ကျူးဟိုင်၏ ဆုံးဖြတ်ချက် (၂)
Vol. 117 Ch. 1628
“ထာဝရ မင်းသမီး...”
ထာဝရ ဆိုသည့် ခေါင်းစဉ်ကို အလွှာအပြင်က လူတိုင်း သိပေသည်။ ထာဝရ ဧကရာဇ် အမည်ရှိ ကောင်းကင် အဂ္ဂိရတ် ရှန့်ထိုမှာ အဇူရာ ကြယ်စင်စုတွင် အဂ္ဂိရတ် ရှန့်ထို များစွာ မွေးဖွားလာစေခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ထာဝရ ကြယ်တာရာ နယ်မြေမှာ အဇူရာ ကြယ်စင်စုတွင် အဂ္ဂိရတ် ပညာရှင်များ အတွက် အထွတ်အမြတ် နယ်မြေသဖွယ် ဖြစ်သည်။
အားလုံးမှာ မေးခွန်းထုတ်သည့် အကြည့်များဖြင့် ချင်ကူးယဉ်ကို စစ်ဆေး နေကြ၏။ မည်သူက ထာဝရ နတ်မိမယ်ဘွဲ့ကို ခံယူဝံ့သနည်း။
ချင်ကူးယဉ် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ထိုကဲ့သို့သော ဘွဲ့နာမည်မှာ ပုံမှန် လူ့အသိုင်းအဝိုင်းနှင့် အဆက်အသွယ်ပြတ်နေသည့် သုံးလွှာ ကြယ်တာရာ နယ်မြေမှာတုန်းက အဆင်ပြေပေသည်။ သို့သော်လည်း အဇူရာ ကြယ်စင်စုတွင်တော့ ထိုကဲ့သို့ မိမိကိုယ်ကို ခေါ်ဆိုခြင်းမှာ လှောင်ပြောင်ခြင်း ဖြစ်သည်။
တစ်ခါတုန်းက ဝေ့ဝူယင်နှင့် သူမတို့ နှစ်ဦးမှာ ထာဝရ မင်းသားနှင့် မင်းသမီးတို့ အဖြစ် ကျော်ကြားခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင် ထိုဘွဲ့နာမည်ကို ဆက်လက် ခံထိုက်သူက ဝေ့ဝူယင် တစ်ယောက်တည်းသာ ရှိကြောင်း သူမ လက်ခံထားပေသည်။
ကျူးဟိုင်မှာ ချင်ကူးယဉ်ကို ကြည့်ရင်း လွန်ခဲ့သည့် ဆယ်စုနှစ်များစွာတုန်းက ဝေ့ဝူယင် သူမ အကြောင်း ပြောခဲ့ဖူးသည့် အကြောင်းအရာ အချို့ကို ပြန်လည် သတိရလိုက်မိသည်။ သူက သူမကို ချီးကျူးခဲ့သည်။ ချို့ယွင်းချက် အချို့ကို ဖြေရှင်းပြီးပါက မိန်းကလေးမှာ သမိုင်းတွင် မှတ်တမ်းတင်လောက်သည့် ပညာရှင် တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ပြောဆိုခဲ့သည်။ ယနေ့ သူမကို မြင်ရသလောက် ထိုချို့ယွင်းချက် အများစုကို ဖြေရှင်းပြီး ဖြစ်ပုံ ရသည်။
ဘေးနားရှိ ထျန်းရှောင်လော့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ကျူးဟိုင်၏ အကြည့်မှာ သားရဲတစ်ကောင်က တစ်လောကလုံးအား သားကောင် တစ်ကောင် အဖြစ် အာရုံခံနေသကဲ့သို့ ခံစားရသည်။ ရှို့ရန်မှာ ချင်ကူးယဉ် တစ်ယောက်တည်းကို တိတိကျကျ ပစ်မှတ်ထားနေခြင်း မဟုတ်သော်လည်း တစ်ခုခု ဖြစ်လာပါက အကာအကွယ် ပေးရန် သူမ ချင်ကူးယဉ် အနားကို ပိုမို တိုးကပ်လိုက်၏။
"အရှင်ဝေ့က မင်းရဲ့ အရည်အချင်းတွေကို အထင်ကြီးတယ်... အဲဒါကြောင့် ဒီအပိုင်းအစတွေ ပေါင်းစပ်တဲ့ အလုပ်ကို မင်းကို လွှဲပေးလိုက်မယ်"
ကျူးဟိုင်က တန်ဘူမာအား အသိအမှတ်ပြုဟန် တစ်ချက်မျှပင် လှည့်မကြည့်ပဲ ချင်ကူးယဉ်ကိုသာ စူးစိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ ထရပ်လိုက်၏။ နေကြယ် ကင်းမဲ့သည့် ကောင်းကင်တွင် တိုးတိတ်စွာ လှုပ်ရှားနေသည့် လျှို့ဝှက် စွမ်းအင်များ ပေါ်ပေါက်လာကာ လေထုမှာလည်း ပိုမို၍ တင်းမာလာခဲ့လေသည်။
ချင်ကူးယဉ် အံ့အားသင့်သွားခဲ့၏။ သူမ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီတွင်ပင် ကျူးဟိုင်က ထာဝရ သရဖူ၏ အပိုင်းအစ နှစ်ခုကို ခဲလုံးများ အလား သူမထံ လှမ်းပစ်ပေးလိုက်၏။ ချင်ကူးယဉ် လက်ကို အလိုအလျောက် ဆန့်ထုတ်ကာ ထိုနှစ်ခုကို ဖမ်းယူ လိုက်မိသည်။
သရဖူ အပိုင်းအစများ အတွင်း၌ အဂ္ဂိရတ် စွမ်းအင်များကို ခံစားလိုက်ရလေရာ မိန်းကလေး၏ အဂ္ဂိရတ် ဝိညာဉ်မှာ မျှော်လင့်ချက်များနှင့် အတူ ပြင်းထန်စွာ တုန်ခါလာခဲ့၏။
ကျူးဟိုင်က ထျန်းရှောင်လော့နှင့် အခြား အဂ္ဂိရတ်ပညာရှင်များကို တစ်ချက် ကြည့်လိုက်၏။ ထျန်းရှောင်လော့ကို သူ သိသည်။ ထိုမိန်းကလေးမှာ ဝေ့ဝူယင်က ထိပ်တိုက် ရင်မဆိုင်ဖို့ ညွှန်ကြားထားသည့် လူအနည်းငယ်ထဲ၌ ပါဝင်ပေသည်။ သို့သော်လည်း ဝေ့ဝူယင်က အသေးစိတ်တော့ ပြောပြခြင်း မရှိပါချေ။
သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့မှ အဂ္ဂိရတ်ပညာရှင်နှစ်ဦးကတော့ ကျူဟိုင်ကို လေးစားစွာ ပြုံးပြကာ ဝိညာဉ် ဆက်သွယ်မှုများ သုံး၍ နှုတ်ဆက်လိုက်ကြ၏။
နောက်ဆုံး၌ ခြေဗလာ ကျူးဟိုင်က အားလုံးထံမှ အကြည့်များကို ပြန်လွှဲလိုက်သည်။ နောက်ဆုံး၌ သရဖူ အပိုင်းအစများမှာ မှန်ကန်သည့် လူများ၏ လက်အတွင်း ရောက်ရှိသွားပြီ ဖြစ်လေရာ သူ စိတ်ချနိုင်ပြီ ဖြစ်သည်။
"ထာဝရ မင်းသမီး... သူက ဘယ်သူလဲ..."
ချက်ချင်းပင် အားလုံးမှာ စိတ်ဝင်စား သွားခဲ့၏။ ငွေရောင် ဆံပင်ရှည်များနှင့် ရှို့ရန်မှာ သူတို့ အားလုံးကို အဖက်မတန် သလို ဆက်ဆံခဲ့သော်လည်း ထိုအယ်ဗန် မျိုးနွယ်ဝင်ကိုတော့ ဂရုစိုက်ပုံ ရသည်။ သူမက အမှန်တကယ် မည်သူနည်း။
ပိုမို ဗဟုသုတရှိသည့် ရွေးချယ်ခံ အချို့ကတော့ သူတို့ ကြားဖူးသည့် သတင်းတစ်ပုဒ်ကို ပြန်လည် အမှတ်ရလိုက်ကြသည်။ ချိပ်ပိတ်နယ်မြေနှင့် ဆက်စပ်နသည့် ထူးခြားသော နေရာတစ်ခုတွင် အယ်ဗန်မျိုးနွယ်ဝင် တစ်ဦးကို အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ရှန့်ထိုက တပည့် အဖြစ် လက်ခံခဲ့သည်ဟု ဆိုသည်။ ဝိညာဉ်အာရုံ ဖလှယ်မှုများမှာ များစွာသော လူများကြား၌ အလွန် လျှင်မြန်စွာပင် ဖြစ်ပေါ်နေခဲ့၏။ ထို့နောက် သူက ရွှေရောင် ဆံနွယ်များနှင့် အယ်ဗန်မျိုးနွယ်ကို နေက်တစ်ကြိမ် ပြန်လည် ကြည့်လိုက်မိကြသည်။
"..."
တန်ဘူမာကတော့ ငွေရောင် ဆံနွယ်များနှင့် ရှို့ရန်ကို လှမ်းကြည့်လိုက်မိ၏။ သို့သော်လည်း... သူကြည့်လိုက်သည့် တစ်ချိန်တည်းတွင်ပင် ကျူးဟိုင်မှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ထိုရှို့ရန်မှာ မည်သည့် အရိပ်အယောင်ကိုမှ မချန်ရစ်ချေ။ အကြောင်းပြချက် မရှိပဲ တန်ဘူမာ၏ နှလုံးသားမှာ ကြောက်ရွံ့မှုလှိုင်းများနှင့် ပြည့်နှက်လာခဲ့၏။
ထိုအခိုက်တွင်ပင် သွေးရနံ့က အားလုံး၏ အာရုံများ အတွင်း တိုးဝင်လာလေသည်။ ရုတ်ချည်း ဆိုသလိုပင် ကောင်းကင်၏ အရောင်မှာ ပြောင်းလဲသွား၏။ သွေးရောင် အလင်းက အောက်သို့ စီးဆင်းကျလာကာ လူတိုင်းအား သွေးများထဲတွင် နှစ်ထားသကဲ့သို့ ဖြစ်စေခဲ့သည်။
လူအများစုမှာ မသိစိတ်၏ စေ့ဆော်မှုနှင့် အတူ ကောင်းကင်သို့ မော့ကြည့်လိုက်မိကြ၏။ ကောင်းကင်တွင် နေကြယ် အသစ်တစ်စင်း ပေါ်ထွန်းလာသည်လား။ သို့သော်လည်း... နေကြယ်မဲ့သည့် ကောင်းကင်မှာ ဗလာသာ ဖြစ်နေဆဲ ဖြစ်သည်။ ဤသို့ဆိုလျှင် သွေးရောင် အလင်းမှာ မည်သည့် နေရာမှ လာသနည်း။
"သတိထား..."
....
လူသားတစ်ပိုင်း အယ်ဗန်တစ်ပိုင်း ယီယွင်မှာ လင်းကန်း၏ အဖွဲ့အတွင်း၌ ရှိနေခဲ့၏။ ထိုကောင်းချီးခံ လူငယ်မှာ သူ ပိုင်ဆိုင်ထားခဲ့သည့် ထာဝရ သရဖူ အပိုင်းအစ သိမ်းယူခံခဲ့ရပြီး နောက်တွင် လင်းကန်း၏ အဖွဲ့အတွင်း အတင်း အဓမ္မ သိမ်းသွင်းခံခဲ့ရသည်။
သို့သော်လည်း ရက်အနည်းငယ် အကြာတွင် လင်းကန်၏ အမူအကျင့်နှင့် စိတ်နေသဘောထားတို့မှာ လေးစားစရာ ကောင်းကြောင်း သူ တွေ့ရှိလာရသည်။ လင်းကန်းမှာလည်း အလွှာအပြင်က အခြား ရွေးချယ်ခံများလို မောက်မာခြင်း မရှိချေ။ သူက ယီယွင်၏ ထူးခြားသော အာရုံခံနိုင်စွမ်းနှင့် အခြား အရည်အချင်းများကို သဘောကျကာ သူ၏ အဖွဲ့အတွင်း၌ ရာထူးတစ်ခု ပေးအပ်ခဲ့သည်။
ယီယွင် ငြင်းဆိုမည် ဆိုလျှင်ပင် သူ ထွက်ခွာခွင့်ပေးဖို့ ကမ်းလှမ်းထားသည်။ သူ့ အဖွဲ့အတွင်းရှိ လူတစ်ဦး တစ်ယောက်မျှ ယီယွင်ကို ထိမည် မဟုတ်ဟုပင် ကျိန်ဆိုခဲ့သည်။ ဤသို့နှင့် ယီယွင်မှာ လင်းကန်၏ အဖွဲ့တစ်ယောက် လမ်းကြောင်းပေါ်သို့ အလိုအလျောက် ရောက်ရှိသွားခြင်း ဖြစ်သည်။
အစကတည်းက အားလုံး၏ မျက်လုံးများမှာ ကျူးဟိုင်နှင့် တန်ဘူမာတို့ အပေါ်တွင် မျှတစွာ ရှိနေကြခြင်း ဖြစ်သည်။ အထူးသဖြင့်... လင်းကန်တို့ ကဲ့သို့ မြေကြီး ရှန့်ထိုများပင်။ သို့သော်လည်း ယီယွင်ကတော့ ကျူးဟိုင် တစ်ယောက်တည်းကိုသာ တသမတ်တည်း စိုက်ကြည့် နေခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် ကျူးဟိုင်က သူ၏ အပိုင်းအစများကို ချင်ကူးယဉ်ထံသို့ ပစ်ချပေးလိုက်သည်။ ထို့နောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ သူ၏ မျက်လုံးများက သွေးရောင် အလင်းတစ်မျိုးကို ထုတ်လွှတ်လာသည်။ ပြီးသည်နှင့် ယီယွင်၏ မျက်လုံးများရှေ့တွင်ပင် ပျောက်ကွယ်သွားသည်။ ၎င်းက မိမိတည်ရှိမှုကို ဖုံးကွယ်လိုက်သည့် တစ္ဆေတစ်ကောင် အလားပင်။
သို့သော်လည်း ယီယွင်၏ အနံ့ခံအာရုံသည် မယုံကြည်နိုင်လောက်အောင် ထူးခြားသည်။ သူ၏ မျက်လုံးများက ကျူးဟိုင် လှုပ်ရှားသည့် လမ်းကြောင်း တစ်လျှောက် လိုက်ပါသွားခဲ့သည်။
ပထမဆုံး အနေဖြင့် ကျူးဟိုင်မှာ အသွင်ပြောင်းခြင်း အပိုင်းအစကို ပိုင်ဆိုင်ထားသည့် တောက်ပသော အလင်း အလင်း အင်ပါယာမှ ကောင်းကင် မျိုးနွယ်ဝင် ရွေးချယ်ခံ ကာစုံဟို နောက်၌ ရပ်နေသည်ကို တွေ့ခဲ့ရသည်။
ကာစုံဟိုမှာ အလွန်ချောမောပြီး သူရဲကောင်း တစ်ဦးနှင့် လိုက်လျောညီထွေရှိသည့် ထူးခြားသော အော်ရာတစ်မျိုးကို ပိုင်ဆိုင်ထားသည်။ ထိုအခိုက်၌ သူက နေကြယ်မရှိပဲ အရောင် ပြောင်းလဲ သွားသည့် ကောင်းကင်ကို မော့ကြည့် နေခဲ့ခြင်း ဖြစ်သည်။ သူက နေကြယ်မရှိပဲ ထိုအလင်းရောင်က မည်သည့် နေရာမှ လာသည်ကို အံ့ဩနေခြင်းဖြစ်သည်။
ယီယွင် ကြည့်နေစဉ်မှာပင် ကျူးဟိုင်က သူ၏ လက်သည်းများကို မြှောက်ကာ ကာစုံဟို၏ လည်ပင်းကို ပွတ်ဆွဲလိုက်သည်။ ကောင်းကင်မျိုးနွယ်၏ မြေကြီးရှန့်ထို ရွေးချယ်ခံမှာ ဝံပုလွေ၏ လက်သည်းချက်အောက်တွင် ရက်ရက်စက်စက် အလစ်အငိုက် ဖမ်းခံလိုက်ရကာ အသွေးအသားများမှာ ပတ်ဝန်းကျင်သို့ ပေါက်ကွဲထွက် သွားခဲ့တော့သည်။ သွေးစများမှာ အနီးအနားရှိ ကျင့်ကြံသူများ၏ မျက်နှာများကိုပင် စဉ်သွားခဲ့၏။ သို့သော်လည်း... လေထုအတွင်း စိမ့်ဝင်နေသည့် သွေးရောင် နေရောင်ခြည်မှာ အာရုံများကို မှုန်မှိုင်းစေသည့် အလား ၎င်းကို မည်သူမှ သတိမထားမိပုံ ရလေသည်။
ကျူးဟိုင်၏ လှုပ်ရှားမှုများမှာ မယုံကြည်နိုင်လောက်အောင်ပင် လျင်မြန်သည်။ ထူးခြားသော သိုင်းပညာ ကျင့်ကြံခြင်း နည်းလမ်းနှင့် ၎င်းမှ တစ်ဆင့် ဖြစ်ပေါ်လာသည့် လောကီမျက်လုံးတို့ကိုသာ ပိုင်ဆိုင် မထားပါက ယီယွင်ပင်လျှင် ကျူးဟိုင် ရွေ့လျားသည်ကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း ယီယွင် သဘောပေါက်လိုက်သည့် အခိုက်တွင်ပင် ကျူးဟိုင်မှာ ချင်ကူးယဉ်၏ လက်အတွင်း တတိယမြောက် အပိုင်းအစကို ပို့လွှတ်ကာ နောက်ထပ် ပစ်မှတ်ထံ ရွေ့လျား နေခဲ့ပြီ ဖြစ်သည်။
ယီယွင်မှာ ကျူးဟိုင်း၏ လမ်းကြောင်းကို ချက်ချင်း သတိပြုမိလိုက်၏။ သူက သူတို့ အဖွဲ့ထံသို့ ဦးတည်နေခြင်း ဖြစ်သည်။ ထိုအချိန်အထိ... လင်းကန်းမှာ ကျူးဟိုင် သရဖူ အပိုင်းအစများကို လိုက်နေကြောင်း သတိမပြုမိသေးပုံ ရလေသည်။
"သတိထား..."
ယီယွင်၏ အော်ဟစ်သံက ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များနှင့် အတူ ပေါက်ကွဲ၍ ထွက်ပေါ်လာခဲ့၏။ ၎င်းက သွေးစွန်းနေသည့် အလင်းရောင်များကို အနည်းငယ် ဖြတ်တောက်လိုက်ကာ လင်းကန်းကို အသိစိတ် အချို့ ပြန်လည် ရရှိလာစေခဲ့ကာ။ လင်းကန်းမှာ ထိပ်တန်း ရွေးချယ်ခံ တစ်ဦးပီပီ တုန့်ဆိုင်းခြင်း မရှိပါချေ။ သူက လျှို့ဝှက် အကာအကွယ်ကို ချက်ချင်းပင် ထုတ်ဖော် လိုက်လေ၏။
***