သတ္တမမြောက် အပိုင်းအစ ပေါ်ထွက်လာခြင်း
Vol. 117 Ch. 1636
စန်းလော့ယန် သတိမထားလိုက်မိသည့် အရာအား ကိုယ့်ကိုယ်ကို ခန့်အပ်ထားသည့် ကြီးကြပ်သူမှာ ကုဗတုံး သဏ္ဍာန် ပုံး အတွင်း၌ ရှိနေခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်မှာ ထူးခြားသည့် ကုသရေး စွမ်းအင်များကို ထုတ်ဖော် ပြသနေကာ သာမန် မျက်စိဖြင့် မြင်နိုင်သည့် အမြန်နှုန်းအောက်တွင်ပင် လျှင်မြန်စွာ ပြန်လည် ကောင်းမွန် လာနေခဲ့သည်။ ဝေ့ဝူယင် အတွက် ကိုယ့်ကိုယ်ကို ပြန်လည် ကောင်းမွန်လာစေရန် ဧဒင် အမှတ်အသားမှ အသက် စွမ်းအင်များနှင့် အိုရီ၏ မူလ အယ်ဖာ သစ်သား စွမ်းအင်များကို အသုံးပြုရန် မလိုအပ်ပါချေ။
ကုဗတုံး၏ ထောင့်တစ်နေရာတွင်တော့ လူသား မျိုးနွယ် မိန်းကလေး တစ်ယောက် ရှိနေ၏။ သူမက မျက်လုံးများကို မှိတ်ကာ အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို စုပ်ယူနေသော်လည်း အာရုံ စူးစိုက်မှု တစ်ခုလုံး၏ ဆယ်ပုံတစ်ပုံမျှကို ဝေ့ဝူယင်ထံသို့ ပို့လွှတ်ထားကာ အလွန်အမင်း သတိထားနေပုံ ပေါ်သည်။
ဝေ့ဝူယင်မှာ သူမ၏ အသက်ကို နှစ်ကြိမ် ကယ်တင်ခဲ့သည့် အပြင် အလွန် အဖိုးတန်လှသည့် အဂ္ဂိရတ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကိုပါ ပေးခဲ့သော်လည်း မိန်းကလေးမှာ ယုံကြည်စိတ်ချခြင်း မရှိပါချေ။ ထိုအတွက် ဝေ့ဝူယင် စိတ်အနှောက်အယှက် မဖြစ်ပါချေ။ ၎င်းမှာ ရက်စက်သည့် ကျင့်ကြံခြင်း လောက၌ ရှင်သန်ရန် ကောင်းမွန်သည့် လက္ခဏာ တစ်ရပ် ဖြစ်သည်။
မိန်းကလေးမှာ လက်ရှိ အချိန်အထိ ဝေ့ဝူယင်ကို စကားပြောရန်၊ တုန့်ပြန်ရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်မှာ သူမ စကားပြောစေရန် အတွက် လျှို့ဝှက်မြေကြီး အဆင့်မြင့် အရည်အသွေး ရှိသည့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုနှင့် ဖျားယောင်းဖို့ ကြိုးစားကြည့်ခဲ့သေးသည်။ သို့သော်လည်း မိန်းကလေးမှာ ဘာမှ မတုန့်ပြန်ပဲ ယူရုံသာ ယူသွားခဲ့သည်။
ထုတ်ကုန်အား တစ်ခုခု လုပ်မထားကြောင်း သေချာစေပြီး နောက်တွင်တော့ သူမမှာ ၎င်းကို သောက်သုံးကာ ဝေ့ဝူယင်နှင့် အဝေးဆုံးဟု ထင်ရသည့် ထောင့်တစ်နေရာတွင် ထိုင်ကာ ကျင့်ကြံ နေခဲ့တော့သည်။
ဝေ့ဝူယင်ပင်လျှင် မိန်းကလေး၏ သဘောထားကြောင့် ကူရာကယ်ရာမဲ့ ဖြစ်သွားခဲ့ရသည်။ သူက သူမကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ကာ မသန်မစွမ် ဖြစ်လုနီးပါး အခြေအနေမှ ပြန်လည် ကောင်းမွန်စေခဲ့သည်။ အသက်ဆက် ဉာဏ်အလင်း ဆေးရည်ကို အသုံးပြုကာ အကျိုးကျေးဇူးများ ရရှိစေခဲ့သည်။ ထို့အပြင် သူမ၏ ပြန်လည် ကောင်းမွန်မှုကို အရှိန်မြှင့်တင်ရန် အတွက် အာရုဏ်ဦး လေပွေဇုံ ဆေးတောင့်ကိုပင် အသုံးပြုပေးခဲ့သည်။ သူ့ထံမှ သူမ ရရှိခဲ့သည့် အမြတ်များက မသေးငယ်ခဲ့ချေ။ သို့သော်လည်း...။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
“ပေ့ရွှမ်း တော်ဝင်မြို့စား...”
သူ ခပ်တိုးတိုး ရေရွတ်ရင်း မိန်းကလေးဘက်သို့ လှည့်ကြည့်လိုက်သည်။ သတ္တမမြောက် မင်းသား ထျန်းရီဝူမှာ သူမနှင့် ပတ်သက်၍ အလေးအနက်ထား သတိပေးသွားခဲ့သည်။ ထာဝရ တိုက်ပွဲ၌ လူအချို့၏ မှတ်ဉာဏ်များကို ရရှိထားလေရာ ပေ့ရွှမ် တော်ဝင် မြို့စားမှာ အထွတ်အမြတ် တိုင်းပြည်၏ တော်ဝင် မင်းသား တစ်ယောက် ဖြစ်ကြောင်း သိရှိထားပေသည်။
သူတို့၏ မှတ်ဉာဏ်များ အရဆိုလျှင်... ထိုပုဂ္ဂိုလ်မှာ မူလ တရားသူကြီး၏ ဘွဲ့နှင့်အတူ ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူက လျှို့ဝှက် အာဏာရှင် အဆင့်ခြောက် ကောင်းကင် ရှန့်ထို တစ်ဦး ဖြစ်ကာ လျှို့ဝှက် အရှင်သခင် အဆင့်ကို တက်လှမ်းနိုင်လုနီးပါး ဖြစ်သည်။ နောက်ပိုင်းကာလ အတွင်း ကျင့်ကြံခြင်း၌ အောင်မြင်မှု ရရှိခဲ့ခြင်း ရှိ၊ မရှိကို မသိရသော်လည်း အောင်မြင်မှုဘက်ကို ဦးတည် နေနိုင်ကြောင်း ခန့်မှန်းလို့ ရပေသည်။
မှတ်တမ်းများ အရ ပေ့ရွှမ်းတော်ဝင် မြို့စားမှာ ကောင်းချီးခံ တစ်ယောက် ဖြစ်နိုင်ကြောင်း ဝေ့ဝူယင် ခန့်မှန်းမိသည်။ သူ့ထံတွင် လှပသည့် မိဖုရားများ အဆက်ပြတ် တိုးပွားနေခြင်းနှင့် မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းမှ အကျိုးအမြတ်များ ရရှိနေခြင်းတို့ကို ထည့််သွင်းစဉ်းစားရပါက သူက လုံချန်နှင့် အမျိုးအစားချင်းတူသည့် ကောင်းချီးခံ တစ်ယောက် ဖြစ်သည်။
ထိုမိန်းကလေးမှာ သူ ကြိုတင် သတ်မှတ်ထားသည့် ကိုယ်လုပ်တော် ကိုးယောက် အနက် တစ်ယောက် ဖြစ်ကာ တရားဝင် ဖြစ်လာဖို့ သတ်မှတ်ထားသည့် ရက်စွဲ တစ်ခုကို စောင့်ဆိုင်း နေရသူ ဖြစ်သည်။ အထွတ်အမြတ်တိုင်းပြည်တွင် ပေ့ရွှမ်း မြို့စား၏ ကိုယ်လုပ်တော် ဖြစ်ရခြင်းမှာ ကံကောင်းခြင်း၏ လက္ခဏာ တစ်ခု ဖြစ်သည်။
နေ့စွဲလား...။
၎င်းက သူ လျှို့ဝှက် အရှင်သခင် တစ်ယောက် ဖြစ်လာကြောင်း တရားဝင် ကြေညာသည့်နေ့နှင့် တစ်နေ့တည်း ဖြစ်ပေလိမ့်မည်။ ကိုယ်လုပ်တော် ဖြစ်လာမည့် မိန်းကလေး ကိုးယောက်လုံးမှာ အဆင့်အတန်းနှင့် ပါရမီ အရာတွင် တစ်ဦး တစ်ယောက်မှ ချို့တဲ့ခြင်း မရှိလှပဲ လောကရှန့်ထို အဆင့် မျိုးရိုးများမှ ဆင်းသက်လာကြသူများ ဖြစ်ကြသည်။
မမြင်နိုင်သည့် ဥပဒေသ တစ်ခုဖြင့် ပြဋ္ဌာန်းထားသည့်နှယ် ကောင်းချီးခံများနှင့် မရည်ရွယ်ပဲ အမြဲလိုလို ထိပ်တိုက် တွေ့ဆုံ နေဖြစ်ပုံကို ဝေ့ဝူယင် ပြန်လည်၍ စဉ်းစားလိုက်မိသည်။ သူ တိတ်ဆိတ်နေသည့် မိန်းကလေးကို လှမ်ကြည့်ရင်း မေးခွန်း တစ်ခုကို မေးလိုက်၏။
“မင်း လူတစ်ယောက်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာဖို့ ဆန္ဒ မရှိဘူး မလား...”
“...”
ထိုမေးခွန်းက မိန်ကလေး မျက်လုံးများကို ပွင့်လာစေခဲ့၏။ ထိုအတွင်း၌ ပြင်းထန်သည့် စိတ်လှုပ်ရှားမှုများနှင့် ထိတ်လန့်မှုများ ခိုအောင်းနေကြောင်း ဝေ့ဝူယင် မြင်နိုင်ပေသည်။ သူမက သူ့အပေါ် တစ်ရာ ရာခိုင်နှုန်း အာရုံစိုက် လာခဲ့၏။
ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အပြစ်သား တက်တူးက သူ့ကို ရန်သူ ရှိရာထံ ခေါ်ဆောင်ဖို့ ကြိုးစားနေသည်လား။
တစ်ချိန်တည်းတွင်ပင် ထာဝရ သရဖူ၏ အပိုင်းအစ လေးခု ပေါင်းစည်းခြင်း လုပ်ငန်းစဉ်မှာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ အပိုင်းအစ နှစ်ခုသာလျှင် ကျန်ရစ်ပေတော့သည်။ သို့သော်လည်း ထာဝရ သရဖူတွင် အပိုင်းအစ ခြောက်ခုတည်းသာ ရှိသည် မဟုတ်ပါချေ။
ဘုန်း...
မိုင်ပေါင်း ဆယ်နှင့်ချီ ကျယ်ပြောသည့် အလင်းတိုင် တစ်ခုမှာ ကောင်းကင်သို့ ထိုးတက်လာကာ ထာဝရ သရဖူ လုပွဲ၏ မည်သည့် နေရာမှ မဆို မြင်နိုင်သည့် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်လေသည်။
သတ္တမမြောက် သရဖူ အပိုင်းအစဖြစ်သည့် ပေါင်းစည်းခြင်း အပိုင်းအစမှာ နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
...
...
ဘုန်း...
ထာဝရ သရဖူ လုပွဲ၏ အပြောကျယ်လှသည့် နယ်မြေ တစ်လျှောက်တွင် အလင်းတိုင် တစ်ခု ကောင်းကင်သို့ ထိုးတက်လာကာ မြေပြင်ထက်ရှိ လူတိုင်း၏ အာရုံများကို ဖမ်းစားလိုက်လေသည်။ အားလုံးမှာ ခေါင်းများကို မေ့ရင်း ကောင်းကင်သို့ ကြည့်လိုက်မိကြ၏။ သူတို့၏ မျက်လုံးများက လောဘများ၊ မျှော်လင့်ချက်များ၊ ဆန္ဒများနှင့် တောက်ပနေကြသည်။ သူတို့သာ ရွေးချယ်ခံ ဖြစ်လာခဲ့လျှင် ဟူသော အတွေးများမှာပင် ဖြစ်ပေါ်လာကြ၏။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ရှောင်လွှဲ မရနိုင်သော အဆုံးသတ်မှာ နောက်ဆုံးတွင် ဖြစ်ပေါ်လာတော့မည့် လက္ခဏာများ မြင်နေရပြီ ဖြစ်သည်။
ပေါင်းစည်းခြင်းအား ကိုယ်စားပြုနေသည့် ထူးခြားသော အလင်းရောင်ကို ကြည့်ရင်း စောင့်ကြပ်သူ၏ မျက်နှာ အမူအရာက သိသိသာသာပင် ပြောင်းလဲ သွားခဲ့သည်။ သူမ ထာဝရ သော့ကို အသုံးပြုကာ ထျန်းရီဝူကို လှမ်း၍ ကြည့်ရှုလိုက်၏။
ချိပ်ပိတ်နယ်မြေမှ ဖြစ်ဟန် တူသည့် ထိုသေမျိုးမှာ ထာဝရ သရဖူ လုပွဲ၏ စည်းမျဉ်းများကို ချိုးဖောက်ကာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ သူက အလင်းတိုင်ကို တစ်ချက်မျှသာလှမ်းကြည့်ကာ အလံတစ်ခုကို စိုက်ထူပြီးမှ သူမ တစ်ခါမှ မမြင်ဖူးသည့် လက်ဟန် ချိပ်စည်းများကို ဖော်ဆောင်ကာ ဥပဒေသ စွမ်းအားများ ထည့်သွင်းလျှက် နောက်သို့ တစ်ချက်မျှ လှည့်မကြည့်ပဲ ထွက်ခွာ သွားခဲ့လေသည်။
သူမ၏ တာဝန်ကို ကြားဝင် စွက်ဖက်ခဲ့သည့် ပုဂ္ဂိုလ်မှာ လျှို့ဝှက် အရှင်သခင် တစ်ယောက် သို့မဟုတ် ထိုထက် ပိုမို၍ အစွမ်းထက်သူ တစ်ယောက် ဖြစ်နိုင်သည်ဟု သူမ ယူဆမိသည်။ ကံဆိုးစွာပင်... မြေပြင်သို့ ဆင်းသက်ကာ ဝင်္ကပါ အလံများကို ကိုယ်တိုင် စစ်ဆေးဖို့ မဝံ့ရဲပါချေ။ ထိုကဲ့သို့ ပြုလုပ်ပါက ပြင်းထန်သည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူမ ခံစားရသည်။
ကြီးကြပ်သူမှာ သူမ၏ နို့နှစ်ရောင် သွားလေးများဖြင့် အောက်နှုတ်ခမ်းကို စိုးရိမ်တကြီး ကိုက်လိုက်မိ၏။ ရုတ်တရက် သူမ ဝမ်ယုထျန်းကို သတိရလိုက်မိသည်။ ထာဝရ တိုက်ပွဲနှင့် ထာဝရ ခရီးလမ်းတို့ကို စောင့်ကြပ်ရသည့် ထိုဝိညာဉ်အသွင်မှာ တစ်စုံတစ်ခုကို သိနေပုံ ရသည်။ ထို့ကြောင့် သူမ သူ့ကို မေးရန်ဆုံးဖြတ်လိုက်၏။
ကြီးကြပ်သူ၏ ဝတ်ရုံများက လှုပ်ခတ်သွားကာ အာကာသနှင့် ပေါင်းစပ်၍ ဝမ်ယုထျန်း တည်ရှိရာ လောကနယ်မြေထံ ချဉ်းကပ်သွားခဲ့တော့သည်။
***