မဖိတ်ခေါ်သော ဧည့်သည်
Vol. 117 Ch. 1626
တန်ဘူမာတို့ ထွက်ခွာသွားသည့် တစ်ချိန်တည်းတွင်ပင် မိန်းကလေး နှစ်ယောက်မှာ မြူခိုးများနှင့် ဝန်းရံနေသည့် အလင်း ပုံရိပ် တစ်ခုကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ ထိုအလင်းပုံရိပ်၏ အောက်တွင်တော့ ရောင်စုံ ဝတ်စုံများ ဝတ်ဆင်ထားသည့် အဂ္ဂိရတ်ပညာရှင် (၁၂)ဦးနှင့် အရပ် ရှစ်ပေမျှ အရှည်ရှိသော ခရမ်းရောင် အသားအရေနှင့် နတ်ဆိုး မိန်းကလေး တစ်ယောက် ရှိနေခဲ့သည်။
"အပိုင်းအစတွေကို ပေါင်းစပ်လိုက်ကြစို့..."
မြူခိုးများကြားမှ အလင်းပုံရိပ်က ပေါ့ပါးသည့် အသံဖြင့် အကြံပြုလိုက်၏။ မိန်းကလေး နှစ်ယောက်ထဲမှ တစ်ယောက်မှာ ပတ္တမြား ရတနာနှင့် တူသည့် မျက်လုံးများကို ပိုင်ဆိုင်ထားကာ အလင်းပုံရိပ်ကို လွန်စွာ သတိထား နေခဲ့၏။ မိန်းကလေးက မျက်လုံးတွင် ရွှေရောင် အလင်းတန်းများ တောက်ပနေသည့် ဘေးနားရှိ အခြား မိန်းကလေး တစ်ဦးကို လှည့်ကြည့်လိုက်သည်။ ဒုတိယမြောက် မိန်းကလေးက ကောင်းမွန်သော ဖလှယ်မှု ဖြစ်ကြောင်း အတည်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သော အခါတွင်မှ ကျန်တစ်ဦးမှာ သက်ပြင်းချလိုက်၏။
"ဒါဆိုရင် လုပ်လိုက်ကြစို့"
...
ထိုအရာများ ဖြစ်ပျက်နေစဉ် ငွေရောင်ဆံပင်ရှည်များနှင့် ခြေဗလာ ရှို့ရန်တစ်ဦးမှာ မြေရိုင်းလွင်ပြင် တစ်ခုရှိ မြေစိုင်ခဲတစ်ခုပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေခဲ့သည်။ သူ၏ လက်နှစ်ဖက်ထဲတွင်တော့ ထာဝရ သရဖူ၏ အပိုင်းအစနှစ်ခုကို ပေါ့ပေါ့ဆဆပင် ကိုင်ထားခဲ့သည်။
ထိုရှို့ရန်နှင့် ပတ်လည် မိုင်ပေါင်း ရာထောင်ချီ ဧရိယာ အတွင်းတွင်တော့ အလွှာအပြင်က ရွေးချယ်ခံ ထောင်နှင့်ချီမှာ ဝန်းရံထားခဲ့သည်။ သူတို့အားလုံးမှာ အခြေအနေ ပြောင်းလဲမှုကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
"တခါတလေကျရင် အကောင်းဆုံး နည်းလမ်းက သူတို့ မင်းဆီကို ရောက်လာတဲ့ အထိ ရိုးရိုးလေး စောင့်နေဖို့ပဲ..."
ကျူးဟိုင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏ နှာခေါင်းများမှာ အခြား သရဖူ အပိုင်းအစ နှစ်ခု တဖြည်းဖြည်း နီးကပ်လာနေသည်ကို အနံ့ခံ နေမိပြီ ဖြစ်သည်။ သူ လေးခုအထိ ပိုင်ဆိုင်ပေတော့မည်။
...
ရွေးချယ်ခံများ စုဝေးခြင်း...
ရွေးချယ်ခံများ စုဝေးခြင်းသည် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတိုင်းတွင် ဖြစ်ပေါ်လေ့ရှိသော အဖြစ်အပျက်တစ်ခုဖြစ်သည်။ သို့သော် အများအားဖြင့်... ယခုကဲ့သို့ လေးဆယ့်နှစ်ရက်မြောက်နေ့တွင် မဟုတ်ဘဲ တတိယအဆင့် အဆုံးသတ်ခါနီး ခုနစ်ဆယ့်ရှစ်ရက်မြောက်နေ့တွင် ဖြစ်ပေါ်လေ့ရှိသည်။
ယေဘူယျအားဖြင့် ထာဝရ သရဖူ လုပွဲ တစ်ခုချင်းစီမှာ တိုက်ပွဲများ၊ ထိခိုက်ဒဏ်ရာရမှုများဖြင့် ပြည့်နှက်နေလေ့ရှိသည်။ အသွင်ပြောင်းခြင်း အပိုင်းအစ အတွက် အလွန် ရှုပ်ထွေးကာ ပေါက်ကွဲထွက်လုနီးပါး တိုက်ပွဲကဲ့သို့ပင် ဖြစ်သည်။ အများအားဖြင့် အပိုင်းအစ ခြောက်ခုစလုံးသည် သွေးထွက်သံယို တိုက်ပွဲများ၏ အလယ်ဗဟိုတွင် ရှိနေလေ့ရှိသည်။ အပိုင်းအစနှစ်ခုကို ရှာဖွေတွေ့ရှိရန် ခက်ခဲပြီး တစ်ဦးတည်း၏ လက်ထဲတွင် နှစ်ခုရှိနေခြင်းမှာ မကြားဖူးလောက်အောင် ရှားပါးသည်။
သို့သော်လည်း... ကျူးဟိုင်မှာ လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်ကတည်းက သူ့ထံတွင် သရဖူ အပိုင်းအစ နှစ်ခု ရှိကြောင်း လူသိရှင်ကြား ထုတ်ဖော် ကြေညာထားခဲ့သည်။ လူများမှာ ကျန်အပိုင်းအစများကိုလည်း ရှာဖွေရန် အလျင်အမြန် လုပ်ဆောင်ခဲ့ကြသည်။ သို့သော် အပိုင်းအစနှစ်ခုမှာ ထူးခြားစွာပင် ပျောက်ကွယ်နေကာ ကျန်နှစ်ခုကိုတော့ တောက်ပသော အလင်း အင်ပါယာမှ ထိပ်တန်း ကောင်းကင်မျိုးနွယ် ရွေးချယ်ခံဖြစ်သော ကာစုံဟိုနှင့် အထွတ်အမြတ် တိုင်းပြည်၊ လင်းကလန်မှ မင်းသားလေး လင်းကန်းတို့က သိမ်းယူခဲ့ထားသည်။
သို့ဖြစ်လေရာ... သူတို့ အတွက် တစ်ခုတည်းသော ရွေးချယ်စရာက အပိုင်းအစ နှစ်ခုကို ကိုင်ဆောင်ကာ ပေါ်တင် စောင့်ဆိုင်းနေသည့် ရှို့ရန် မျိုးနွယ်သာ ရှိတော့သည်။ ထိုရှို့ရန်မှာ သူတို့ အပိုင်းအစများကို ရရှိနိုင်သည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ကျူးဟိုင်မှာ ထာဝရ သရဖူ၏ အပိုင်းအစနှစ်ခုကို ကိုင်ထားရင်း မြေစိုင်ခဲပေါ်တွင်သာ ပေါ့ပေါ့ပါးပါး ထိုင်နေဆဲ ဖြစ်သည်။ အားလုံး၏ မျက်လုံးများက သူ့အပေါ်သို့ စူးစိုက် ကျရောက်နေ၏။ သားကောင်များမှာ သူတို့ကိုယ် သူတို့ သားရဲများဟု ယုံကြည်ထားလေရာ သူ့အတွက် အေးအေးဆေးဆေး စောင့်ဆိုင်းနေရုံသာ ရှိပေသည်။
...
မိုးသစ်တော နယ်မြေတစ်ခုအတွင်းတွင်တော့ မရေမတွက်နိုင်သည့် လူများ ရှာဖွေ နေကြသော်လည်း မတွေ့နိုင်သေးသည့် ကုဗတုံး သဏ္ဌာန် ပုံးလေးမှာ ထူးခြားသည့် ဧည့်သည်တစ်ဦးကို ကြိုဆိုနေခဲ့လေသည်။
ဖျပ်... ဖျပ်... ဖျပ်...
ခြေလှမ်းတစ်ခုချင်းစီ၏ အရှိန်မှာ တည်ငြိမ်၏။ တစ်သားတည်း ဖြစ်နေ၏။ ခြေလှမ်းတိုင်းမှာ ပတ်ဝန်းကျင်ရှိ အာကာသ ၊ အချိန် စွမ်းအင်များ၏ စီးဆင်းမှုနှင့် ထူးဆန်းစွာ ယှက်နွှယ်နေသည်။ မန်နာ၊ ဝိညာဉ်အင်အား လှိုင်းနှုန်း ပြောင်းလဲမှုတို့ဖြင့် ပြည့်နှက်နေသည်။ ပုံရိပ်မှာ လေထုအလွှာကို တိုက်ရိုက် ဖြတ်ကျော်ပြီး အာကာသ အလွှာသစ် တစ်ခုထဲသို့ ဝင်ရောက်လာသယောင် ရှိသည်။
ထို့နောက်တွင်တော့ နတ်ဘုရားများပင် ပါးစပ် အဟောင်းသား ဖြစ်စေနိုင်လောက်အောင် ချောမောသည့် ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။ သူက ထျန်းရီဝူပင် ဖြစ်သည်။
သတ္တမမြောက် မင်းသား၏ မျက်နှာထက်တွင် ပေါ်လွင်နေသည့် အပြုံးဖျော့ဖျော့မှာ မရေမတွက်နိုင်သည့် လူများ၏ နှလုံးသားများကို ဖမ်းစားရန် လုံလောက်၏။ သူ၏ ဟေဇယ်-ရွှေရောင် မျက်လုံးများက အရှေ့ရှိ ကုဗတုံးကို စိုက်ကြည့်နေကာ သုံးမီတာအကွာတွင် မျက်နှာချင်းဆိုင် နီးပါး ရပ်တန့်လိုက်သည်။
"လောကရဲ့ မန်နာထဲကို သဘာဝကျကျ ယှက်နွယ်ပြီး သီးခြား အာကာသနဲ့ အချိန်တွေကို ဖန်တီးနိုင်တာ ဘယ်လောက် အံ့သြစရာကောင်းလိုက်လဲ... လျှို့ဝှက် အင်ပါယာတွေတောင်မှ စွမ်းအင်တွေ အများကြီး မစတေးရင် ဒီနေရာကို အလွယ်တကူ ရှာဖွေနိုင်မှာ မဟုတ်ဘူး..."
ထျန်းရီဝူက အေးဆေးစွာပင် အကဲဖြတ်၏။ လျှို့ဝှက် အင်ပါယာ ဟူသော အသုံးအနှုန်းမှာ ရှေးဟောင်းဆန်ကာ အသုံးမပြုတော့သည့် အသုံးအနှုန်းဖြစ်သည်။ ၎င်းမှာ လောကရှန့်ထိုများကို ရည်ညွှန်းသည်။
'ဧကရာဇ်' နှင့် 'အင်ပါယာ' တို့ကို လျှို့ဝှက် တာအိုများနှင့် ပေါင်းစပ်သောအခါ အဓိပ္ပါယ်လွဲမှားခြင်းကြောင့် ထိုအသုံးအနှုန်းကို မသုံးတော့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းခန့် ကာလအတွင်း အလွှာအပြင်က လောက၌ မြေကြီးရှန့်ထိုများကို သင်္ကေတ ဧကရာဇ်များ ဟူ၍ လည်းကောင်၊ လျှို့ဝှက် အင်ပါယာများကို လောကရှန့်ထိုများ အဖြစ် လည်းကောင်း သဘောတူညီစွာ ပြောင်းလဲခဲ့သည်။
သို့သော်လည်း ခေါင်းစဉ်အားဖြင့် သူတို့ကို ယနေ့ထက်ထိတိုင် ဧကရာဇ် သို့မဟုတ် အင်ပါယာများ အဖြစ် ရည်ညွှန်းခံရဆဲဖြစ်သည်။ ထိုအဓိပ္ပာယ်များမှာ သူတို့ ပိုင်ဆိုင်ထားသည့် အမှန်တကယ် စွမ်းအားများနှင့် ပိုမို ကိုက်ညီမှုရှိသည်။
ကျင့်ကြံခြင်း၏ လူ့အဖွဲ့အစည်းများစွာတွင် မြေကြီးရှန့်ထိုများ၊ လောကရှန့်ထိုများ၊ ကောင်းကင်ရှန့်ထိုများနှင့် လျှို့ဝှက် အရှင်သခင်များ အတွက် အမျိုးမျိုးသော ဘွဲ့အမည်များ ရှိခဲ့ကြသည်။ သို့သော်လည်း.... ၎င်းတို့ အပေါ် ခေါ်ဝေါ်မှု ပုံစံမှာ အမြဲတမ်း လိုလို ဧကရာဇ်၊ အင်ပါယာ၊ အုပ်ချုပ်သူ၊ နှင့် အရှင်သခင်ဟူ၍ ဖြစ်သည်။
ထျန်းရီဝူ၏ မျက်လုံးများမှာ ကုဗတုံးကို စူးစမ်းဟန်ဖြင့် စိုက်ကြည့် နေခဲ့၏။ သူ၏ ဟေဇယ်ရွှေရောင် မျက်လုံးများက အဖြူရောင် အလင်းငွေ့များနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။ စက္ကန့်အနည်းငယ်အကြာတွင် အဖြူရောင် အလင်းများ လျော့နည်းသွားကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ဖုံးကွယ်မှုလဲ... ငါတောင် ခန့်မှန်းရုံလောက်ပဲ မြင်နိုင်တယ်”
ထျန်းရီဝူ၏ အကြည့်မှာ ကုဗတုံး၏ ညာဘက် အောက်ထောင့်သို့ ရွေ့လျားသွား၏။
"ဒါဆိုရင် အဲဒီအချိန်က သူ(မ)ကို ကယ်ခဲ့တာ မင်းပဲလား... အဓိပ္ပါယ်ရှိတယ်... မင်းမှာ မိန်းမလှလေးတွေကို ကယ်တင်တဲ့ အရည်အချင်းရှိတာ သေချာတယ်... ဒါပေမဲ့ ခွဲခြားဆက်ဆံတာမျိုး မဟုတ်ဘူးဆိုတာတော့ ငါ ယုံကြည်တယ်... ဘာလို့လဲဆိုတော့..."
ထျန်းရီဝူက ခေါင်းကို ဘယ်ဘက်သို့ လှည့်လိုက်သည်။ သူ၏ မျက်လုံးများက အာကာသ အလွှာများစွာကို ထိုးဖောက်သွားသည်။ ထိုအခါ ငွေရောင်ဆံပင်၊ ခြေဗလာနှင့် ပေါ့ပေါ့ပါးပါ ထိုင်နေသည့် ရှို့ရန်တစ်ဦး သူ တွေ့လိုက်ရ၏။ ထောင်ပေါင်းများစွာသော အလွှာအပြင်က ရွေးချယ်ခံများမှာ သူ့ကို ပတ်လည်မှ ဝန်းရံထားကြသည်။
ရုတ်တရက် ကျူးဟိုင်၏ အမူအရာက ပြောင်းလဲသွားကာ ထျန်းရီဝူ ရှိနေသည့် အရပ် မျက်နှာ အတိအကျကို လှမ်ကြည့်လိုက်၏။ သူ၏ သွေးနီရောင် မျက်လုံးများက သတ္တမမြောက် မင်းသား၏ ပုံရိပ်နှင့် ထင်ဟပ်လာကာ မြေစိုင်ခဲကို ကုတ်ခြစ်ရင်း ရွေ့လျားတော့မလို ပြင်လိုက်သည်။
သို့သော်လည်း မျှော်လင့် မထားစွာပင် ကျူးဟိုင်၏ လှုပ်ရှားမှုများမှာ လမ်းခုလတ်တွင်ပင် ပြန်လည် ရပ်တန့်သွား၏။ ထို့နောက်... သူက ခေါင်းကို ပြန်လှည့်လိုက်ကာ ဘာမှ မဖြစ်တော့ သကဲ့သို့ လျစ်လျူလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ မြေစိုင်ခဲပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေသည့် အနေအထားသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။
ထျန်းရီဝူ၏ အပြုံးက ပိုမို၍ တောက်ပလာ၏။
"မင်းက ယောက်ျားတွေကိုလည်း ကယ်တင်ခဲ့တာပဲလေ...”
ကျူးဟိုင်၏ နောက်ခံ သမိုင်းကြောင်းကို ရှာဖွေရန် မခက်ခဲလှသလို ဖုံးကွယ်ထားခြင်းလည်း မရှိပေ။ အနန္တ ဧကရာဇ်ဂိုဏ်း အတွင်း ကလေးအစ ခွေးအဆုံး ကျူးဟိုင်ကို သိကြသည်။
မည်သည့် တုံ့ပြန်မှုမျှ မရရှိသည့်တိုင် ထျန်းရီဝူ စိတ်ပျက်ဟန် မရှိပေ။ သူက ကုဗတုံးထံသို့ အကြည့်ကို ပြန်လှည့်လိုက်၏။ သူ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွားခဲ့သည်။
နံရံ၏ တစ်ဖက် လက်မ အနည်းငယ်မျှ အကွာတွင် ထူးခြားသည့် ငွေရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ပုံရိပ်မှာ သူ့ကို တိုက်ရိုက် စိုက်ကြည့် နေခဲ့သည်။ ထိုငွေရောင် မျက်လုံးများမှာ အရာရာကို မြင်နိုင်ဟန် ရသည်။
ဖျပ်...
ထျန်းရီဝူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ သူသည်လည်း ကုဗတုံးမှ လက်မအနည်းငယ်မျှ အကွာသို့ ရောက်လာကာ မျက်တောင်မခတ်ဘဲ ပြန်လည် စိုက်ကြည့် နေသည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အထူးခြားဆုံး သေမျိုး လူငယ် နှစ်ဦးမှာ နံရံတစ်ခုခြား၍ လက်မ အနည်းငယ်ခန့်မျှ အကွာတွင် မျက်နှာချင်းဆိုင် ရပ်နေကြပြီ ဖြစ်သည်။
"..."
"..."
လေထုမှာ တင်းမာ လာသယောင် ထင်ရ၏။
"မင်း ဝင်စွက်ဖက်တော့မှာလား..."
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်မှုအပြီးတွင် ထျန်းရီဝူက လေးနက်သည့် အမူအရာဖြင့် ဖြည်းဖြည်းချင်း မေးလိုက်သည်။
"ငါလုပ်ရင်ရော..."
တုန့်ပြန်မှုက စကားလုံး လေးလုံးတည်း...။
သို့သော်လည်း... ထျန်းရီဝူမှာ ထိုအဖြေကို မျှော်လင့်ထားပြီးသား ဖြစ်ပုံ ရသည်။ သူက အပြုံးတစ်ခုကို ပြန်လည် ဆင်မြန်းလိုက်ကာ လေထုအတွင်းရှိ တင်းမာမှုများကို ပြေပျောက် သွားစေခဲ့၏။
"ကျေးဇူးတင်ပါတယ်..."
ထျန်းရီဝူက နောက်သို့ ဆုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးပါးပါးပင် ရွေ့လျားသွား၏။ သူက နောက်ကို လှည့်လိုက်ကာ မဆိုင်းမတွပင် စတင် ထွက်ခွာလိုက်သည်။ သို့သော်လည်း ကုဗတုံးကို ကျောပေးထားရင်း ပေဒါဇင် အနည်းငယ်အကွာသို့ အရောက်တွင်တော့ ခြေလှမ်းများကို နောက်တစ်ဖန် ရပ်တန့်လိုက်၏။
"ငါ မင်းကို သတိပေးသင့်တယ် ထင်တယ်.... အဲဒီမှာရှိတဲ့ မိန်းကလေးက ဒုက္ခပုံကြီး တစ်ခုပဲ... အထွတ်အမြတ် တိုင်းပြည်က ပေ့ရွှမ်း (မြောက်အရပ် အေးခဲခြင်း) တော်ဝင်မြို့စားကို သတိထားပါ... အထူးသဖြင့် မင်း ဆုံးဖြတ်ထားတယ် ဆိုရင်..." ထျန်းရီဝူက သူ၏ နောက်ဆုံးစကားကို အဆုံးသတ်ခြင်း မရှိဘဲ ခြေလှမ်းကို ဆက်လှမ်းလိုက်၏။ မကြာမီတွင် ပြင်းထန်သည့် စွမ်းအင်လှိုင်းများ ပေါက်ကွဲ ထွက်ပေါ်လာကာ သီးခြား အာကာသနှင့် အချိန်တို့မှ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။
***