← Chapters

တန်ဘူမာနှင့် အဖွဲ့သားများ

Vol. 117 Ch. 1625

တန်ဘူမာနှင့် အဖွဲ့သားများ

Vol. 117 Ch. 1625

ဝေဟင်ထက်၌ တိုက်တန် မျိုးနွယ်ဝင် ၁၃ ဦးမှာ သရဖူ နှစ်ခု ပိုင်ဆိုင်ထားသူ အကြောင်း ဆက်လက်၍ ဆွေးနွေး နေခဲ့လေသည်။

"တခြားဘယ်သူမှ မလှုပ်ရှားကြဘူးလား..."

တန်ဘူမာ၏ မျက်ခုံးက စူးစမ်းလိုစိတ်ဖြင့် ပင့်တက်သွား၏။ သတင်းအရ ဆိုလျှင်... ထိုသေမျိုးမှာ ထိုနေရာတွင် ရှိခဲ့သည်မှာ သတင်းပတ်နှင့်ချီ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ သူ့အား မည်သူမှ မတိုက်ခိုက်သေးခြင်းက ထူးဆန်းလှပေသည်။

"ကျွန်မလည်း စုံစမ်းခဲ့ပါတယ်... ဒီလူက မရွေ့သေးဘူး... နောက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ဘယ်သူမှ မလှုပ်ရှားကြသေးဘူး... လူတိုင်းက ပထမဆုံး လှုပ်ရှားမယ့်သူကို စောင့်နေပုံရတယ်..."

တခြားတိုက်တန်တစ်ဦးက ထပ်လောင်းပြောဆိုလိုက်၏။ သူမက အရပ် ၁၂ပေ ရှိသည့် တိုက်တန်မ တစ်ဦး ဖြစ်ကာ ချိပ်ပိတ်နယ်မြေ အတွင်းမှ နတ်မိမယ် အချို့နှင့် နှိုင်းယှဉ်နိုင်သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။ ယာ့စူးမာပင်လျှင် သူမ စကားပြောလိုက်သည့် အခါ အနည်းငယ် အမူအရာ ပြောင်းလဲ သွားခဲ့၏။ သူမကို တူလာရီဟု သိကြသည်။

တန်ဘူမာ တိတ်ဆိတ်သွားခဲ့၏။ သို့သော်လည်း မည်သူမှ မလှုပ်ရှားကြသည့် အကြောင်းအရင်းကို သူ သိသည်။ ထိုပုဂ္ဂိုလ်မှာ ရိုးရှင်းစွာ ထိုင်နေကာ သရဖူ အပိုင်းအစများကိုပင် ဖုံးကွယ်ရန် မကြိုးစားခြင်းက မည်သူ့ကိုမှ ဂရုမစိုက်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ ၎င်းကပင် လူတိုင်း၏ စိတ်အတွင်း၌ လွန်ကဲသည့် သတိထားမှုကို မွေးဖွားလာစေခဲ့ခြင်း ဖြစ်သည်။

"ကျန်တဲ့ အပိုင်းအစတွေကရော ဘယ်လိုလဲ"

တန်ဘူမာ မေးလိုက်၏။

"အသွင်ပြောင်းခြင်း အပိုင်းအစကို ကောင်းကင်မျိုးနွယ် တောက်ပသော အလင်း အင်ပါယာက ကာစုံဟိုနဲ့ သူ့အဖွဲ့က ပိုင်ထားတယ်.. သူတို့က အခု ဒုတိယ အပိုင်းအစကို ရှာနေတယ်... သတင်းရသလောက် ဆိုရင် သူက အခြားအဖွဲ့တစ်ဖွဲ့နဲ့ မဟာမိတ်ဖွဲ့ပြီး အကျိုးကျေးဇူးတွေကို မျှဝေဖို့ လုပ်ဆောင်နေတယ်... "

"ဖန်တီးခြင်း အပိုင်းအစကိုတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အလင်းပုံရိပ်တစ်ခုက ယူသွားခဲ့ပါတယ်... သူက ယောက်ျားလား မိန်းမလား ဆိုတာကိုတောင် ကျွန်မတို့ မဆုံးဖြတ်နိုင်ခဲ့ပါဘူး... ဒါပေမဲ့ သူ့ကို ကောင်းကင် နိမိတ်ဖတ် ပညာ သုံးပြီး စူးစမ်း ရှာဖွေဖို့ ကြိုးစားခဲ့သူတွေကတော့ တန်ပြန် သက်ရောက်မှုကြောင့် ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်... အဆိုးဆုံးက အသက်ဆုံးရှုံးတာ ဖြစ်ပြီးတော့ အကောင်းဆုံးကတော့ ကျင့်ကြံခြင်း အခြေခံ တစ်စိတ်တစ်ပိုင်း ဆုံးရှုံးရတဲ့ ရလဒ်တွေပဲ...”

"လူသား မျိုးနွယ် အထွတ်အမြတ် တိုင်းပြည်က မင်းသားလေး လင်းကန်းကတော့ ချိပ်ပိတ်နယ်မြေ သေမျိုး တစ်ဦးဆီကနေ ကြီးထွားခြင်း အပိုင်းအစကို ရရှိခဲ့တယ်... အဲဒီကြွက်လို သေမျိုးလေးကို ဖမ်းဖို့ လင်းကန်း အတွက်တောင် အချိန်သုံးရက် ကြာခဲ့တယ် တဲ့... ဒါပေမဲ့ သူက အဲဒီ ကြွက်လေးကို မသတ်ဘူး... သူတို့နဲ့ ပူးပေါင်းဖို့‌တောင် ဖိတ်ခေါ်တယ်... သူက အဲဒီ ကလေးရဲ့ သဘာဝ အလျောက် ရှောင်တိမ်းနိုင်စွမ်းနဲ့ အာရုံခံနိုင်စွမ်းကို နှစ်သက်လို့တဲ့”

တူလာရီက ထပ်လောင်းပြောဆိုလိုက်သည်။

"ဒါပေမဲ့ လင်းကန်းနဲ့ ကာစုံဟိုတို့က သူတို့ရဲ့ အပိုင်းအစတေကို တစ်ဦးနဲ့တစ်ဦး မျှဝေဖို့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး..."

တန်ဘူမာမှာ ကောင်းကင်မျိုးနွယ်၏ တောက်ပသော အင်ပါယာ သုံးခုနှင့် အထွတ်အမြတ် တိုင်းပြည်တို့ကြား ဆက်ဆံရေးကို နားလည်ထားခဲ့ပြီး ဖြစ်လေရာ ထိုရှင်းပြချက်ကို သဘောတူစွာ ခေါင်းညိတ်လိုက်မိသည်။

ယာ့စူးမာက ရှင်းပြမှုကို ဆက်လက်၍ တာဝန်ယူလိုက်၏။

"ထုတ်ယူခြင်း အပိုင်းအစကိုတော့ လူသား မျိုးနွယ် သေမျိုး မိန်းကလေး နှစ်ယောက်နဲ့အတူ တွေ့ခဲ့ရတယ်... သူတို့ထဲက တစ်ယောက်ဟာ အတော်လေး အရည်အချင်းရှိတဲ့ ကောင်းကင် နိမိတ်ဖတ်သူ တစ်ဦး ဖြစ်နိုင်တယ်... ဒါမှမဟုတ် သူတို့မှာ ထူးဆန်းတဲ့ ရတနာတချို့ ပိုင်ဆိုင်ထားတာလည်း ဖြစ်နိုင်တယ်... သူတို့ကို စုံစမ်းဖို့ ကြိုးစားခဲ့ပေမဲ့ လုံးဝ မအောင်မြင်ခဲ့ပါဘူး...”

စကားအဆုံး၌ ယာ့စူးမာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထိုသေမျိုးများမျာ အဘယ်ကြောင့် ထိုမျှ ထူးဆန်း နေရသနည်း။ အလွှာအပြင်က ရွေးချယ်ခံတိုင်းမှာ သေမျိုး အကန့်အသတ်များကို ကျော်လွန်ပြီး ဖြစ်သည့် လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြသော်လည်း အကျိုးအမြတ် အများစုကို ရယူနေကြသူများကတော့ ထိုသေမျိုးများသာ ဖြစ်နေခဲ့သည်။

ဤတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက လုံးဝ ကွဲပြားခြားနားပေသည်။ ယာ့စူးမာ မသိစိတ်၏ စေ့ဆော်မှုနှင့် အတူ အောက်ကို ငုံ့ကြည့်လိုက်မိ၏။ ထိုအခါ ရောင်စုံ အဂ္ဂိရတ် ဝတ်စုံ ဝတ်ဆင်ထားသည့် အဂ္ဂိရတ် ပညာရှင် နှစ်ဦးမှာ သာမန် အကြောင်းအရာများကို ရယ်မော ပြောဆိုနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင်... ထူးချွန်သည့် မိန်းကလေး နှစ်ယောက်လည်း ရှိသည်။ တစ်ယောက်က အပြာရောင် ဆံပင်နှင့် လူသား တစ်ယောက် ဖြစ်ကာ အခြား တစ်ယောက်ကတော့ ရွှေရောင် ဆံပင်နှင့် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် အယ်ဗန် လူမျိုး တစ်ယောက် ဖြစ်သည်။ အဂ္ဂိရတ် ပညာရှင်များ အပေါ် စော်ကားမိသူများ သေဒဏ် အပါအဝင် ပြစ်ဒဏ်များပေး ခံနေရသည့် သတင်းများကိုသာ ကြားမထားပါက သူ သူတို့ကို တစ်ခုခု လုပ်ခဲ့မိလောက်သည်။

"ဒါဆိုရင် ထိန်းသိမ်းခြင်း အပိုင်းအစနဲ့ သန့်စင်ခြင်း အပိုင်းအစကလွဲပြီး ကျန်တဲ့ အပိုင်းအစတွေကို ပြင်းထန်တဲ့ တိုက်ပွဲမရှိဘဲ ရယူဖို့ ခက်ခဲလိမ့်မယ်"

တူလာရီက စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။

"ကျွန်တော်တို့ ဘာလုပ်သင့်သလဲ"

အရပ် ၁၁ ပေ အမြင့် ရှိသည့် တိုက်တန်အထီးတစ်ဦးက ဘေးမှနေ၍ မေးလိုက်သည်။ သူ ဝတ်ဆင်ထားသည့် ဝတ်စုံမှာ တန်ဘူမာ၊ ယာ့စူးမာတို့နှင့် ဆင်တူသည်။

လက်ရှိ အချိန်အထိ သူတို့ထံတွင် ထာဝရ သရဖူ အပိုင်းအစ တစ်ခုမျှ မရှိကြသေးချေ။ ထာဝရ သရဖူ လုပွဲမှာ သတ်မှတ်ထားသည့် အချိန်တစ်ဝက်ကို ကျော်လွန် နေခဲ့ပြီ ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာမည့်သူကို သူတို့ လက်ပိုက် ကြည့်နေရတော့မည်လား။

"ငါတို့ ဟိုအပိုင်းအစ နှစ်ခုကို အာရုံစိုက်သင့်လား"

ယာ့စူးမာက မေးလိုက်၏။

"အဲဒီလိုလုပ်ရင် တခြားလူတိုင်းရဲ့ ပစ်မှတ်ဖြစ်သွားလိမ့်မယ်... အထူးသဖြင့် အောင်မြင်ရင် ပိုဆိုးမယ်... မအောင်မြင်ရင်လည်း အခြေအနေ မကောင်းနိုင်ဘူး”

တူလာရီက စဉ်းစဉ်းစားစားဖြင့် ပြန်ဖြေလိုက်သည်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ပထမဆုံး လှုပ်ရှားသူမှာ ပြင်းထန်သည့် တိုက်ပွဲများနှင့် မလွဲမသွေ ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။ သရဖူကို လက်ဝယ် ဆက်လက် ဆွဲကိုင်ထားဖို့ ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်ပါချေ။

"ဟေး... ရှင်တို့ သူနဲ့ ပြောကြည့်ပြီးပြီလား"

ရုတ်တရက် အောက်နားမှ အသံတစ်ခု ထွက်ပေါ်လာ၏။ တိုက်တန်များအားလုံး အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အပြာနုရောင် ဆံပင်များနှင့် မိန်းမလှလေးကို တွေ့လိုက်ရသည်။ သူတို့အား ကြည့်နေသည့် သူမ၏ မျက်လုံးများက အနည်းငယ်မျှပင် လေးစားမှု မရှိပါချေ။

"ဘာလဲ..."

တူလာရီ၏ မျက်လုံးများက ကျဉ်းမြောင်း သွားကာ သူမ၏ အသံတွင် ဆိုးယုတ်သော ရည်ရွယ်ချက်များ ပေါ်ပေါက်လာသည်။ သူမသက မိန်းကလေး၏ အလှတရား အပေါ် မနာလိုခြင်း မဟုတ်ဘဲ လူသားမျိုးနွယ် တစ်ခုလုံးကို အထင်အမြင်သေးခြင်း ဖြစ်သည်။

မိန်းကလေးက တည်ငြိမ်စွာပင် ပြုံးလိုက်၏။

“အဲဒီလူက ဘယ်နေရာကိုမှ မရွေ့ပဲ အဲဒီနေရာမှာပဲ ထိုင်ပြီး သရဖူ အပိုင်းအစ နှစ်ခုကို ကိုင်ထားတယ်လို့ ရှင်တို့ ပြောတယ်မလား... အဲဒါက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး မလား... တစ်ယောက်ယောက်က အပိုင်းအစတွေကို ပေါင်းစပ်ရမယ်လို့ သူ့ကို မပြောခဲ့ဘူးလား... သူက အဂ္ဂိရတ် ပညာရှင်တွေကို ရှာဖွေဖို့ မစွမ်းဆောင်နိုင်တာ ဆိုရင်ရော... အဖွဲ့လိုက် ပူးပေါင်း ဆောင်ရွက်တဲ့ လူတွေနဲ့ မတူတာက သူက တစ်ကိုယ်တော် သမားလေ... ရှင်တို့ သိတဲ့ အပိုင်း ပုံးတွေရဲ့ တောင်းဆိုမှုကို တစ်ယောက်တည်း ဖြည့်ဆည်းရတာက အရမ်း ခက်ခဲတယ်... အောင်မြင်ရင်တောင် မကောင်းဆိုးရွား စောင့်ကြပ်သူ တစ်ယောက်က အချိန်မရွေး ပေါ်လာနိုင်သေးတယ်”

"..."

တိုက်တန်များ ကြားတွင် တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ထိုအချက်အလက်များက လုံးဝ မှားယွင်းနေသယောင် ရှိသည်။ သို့သော်လည်း... ထူးဆန်းစွာပင် မှန်နေသယောင်လည်း ထင်ရသည်။

ရွှေရောင်မျက်လုံးနှင့် အယ်ဗန် မျိုးနွယ် မိန်းကလေးကတော့ သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။ သူက တိုက်တန်များကို အထင်သေးစွာ ကြည့်နေဟန်ရှိသည်။

"ဒီလူဟာ တခြားအပိုင်းအစတွေနဲ့ ရောက်လာမယ့် လူတွေကို စောင့်နေရင်တောင်မှ အဲဒါက သူ့ အကျိုးအတွက် ဆိုရင် အပိုင်းအစတွေကို ပေါင်းစပ်ချင်တဲ့သူတွေကို ဘာလို့ တိုက်ခိုက်နေမှာလဲ"

ထိုအယူအဆကို ထည့်သွင်း စဉ်းစား ကြည့်လိုက်သော အခါတွင်တော့ သီအိုရီကို စမ်းသပ်ရန် အနည်းငယ် ယုတ္တိရှိသယောင် ထင်ရသည်။ သူတို့ထံတွင် ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ရန် အဂ္ဂိရတ် ပညာရှင် အလုံအလောက်လည်း ရှိသည်။

အားလုံး၏ မျက်လုံးများမှာ တန်ဘူမာထံသို့ ရောက်ရှိသွားကြ၏။ သူက အဖွဲ့၏ ဆုံးဖြတ်ချက် ချမှတ်သူ ဖြစ်သည်။ သို့သော်လည်း သူတို့မှာ ထိုလူသား သေးသေးလေးနှင့် အယ်ဗန်မျိုးနွယ်တို့၏ စကားကို အမှန်တကယ်ပဲ နားထောင်ကြမည်လော။

တန်ဘူမာသည် မေးစေ့ကို ပွတ်သပ်ရင်း အခြေအနေကို ရှု့ထောင့် ထောင့်ပေါင်းစုံမှ စဉ်းစားနေဟန် ရှိ၏။ ထို့နောက် သူက...

"ဒီအခြေအနေအတိုင်းဆိုရင် ထာဝရ သရဖူ လုပွဲရဲ့ တတိယအဆင့်အထိ အကျပ်အတည်းက ဆက်ရှိနေဦးမှာပဲ... နောက်ပြီး ဘယ်သူမှ အပိုင်းအစတွေကို ယူဖို့ ကြိုးစားပြီး လူတိုင်းရဲ့ တိုက်ခိုက်ခံရဖို့အထိ မိုက်မဲမှာ မဟုတ်ဘူး"

"သူ့ရဲ့ ရည်ရွယ်ချက်ကို တီးခေါက်ကြည့်ကြတာပေါ့... ဖြစ်နိုင်ချေ ရှိရင်တော့ ငါတို့ အပိုင်းအစတွေကို အနည်းဆုံး ပေါင်းစည်းနိုင်လိမ့်မယ်..."

တူလာရီက မျက်မှောင်ကြုတ်လိုက်၏။

"အပိုင်းအစတွေကို ပေါင်းစည်းပြီးနောက် တခြားသူတွေက ထပ်ပြီး ရယူဖို့ ကြိုးစားရင်ကော..."

"..."

တန်ဘူမာမှာ ထိုဖြစ်နိုင်ခြေကို မေ့နေသကဲ့သို့ ခေတ္တမျှ ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း သူက ရှက်ရွံ့ပုံ မပြပဲ ထိုဖြစ်နိုင်ခြေကို စဉ်းစားထားပြီးသား ဖြစ်သကဲ့သို့ ပုံဖမ်းလိုက်၏။

"ကိစ္စမရှိဘူး... သွားကြစို့..."

သူက ဆုံးဖြတ်ချက် ချပြီးသား ဖြစ်လေရာ အခြားသူများ၏ ရှေ့တွင် နောက်ပြန်လှည့်ရန် ရည်ရွယ်ချက် မရှိပေ။ သို့သော်လည်း... ထိုအခြေအနေမျိုး ကြုံတွေ့ရပါက သူ့တွင် ဘယ်လို အစီအစဉ်မျိုးမှ မရှိပါချေ။

ကံကောင်းထောက်မစွာပင်... အောက်ရှိ အပြာနုရောင် ဆံပင်ပိုင်ရှင် မိန်းကလေးက တူလာရီကို အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။

"အဲဒါက မလွယ်ဘူးလား... ငါတို့က ဒီလူနဲ့ မဟာမိတ်ဖွဲ့မယ်ဆိုရင် သူ့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပေါ့... အဲဒါက သူ့ရဲ့ အပိုင်းအစတွေပဲ မဟုတ်လား... ဘာလဲ... သူက အဲဒါတွေကို မကာကွယ်ဘူးလို့ ထင်နေတာလား”

"..."

တူလာရီ၏ မျက်လုံးများက သတ်ဖြတ်လိုသော စိတ်ဆန္ဒများနှင့် လင်းလက်သွားခဲ့၏။ သူမက အပြာနုရောင် ဆံနွယ်များနှင့် သေမျိုးကို ငုံ့ကြည့်လိုက်သည်။ အကြည့်သာ လူသတ်နိုင်လျှင် ထိုသေမျိုးသည် အစိတ်စိတ်အမြွှာမြွှာ သေဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော်လည်း အဆုံးသတ်တွင်တော့ သူမ မသတ်ရဲပါချေ။ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ကို ညှင်းပန်း နှိပ်စက်ကာ မေးမြန်းဖို့ ကြိုးစားသည့် ကောင်းကင်မျိုးနွယ်ဝင် တစ်ဦး အရှေ့တွင်ပင် မီးလောင် ပြာကျသွားသည့် မြင်ကွင်းကို သူမ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ တူလာရီ ထိုသေမျိုးကို လျစ်လျူဖို့သာ ဆုံးဖြတ်လိုက်၏။

ထို့နောက်တွင်တော့ သူတို့ အဖွဲ့မှာ ထွက်ခွာသွားခဲ့ကြတော့၏။

***

All Chapters