ပေါင်းစည်းခြင်း
Vol. 117 Ch. 1634
ကုဗတုံး သဏ္ဌာန် ပုံးအတွင်းတွင်တော့ ဝေ့ဝူယင်မှာ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေကာ ကောင်းကင်သို့ မော့ကြည့် နေခဲ့သည်။
“ကျေးဇူးတင်ပါတယ်...”
သူက အလေးအနက် အမူအရာဖြင့် ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။ သူ၏ စကားလုံးများက လျှို့ဝှက် တာအို အပေါ် ရှင်းလင်းစွာပင် ရည်ရွယ်ပေသည်။
ကျူးဟိုင်၏ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာသည့် လျှို့ဝှက် တာအို၏ တုန့်ပြန်မှု ထောင်ပေါင်းများစွာမှာ ဧရာမ လက်ဖဝါးကြီးကို ပြင်းထန်စွာ ရိုက်ခတ်နေဆဲ ဖြစ်သည်။ သေမျိုးတစ်ဦး အနေဖြင့် ထောင်ပေါင်းများစွာသော လျှို့ဝှက် ဝိညာဉ်များစွာကို ဝါးမြိုသိမ်းပိုက်နေသည့် ကျူးဟိုင်၏ လုပ်ရပ်မှာ ပုံမှန်အားဖြင့် စုပေါင်း အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့ဆိုလျှင် သူ ကိုယ်တိုင်ပင်လျှင် အလွန် အားစိုက်ထုတ်ရပေလိမ့်မည်။ သို့သော်လည်း... လျှို့ဝှက်တာအိုမှာ တုန့်ပြန်မှုများကို တစ်ကြိမ်ချင်းစီသာ ထုတ်လွှတ်ကာ သူ့ အတွက် ဝန်ထုပ်ဝန်ပိုးများကို များစွာ လျော့နည်းစေပေသည်။ ၎င်းက သူ့အပေါ်တွင် သက်သက်ညှာညှာ လုပ်နေခြင်း ဖြစ်ကြောင်း ရှင်းလင်းသည့် လက္ခဏာ တစ်ခု ဖြစ်သည်။
ဝေ့ဝူယင် ချင်ကူးယဉ်တို့ဘက်ကို လှမ်းကြည့် လိုက်မိ၏။ ပထမ ကွန်မန်ဒါ၊ တတိယ ကွန်မန်ဒါနှင့် စတုတ္ထ ကွန်မန်ဒါတို့မှာ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့ဝင် အများစုနှင့်အတူ ရှိနေခဲ့ကြသည်။
ဝေ့ဝူယင် စိတ်ကျေနပ်စွာ ပြုံးလိုက်မိ၏။ သူ မည်သည့် ညွှန်ကြားချက်မျှ မပေးခဲ့သော်လည်း အာဏာရှင် ကွန်မန်ဒါများမှာ သူတို့၏ အလုပ်ကြိုးစားမှုနှင့် သိတတ်မှုတို့ကို ပြသခဲ့သည်။ ဝေ့ဝူယင် စိတ်နှလုံး အတွင်း၌ ဂုဏ်ယူသည့် ခံစားချက်များက ပွက်ပွက်ဆူ လာခဲ့၏။
လောလောဆယ်၌ သူတို့ အဖွဲ့မှာ သရဖူ အပိုင်းအစများအား မည်ကဲ့သို့ ပေါင်းစပ်ရမည်ကို ဆွေးနွေးနေကြသည်။ တန်ဘူမာ၏ အဖွဲ့မှာ သူတို့၏ ပိုင်ဆိုင်ခွင့် အကျိုးအမြတ်များကို အသစ် ရောက်ရှိလာသည့် လူစိမ်းများနှင့် မျှဝေခံစားရန် မလိုလားကြချေ။ သို့သော်လည်း တရှန်း မည်သူ ဖြစ်သည်ကို သဘောပေါက်သွားပြီး နောက်တွင်တော့ သူတို့ မျက်နှာ အမူအရာများထက်၌ တုန့်ဆိုင်းမှုများ ဖြစ်ပေါ်လာခဲ့လေသည်။ ထိုနတ်ဆိုးမျိုးဆက်မှာ ၇၆ ယောက်မြောက် မင်းသားကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။
နောက်ဆုံးတွင်တော့ သူတို့မှာ ချင်ကူးယဉ်ကို ဦးဆောင်စေကာ ကျန်အဂ္ဂိရတ် ပညာရှင်အားလုံး အားလုံး ပူးပေါင်း၍ သရဖူ အပိုင်းအစများအား ပေါင်းစည်းခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိစေရန် အကြုံပြုခဲ့ကြသည်။
“ဒါပေမဲ့ အဲဒီလို လုပ်တာက သရဖူတွေရဲ့ အာနိသင်ကို လျှော့ချပစ်လိုက်မယ် ဆိုရင်ရော ဘယ်လိုလုပ်မလဲ...”
သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့မှ မဟုတ်သည့် အခြား အဂ္ဂိရတ် ပညာရှင် တစ်ယောက်က ပြောလိုက်သည်။ သူက တန်ဘူမာ၏ အဖွဲ့အတွင်းမှ ဖြစ်ပေသည်။ ကျူးဟိုင်မှာ သူတို့ အဖွဲ့ကို ဦးတည်၍ သရဖူ အပိုင်းအစများအား ပေးခဲ့ခြင်းဖြစ်လေရာ သူတို့သာလျှင် ဦးစားပေး ရရှိသင့်သည်။ အဂ္ဂိရတ် ပညာရှင် အလွန်အကျွံ ဖြစ်မှုကြောင့် သရဖူ အပိုင်းအစများ ပျက်စီးသွားလျှင် မည်သူက တာဝန်ယူမည်နည်း။
အချို့က အဖြေရှာဟန်နှင့် တန်ဘူမာကို လှည့်ကြည့်လိုက်ကြ၏။ တန်ဘူမာမှာ အလွှာ အပြင်က ထိပ်သီး ရွေးချယ်ခံ တစ်ယောက် ဖြစ်သည့် အပြင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကိုလည်း အကြိမ်ကြိမ် ပါဝင်ဖူးလေရာ အကျိုးဆက်ကို အခြားလူများထက် ပိုမို၍ နားလည်သင့်သည်။ အာဏာရှင် အဖွဲ့ဝင်များမှာ ဝေ့ဝူယင်ထံမှ အပေါ်ယံ သတင်း အချက်အလက် အချို့ကို သိရှိထားသော်လည်း အသေးစိတ် အကြောင်းအရာများကိုတော့ နားမလည်ကြသေးပါချေ။
တန်ဘူမှာမှာ တရှန်း၏ အကြည့်ကို ခံစားလိုက်ရရာ ရင်များ တဒိတ်ဒိတ် ခုန်လာမိသည်။ ထိုမိန်းကလေးမှာ အလွန်အမင်း အစွမ်းထက်ရုံမျှသာ မက တိုက်တန် မျိုးနွယ်ဝင်များ ကြားတွင်ပင် အလွန်အမင်း လှပသည်။ သူမ၏ သွေးများထဲ၌ နတ်ဆိုး သွေးမျိုးဆက် စီးဆင်းနေသည်ကို ယုံကြည်ရန်ပင် ခက်ခဲလှသည်။
“အဟမ်း... အဟမ်း...”
သူက လည်ချောင်း ရှင်းလိုက်၏။
“အရင်တုန်းက ပြိုင်ပွဲတွေမှာတော့ ထာဝရ သရဖူ ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ လူအနည်းဆုံးနဲ့ပဲ အမြဲလုပ်ဆောင်ခဲ့တယ်... ဒါကြောင့် ထိရောက်မှု သိသိသာသာ လျော့ကျသွားလားဆိုတာ ခန့်မှန်းဖို့ ခက်တယ်... သရဖူ အပိုင်းအစ နှစ်ခုရရှိခဲ့တဲ့ အဖွဲ့အများစုက အဲဒါကို ကိုယ်တိုင်ပဲ သိမ်းဆည်းထားကြပြီးတော့ သူတို့ရဲ့ အတော်ဆုံး ပညာရှင်တွေကိုပဲ ပါဝင်ခွင့်ပေးခဲ့တယ်”
“ဒါဆို ရှင် မသိဘူးပေါ့...”
တရှန်းက အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ တန်ဘူမာ၏ စကားလုံးများထဲ၌ အကူအညီ ဖြစ်သည့် စကားလုံး တစ်ခုပင် မပါချေ။ အဘယ်ကြောင့် စကားရှည်နေရသေးနည်း။
ပိုကေမှာလည်း စိတ်ပျက်မှုကို ခံစားနေရသည်။
“နောက်တစ်ခါဆို မသိဘူးလို့ပဲ ပြောလိုက်ပါ... ရောင်းရင်း...”
“...”
တန်ဘူမာ တစ်ယောက် ဆွံ့အသွားခဲ့၏။
ထိုနတ်ဆိုး နှစ်ကောင်...
တစ်ကောင်က လှပသည့် တိုက်တန် မျိုးစပ် တစ်ဦး ဖြစ်ကာ တစ်ကောင်ကတော့ ညစ်ပတ်သည့် နတ်ဆိုးဖြစ်သည်။ တရှန်းမှာ နတ်ဆိုး တစ်ဦး ဖြစ်သည် ဆိုသည့် အတွေးကို သူ တဖြည်းဖြည်းချင်း ဖျောက်ဖျက်ရန် ကြိုးစားနေ၏။ သူမ၏ ခရမ်းရောင် အသားအရေက မည်မျှပင် ဆွဲဆောင်မှု ရှိနေစေကာမူ နတ်ဆိုးမျိုးစပ် ဖြစ်သည် ဆိုသည့် အတွေးက အနည်းငယ် ခက်ခဲလှသည်။
“ကောင်းပြီလေ... စလိုက်ကြတာပေါ့... ဘာလို့ အချိန်တွေ အများကြီး ဖြုန်းနေရမှာလဲ...”
ဤတစ်ကြိမ်တွင် ထျန်းရှောင်လော့က ဝင်ပြောလိုက်၏။ သူမမှာ ထာဝရတိုက်ပွဲတွင် ဘာတစ်ခုမှ မရရှိခဲ့လေရာ ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ကို တွေ့ကြုံခံစားလိုစိတ် ဖြစ်ပေါ်နေခဲ့သည်။
ထာဝရ တိုက်ပွဲ၌ သူမ၏ ကျရှုံးမှုမှာ ဆရာဖြစ်သူ လောက အဂ္ဂိရတ် ရှန့်ထို အဆင့် ရောက်ရှိနိုင်မည့် မျှော်လင့်ချက်ကို ပျက်စီး စေခဲ့သည်။ ထိုအတွက် အလွန်အမင်း အပြစ်ရှိစိတ်ကို သူ ခံစားနေရ၏။ ဆရာဖြစ်သူအား ပြန်လည် ပေးဆပ်နိုင်သည့် နည်းလမ်းများ ရှိပါက သူမ ထိုအရာကို အစွမ်းကုန် လုပ်ဆောင်မည် ဖြစ်သည်။
ချင်ကူးယဉ်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ရင်း ကြီးထွားခြင်း၊ ပေါင်းစပ်ခြင်း၊ သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်း တည်းဟူသော သရဖူ အပိုင်းအစ လေးခုကို ထုတ်ယူလိုက်သည်။ သူမက ထိုလေးခုလုံးကို တစ်ပြိုင်နက်တည်း ပေါင်းစည်းရန် ဆုံးဖြတ်ထား၏။
ချင်ကူးယဉ်မှာ မြေရိုင်းလွင်ပြင်၏ ခိုင်မာသည့် မြေပြင်ပေါ်၌ ရပ်တည်နေကာ အဂ္ဂိရတ် ပညာရှင်များမှာ ဘေးမှ နေ၍ ဝန်းရံထားကြသည်။ မိန်းကလေးက သရဖူ အပိုင်းအစများကို အပေါ်သို့ မြှင့်တင်လိုက်ကာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်နှင့် ဆက်သွယ်လိုက်ရင်း သူမ၏ အဂ္ဂိရတ် စွမ်းအင်များကို သရဖူ အပိုင်းအစများထဲသို့ သွန်းလောင်းလိုက်သည်။
ရုတ်တရက် သွေးရောင် စိုရွှဲနေသည့် ကောင်းကင်မှာ ထိုဒေသ၌ ပျောက်ကွယ်သွားခဲ့သည်။ ကျယ်ပြန့်သော ဧရိယာ အတွင်းရှိ ကောင်းကင်၌ အဆုံးမဲ့ ကြယ်တာရာများ စတင် ထွန်းလင်း လာကြသည်။ ၎င်းတို့ အားလုံးမှာ တောက်ပသည့် အလင်းများကို ထုတ်လွှတ် လာကြ၏။
အခြား အဂ္ဂိရတ် ပညာရှင်များမှာလည်း အလျင်အမြန်ပင် သူတို့၏ ကျင့်ကြံခြင်း နည်းလမ်းများကို အသက်သွင်း လိုက်ကြသည်။ သူတို့က အဂ္ဂိရတ် စွမ်းအင်ကို လှည့်ပတ်လိုက်ကြကာ ရေစီးကြောင်း အလား အလင်းများကို သရဖူ အပိုင်းအစ လေးခုထဲသို့ သွန်းလောင်း လိုက်ကြလေ၏။
ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို တိတ်တဆိတ်ပင် ငေးကြည့် နေခဲ့သည်။ မကြာခင် အဂ္ဂိရတ် ကြယ်တာရာ ပေါင်းစည်းခြင်း ဖြစ်စဉ် တစ်ခု စတင်တော့မည် ဖြစ်ကြောင်း သူ သိပေသည်။ သို့သော်လည်း... ထိုမျှ မကပါချေ။ ချင်ကူးယဉ်၏ အော်ရာတွင် ကျင့်ကြံခြင်း အခြေခံ အုတ်မြစ် ပိုမို တိုးတက်လာတော့မည့် လက္ခဏာများကိုပင် သူ မြင်တွေ့နေရပြီ ဖြစ်လေသည်။
...
“နောက်တစ်မျိုး ထပ်လာပြန်ပြီလား...”
တိမ်တိုက်များ၏ အထက် ကောင်းကင်တွင် ပြိုင်ပွဲ ကြီးကြပ်သူမှာ တစ်လောကလုံးသို့ အဂ္ဂိရတ် စွမ်းအင်များ စိမ့်ဝင်လာသည်ကို ခံစားလိုက်မိရာ စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်သည်။
သူမမှာ နူးညံ့ လှပသည့် မိန်းကလေး တစ်ဦး ဖြစ်ကာ ရုပ်ရည်အားဖြင့် အသက်တစ်ဆယ့်ရှစ်နှစ်၊ တစ်ဆယ့်ကိုးနှစ်ခန့် ရှိ၏။ သူမက ပခုံးအထိ ရှည်လျားသော သစ်ကြံပိုးရောင် ဆံပင်များနှင့် သံလွင်ဆီရောင် အသားအရေတို့ကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူမ ထုတ်လွှတ်နေခဲ့သည့် အသက်စွမ်းအင်ကတော့ ဆယ်စုနှစ် ထောင်ပေါင်းများစွာ အကြာက ခေတ်ကာလ၏ အဖြစ်အပျက်များကိုပင် ကြိုတင် ဟောကိန်းထုတ်နေခဲ့သည်။
မိန်းကလေးမှာ လျှို့ဝှက် အော်ရာကို မှေးမှိန်စွာ ထုတ်လွှတ်နေခဲ့၏။ သို့သော်လည်း ထိုအော်ရာကပင်လျှင် သူမမှာ လောကရှန့်ထို တစ်ယောက် ဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။ အလွန် အစွမ်းထက်သည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့်တိုင် မိန်းကလေး၏ မျက်နှာမှာ စိုးရိမ် ပူပန်မှု၊ စိတ်အနှောက်အယှက် ဖြစ်မှုများနှင့် ပြည့်နှက် နေခဲ့သည်။ ဝေ့ဝူယင် ဖန်တီးထားသည့် ဧရာမ လက်ကြီးမှာ သူ့ကို လောကနယ်မြေ အတွင်း ဝင်ရောက်ခြင်း မပြုနိုင်အောင် တားဆီးထားသည်။ ထိုအတားအဆီးကို ဖြတ်ကျော်ရန် အတွက်လည်း သူမ စွမ်းအားများကို အိတ်သွန်ဖာမှောက် အသုံးမပြုဝံ့ချေ။ ပြိုင်ပွဲအတွင်း၌ ပြင်ပ စွမ်းအား ဝင်ရောက် မနှောက်ယှက်ရ ဆိုသည့် စည်းမျဉ်း တစ်ခုလည်း ရှိပေသည်။
သို့သော်လည်... သရဖူ အပိုင်းအစများအား ပေါင်းစည်းနေသည့် ထူးဆန်းသော စွမ်းအင် တစ်ရပ်ကို ခံစားမိလေရာ အခြေအနေက သိပ်မဆိုးဝါးဟု သူမ ခန့်မှန်းလို့ ရပေသည်။ ဖန်တီးခြင်းနှင့် ထုတ်ယူခြင်း အပိုင်းအစ နှစ်ခုမှာ ပေါင်းစပ် ပြီးသွားပြီ ဖြစ်ကြောင်း သူမ ခံစားနိုင်ပေသည်။ ၎င်းမှာ သရဖူ အပိုင်းအစ နှစ်ခုကို မူလ စွမ်းအားများ ပြန်လည် ရရှိစေရုံမျှသာ မက ကျင့်ကြံသူများ အတွက်လည်း အကျိုးကျေးဇူးများ ရရှိစေလိမ့်မည် ဖြစ်သည်။ ထို့အပြင်... လုပ်ငန်းစဉ်တွင် ပါဝင်သော အဂ္ဂိရတ် ပညာရှင်များကိုတော့ ထာဝရ သရဖူက ကောင်းချီးများ ပေးအပ်လိမ့်မည် ဖြစ်သည်။
ရုတ်တရက် သူမ မျက်မှောင်ကြုတ် လိုက်မိ၏။
“စွမ်းအင် ထူထဲမှုက ပိုပြီး မြင့်နေတယ်... အဂ္ဂိရတ် ပညာရှင် ဘယ်နှစ်ယောက်တောင် ပါဝင်နေတာလဲ...”
***