျွင်းလင်၏ ခိုင်မာသောဆုံးဖြတ်ချက်ကို မြင်သောအခါ သူမလည်း သိချင်စိတ်ပြင်းပြလာခဲ့သည်။ ဒီစကြဝဠာထဲမှာ ဘယ်သူက စစ်တုရင်သူတော်စင်ကို အနိုင်ယူနိုင်မှာလဲ?
စစ်တုရင်သူတော်စင် ဆိုသည်မှာ စစ်တုရင်တာအို၏ ထိပ်ဆုံးပလ္လင်မှာရှိသော အဆင့်ဖြစ်သည်။
ပါရမီရှင်များ ဖောချင်းသောချင်းပေါများသော အလယ်ပိုင်းဒေသတွင်ပင် နှစ်ပေါင်းများစွာ ကြာညောင်းသည်အထိ စစ်တုရင်သူတော်စင် ထွက်ပေါ်မလာခဲ့။ အမြင့်ဆုံးမှာ စစ်တုရင်သူတော်စင်၏ တစ်ဝက်အဆင့်မျှသာဖြစ်၏၊
“ဟားဟား၊ အကြီးအကဲယဲ့က တစ်ချက်လှုပ်ရှားလိုက်တာနဲ့၊ အဲဒီ ရေမိုးမချိုး အနံ့ဆိုးတဲ့ အဘိုးကြီးကို သေချာပေါက် အနိုင်ရလိမ့်မယ်!” ကျိပါရှောင်သည် အခွင့်အရေးကို အသုံးချပြီး ကျယ်လောင်စွာ အော်ဟစ်ချီးမွမ်းလိုက်သည်။
သို့သော် မမျှော်လင့်စွာဖြင့် လီဝူကျယ်က သူ့နားရင်းကို တစ်ချက်ပြင်းပြင်းအုပ်ချလိုက်သည်။ “ပါးစပ်ပိတ်!”
ကျိပါရှောင်၏ ခေါင်းမှာ တဝီဝီမြည်ကာ ကြယ်များလများပင် မျက်လုံးထဲပြေးဝင်လာသည်။ အမူးပြေသွားချိန်တွင်လည်း လီဝူကျယ်၏ သတိပေးနေဟန် ခပ်တင်းတင်းအကြည့်ကို ရင်ဆိုင်လိုက်ရသဖြင့် အထိတ်တလန့် လန့်ဖျပ်သွားရတော့၏။
ငါများ စကားမှားသွားတာလား?
အမှန်တော့ လီဝူကျယ်သည်လည်း ဟုန်ချန်ယဲ့ကဲ့သို့ပင် ယဲ့ကျွင်းလင်၏ စစ်တုရင်ကျွမ်းကျင်မှု အခြေအနေကို သိနားလည်ထားသည်။ ဘာကြောင့် ရုတ်တရတ် စစ်တုရင်ပွဲတွင် ပါဝင်ချင်သွားမှန်း သူလည်းစဥ်းစားမရ။
အဲ့ဒါကြောင့် ဘယ်ကောင်မှ အော်ကြီးဟစ်ကျယ်လုပ်ဖို့ မစဥ်းစားနဲ့။ ရှုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ? အရှက်ကွဲကုန်မှာလေ။
ထို့နောက်။
လူတိုင်း၏ စိတ်ဝင်တစား အကြည့်များအောက်တွင်။
အနက်ရောင်ဝတ်ရုံနှင့် ချောမောသန့်စင်သော လူသားသည် တောက်ပသော မသေမျိုးအလင်းရောင်များ ဖုံးအုပ်ခြုံလွှမ်းထားသည့် ငွေရောင်ဆံပင်တို့ တလွင့်လွင့်ဖြင့် ကောင်းကင်သို့ ပျံတက်သွားတော့၏။
စစ်တုရင်ခုံနေရာသည် ဖျတ်ခနဲဆိုသလို ပွင့်ဟလာသည်။ ထို့နောက် ယဲ့ကျွင်းလင်သည် အထဲသို့ဝင်ရောက်ကာ လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့၏။
ဝင်ရောက်လိုက်ချိန်တွင် သူမြင်လိုက်ရသည်မှာ။
ကျယ်ပြန့်ပြီး လှပသော ကြယ်တာရာ စကြဝဠာတစ်ခု။
ပြီးတော့ သူ၏မျက်နှာချင်းဆိုင်တွင် စစ်တုရင်ခုံတစ်ခုသည် ရေပြင်ပေါ် ပေါလောရွေ့လျားနေသည်။ ခုံ၏တစ်ဖက်တွင် ဝါးတားတားသာမြင်ရနိုင်သော အဘိုးအိုတစ်ဦး၏ အရိပ်သည် တင်ပျဥ်ခွေထိုင်လျက် ပေါ်လွင်နေကာ အပြာရင့်ရောင် ဝတ်ရုံဝတ်ဆင်ထားသည်။ ထိုပုံရိပ်မှ ကြည်လင်ပြီး အတိုင်းအဆမရှိသော ချီစွမ်းအင်ကို ထုတ်လွှတ်နေကာ ကြမ်းတမ်းရှည်လျားသော နှစ်ပေါင်းများစွာကို ဖြတ်သန်းကျော်လွန်အပြီးတွင်ပင် အပူအပင်ကင်းသော ငါးဖမ်းသမားတစ်ဦးနှယ် တည်ငြိမ်အေးဆေးနေနိုင်သေးသည့် ခံစားချက်တစ်မျိုးအား ပေးစွမ်းနေ၏။
ထို့နောက် အချိန်ကာလများစွာကို ကြုံတွေ့ဖြတ်သန်းပြီးလာဟန် ရင့်ကျက်တည်ငြိမ်သည့် ရှေးဟောင်းအသံတစ်ခုက အာကာသပြင်၏ တစ်နေရာမှ ထွက်ပေါ်လာသည်။
“ပြိုင်ပွဲဝင်၊ နေရာမှာထိုင်ပါ။ ပွဲက တရားဝင် စတင်ပါပြီ။”
“အိုး ဟုတ်ပါပြီ”
ယဲ့ကျွင်းလင်လည်း တင်ပျဥ်ခွေလျက်ပင် ဝင်ထိုင်လိုက်သည်။
ရုတ်တရက် သူသည် တစ်ခုခုကို သတိရလိုက်ပြီး စနစ်ကို လျှို့ဝှက်စွာ မေးသည်။ “စနစ်၊ တစ်ခုခု ပြောပါဦးဟ။”
“တင်၊ ကျွန်တော် ရှိနေပါတယ်!”
စနစ်က ချက်ချင်းအသံပေးလာသည်။
ယဲ့ကျွင်းလင်လည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးသည်။ “ငါ မင်းကို မေးမယ်၊ ငါ စစ်တုရင်နဲ့ပက်သက်တဲ့ စွမ်းရည်လက်ဆောင်မျိုး အရင်ကရဖူးလား?"
သက်ဆိုင်ရာ လက်ဆောင်ထုပ်ရှိသရွေ့ သူ၏အဆင့်သည် ချက်ချင်း မြင့်တက်လာလိမ့်မည်။ တစ်ချိန်က ရရှိခဲ့သော ဗျပ်စောင်းတီးပညာကဲ့သို့ အထွဋ်အထိပ်အဆင့်ကို တိုက်ရိုက်အသုံးချနိုင်ပေမည်။
“တင်၊ ပိုင်ရှင်ကို ပြန်ဖြေကြားပါတယ်၊ တစ်ခါမှ မရခဲ့ဖူးပါ!”
ယဲ့ကျွင်းလင်- “…”
ဒါဆို ငါက ဒီမှာ ဘာလုပ်နေတာလဲ?
မင်းငါ့ကိုလာနောက်နေတာလား?
ယဲ့ကျွင်းလင်သည် သူ၏ကိုယ်ပိုင် စစ်တုရင်ကျွမ်းကျင်မှုဖြင့် စစ်တုရင်သူတော်စင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု လုံးဝမယုံကြည်။
တစ်ချိန်တည်းမှာပင် အပြာရောင်ဝတ်အဘိုးအိုသည် အနက်ရောင် စစ်တုရင်ရုပ်တစ်ခုကို ကောက်ယူလိုက်ပြီး ၎င်းကို စစ်တုရင်ခုံပေါ်တွင် တည်ငြိမ်စွာ နေရာချသည်။ စစ်တုရင်ရုပ်နှင့် စစ်တုရင်ခုံ၏ ထိခတ်သံသည်ကား ကြည်လင်ပြီး နှစ်လိုဖွယ်ကောင်းသည်။
ယဲ့ကျွင်းလင်သည် စိတ်မပျော်မရွှင်ဖြင့် အဖြူရောင် စစ်တုရင်ရုပ်တစ်ခုကို ကောက်ယူကာ စိတ်ထင်သလိုပဲ လျှောက်လုပ်ခဲ့ရမလားဟု အတွေးဝင်မိ၏။
သို့သော် ပြင်းပြင်းထန်ထန် စဥ်းစားတွေးခေါ်နေဟန်ပေါက်အောင် အချိန်ကို အကြာကြီးဆွဲဆန့်နေလိုက်သည်။
ရှုံးခဲ့ရင်တောင် သူသည် ဂုဏ်ရှိရှိ ရှုံးလိမ့်မည်!
ယဲ့ကျွင်းလင်၏ အခက်အခဲကို ခံစားမိသကဲ့သို့ စနစ်က အသံထပ်မြည်လာသည်။
“တင်၊ ပိုင်ရှင်အနေနဲ့ စစ်တုရင်ပြဿနာတစ်ခု ကြုံတွေ့နေရတာကို တွေ့ရှိပါတယ်၊ စနစ်က အလိုအလျောက် ဆက်တင်များကို အကောင်းဆုံးဖြစ်အောင် ပြုပြင်တိုးမြှင့်ပါလိမ့်မယ်။ လက်ရှိတိုးတက်မှု- တစ်ရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်း…”
“တင်၊ စနစ်ရဲ့ အကောင်းဆုံးအဆင့်သို့ အက်ပုဒိတ်ပြုလုပ်မှု အောင်မြင်ပါတယ်!”
“ဂုဏ်ယူပါတယ်၊ ပိုင်ရှင်! ဒီအချိန်ကစပြီး ဘယ်စစ်တုရင်ဆရာသခင်ကိုမဆို ရင်ဆိုင်ရတဲ့အခါ မျက်နှာချင်းဆိုင် စစ်တုရင်တိုက်ပွဲဖြစ်နေသရွေ့ "အင်အားကြီးသူနှင့်ယှဥ်ပြိုင်ကာ ပိုလို့အင်အားကြီးလာခြင်း" စွမ်းရည်က အသက်ဝင်ပါလိမ့်မယ်။ ပိုင်ရှင်ရဲ့အဆင့်က ပြိုင်ဘက်ရဲ့အဆင့်ကို အမြဲတမ်း ကျော်လွန်နေပါလိမ့်မယ်!”
စနစ်၏ မင်္ဂလာရှိသော အသိပေးသံသည် မြည်လာသည်။
ယဲ့ကျွင်းလင်သည် အံ့အားသင့်ကာ မျက်နှာတစ်ခုလုံး ကြည်လင်ရွှင်ပျလာတော့၏။
စနစ်၊ မင်းကတော့ တကယ့်ကို ပရော်ဖက်ရှင်နယ် ကျွမ်းကျင်အဆင့်ပဲ!
ဒီလိုသာဆိုရင် ဘာကို ကြောက်စရာလိုသေးလဲ?
ထိုစဥ် အာကာသတစ်နေရာမှ ခံစားချက်မရှိသော ရှေးဟောင်းအသံတစ်ခု လွင့်ပျံထွက်ပေါ်လာသည်။ “ပြိုင်ပွဲဝင်၊ ကျေးဇူးပြု၍ စစ်တုရင်ရုပ်ကို အချိန်မီနေရာချပါ။ မဟုတ်ရင် အချိန်ကျော်လွန်တာကို အလိုအလျောက် ရှုံးနိမ့်မှုအဖြစ် သတ်မှတ်ပါလိမ့်မယ်!”
“ဟဲဟဲ”
ယဲ့ကျွင်းလင်သည် နောက်တီးနောက်တောက်ပြုံးကာ အင်္ကျီလက်စကိုပင် ပင့်တင်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ “မင်းကို ကြောက်မယ်ထင်နေလား? ငါ ဘယ်လို အနိုင်ယူမလဲ သေချာကြည့်လိုက်!”
ထိုအချိန်တွင်။
ထို အပြာရောင်ဝတ် အဘိုးအိုကို တစ်ချက်ကြည့်လိုက်သည့်တစ်ခဏ သူ့စိတ်အတွင်း နက်ရှိုင်းသောတစ်နေရာမှာ ထူးခြားသောတစ်စုံတစ်ခုက ဝိုးတဝါးတိုးထွက်လာကာ သိစိတ်ပင်လယ်၏ ဗဟုသုတဆိုင်ရာအကန့်ထဲသို့ တစ်ခုခုပေါင်းထည့်ပေးသွားသလို ခံစားလိုက်ရ၏။
ဂလောက်!
အဖြူရောင် စစ်တုရင်ရုပ်သည် အသံတစ်ချက်ပေးကာ ပြတ်သားစွာ နေရာကျသွားသည်။
ထို့နောက် အပြာရောင်ဝတ် အဘိုးအိုသည် ထိန်းချုပ်ခံထားရသော ရုပ်သေးကဲ့သို့ အနက်ရောင် စစ်တုရင်ရုပ်တစ်ခုအား စက်ရုပ်ဆန်ဆန် ရွေ့လျားလိုက်သည်။
နဂါးနှင့် ကျား၏ အကြိတ်အနယ်တိုက်ပွဲ စတင်လေပြီ။
စနစ်၏ ကူညီပံ့ပိုးမှုကြောင့် ယဲ့ကျွင်းလင်ကတော့ အတော်လေးတည်ငြိမ်ပြီး စိတ်အေးလက်အေးနိုင်သည်။ လက်ချောင်းများ၏ လှုပ်ရှားမှုတိုင်းတွင်ပင် နက်နဲသော စစ်တုရင်ပညာက ပါဝင်ရောယှက်နေ၏။
အစမှ အဆုံးအထိ ယဲ့ကျွင်းလင်သည် တည်ငြိမ်မှုကို ထိန်းသိမ်းလျက်သာ ဦးဆောင်နေခဲ့၏။ အပြာရောင်ဝတ် အဘိုးအိုခမျာ ဘယ်လောက်ပဲ ရုန်းကန်ကြိုးစားနေပါစေ ပြိုင်ဘက်၏ထက်မြက်မှုကို အဆုံးထိ တွန်းလှန်နိုင်စွမ်းမရှိခဲ့ကာ အားနည်းချက်တိုင်းကို မညှာမတာ ထိုးနှက်တိုက်ခိုက်ခံနေရသည်။
စစ်တုရင်ခုံပေါ်တွင် အနက်ရောင် စစ်တုရင်ရုပ်အရေအတွက် လျော့နည်းလာသည်။ အဖြူရောင် စစ်တုရင်ရုပ်များကသာ ခုံတစ်ခုလုံးကို လုံဝဥဿုံ လွှမ်းမိုးခြယ်လှယ်လာတော့၏။
အပြာရောင်ဝတ် အဘိုးအိုသည် တည်ငြိမ်စွာ နောက်ဆုတ်ရင်း လမ်းပိတ်သွားခဲ့သည်။
အမွှေးတိုင်တစ်ချောင်းစာမျှ အချိန်ကြာပြီးနောက်။
ဂလောက်!
နောက်ဆုံးသော အဖြူရောင် စစ်တုရင်ရုပ်သည် အဓိကကျသည့် နေရာတစ်ခုသို့ ကျရောက်သွားချိန်၌ အပြာရောင်ဝတ်အဘိုးအိုမှာ သေမိန့်ချမှတ်ခံရသည့်အလား တောင့်တင်းရပ်ဆိုင်းသွားရသည်။
“ဆောရီးပဲ ငါနိုင်သွားပြီ”
“ဟီးဟီး ဟီးဟီး ဟားဟားဟားဟား ဟူးဟူးဟူး ဟူး ဟားးးးဟားးးးဟားးး ဟားးး ဟားးး”
(ကျပ်မပြည့်သည့် ယဲ့ကျွင်းလင်၏လူယုတ်မာရယ်သံအား ခွင့်လွှတ်ပေးပါရန် စာဖတ်သူများအား တောင်းပန်ပါသည်။)
စာစဉ်ပြီး၏