← Chapters

ပေါင်းစည်းခြင်း

Vol. 117 Ch. 1633

ပေါင်းစည်းခြင်း

Vol. 117 Ch. 1633

ကျူးဟိုင်၏ အမဲလိုက်မှုကတော့ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ အာဏာရှင် အဖွဲ့၏ ငွေရောင် ဝံပုလွေ၊ အာဏာရှင် အင်ပါယာ၏ လက်သည်းနှင့် အစွယ်များမှာ လူများကို ဘယ်နှင့်ညာတို့က တစ်ပြိုင်နက်တည်း သတ်ဖြတ်နေ၏။ သူ၏ ပစ်မှတ်က အများအားဖြင့် သေမျိုးတစ်ပိုင်း အရှင်များ ဖြစ်ကြသည်။ ကျူးဟိုင်မှာ ကိုယ်ပိုင် နိယာမများနှင့် အတူ သားကောင်ကို ဝါးမြိုရင်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပိုမိုသန်မာလာကာ သတ်ဖြတ်ခြင်း ဥပဒေသ အရှိန်အဝါကလည်း ၎င်းနှင့်အတူ ကြီးထွားလာသည်။

မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် တိုက်ပွဲကြီးမှာ တဖြည်းဖြည်း ခြောက်ကပ်လာခဲ့၏။ ရွေးချယ်ခံများစွာမှာ ထွက်ပြေး သွားခဲ့ပြီ ဖြစ်ကာ ကျန်လူအားလုံးမှာလည်း သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်လေသည်။ မြေရိုင်းလွင်ပြင် တစ်ခုလုံး၌ အံ့အားသင့်ကာ တွေဝေနေသည့် အဂ္ဂိရတ် ပညာရှင်များသာ ကျန်ရစ်တော့၏။

ရောင်စုံသွေးများက မြစ်များသဖွယ် မြေပြင်ကို ဖြန့်ကျက် စီးဆင်းနေကာ ခန္ဓာကိုယ် အလောင်းအပိုင်းအစများသာလျှင် သက်မဲ့ ရှုခင်း တစ်ဖွယ် ဖြန့်ကျက်နေသည်။ သို့စေကာမူ ငြိမ်းချမ်းသည့် အာရုံမှာ ထိုနယ်မြေ ဒေသ တစ်ခုလုံးကို လွှမ်းခြုံ ထားခဲ့၏။

“နောက်ဆုံးတော့ ပြီးသွားပြီလား...”

လာမည့် ရာစုနှစ်အတွင်း ထပ်တလဲလဲ အိပ်မက်ဆိုးများကို ချန်ထားနိုင်လိမ့်မည့် ရင်နင့်ဖွယ် အော်ဟစ်သံများမှာ နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ တိုက်တန် ရွေးချယ်ခံ တစ်ဦးမှာ ကြွက်သားများ ရုတ်တရက် ပျော့ပျောင်းသွားကာ မြေပြင်ပေါ်သို့ပင် ပျော့ခွေကျသွားခဲ့၏။

“သူက ဒီနေရာကို ရှင်းထုတ်လိုက်ပြီ... ဒီနေရာက သရဖူတွေကို ပေါင်းစပ်ဖို့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး နယ်မြေ တစ်ခု ဖြစ်လာပြီ”

တန်ဘူမာက ရိုးရှင်းစွာ ပြောလိုက်သည်။ အားလုံး၏ မျက်လုံးမျးမှာ ချင်ကူးယဉ်၏ ရင်ဘတ် အတွင်းရှိ ထာဝရ သရဖူ အပိုင်းအစ လေးခု ပေါ်သို့ ကျရောက် သွားခဲ့၏။ ၎င်းတို့မှာ အသက်မဲ့နေပုံ ပေါ်သော်လည်း အတွင်းပိုင်းတွင် အဖိုးမဖြတ်နိုင်သည်ဟု ခံစားရသည့် တည်ရှိမှု တစ်ခု ရှိနေခဲ့သည်။

ထျန်းရှောင်လော့ကလည်း ချင်ကူးယဉ်ကို ကြည့်လိုက်၏။ ဆရာဖြစ်သူ၏ အဆိုအရ ဆိုလျှင် ထိုသရဖူများမှာ အဂ္ဂိရတ် ပညာရှင်တိုင်း အတွင် ကောင်းကင်ဘုံမှ ချီးမြှင့်သည့် အခွင့်အရေးများ ဖြစ်ကြသည်။ အထူးသဖြင့် ၎င်းတိုာအား ပေါင်းစပ်ရန် အခွင့်အရေးများ ရရှိသည့်သူများအတွက်ပင်။

ချင်ကူးယဉ်၏ အတွေးများမှာ နောက်ဆုံးတွင် သရဖူ အပိုင်းအစများထံသို့ ပြန်လည် ရောက်ရှိလာ၏။ ထျန်းရှောင်လော့ ပြောပြဖူးသည့် သရဖူ အပိုင်းအစများအကြောင်း အချက်အလက်များကို ပြန်သတိရလိုက်ချိန်တွင် စိတ်လှုပ်ရှားမှုများမှာ သူမ၏ ဝိညာဉ် အတွင်း ပွက်ပွက်ဆူ လာခဲ့သည်။ သူမ အဂ္ဂိရတ် စွမ်းအင် အနည်းငယ်ကို ၎င်းတို့အတွင်း ထည့်သွင်းရန် ကြံရွယ်လိုက်ချိန်တွင်...

“နေဦး...”

အဝေးမှ အသံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ထို့နောက် ကလေးမလေး တစ်ယောက်ကို ပခုံးထက်တွင် ထမ်းကာ သယ်ဆောင်လာသည့် ခရမ်းရောင် အသားအရည်ပိုင်ရှင် နတ်ဆိုးမ တစ်ဦး...။ သူမက အခြားလူ မဟုတ် တရှန်းပင် ဖြစ်လေသည်။

တရှန်းမှာ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့မှ အဂ္ဂိရတ် ပညာရှင် သုံးဆယ်နီးပါးကို ခေါ်ဆောင်လာခဲ့၏။

လူတိုင်း တရှန်းကို အကဲခတ် နေကြချိန်တွင် အခြားအဖွဲ့ တစ်ဖွဲ့မှာလည်း ဆန့်ကျင်ဘက် လမ်းကြောင်းမှ ရောက်ရှိလာခဲ့သည်။ သွေးရနံ့များ လွှမ်းခြုံနေသည့် လေထုထဲတွင် ရုတ်တရက် ပန်းရနံ့များ သင်းပျံ့လာသည်။

ထိုအဖွဲ့အား ဦးဆောင်လာသူက နီညိုရောင် ဆံနွယ်များနှင့် မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမ၏ နောက်တွင်တော့ ခုနစ်ရောင်ခြယ် ဝတ်စုံများ ဝတ်ဆင်ထားသည့် အဂ္ဂိရတ် ပညာရှင် ဆယ့်ရှစ်ဦး ပါလာခဲ့၏။

“ပထမ ကွန်မန်ဒါ...”

တန်ဘူမာ၏ အဖွဲ့ထဲကို ရောက်ရှိနေသည့် သူတော်စင် အာရုဏ်ဦး အဖွဲ့ဝင် အဂ္ဂိရတ် ပညာရှင် တစ်ဦးက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

ထို့နောက်တွင်တော့ ဒုတိယ ကွန်မန်ဒါ ပိုကေနှင့် စတုတ္ထ ကွန်မန်ဒါ ပေ့ဝေဝေတို့မှာလည်း သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့မှ အခြား အဂ္ဂိရတ် ပညာရှင်များကို ခေါ်ဆောင်ကာ ဆက်တိုက် ဆိုသလို ရောက်ရှိလာခဲ့သည်။

“မမ...”

ပေ့ယင်ယင်မှာ သူ့အမ ဖြစ်သူကို လှမ်းမြင်လိုက်ရသည်နှင့် တောက်ပစွာ ပြုံးပြကာ လက်ပြ နှုတ်ဆက်လိုက်သည်။ သို့သော်လည်း... တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် သူမ၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားသည်။

“နင် ဒီနေရာမှာ ဘာလာလုပ်နေတာလဲ...”

ပေ့ဝေဝေ၏ အသံက ဒေါသများနှင့် ပြည့်နှက် နေခဲ့၏။ ထိုကလေးမက ဘယ်တုန်းက ဤနေရာကို ရောက်ရှိနေခဲ့သနည်း။ ဘယ်လို ခိုးလိုက်လာခဲ့သနည်း။ နောက်ပြီး အပိုင်းပိုင်းပြတ် အလောင်းများ ပြည့်နှက်နေသည့် နေရာ တစ်ခုမှာ ကလေးမလေး တစ်ယောက် ရှိသင့်သည့် နေရာလော။

ပေ့ယင်ယင်၏ ဒေါသကို တွေ့မြင်လိုက်ရချိန်တွင်တော့ ပေ့ဝေဝေမှာ တရှန်း၏ ခေါင်းနောက်တွင် အလျင်အမြန် ပုန်းကွယ်လိုက်သည်။ အမဖြစ်သူမှာ သူမကို မမြင်ရလျှင် အော်ဟစ်ပြစ်တင်နိုင်မည် မဟုတ်ဟု ထင်နေပုံရသည်။

တရှန်းမှာ သူမ၏ လှစ်ဟာမှုကို သဘောပေါက်သွားလေရာ ချက်ချင်းပင် အစီအရင် တစ်ခုကို အသက်သွင်းလိုက်၏။ ယခုအချိန်မှ စ၍ ပေ့ဝေဝေမှာ အလောင်းများကို မြင်ရတော့မည် မဟုတ်ပဲ စိမ်းလန်း စိုပြည်သည့် ပတ်ဝန်းကျင် တစ်ခုကိုသာ တွေ့မြင်နေရတော့မည် ဖြစ်သည်။ ၎င်းက လှည့်ကွက်သေးသေးလေး တစ်ခုသာ ဖြစ်သည်။ ပေ့ဝေဝေ အနေဖြင့် အလောင်းများကို သွားမထိသရွေ့ အဆင်ပြေပေလိမ့်မည်။ ထို့အပြင်... သူ ပေ့ယင်ယင်ကို ပခုံးထက်မှ ချမည် မဟုတ်ပါချေ။

မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက်၌ ထိုနေရာတွင် သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့၏ အမှတ်တံဆိပ်ကို ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ပညာရှင် တစ်ရာကျော် ရှိနေခဲ့ပြီ ဖြစ်သည်။

ထျန်းရှောင်လော့မှာ ထိုအရာကို သတိပြုမိလေရာ မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုအရာက သူ၏ အစီအစဉ်လော။

အခြားတစ်ဖက်၌... ဝေ့ဝူယင်မှာ ဝဲဘက်လက်အား မိုးကောင်းကင်ကို ပင့်မထားသည့်နှယ် မြှောက်ထားဆဲ ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးမှာ မီးခိုးရောင်နှင့် ငွေရောင် ရောနှောသည့် သွေးများနှင့် ရွှဲနစ် နေခဲ့လေတော့၏။

…

ထာဝရ သရဖူ လုပွဲ၏ အပြောကျယ်လှသော နယ်မြေများတစ်လျှောက်တွင် အနည်းငယ်သော လူများသာလျှင် ကောင်းကင်၏ အပြောင်းအလဲများကို ခွဲခြားသိမြင်နိုင်ခဲ့လေသည်။ ဥပဒေသ ခြောက်ခု အပေါ် သာမည အာဏာများမှာ လွတ်လပ်စွာပင် စီးဆင်း နေခဲ့ကာ ကောင်းကင်ထက်၌ ဧရာမ လက်ဖဝါးကြီး တစ်ခု၏ မှေးမှိန်သော ပုံရိပ်ကို ဖြစ်ပေါ်စေခဲ့လေသည်။ ထိုလုပ်ရပ်ကြောင့်ပင် ပုဂ္ဂိုလ်တစ်ဦးမှာ များလှစွာသော ဒုက္ခများနှင့် ထိတ်လန့် တုန်လှုပ်မှုလှိုင်းများကို ရင်ဆိုင် နေခဲ့ရလေသည်။ သူက အခြားလူ မဟုတ်... ပြိုင်ပွဲ၏ ကြီးကြပ်သူပင် ဖြစ်လေသည်။

တိမ်သားများ၏ အပေါ်ဘက် ကောင်းကင်တွင် ပုံရိပ် တစ်ခုမှာ အဆိုပါ စွမ်းအားများ၏ မူလအစကို ရှာဖွေဖို့ ကြိုးစား နေခဲ့ကာ ဖောက်ထွင်း ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် လျှင်မြန်စွာ ရွေ့လျား သွားနေခဲ့သည်။ ဧရာမ လက်ဝါးကြီးမှာ ကောင်းကင်တာအို၏ လှုပ်ရှားမှုများကို တားဆီးခဲ့ရုံမျှသာ မက၊ ထာဝရ သရဖူ လုပွဲနှင့် ကြီးကြပ်သူ ကြားရှိ ဆက်သွယ်မှုကိုပါ ရပ်တန့် စေခဲ့သည်။ ထိုအခိုက် သူ၏ နှလုံးသားမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ထိတ်လန့်မှုများနှင့် ပြည့်နှက် နေခဲ့လေသည်။

“ဘာတွေဖြစ်နေတာလဲ...”

ဧရာမ လက်ဝါးကြီးကို ကြည့်ရင်း ကြီးကြပ်သူမှာ ဒေါသတကြီး အော်ဟစ်လိုက်မိ၏။ သို့သော်လည်း လက်ဖဝါးကိုတော့ ထိတွေ့ဖို့ သူ မဝံ့ရဲပါချေ။ ထိုပုံရိပ်ယောင်ကြီး၏ အတွင်းတွင် ဥပဒေသ ခြောက်ခု အပေါ် သာမည အာဏာများမှာ လှည့်ပတ် နေပေသည်။ ၎င်းတို့အနက် တစ်ခုကပင်လျှင် ကမ္ဘာလောကကို ဖျက်ဆီးနိုင်စွမ်း ရှိ၏။ ကြီးကြပ်သူမှာ တစ်ကြိမ် ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... အချိန်မှီ ပြန်လည် နောက်ဆုတ်နိုင်ခဲ့ခြင်း မရှိပါက ယခု အချိန်၌ သူ သေဆုံးခဲ့လောက်ပြီး ဖြစ်သည်။ ကြောက်ရွံ့စိတ်က သူ့နှလုံးသားတွင် စွဲထင်နေ၏။ ထာဝရ သရဖူ လုပွဲအား ဆက်လက် ကြီးကြပ်နိုင်ခြင်း မရှိလေရာ ဖြစ်ပျက်သမျှကို သူ တာဝန်ယူရတော့မည် ဖြစ်သည်။ ညည်းတွားသံများက သူ မည်မျှ စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ညွှန်ပြ နေခဲ့၏။

အခြားတစ်ဖက်၌ ဝမ်ယုထျန်းမှာလည်း ထာဝရ တိုက်ပွဲ လောကနယ်မြေမှ နေ၍ အောက်ဘက်၌ ဖြစ်ပျက်နေသည့် အရာများကို စောင့်ကြည့် နေခဲ့သည်။ သို့သော်လည်း... သူ ဘာကိုမှ တွေ့မြင်ရခြင်း မရှိပါချေ။ ထာဝရ သရဖူ လုပွဲ၏ ပင်မ ကြီးကြပ်သူ အလွန် စိတ်ပူပန်ကာ ယိမ်းယိုင်နေသည်ကို မြင်တွေ့လိုက်ရပြီးနောက် သူ သနား ကြင်နာစိတ် အနည်းငယ်ပင် ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင်... ဝေ့ဝူယင်မှာ သေမျိုး တစ်ဦး အနေဖြင့် အလွန် အစွမ်းထက်လွန်းသည်ဟု သူ ခံစားလိုက်ရ၏။

စန်းလော့ယန်မှာလည်း ပိတ်ဆို့ခံထားရသည်။ သုံးလွှာ အဂ္ဂိရတ် အာဏာရှင်မှာ စန်းယွန်းလီ၏ အသက် အဆောင်ကို ကိုင်ထားရင်း စိတ်ပူပန် နေခဲ့သည်။ စန်းလော့ယန်မှာလည်း ဝမ်ယုထျန်း ကဲ့သို့ပင် ကိုယ်ပိုင် လောကနယ်မြေ၌ အကျဉ်းချ ခံထားရကာ ဝင်ရောက် စွက်ဖက်ဖို့ မတတ်နိုင်ပါချေ။

သူ၏ နောက်တွင်တော့ ရောင်စုံ စက်လုံး ထောင်ပေါင်းများစွာမှာ ပျံဝဲနေခဲ့သည်။ အံ့ဩစရာကောင်းစွာပင်... စက်လုံးများ အတွင်း၌ သေမျိုးဝိညာဉ်များ စွမ်းအင်များ ပါရှိနေသည်။ အကယ်၍ သေချာ အနီးကပ် ကြည့်ရှုပါက ထိုဝိညာဉ်များမှာ ချိပ်ပိတ်နယ်မြေ အတွင်းရှိ တံဆိပ်ခတ်ထားသော ရွေးချယ်ခံများ၏ ဝိညာဉ်များဖြစ်ကြောင်း တွေ့ရှိရလိမ့်မည် ဖြစ်သည်။ ၎င်းတို့မှာ သေဆုံးသွားသောသူများ၏ ဝိညာဉ်များ ဖြစ်ပေသည်။

“ငါသာ ဒီဘေးကင်းရေး ကွန်ရက်ကို တည်ထောင် မထားခဲ့ရင် ဘယ်နှစ်ယောက်တောင် အသက်ဆုံးရှုံးလိုက်မလဲ...”

စန်းလော့ယန်မှာ ပါဝင်သူ တစ်ဦးချင်းစီကို သူ ကိုယ်တိုင် သန့်စင်ထားသည့် လျှို့ဝှက် စွမ်းအင် အနည်းငယ်စီ ထည့်သွင်းပေးရန် ကုန်ကျစရိတ် များစွာကို အသုံးပြုခဲ့သည်။ ၎င်းအား ဝိညာဉ်များ ဖျက်ဆီးခံရခြင်းမှ ကာကွယ်ရန် အသုံးပြုနိုင်သည်။ သို့သော်လည်း... သူတို့ အသက် ပြန်လည် ရှင်သန်လာရန် အတွက်မူ ထာဝရ ပြန်လည်မွေးဖွားခြင်း ဆေးလုံး သို့မဟုတ် အလားတူ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်သည့် အဂ္ဂိရတ် ထုတ်ကုန်များကို လိုအပ်သည်။ မည်သို့ပင်ဆိုစေ... ထိုနည်းဖြင့် သူတို့ အသက် ပြန်လည် ရှင်သန်နိုင်ပေသည်။ သူ၏ ထိုလုပ်ရပ်က အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့လေသည်။

***

All Chapters