အခန်း (၅၀၇)
Vol. 37 Ch. 507
“နတ်သမီး ချင်၊ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲက ဒီရှေ့နားမှာပဲ။ အစ်ကိုကျိနဲ့ ကျွန်တော် အရင်ဝင်ပြီး အခြေအနေကို စမ်းသပ်ပါဦးမယ်။ နတ်သမီးချင်လည်း စိတ်တိုင်းကျလေ့လာလိုက်ပါဦး” လင်တုရှိုသည် လက်များကို ယှက်၍ အရိုအသေပေးလိုက်သည်။
ချင်ရူရန်သည် သူမ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းပြီး ရွှေရောင် စစ်တုရင်ခုံပုံရိပ်ဆီ အကြည့်လွှဲလိုက်သည်။ “ဒီ မသေမျိုးအခွင့်အရေးကိုတော့ သေချာပေါက်အရယူနိုင်ရမှာပေါ့ရှင်"
ထို့နောက် သူမသည် ပြိုင်ပွဲနေရာဆီသို့ ညင်သာစွာ ပျံသန်းသွားလေသည်။
စမ်းသပ်မှုတွင် အသစ်ပါဝင်မည့်သူတစ်ဦး တက်ကြွစွာ ချဉ်းကပ်လာသည်ကို ခံစားမိသောအခါ ရွှေရောင် စစ်တုရင်ခုံပုံရိပ်သည် မြင့်မြတ်သောအလင်းရောင်တစ်ခုကို ထုတ်လွှတ်ကာ ချင်ရူရန်ကို ဝန်းရံလိုက်သည်။ ထို့နောက် သူမ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် ချက်ချင်း ပျောက်ကွယ်သွားပြီး စစ်တုရင်ပွဲ ယှဥ်ပြိုင်ပါဝင်ရန် စစ်တုရင်ခုံနယ်မြေအတွင်းသို့ ဝင်ရောက်သွားတော့၏။
“ညီလေးလင်၊ နတ်သမီးချင်က အရင်ကနဲ့ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။ ငါ တကယ်ပဲ အဲ့တစ်ယောက်ကို အရမ်းကြောက်နေမိတယ်” ကျိပါရှောင်က ကြောက်စိတ်မပြယ်သေးဟန်ပင်။
“အစ်ကိုကကျွန်တော့်ကိုမေးတော့ ကျွန်တော်ကဘယ်သူ့ကိုသွားမေးရမလဲ” လင်တုရှိုက အားမလိုအားမရ တုံ့ပြန်သည်။
မဟာပြိုင်ဆိုင်မှုခေတ် စတင်ခဲ့လေပြီ။ အဆုံးမရှိသော မသေမျိုးအခွင့်အရေးများနှင့် အဆက်မပြတ်ပေါ်ပေါက်လာသည့် ရှေးဟောင်းအမွေအနှစ်များက နေရာတိုင်းမှာ တည်ရှိနေသည်။ ဤသည်မှာ စစ်မှန်သော ကျင့်ကြံသူအသစ်အသစ်များ ထင်ပေါ်လာနိုင်ပြီး သက်တမ်းရင့် အင်အားကြီးကျင့်ကြံသူများ ရာထူးဂုဏ်သိမ်ကျဆင်းကာ၊ အဆုံးမရှိသော အင်အားစုများ ပြန်လည်ဖွဲ့စည်းအားဖြည့်နိုင်သည့် အရေးပါသော ခေတ်တစ်ခေတ်သာဖြစ်၏။
ထို့ကြောင့် လင်တုရှိုသည် ချင်ရူရန်၏ ပြောင်းလဲမှုမှာလည်း ယုတ္တိကျသည်ဟုသာ ခံစားရသည်။
“ထားလိုက်ပါတော့၊ ငါတို့ စစ်တုရင်ပွဲထဲကို အရင်ဝင်ကြစို့”
ဆုံးဖြတ်ချက်ချပြီးနောက် နှစ်ယောက်စလုံးသည် ရွှေရောင် စစ်တုရင်ခုံပုံရိပ်ဆီသို့ အပြေးအလွှားသွားလိုက်ကြသည်။ သိမ်မွေ့သော နယ်နိမိတ်စည်းများ လှိုင်းတွန့်များဖြင့် ပေါ်ထွက်လာပြီး ထိုနယ်နိမိတ်အလွန်တွင် သူတို့လည်း တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွားသည်။
နောက်တစ်ဖက်တွင်။
တောင်ထိပ်ပေါ်တွင် ပုံရိပ်အချို့ ပေါ်လာသည်။
ဘယ်နေရာရောက်ရောက်ပြသနာရှာကြသည့် ပြသနာကောင်အဖွဲ့များမှတပါး မည်သူဖြစ်နိုင်ဦးမည်ရို့
အရှေ့မှ လူစည်ကားသော ပွဲတော်အလားမြင်ကွင်းနှင့် ကောင်းကင်ကို ဝန်းရံထားသော စစ်တုရင်ပွဲပုံရိပ်ကို ကြည့်ရင်း
ယဲ့ကျွင်းလင်သည် အံ့ဩစွာဖြင့် လေတစ်ချက်ချွန်လိုက်သည်။ “ဒီ မသေမျိုးအခွင့်အရေးက စိတ်ဝင်စားစရာပဲ။ မင်းဘာကောင်ကြီးပဲဖြစ်နေနေ စစ်တုရင်ကစားနေသရွေ့ ဆုတွေရကိုရမှာပဲမဟုတ်လား? ပြီးတော့ လူတိုင်းမှာ အခွင့်အရေး သုံးကြိမ်ရှိတယ်။ ဒါက အလကားနေရင်းအလကား အခမဲဆုသုံးဆုရနိုင်တဲ့အဓိပ္ပာယ်ပဲမဟုတ်လား"
ဟုန်ချန်ယဲ့က သူ့စကားကို အနည်းငယ် စဥ်းစားကြည့်နေပြီးမှ ပြောလိုက်သည်။ “ဒီလိုလောကမှာ ဒီလောက်ချောင်လည်တဲ့အကျိုးအမြတ်မျိုး တကယ်ရှိနိုင်ပါ့မလား။ ကျွန်တော်တော့ တစ်ခုခုထူးဆန်းနေတယ်လို့ ခံစားနေရတယ်”
လီဝူကျယ်က ကြားဖြတ်ကာ လက်ကိုဝှေ့ယမ်းပြီးဆိုသည်။ “ထားလိုက်စမ်းပါ၊ ဒီလောက် သံသယမများစမ်းပါနဲ့။ ကြည့်ပါဦး၊ အဲ့ဒီလူတွေအားလုံး အခု အကောင်းအတိုင်းကြီး ရှိနေကြတာပဲ၊ ဘာပြဿနာရှိလို့လဲ။ မင်းသာ အတွေးလွန်နေတာပါ”
“ဒါ့အပြင် ဒီလောက်ကောင်းတဲ့အရာတွေကို အလကားဆိုမှတော့ ဘယ်သူက မလိုချင်မှာလဲ”
သူတို့၏ ဦးတည်ရာသည် ထိုက်ချူသူတော်စင်နယ်မြေဖြစ်သောကြောင့် စန်းမူပြည်နယ်မှ ဖြတ်သန်းသွားသည့်အခါ နေရာအနှံ့အပြားမှ ကျင့်ကြံသူများ ထိုနေရာတွင် စုဝေးနေကြသည်ကို သူတို့ တွေ့လိုက်ရခြင်းသာ။ ၎င်းသည် မကြုံစဖူး အလွန်စည်ကားနေသောကြောင့် စိတ်ဝင်တစားဖြင့် အနည်းငယ် မေးမြန်းကြည့်ပြီးနောက် သူတို့အဖွဲ့လည်း ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲအကြောင်းကို သိလိုက်ရသည်။
ဤသို့ဖြင့် စူးစမ်းလိုစိတ်ကြောင့် ဒီနေရာအထိ ဒုတ်ဒုတ်ထိရောက်လာခဲ့ခြင်းပင်။
ကျင့်ကြံသူများ စစ်တုရင်ပွဲနယ်နိမိတ်အတွင်းမှ အဆက်မပြတ် ထွက်လာသည်ကို မြင်နေကြရသည်။ အချို့သည် ဝမ်းသာမှုကြောင့် ပြုံးပျော်နေကြကာ အချို့ကတော့ ဣန္ဒြေသိက္ခာအပြည့်ဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားကြ၏။ အချို့မှာတော့ ဟန်မဆောင်နိုင်တော့ဘဲ စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းချနေကြလျက်သား…
လူတိုင်းသည် ဆုပေးစနစ်ကို အခွင့်ကောင်းယူရန် သက်သက်သာ လာကြသည်မှာ အရှင်းသားပင်။ ကံမ၍ တန်ဖိုးရှိသောပစ္စည်းတစ်ခု ရရှိကာ ချက်ချင်း ချမ်းသာအစွမ်းတက်လာဖို့ မျှော်လင့်ချက်ဖြင့် ဤနေရာအထိ လာရောက်ကံစမ်းနေကြခြင်းသာ ဖြစ်၏။
ဤမြင်ကွင်းကို ကြည့်နေရင်း ယဲ့ကျွင်းလင်တိတ်တိတ်လေး ရေရွတ်မိသည်။
မင်းတို့က စစ်တုရင်ကစားဖို့လာတာမှမဟုတ်တာ။
မင်းတို့က ဂုန်းဆင်းဖို့သက်သက် လာကြတာပဲ!
“အဟမ်း"
လီဝူကျယ် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလာသည်။ “ရိုးရိုးသားသားပြောရရင် ကျွန်တော်လေး စစ်တုရင်တာအိုဘက်ကို အတော်လေးလေ့လာထားဖူးတာကြောင့် လမ်းကြုံ နည်းနည်းဝင်လေ့ကျင့်ချင်မိတယ်"
ဟုန်ချန်ယဲ့ကတော့ မထီလေးစားအကြည့်ဖြင့်သာ တုံ့ပြန်သည်။ “မင်းလည်း စစ်တုရင်သွားကစားချင်နေတာပဲမလား? ဒီအရှင်က မင်း အရှုံးနဲ့ပြန်လာမှာကိုစောင့်ပြီး တဝကြီးလှောင်ပြောင်ပေးမယ်"
“ယုံချင်ယုံ မယုံချင်နေ။ ငါ့မှာ စစ်တုရင်တာအိုရဲ့ ဝိညာဉ်စွမ်းအင်ရှိတယ်”
လီဝူကျယ်သည် ဟုန်ချန်ယဲ့နှင့် ရန်ဖက်ဖြစ်ဖို့စိတ်မရှည်တော့ပေ။ အခမဲ့ဆုလာဘ်ရဖို့ကိုလည်း ထပ်မစောင့်နိုင်တော့သဖြင့် စိတ်လှုပ်ရှားစွာဖြင့် စစ်တုရင်ခုံပုံရိပ်ဆီသို့ တည့်တည့်ပြေးသွားသည်။
“အင်း၊ အားလုံးက ဂုန်းဆင်းဖို့တော့ ဝါသနာပါတဲ့သူချည်းပါပဲ” ယဲ့ကျွင်းလင် သက်ပြင်းချလိုက်သည်။
စစ်တုရင်ပွဲထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူအများစုသည် အကျိုးအမြတ်ယူလိုစိတ်ဖြင့် တက်ကြွအားပြည့်နေကြခြင်းဖြစ်ကာ မသိမသာ ကွယ်ဝှက်ကိန်းအောင်းနေသော လောင်းကစားသမားဗီဇလေးကလည်း ပါဝင်နေပြန်သေး၏။
ဘာပဲဖြစ်ဖြစ် ဆုကောင်းကောင်းလေးသာရရင် လာရတာလည်း တန်ပြီမဟုတ်လား?
ထို့နောက် ဆယ်စက္ကန့်ပင်မကြာလိုက်သေး။
လီဝူကျယ် ပြန်လည်ပေါ်ထွက်လာသည်။ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေလျက်။ တိုက်ပွဲတစ်ခုကို အားရပါးရ တိုက်ခိုက်အနိုင်ယူလာသကဲ့သို့ ကျေနပ်မှုအပြည့်ဖြင့် ဝင်းပနေသည်။
ထို့နောက် ယဲ့ကျွင်းလင်၏ရှေ့သို့ ရောက်လာပြီး ယောင်တိယောင်ဝါး ပြောလာ၏။ “ဆရာသခင်၊ တပည့် ပြီးသွားပြီ…”
“ဘုရားရေ၊ မင်းဟာက ဒီလောက်တောင်မြန်တာလား” ယဲ့ကျွင်းလင်သည် အံ့အားသင့်စွာဖြင့် ထခုန်သည်။
လီဝူကျယ်လည်း စိတ်အနှောင့်အယှက်ဖြစ်နေပုံရ၏။ “ဆရာသခင်၊ ဒါ တပည့်ရဲ့ အကန့်အသတ်ပဲ။ ဒီ့ထက်ပိုမြန်ချင်လည်း အခြေအနေတွေက ခွင့်မပြုတော့ဘူးဖြစ်နေတယ်"
ထိုစကားအဆုံးတွင် သူသည် အေးခဲသွားသလို နေရာတွင် အတောင့်သားရပ်တန့်သွားရသည်။ ဘာလို့ ငါပြောတာကြီးက တစ်ခုခုလွဲနေသလို ခံစားနေရပါလိမ့်…