← Chapters

ဂုန်းဆင်းရတာကို ဘယ်သူမကြိုက်ဘဲရှိမလဲ?

Vol. 37 Ch. 506

ဂုန်းဆင်းရတာကို ဘယ်သူမကြိုက်ဘဲရှိမလဲ?

Vol. 37 Ch. 506

လူအများကို ရင်သပ်ရှုမောဖြစ်စေခဲ့သည့် ထိုသူမှာ အလင်းတန်းတစ်ခုကို စီးနင်းပျံသန်းလာသော အရပ်မြင့်မြင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး လရောင်ကဲ့သို့ ဖြူစင်သန့်ရှင်းသည့် ရိုးရိုးရှင်းရှင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ထူထဲသိပ်သည်းသော ဆံပင်အနက်များသည် ယိမ်းနွဲ့စွာကခုန်နေသော ကချေသည်မလေးအလား ပျံဝဲလျက်ရှိသည်။ သူမ၏ စကတ်အနားစသည် ရေလှိုင်းများကဲ့သို့ ညင်သာစွာ ယိမ်းထိုးနေပြီး ကြည်လင်အေးစက်သော မျက်နှာသည် ပန်းချီကားတစ်ချပ်ကဲ့သို့ ကျနသေသပ်လှ၏။ သူမ၏ ဖြူဖွေးတင်းရင်းသော အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့သည်။ စကျင်ကျောက်အဖြူဖြင့် ထွင်းထုထားသော ယမင်းရုပ်လေးတစ်ရုပ်အလား အလှတရားမှာ အစစ်အမှန်မှဟုတ်ပါရဲ့လားဟု သံသယဝင်မိရလေအောင် ထူးခြားခမ်းနား၏။

“အဲ့ဒါ ယောင်ကွမ်းသူတော်စင်နယ်မြေရဲ့ သူတော်စင် ချင်ရူရန်ပဲ” ကျင့်ကြံသူတစ်ဦးက နှစ်ခြိုက်စွာ အာမေဋိတ်ပြုလိုက်သည်။

ယောင်ကွမ်းသူတော်စင်နယ်မြေသည် အခြား မဟာသူတော်စင်နယ်မြေကြီးလေးခုနှင့် မတူဘဲ အမျိုးသမီး ကျင့်ကြံသူများကိုသာ သီးသန့်လက်ခံလေသည်။

နောက်ပြီး ချင်ရူရန်သည် မကြာသေးမီနှစ်များအတွင်း ယောင်ကွမ်းသူတော်စင်နယ်မြေတွင် အထူးခြားဆုံးဟု နာမည်ကျော်ကြားနေခဲ့သော သူတော်စင်တစ်ဦးဖြစ်ပြီး အလယ်ပိုင်းဒေသရှိ အမျိုးသား ကျင့်ကြံသူများစွာ၏ အိပ်မက်ချစ်သူတစ်ဦးလည်းဖြစ်၏။

လက်ရှိအချိန်တွင်။

လူတိုင်း၏ ရင်သပ်ရှုမော အကြည့်အောက်ဝယ် ချင်ရူရန်သည် လော့ရိတောင်တန်းများပေါ်သို့ ဆင်းသက်လာခဲ့သည်။ သူမ၏ မျက်လုံးမျက်ခုံးတို့မှာ နှင်းခဲပါးပါးတစ်လွှာဖြင့် ဖုံးအုပ်ခဲသက်ထားသလို တောင့်တင်းအေးစက်လျက်ရှိကာ လူရှိန်စရာခံစားချက်ကို တစ်မျိုးတစ်ဖုံပေးစွမ်းလျက်ရှိ၏။

“နတ်သမီးချင်၊ မင်းလည်း စစ်တုရင်ပွဲမှာ ပါဝင်ဖို့ စိတ်ဝင်စားလိမ့်မယ်လို့ မထင်ခဲ့ဘူး”

လင်တုရှိုသည် ချင်ရူရန်ပေါ်လာသည်ကို မြင်သောအခါ မျက်နှာထက် နွေးထွေးသောအပြုံးတစ်ခုဖြင့် ယဉ်ကျေးစွာ ကြိုဆိုနှုတ်ဆက်လိုက်သည်။

“အင်း”

ချင်ရူရန်သည် ညင်သာစွာ တုံ့ပြန်သည်။ "ဒီနေ့ခေတ်က အပြိုင်အဆိုင်တွေပေါများနေတဲ့ခေတ်ဆိုတော့ အဖိုးတန်အခွင့်အရေးတွေဆိုတာ လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေဆီကို သွားမှာပဲလေ။ ကျွန်မလည်း စစ်တုရင်တာအိုအကြောင်း အ‌တော်လေးနှံ့နှံ့စပ်စပ် လေ့လာသိရှိထားတဲ့အတွက် လာပြိုင်ကြည့်ဖို့အတွေးဝင်မိတာပါ"

သူမ၏အသံကား ကြည်လင်ပြီး သိမ်မွေ့သည်၊ နားထောင်ရတာ အလွန်သာယာနာပျော်ဖွယ်ရှိသည်။ သို့သော် ၎င်းသည် အေးစက်ပြီး စိတ်ခံစားမှုလှိုင်းများ ကင်းမဲ့နေလျက်။

“ဟားဟား ဒါဆို နတ်သမီးချင်ကလည်း စစ်တုရင်ကစားရတာကို နှစ်သက်သကိုး။ အချိန်ရရင် တစ်ပွဲလောက်ကစားကြည့်ကြပြီး ဘဝရေးရာလေးတွေ ဆွေးနွေးကြည့်ကြဦးမလား။ ဒီလိုနဲ့ နှစ်ယောက်ကြားကရင်းနှီးမှု ပိုပြီးနက်ရှိုင်းခိုင်မြဲလာမယ်ဆိုရင်တော့ ကျွန်တော်အရမ်းပျော်မိမှာပဲ"

ကျိပါရှောင်က ပြုံးပြီး ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ကျင့်ကြံသူများ အံ့အားသင့်သွားကြပြီး ယင်းယန်သူတော်စင်၏ အထိန်းအကွပ်မဲ့သော စကားပြောဆိုဟန်မှာ သြချစရာကောင်းလှပါပေဟု တွေးလိုက်မိကြ၏။

ဒီလိုလူတစ်ယောက် ဒီနေ့အထိ အသက်ရှင်နေတာ အံ့ဩစရာပဲ!

မျှော်လင့်မထားစွာပင် ချင်ရူရန်သည် မျက်နှာအမူအရာမပြောင်းဘဲ စကားလည်းတစ်ခွန်းမှမတုံ့ပြန်ကာ သူ့ကို အေးစက်စက်သာ တစ်ချက်ကြည့်လိုက်သည်။

“အမ်”

ကျိပါရှောင်၏ မျက်ဆံများ တုန်လှုပ်သွားပြီး ရင်မထိတ်ပဲမနေနိုင်တော့။

ထိုတစ်ခဏတာမျှ အချိန်လေးတွင် သူသည် သေခြင်းတရား၏ ချောက်ကမ်းပါးအစွန်းတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး တွင်းနက်နက်ထဲ ပြုတ်ကျသွားသကဲ့သို့ တစ်ကိုယ်လုံးအေးစက်သွားရ၏။

“ကျွန်တော်က စနောက်နေတာပါ နတ်သမီး ချင်၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့” ကျိပါရှောင်သည် ကြောက်ရွံ့မှုကြောင့် အလျင်အမြန်လက်နက်ချလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ယောင်ကွမ်းသူတော်စင်မ၏ ခွန်အားအကြောင်းကို သူ ပို၍နက်နဲစွာ နားလည်လိုက်ရသည်။

အကြည့်တစ်ချက်ဖြင့်ပင် ထိုသို့သော အန္တရာယ်ပတ်လည်ဝိုင်းနေသလို ခံစားချက်မျိုး ပေးစွမ်းနိုင်သောကြောင့် ဒီအမျိုးသမီး၏ ခွန်အားသည် သူစိတ်ကူးထားသည်ထက် အဆများစွာ ကျော်လွန်သွားပြီဖြစ်ပေမည်။

ကျိပါရှောင် အလွန်စိတ်ဓာတ်ကျသွားသည်။ ယခင်က လူတိုင်းသည် တူညီသောအဆင့်များတွင်သာ ယက်ကန်ယက်ကန် ကြိုးစားခဲ့ရပါသော်ငြား မကြာလိုက်သေးသောအချိန်အတွင်း သူတို့ကြားက ကွာဟမှုမှာ ထိုမျှကြီးမားသွားခဲ့လေပြီ။

ချင်ရူရန်သည် စိတ်မကြည်မသာဖြစ်နေသော ကျိပါရှောင်ကို လျစ်လျူရှုပြီး သူမ၏အေးစက်စက်အကြည့်ကို တစ်ဖက်သို့ လွှဲဖယ်လိုက်သည်။

လင်တုရှိုလည်း အပေါ်ယံဟန်မပျက်သော်ငြား စိတ်ထဲမှ ထိတ်လန့်နေသည်။ သူသည် မဟာသူတော်စင်နယ်မြေကြီးလေးခု၏ လူငယ်မျိုးဆက်များကြားတွင် အင်အားအကြီးဆုံး ပါရမီရှင်ဆိုသောနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည် ထင်နေသော်ငြား ယခုတော့ ထိုသို့မဟုတ်တော့ဟန်ပင်။

ဤ ယောင်ကွမ်းသူတော်စင်၏ တည်ရှိမှုမှ သူ့ကို ပေးစွမ်းသည့် ခံစားချက်သည် သူတို့ နောက်ဆုံးတွေ့ဆုံခဲ့စဥ်ကနှင့် အလွန်ကွာခြားနေသည်။ ကမ္ဘာ၏ တိုးတက်ပြောင်းလဲမှုကာလအတွင်း အခွင့်အရေးတွေများ အများကြီးရရှိခဲ့လေသလား?

“ဒီအမျိုးသမီးရဲ့သွေးက အရမ်းအရသာရှိမယ့်ပုံပဲ…” လျန်ချန်ပိ၏မျက်လုံးများတွင် လောဘအရိပ်အမြွက်က လင်းလက်သွားသည်။ မြင့်တက်လာသော စိတ်လှုပ်ရှားမှုကိုပင် မနည်းချိုးနှိပ်ဖုံးကွယ်ထားမိရ၏။

ချင်ရူရန်သည် တစ်စုံတစ်ရာကို ခံစားမိပုံရသကဲ့သို့ ပြေပြစ်ချောမွေ့သော နှာခေါင်းကို တွန့်ရှုံ့လိုက်ပြီး သူမ၏ရှေ့မှ ထိုက်ချူသူတော်စင်ကို အေးစက်စွာ စိုက်ကြည့်ကာ တည့်တိုးဆိုသည်။ “ရှင့်ကိုယ်ကချီအငွေ့အသက်ဟာ အတော်လေးစက်ဆုပ်စရာပဲ"

လျန်ချန်ပိ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ လျှို့ဝှက်ချက်တစ်ခု ပေါ်ပေါက်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရကာ တစ်ကိုယ်လုံးရှိ မွေးညင်းများပါ ဖြန်းခနဲထောင်ထသွားရ၏။

“နတ်သမီး ချင်၊ မင်း ဘာကိုဆိုလိုတာလဲ။ ငါ မင်းကို ဘာစကားမှမပြောရသေးဘူးလေ၊ ဟုတ်တယ်မလား”

သူ ပုံစံကို ဟန်မပျက်ထိန်းထားလျက်သာ မေးခွန်းထုတ်လိုက်သည်။

ချင်ရူရန်က မေးခွန်းကိုပြန်မဖြေဘဲ သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

စက္ကန့်အနည်းငယ်ကြာ မျက်လုံးချင်းဆုံတွေ့မှုကပင် လျန်ချန်ပိ၏ ဦးရေပြားကို ပေါက်ထွက်မတတ် တင်းမာစေပြီး စိတ်နှလုံးတွင် မလုံမလဲဖြစ်စွာ တင်းကျပ်လာလေတော့၏။

ဒီအမျိုးသမီး ဘာဖြစ်နေတာလဲ?

ဘာလို့ သူ့အကြည့်က ကမ္ဘာကြီးကို အုပ်စိုးနေတဲ့ ဘုရင်မတစ်ပါးလို ခံစားချက်မျိုး ပေးစွမ်းနေတာလဲ? သက်ရှိသတ္တဝါတွေအားလုံးကို အထက်စီးက အုပ်ချုပ်စိုးစံနေတဲ့ အရှိန်အဝါမျိုး။

“နတ်သမီး ချင်က ပေါ့ပေါ့ပါးပါး စနောက်လိုက်တာပဲ ထင်ပါတယ်၊ တာအိုရောင်းရင်း လျန်၊ စိတ်ထဲမထားပါနဲ့” လင်တုရှိုသည် အခြေအနေ တစ်ခုခုမှားနေသည်ကို သတိပြုမိသောကြောင့် အလျင်အမြန် ဝင်ရောက်ဖြေရှင်းလိုက်သည်။

“ဟမ့်”

လျန်ချန်ပိသည် မကျေမနပ်ဟန်ဆောင်ကာ ဝတ်ရုံလက်ဖျားစကိုခါပြီး လှည့်ထွက်သွားသည်။

အမှန်တကယ်တွင် နှလုံးသားဝယ် ထိတ်လန့်မှုများ ကြီးစိုးနေခဲ့ပြီဖြစ်၏။

လှည့်ထွက်သွားရုံမှအပ တခြားနည်းလမ်းမရှိ။ ချင်ရူရန်၏သံသယမှ သူ့အပေါ် သက်ရောက်သည့် ဖိအားသည် အလွန်ပြင်းထန်သည်။ သူမနှင့် ဒီ့ထက်ကြာကြာ မျက်လုံးချင်းဆုံနေပါက မိမိ၏ဖြစ်တည်မှုအစစ်အမှန် ပေါ်ပေါက်သွားမည်ကိုပင် စိုးကြောက်မိရပေ၏။

ချင်ရူရန်သည် တစ်ဖက်လူ ဆုတ်ခွာသွားသောပုံရိပ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူမ ဘာတွေးနေသည်ကို ခန့်မှန်းမရနိုင်။

All Chapters