အမဲလိုက်ခြင်း (၄)
Vol. 117 Ch. 1632
“အိုး… ဘုရားရေ...”
အထိန်းအချုပ်မဲ့ သတ်ဖြတ်နေသည့် မြင်ကွင်းကို ကြည့်ရင်း အဂ္ဂိရတ် ပညာရှင်များမှာ ကြက်သီးမွေးညင်းများ ထနေကြ၏။ သွေးရောင် ဝံပုလွေများမှာ တစ်လောကလုံးကို ဖျက်ဆီးနေကြကာ ၎င်းတို့၏ လက်သည်းနှင့် အစွယ်များ အောက်တွင် မြေပြင်နှင့် လေထု နှစ်ခုစလုံး ဖိနှိပ်ခံထားရ၏။ ၎င်းတို့၏ ချွန်ထက်လှသည့် သွားများအောက်တွင် ခေါင်းများ၊ လက်များ၊ လည်ပင်းများမှာ ပြတ်တောက်ကာ အသက်များစွာ ကြွေလွင့် နေကြရသည်။
“အား... မလုပ်ပါနဲ့...”
အချို့သော အဂ္ဂိရတ် ပညာရှင်များမှာ နှလုံးတုန် ချောက်ချားဖွယ် အူသံများကို ထုတ်လွှတ်၍ ချဉ်းကပ်လာသည့် သွေးဝံပုလွေများကို ကြောက်ရွံစွာ ကြည့်ရင်း နောက်ဆုတ် ထွက်ပြေးဖို့ ကြိုးစားနေကြ၏။ ထိုသားရဲရိုင်းများ၏ ပါးစပ်များမှာ သွေးစက်များဖြင့် စီးကျ ပေကျံနေပြီး သတ်ဖြတ်လိုစိတ်နှင့် အရိုင်းဆန်သော ဆာလောင်မှုများကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့မှာ လောကတစ်ခုလုံးကိုပင် စားသောက်ရန် အသင့်ရှိနေပုံရသည်။
သို့သော်လည်း ကံကောင်းထောက်မစွာပင် သူတို့မှာ အဂ္ဂိရတ် ပညာရှင်များကို အန္တရာယ် ပြုခြင်း မရှိပါချေ။ ၎င်းတို့က နီးကပ်သည့် နေရာများမှာ ဖြတ်သန်း ပြေးလွှား နေကြသော်လည်း ထိုအားနည်းသည့် သားကောင်လေးများကို အဖက်ပင် မလုပ်ကြချေ။
“...”
ချင်ကူးယဉ်မှာ အလွန် ထိတ်လန့် တုန်လှုပ်နေခဲ့၏။ သို့သော်လည်း ထျန်းရှောင်လော့က ခုနစ်ရောင်ခြယ် အလင်းတန်းများကို ဖြန့်ကျက်ထားကာ သူမကို ကာကွယ်ပေးထားသည်။ မိန်းကလေးမှာ မျက်လုံးများ အတွင်းရှိ ကြောက်ရွံ့စိတ်များကို ဖုံးကွယ်ရင်း အခြေအနေကို သတိထား စောင့်ကြည့်နေ၏။
တန်ဘူမာ၏ အဖွဲ့အတွင်းရှိ လူများမှာလည်း အသက်နှင့် တစ်ကိုယ် မကြုံဖူးသည့် အမဲလိုက် မြင်ကွင်းကြောင့် အသက်ဘေးမှ ထွက်ပြေးရန် စိတ်အားထက်သန်နေကြ၏။ သို့သော်လည်း တန်ဘူမာက သူတို့ကို လျင်မြန်စွာ ပြန်ဆွဲခေါ်ကာ ချင်ကူးယဉ်နှင့် နီးကပ်သည့် နေရာတစ်ခု၌ နေစေသည်။ မြေကြီးရှန့်ထို တစ်ဦးအနေဖြင့် တန်ဘူမှာမှာ အခြားသူများထက် အခြေအနေကို ပိုမို လေ့လာနေနိုင်ကာ သွေးဝံပုလွေများမှာ အဂ္ဂိရတ်ပညာရှင်များကို ပစ်မှတ်ထားခြင်း မရှိကြောင်း တွက်ချက်နိုင်ခဲ့သည်။
ရှို့ရန်က ချင်ကူးယဉ်အား သရဖူ အပိုင်းအစများ ပေါင်းစပ်ရန် တာဝန်ပေးထားသည်ကို ထည့်သွင်းစဉ်းစားရပါက သူတို့မှာလည်း အဖွဲ့တစ်ခုတည်းမှ ဖြစ်နေလေရာ သွေးဝံပုလွေများမှာ ထိခိုက်စေရန် ကြိုးစားမည်မဟုတ်ဟု ထင်မြင်ခဲ့သည်။ ထို့အပြင် ထိတ်လန့်တကြား ထွက်ပြေးခြင်းမှာ သားရဲများ အကြိုက်ဆုံး အရာဖြစ်သည်ကိုလည်း သူ သိထားသည်။
ချက်ချင်းပင် သူတို့ အဖွဲ့မှာ ချင်ကူးယဉ်နှင့် ထျန်းရှောင်လော့တို့ အပါအဝင် အခြား အဂ္ဂိရတ် ပညာရှင်များနှင့် အတူတကွ စုစည်း လိုက်ကြ၏။ တန်ဘူမာက အပြင်စည်းမှ နေကာ ရောက်ရှိလာသည့် မည်သည့် အန္တရာယ်ကို မဆို ရင်ဆိုင်ဖို့ ပြင်ထားသည်။
“ရွေးချယ်ခံ ဆိုတဲ့ လူတွေက ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် ကျဆုံးနေရတာလဲ...”
ချင်ကူးယဉ်မှာ သရဖူ အပိုင်းအစ လေးခုကို ကိုင်ထား၏။ တတိယမြောက်နှင့် စတုတ္ထမြောက် သရဖူ အပိုင်းအစ သူမလက်ထဲသို့ ဘယ်အချိန်က ရောက်လာသည်ကို သူမ မသိပေ။ အလွှာအပြင်က လောကမှ ရွေးချယ်ခံများအား ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် သတ်ဖြတ်ခံနေရသည်ကို ကြည့်ရင်း သူမ၏ နှလုံးသားက အဆုံးမဲ့ ချောက်ချားမှု၊ စိတ်ဝင်စားမှုဖြင့် ပြည့်နှက်နေ၏။
ထျန်းရှောင်လော့မှာ သူမဘေးတွင် ရပ်နေခဲ့သည်။ မြေပြင်တစ်လျှောက်တွင် ခြေလက်အင်္ဂါ ဖြတ်တောက်ခံထားရသော အလောင်းများ ပုံနေသည်ကို ကြည့်ရင်း၊ အဆုံးမဲ့ အော်ဟစ်ငိုယိုသံများကို နားထောင်ရင်း သူမ၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေး နေခဲ့သည်။
ပြိုင်ပွဲအတွင်း ဝင်ရောက်လာသည့် လျှို့ဝှက် အာဏာရှင်များ အဆင့် ကျင့်ကြံသူများ၏ အရေအတွက်ကြောင့် သူမ အလွန် အံ့အားသင့်ခဲ့ရသည်။ အလွှာအပြင်က လောကတွင် ပိုမို အစွမ်းထက်သည့် အမွေအနှစ်များနှင့် ပိုမို ဖွံ့ဖြိုးသည့် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းရှိကြောင်း သူမသိသည်။ သို့သော်လည်း ဤနေရာသို့ ရောက်ရှိလာသည့် ရွေးချယ်ခံများ၏ အရေအတွက်က သောင်းနှင့်ချီသည် အထိ ရှိနေသည်။ သူတို့ တစ်ယောက်ချင်းစီ ပိုင်ဆိုင်ထားသည့် အခြေခံ အုတ်မြစ်များမှာ ချိပ်ပိတ်နယ်မြေမှ အထွတ်အထိပ် ဆိုသည့် ကျင့်ကြံသူများနှင့် မကွာခြားလေရာ ထိုအရေအတွက်က သူမအား အရူးအမူး ဖြစ်စေသည်။ ကွာခြားချက်က တစ်ဆိတ် များပြားလွန်းလှသည်။
ထိုအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင်... သူမ ချင်ကူးယဉ်၏ မေးခွန်းကို အဖြေတစ်ခု မပေးနိုင်ခဲ့ပေ။ ပြေးလွှားနေသည့် သွေးဝံပုလွေများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှကြောင်း သံသယဖြစ်ဖွယ်ရာ မရှိပေ။ ၎င်းတို့မှာ ဖျက်ဆီးခံရချိန်တွင် သွေးရောင် အလင်းများအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တွင် ဖြန့်ကျက်နေသည့် သွေးရောင် အလင်းနှင့် အပြည့်အဝ ပေါင်းစပ်၍ ကောင်းကင်သို့ ပျောက်ကွယ်သွားကြသည်။ ခဏတာမျှ ကြာမြင့်ပြီးနောက်တွင် သွေးဝံပုလွေ အသစ်များ ဖြစ်ပေါ်လာကာ ပိုမို၍ပင် သန်မာလာကြသည်။
သို့သော်လည်း သွေးဝံပုလွေ တစ်ကောင်ချင်းစီမှာ အလွန်တရာ သန်မာလှသည်တော့ မဟုတ်ချေ။ သူမ ကိုယ်တိုင်ပင်လျှင် အစွမ်းကုန် တိုက်ခိုက်မည် ဆိုပါက သွေးဝံပုလွေ တစ်ကောင် နှစ်ကောင်ကို ခုခံနိုင်လိမ့်မည်ဟု ယုံကြည်သည်။ ခန့်မှန်းချက် အရ ၎င်းတို့မှာ ကြယ်တာရာ သခင် အထွတ်အထိပ်များနှင့် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။ ၎င်းက ကြောက်မက်ဖွယ် အဆင့် တစ်ခု ဆိုသော်လည်း ယုတ္တိဗေဒ သဘေအရ အလွှာအပြင်က လူများ၏ နည်းလမ်းများကို မကျော်လွန်သင့်ချေ။ သို့သော်လည်း... ယခုတွင်တော့ ဆန့်ကျင်ဘက်ပင် လုံးဝ တစ်ဖက်သတ်နီးပါး ဖြစ်နေခဲ့သည်။
တန်ဘူမာမှာ အပေါ်စီးမှ နေ၍ မိန်းကလေး နှစ်ယောက်ကို ငေးကြည့် လိုက်မိ၏။ ရုတ်တရက် ချင်ကူးယဉ်၏ လက်ထဲ၌ သရဖူ အပိုင်းအစ လေးခုရှိနေသည်ကို သတိပြုမိလိုက်သော အခိုက်၌ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ ထိုအရာက ဘာကို ဆိုလိုသနည်း။ အဖြေကို သဘောပေါက်လိုက်ချိန်၌ ထိုအယ်ဗန်မျိုးနွယ်ဝင် မိန်းကလေးနှင့် ပိုမို နီးကပ်သည့် ဆက်ဆံရေး တစ်ခု တည်ဆောက်ဖို့ သူမ ဆုံးဖြတ်လိုက်သည်။
“ဒီသွေးသင်္ကေတတွေကနေ ဖြစ်ပေါ်လာတဲ့ ဝံပုလွေတွေက ထင်ရတာထက် အများကြီး ပိုသန်မာတယ်... နောက်ပြီး သွေးရောင် ကောင်းကင်ကလည်း ဝိညာဉ် အာရုံတွေကို ဖိနှိပ်ထားပြီး အသိစိတ် ပင်လယ်ကို ဝေဝါးစေတယ်... အဲဒါကပဲ သွေးဝံပုလွေတွေ အတွက် အားသာချက် တစ်ခုလို ဖြစ်နေတာ... သူတို့ကို အာရုံစိုက်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ တိုက်ခိုက်မှုတွေကို သတိထားမိဖို့ အရမ်း ခက်ခဲတယ်... နောက်ပြီး သူတို့ရဲ့ အဖွဲ့လိုက် နည်းဗျူဟာကလည်း အရမ်း ကောင်းတယ်... နေရာတိုင်းက ချုံခို တိုက်ခိုက်ဖို့ အမြဲ စောင့်နေတာ”
“ဟိုကိုကြည့်လိုက်... အဲဒီ လူသားက လျှို့ဝှက်ဝိညာဉ် အဆင့်မှာ ရှိနေတာ... သူ့ရဲ့ အခြေခံ အုတ်မြစ်က သိပ်မဆိုးလှဘူး... သူပိုင်ထားတဲ့ အစွမ်းနဲ့ ဆိုရင် သွေးဝံပုလွေ တစ်ကောင်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တယ်”
တန်ဘူမာက ဆူးချွန်ပါ တုတ်ကြီးဖြင့် သွေးဝံပုလွေ တစ်ကောင်ကို တစ်ချက်တည်း ရိုက်နှက် သတ်ဖြတ်လိုက်သည့် လူသား ကျင့်ကြံသူထံသို့ ညွှန်ပြသည်။ ထိုစဉ်မှာပင် သွေးဝံပုလွေ သုံးကောင်မှာ သူ့နောက်မှ ခုန်အုပ်ကာ တိုက်ခိုက် လိုက်ကြ၏။ သူက နောက်သို့ ပြန်လှည့်ကာ တိုက်ခိုက်လိုက်သည်။ သို့သော်လည်း တစ်ချိန်တည်းတွင်ပင် အခြား သွေးဝံပုလွေ ခုနစ်ကောင်မှာ နောက်ကျောမှ ခုန်အုပ်လိုက်ပြန်သည်။
ခဏအကြာတွင် ထိုလူသား ရွေးချယ်ခံမှာ သေဆုံးသွားခဲ့၏။
“...”
တန်ဘူမာတို့ အဖွဲ့အတွင်းရှိ လူများမှာ ပတ်ဝန်းကျင်သို့ လှည့်ပတ် ကြည့်ရှု လိုက်ကြသည်။ သူတို့မှာ အလားတူ အဖြစ်အပျက်မျိုး အကြိမ်အနည်းငယ် ဖြစ်ပွားသည်ကို တွေ့မြင်ခဲ့ကြရ၏။ အားလုံးမှာ ကြက်သီးများ ထလာသည် အထိ ထိတ်လန့် ကြောက်ရွံ့ သွားကြ၏။
“ဒါဆို ဘာလို့ မပြေးကြတာလဲ...”
တိုက်တန် ရွေးချယ်ခံ တစ်ဦးက ထိတ်လန့် တုန်လှုပ်နေသည့် အသံဖြင့် မေးလိုက်၏။ ချင်ကူးယဉ်ကြောင့်သာ မဟုတ်ပါက သူက ထိုလူအုပ်ထဲ၌ ပါဝင်ကောင်း ပါဝင်နိုင်ခဲ့သည်။
တန်ဘူမာက အရှေ့တောင်ဘက်သို့ လက်ညိုးထိုးပြလိုက်၏။ ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံ နှစ်ဦးမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ သို့သော်လည်း... သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွားရာများ၊ လက်သည်းရာများနှင့် ပြည့်နှက် နေခဲ့၏။ သူတို့ နှစ်ယောက်စလုံး အားအင် ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဝှစ်... ဝှစ်...
သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြကာ ရှောင်တိမ်းရေး အဆောင် နှစ်ခုကို ထုတ်ယူလိုက်ကြ၏။ ထို့နောက်တွင်တော့ မတူညီသည့် လမ်းကြောင်း နှစ်ခုကို ခွဲကာ ထွက်ပြေးဖို့ ကြိုးစားလိုက်ကြတော့သည်။
“အချို့ကတော့ ပြေးကြတယ်... ဒါပေမဲ့...”
တန်ဘူမာ၏ မျက်လုံးများကို ကျဉ်းမြောင်းသွားကာ ဆက်ပြောလိုက်၏။
“အမဲလိုက် ခံရလိမ့်မယ်”
သွေးဝံပုလွေများမှာ ပျောက်ကွယ်သွားကာ လောကနှင့် ပေါင်းစပ်သွားကြ၏။ ထို့နောက် ၎င်းတို့မှာ ညတွင် အမဲလိုက်ကြသည့် ဝံပုလွေများကဲ့သို့ လုံးဝ ပျောက်ကွယ်သွားကြသည်။
ပုံမှန်အားဖြင့်... အဖွဲ့လိုက် ဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ရပြီးနောက်တွင် လူခွဲ၍ ထွက်ပြေးခြင်းမှာ ရန်သူများ၏ အင်အားကို ခွဲထုတ်ခြင်းဖြင့် နှစ်ဦးစလုံး အသက်ရှင်နိုင်သည့် အခွင့်အရေးကို တိုးမြှင့်ပေးသော နည်းဗျူဟာ တစ်ခုဖြစ်သည်။ သို့သော်လည်း... တစ်ခုတည်းသော ပြဿနာက သွေးဝံပုလွေများမှာ သူတို့ကို လိုက်လံရှာဖွေနေကြသော်လည်း အထူးသဖြင့် အလျင်စလို မရှိကြခြင်း ဖြစ်သည်။
မိုင်ပေါင်း ထောင်ပေါင်းများစွာ ဝေးသော နေရာတစ်ခု...
သွေးဝံပုလွေများမှာ တိုက်တန် ရွေးချယ်ခံ တစ်ယောက်၏ အလောင်းကောင်ကို ဝါးစားနေကြပြီး ၎င်း၏ ခြေထောက်များနှင့် လက်မောင်းများကို သွားများဖြင့် ရက်စက်စွာ ဆွဲဖြဲပစ် နေကြသည်။ ထိုရွေးချယ်ခံမှာ စောစောက ကောင်းကင်မျိုးနွယ် နှစ်ယောက် ကဲ့သို့ နည်းဗျူဟာမျိုး အသုံးပြုကာ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း သွေးဝံပုလွေများက သူတစ်ဦးတည်းကိုသာ အာရုံစိုက်လိုက်ကြသည်။
သူသေဆုံးပြီးနောက်... သူ၏ သွေးများ၊ ဝိညာဉ်၊ အမတေနှင့် စွမ်းအင်များကို လောကတစ်ခုလုံးအား လွှမ်းခြုံထားသည့် ရက်စက်ကြမ်းကြုတ်သော စွမ်းအားက အပိုင်စီးလိုက်ချိန်တွင် သွေးဝံပုလွေများမှာ အနည်းငယ် ပိုကြီးလာကြသည်။ ၎င်းတို့၏ မျက်လုံးများက ပိုမို စူးရှလာကာ အရှိန်အဝါများမှာ ပိုမိုထူထဲလာ၏။
ကျူးဟိုင် တစ်ယောက် ဝေ့ဝူယင်၏ လက်အောက်ခံ ဖြစ်နေသည်ကို ချင်ကူးယဉ် ခဏတာမျှ ကျေးဇူးတင်လိုက်မိသည်။ သူက သူမ၏ ဆံချည်တစ်မျှင်ကိုပင် ထိခိုက်အောင် လုပ်လိမ့်မည် မဟုတ်ကြောင်း ပင်ကိုယ် အသိစိတ်ဖြင့် ခံစားလိုက်မိသည်။ ဝေ့ဝူယင်၏ အကြောင်းကို ပြန်လည် တွေးတောရင်း မိန်းကလေး၏ မျက်နှာက အနည်းငယ် နီရဲလာခဲ့၏။ သူမ မသိလိုက်ခင်မှာပင် သရဖူ အပိုင်းအစများကို ရင်ဘတ်နှင့် နီးကပ်စွာ ပွေ့ပိုက်၍ ဆုပ်ကိုင်ထားမိလေသည်။
ထျန်းရှောင်လော့မှာ သူမ၏ ရင်ခုန်သံများ ရုတ်တရက် ကျယ်လောင်လာသည်ကို ခံစားလိုက်ရသည်။ သူမ၏ ပါးပြင်များက ရုတ်တရက် ပူလာပြီး ခန္ဓာကိုယ်မှာလည်း စိတ်လှုပ်ရှားနေသည့် လက္ခဏာအချို့ကိုလည်း ခံစားလာရသည်။ သူမ အံ့အားသင့်သွား၏။ သူမ၏ မူလယင်စွမ်းအင်မှာ ချင်ကူးယဉ်နှင့် ချိတ်ဆက်ထားလေရာ ထိုအယ်ဗန်မျိုးနွယ် ခံစားနေရသည့် ယင်စွမ်းအင် လှုပ်ရှားမှု မှန်သမျှကို သူမလည်း ခံစားနေရသည်။
သူမ ချင်ကူးယဉ်ကို လှည့်ကြည့်လိုက်မိ၏။ ထိုမိန်းကလေး ဘာတွေ တွေးနေသနည်း။
***