နတ်မိမယ် သုံးယောက် စုဝေးခြင်း
Vol. 117 Ch. 1637
“ခုနစ်ဆယ် ရာခိုင်နှုန်းနီးပါး ပြီးသွားပြီ”
ထျန်းရီဝူက နဖူးထက်ရှိ ချွေးစများကို အင်္ကျီလက်ဖြင့် သုတ်လိုက်၏။
“အဆင့်ရှစ်မှာ ဒီလို လုပ်ရတာ တကယ်ခက်တယ်...”
ထျန်းရီဝူမှာ ငြီးတွားလိုက်သော်လည်း လှုပ်ရှားမှုများကိုတော့ ရပ်တန့်ခြင်း မပြုပါချေ။ သူက နောက်ထပ် စိုက်ထူရမည့် တည်နေရာကို သတ်မှတ်ထားပြီး ဖြစ်လေရာ ခန္ဓာကိုယ်ကို ပတ်ဝန်းကျင် ပေါင်းစည်းခြင်း ကျင့်စဉ်နှင့် ဖုံးအုပ်လိုက်ရင်း ခြေထောက်များက ထိုနေရာကို ဦးတည်လိုက်လေ၏။
သူ ထာဝရ စွန်စားခန်းနှင့် ထာဝရ လမ်းစဉ် အဆင့်များကို ပြန်လည်အမှတ်ရမိသည်။ ထိုအဆင့်များ၌လည်း သူသည် အလံများကို ချထားရင်း အချိန်အများစုကို ကုန်ဆုံးစေခဲ့သည်။ အဖိုးတန် စွမ်းအားကို ချွေတာရန် မလိုအပ်ပါက ထျန်းရှင်းယွင်အား သူ လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
ထျန်းရှင်းယွင် အကြောင်း တွေးလိုက်မိသော အခိုက်၌ သူ့နှလုံးသားက မည်မျှ အေးစက်နေသည်ကို အနည်းငယ် အံ့အားသင့်မိသည်။ သူတို့နှစ်ဦးမှာ အချိန်အတော်ကြာအောင် စေ့စပ်ထားခဲ့ကြသလို သူ ချိပ်ပိတ် ဝင်္ကပါကို ဖောက်ထွင်း၍ အလွှာ အပြင်က ပြန်လာခဲ့ရခြင်းမှာလည်း သူမ ရှိနေခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ယနေ့တွင်တော့ ထိုမိန်းကလေး၏ ကံကြမ္မာအတွက် သူ မည်သို့မျှ မခံစားရတော့ပေ။
ထျန်းရီဝူ ရုတ်တရက် အစွန်းရောက်ယင် နတ်မိမယ်ကို တွေးလိုက်မိ၏။ သူ၏ မျက်လုံးများက လျှို့ဝှက်စွာပင် အချိန်နှင့် အာကာသကို ဖြတ်ကျော်၍ ထိုပုံရိပ်ပေါ်သို့ ရွေ့လျားသွားခဲ့လေသည်။
...
တစ်ချိန်တည်း၌ နာ့ရှင်းရီမှာ စိမ်းစိုသော မြက်ခင်းများကို ဖြတ်သန်း၍ လမ်းလျှောက် နေခဲ့၏။ သူမ၏ အမြန်နှုန်းမှာ သာမန် သေမျိုး တစ်ယောက်လောက်သာ ရှိကာ သူမ၏ နံဘေးတွင်တော့ မြစ်ကွေ့ တစ်ခု ရှိပေသည်။ ရေမှာ အလွန်ကြည်လင်၏။ ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာ ပုံမှန်ထက် ပိုမို သန့်စင်နေကာ လေထု၏ အငွေ့အသက်မှာလည်း ထူးထူးခြားခြား ငြိမ်သက်နေသည်။ ဤနေရာမှာ သူမအား သွေးနှင့် အလောင်းများ မစွန်းထင်းဘဲ အေးဆေးတည်ငြိမ်ပြီး ကာကွယ်ပေးနိုင်သည့် ခံစားချက် တစ်ရပ်ကို ပေးစွမ်းသည်။
မိုင်ပေါင်းရာချီအကွာတွင်တော့ သွေး၊ အမတေ၊ စွမ်းအင်၊ အသက်ဓာတ်နှင့် ဝိညာဉ် အော်ရာများ ကုန်ဆုံးနေကာ ရောင်စုံ သွေးများ စွန်းထင်းနေသည့် တောင်ကြားတစ်ခုရှိ၏။ ထိုနေရာ၌ မရေမတွက်နိုင်သည့် အလောင်းများမှာ ပြန့်ကျဲနေကာ အိပ်မက်ဆိုး တစ်ခု ကျရောက်ခဲ့သော နေရာ ဖြစ်ပေသည်။
နာ့ရှင်းရီ အဝေးရှိ အလင်းတိုင်ကို လှမ်းကြည့်လိုက်၏။ သူမ၏ မီးခိုးရောင် မျက်လုံးများက ၎င်း၏ ထူးဆန်းသော အရောင်အဝါတို့ဖြင့် ရောင်ပြန်ဟပ်နေသည်။
“ငါ ဝိညာဉ် အမြုတေကို သန့်စင်ဖို့ အတွက် ယင်ရေကန်ကို သုံးပြီး အရှိန်မြှင့်ထားတယ်... ဒါကြောင့် ဆက်စောင့်နေစရာ မလိုတော့ဘူး... အခုပဲ တိုက်ခိုက်သင့်လား”
မိန်းကလေးက စဉ်းစားဟန်နှင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုအချိန်တွင်ပင် အဝေးမှ စိုက်ကြည့်နေသလို ခံစားချက်တစ်ခုကို သူမ ခံစားလိုက်ရသည်။ နာ့ရှင်းရီ၏ မီးခိုးရောင် မျက်လုံးများမှာ ၎င်း၏ မူလတည်နေရာကို ရွေ့လျားသွား၏။ သို့သော်လည်း မည်သည့် အရာကိုမျှ မတွေ့ရလေရာ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့အပြင် စိုက်ကြည့်မှုမှာ မကြာမီတွင် ပျောက်ကွယ်သွား၏။ ထိုလူမှာ ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်။ မည်မျှ လျှင်မြန်လိုက်သနည်း။
နာ့ရှင်းရီ ထိုအပေါ်၌ အာရုံမထားတော့ပေ။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ စူးစမ်းလိုသည့် အဆင့်မြင့် ကျင့်ကြံမှုများဖြင့် ပြည့်နှက်နေကာ သူမ ထိုကဲ့သို့သော အကြည့်များကို အကြိမ်များစွာ ကြုံတွေ့ခဲ့ရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၎င်းက ဝမ်းသာစရာ ဖြစ်သည်။ အနန္တ ဧကရာဇ်ဂိုဏ်း အစောပိုင်း နေ့ရက်များမှာတုန်းက သူမက မထင်မရှား မိန်းကလေး တစ်ယောက်သာ ဖြစ်ခဲ့သည်။ မည်သူ့ အာရုံ စူးစိုက်မှုကိုမှ မရခဲ့။ ဘယ်နေရာတွင်မှာမှ အသုံးမကျခဲ့။
ဝေ့ဝူယင်က တိမ်တိုက်များထက်၌ နေထိုင် နေရချိန်တွင် သူတို့ကတော့ အောက်ခြေတွင် ရုန်းကန်ခဲ့ရသည်။ သို့သော်လည်း... ယခုအခါတွင်တော့ သူမမှာ ကိုယ်ပိုင် အစွမ်းအစဖြင့် တိမ်တိုက်များထက်၌ နေထိုင်ရန် တောင်းဆိုနိုင်ပြီ ဖြစ်သည်။ ထိုခရီးလမ်း အတွက် သူမ မည်ကဲ့သို့ ဂုဏ်မယူပဲ နေနိုင်မည်နည်း။ နောက်ခံ မရှိသည့် လခရမ်းဂိုဏ်း၏ အပြင်စည်း တပည့်လေး တစ်ယောက်မှာ ယခုအခါတွင်တော့ လျှို့ဝှက် အာဏာရှင်များပင် သတိထားကာ အာရုံစိုက်ရသည့် လူတစ်ယောက် ဖြစ်လာနေခဲ့ပြီ ဖြစ်သည်။
မိန်းကလေးက အဝေးရှိ အလင်းတိုင်ကို လှမ်းကြည့်လိုက်၏။
“ဒါက ငါ့ရဲ့ အဆုံးသတ် မဟုတ်သေးဘူး...”
သူမ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် တီးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သူမက ဖြည်းညင်းစွာပင် ညာဘက်ကို ခေါင်းလှည့် ကြည့်လိုက်ရာ ကြယ်အလင်းတန်း တစ်ခု လျှင်မြန်စွာ ချဉ်းကပ်လာနေသည်ကို တွေ့ရ၏။
အင်ပါယာ ကောင်းကင် အော်ရာ...
မိုင်ပေါင်း တစ်သောင်း အကွာမှပင် သူမ ထိုအော်ရာကို မှတ်မိပေသည်။ ဝူပိုင်ကျိုးမှာ အပြုံးနှင့် အတူ အောက်သို့ ဆင်းသက်လာကာ အစွန်းရောက်ယင် နတ်မိမယ်၏ နံဘေးသို့ ဆင်းသက်လာခဲ့၏။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက သူမ၏ မျက်ဝန်းများထဲ၌ လေးနက်သည့် အလင်းရောင် တစ်ခု ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
“ရှင်းရီ...”
နာ့ရှင်းရီကလည်း အပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ ထိုမိန်းကလေး နှစ်ယောက်စလုံးမှာ တိုင်းပြည်များကိုပင် ပျက်စေနိုင်သည့် အလှပိုင်ရှင်များ ဖြစ်ကြသည်။ သူတို့အား လက်ထပ်ခွင့် ရဖို့အတွက် ဆိုလျှင် မည်သည့် ယောက်ျားမဆို အသက်ပေးဝံ့ကြလိမ့်မည် ဖြစ်သည်။
“ခုနစ်ခုမြောက် သရဖူ အပိုင်းအစ အတွက် တိုက်ခိုက်မှာလား”
ဝူပိုင်ကျိုးက မေးလိုက်၏။ နာ့ရှင်းရီက ဝူပိုင်ကျိုးကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီး နောက်မှ ကောင်းကင်သို့ ထိုးတက်နေသည့် အလင်းတိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ နောက်ဆုံး၌ သူမက ခေါင်းခါလိုက်၏။
ဝူပိုင်ကျိုးက ထိုအရာကို ထူးဆန်းသည်ဟု မထင်ခဲ့ပေ။
“သရဖူအတွက်ရော တိုက်ခိုက်မှာလား”
သို့သော်လည်း သူမ၏ ထိုနောက်ဆက်တွဲ မေးခွန်းက နာ့ရှင်းရီ၏ မျက်နှာအမူအရာကို အနည်းငယ်ပြောင်းလဲသွားစေခဲ့လေသည်။ မိန်းကလေးက ဝူပိုင်ကျိုးဘက်ကို ပြန်လည်၍ ကြည့်လိုက်၏။ သူမ၏ မီးခိုးရောင် မျက်ဝန်းများက ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များနှင့် လောင်ကြွမ်းနေခဲ့သည်။
ဝူပေါင်ကျိုင်း အတွက် နှုတ်ဖြင့် အတည်ပြုချက် မလိုအပ်တော့ပေ။ ထိုအကြည့်တစ်ချက်မှာ လုံလောက်သည်ထက် ပိုနေခဲ့ပြီ ဖြစ်သည်။
“ငါရောပဲ”
ဝူပိုင်ကျိုးက ပြတ်သားစွာပင် ပြောလိုက်၏။ နာ့ရှင်းရီ၏ ညာဘက်လက်က အနည်းငယ် လှုပ်ရှားသွား၏။ တိုက်ခိုက်လိုစိတ်နှင့် ယှဉ်ပြိုင်လိုသည့် ဆန္ဒများမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဝူပိုင်ကျိုးက ကြောက်ရွံ့ခြင်း မရှိပါချေ။ သူမ၏ အသက်ရှုသံက တည်ငြိမ်နေကာ နှလုံးခုန်သံမှာလည်း ချောမွေ့နေသည်။ သို့သော်လည်း... နောက်ဆုံးတွင် သူမက ခေါင်းခါလိုက်ရာ နာ့ရှင်းရီ၏ ညာဘက်လက်မှာ ရပ်တန့်သွားခဲ့၏။
“ဒီနေရာမှာ တိုက်ခိုက်ဖို့ မလိုပါဘူး... တကယ်တော့ ငါ နင့်ကို တိုက်ခိုက်ဖို့ လာရှာတာ မဟုတ်ဘူး...”
“ငါ့ကို ရှာတာလား”
နာ့ရှင်းရီ အနည်းငယ် အံ့အားသင့် သွားခဲ့၏။ သူမမှာ အလင်းတိုင်ထံသို့ သွားရောက်ရာလမ်းကြောင်းပေါ်တွင် တည်ရှိနေလေရာ ဝူပိုင်ကျိုးနှင့် အမှတ်မထင် တွေ့ခဲ့ခြင်းဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သူမအား တကူးတက လာရှာခြင်း ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။
ဝူပိုင်ကျိုးက ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်လုံးများက အလင်းတိုင်ဆီသို့ ကြည့်နေသည်။ မိန်းကလေး၏ မျက်လုံးများက လှပစွာ တောက်ပနေကာ နက်ရှိုင်းသော ဉာဏ်ရည်ဉာဏ်သွေးများကို ထိန်းသိမ်းထားသည်။
“နင် တစ်ခုခုကို စဉ်းစားနေလား...”
နာ့ရှင်းရီမှာ ထိုအကြည့်ကို သိသည်။ တစ်ချိန်တုန်းက ထိုအကြည့်မှာ သူတို့၏ အသက်များကို ကြိမ်ဖန်များစွာ ကယ်တင်ခဲ့ကာ ရန်သူများကို ထောင်ချောက်အတွင်း ဆွဲသွင်းနိုင်ခဲ့သည်။
ဝူပိုင်ကျိုး ပြန်မဖြေနိုင်ခင်မှာပင် နောက်ထပ် ပုံရိပ်တစ်ခုမှာ ဖုံးကွယ်ရန် မကြိုးစားပဲ သူတို့ထံ ချဉ်းကပ်လာခဲ့လေသည်။ ချက်ချင်းပင် မိန်းကလေး နှစ်ရပ်၏ မျက်လုံးများက ထိုအရပ် မျက်နှာသို့ ရွေ့လျား သွားခဲ့၏။
ဝှစ်...
ရွှယ်ရီဖေးမှာ လျှင်မြန်စွာပင် ရောက်ရှိလာခဲ့၏။ သူမ၏ ရင်ခွင် အတွင်းတွင်တော့ မျက်လုံးများ မှေးစင်းကာ အိပ်ငိုက်နေသည့် အားနူ ရှိနေခဲ့သည်။
“နင်တို့နှစ်ယောက်စလုံးလည်း တွေးမိတယ်နဲ့ တူပါတယ်”
ရွှယ်ရီဖေးက လှပစွာ ပြုံးလိုက်၏။
“ဘာကို တွေးမိတာလဲ...”
နာ့ရှင်းရီ နားမလည်စွာ မျက်မှောင်ကြုတ်လိုက်မိ၏။ ထို့နောက် သူမက ဝူပိုင်ကျိုးကို လှည့်ကြည့်လိုက်၏။ ကြည့်ရသည်က ထိုမိန်းကလေး နှစ်ယောက်မှာ သူမ သတိမမူမိသည့် အရာတစ်ခုကို တွေးတော နေကြသည့်ပုံ ပေါ်သည်။ တော်ဝင် မျိုးရိုးမှ ဆင်းသက်လာကြသည့် မင်းသမီးများ အနေဖြင့် ထိုနှစ်ယောက်၏ အတွေးများက အမြဲတမ်း တမူ ထူးခြားပေသည်။
နာ့ရှင်းရီ ထိုအရာကို မတွေးမိသေးကြောင်း ရွှယ်ရီဖေး သဘောပေါက်လိုက်၏။ သူမ တစ်စုံတစ်ရာ မပြောရသေးခင်မှာပင် ရုတ်တရက် ဝူပိုင်ကျိုးက မေးလိုက်၏။
“ငွေရောင်ဝံပုလွေရဲ့ အခြေအနေ ဘယ်လိုလဲ...”
အာဏာရှင် အဖွဲ့သားများ အားလုံး နီးပါးမှာ အာဏာရှင် အင်ပါယာ၏ လက်သည်းနှင့် အစွယ်များ ဖြစ်သော ကျူးဟိုင်ကို အာရုဏ်ဦး ငွေရောင်ဝံပုလွေဟု ရည်ညွှန်းကြသည်။ ထိုနည်းတူစွာပင်.. ဝူယုသည်လည်း အာရုဏ်ဦး သူရဲကောင်းဟု အမည်ပေးခံရသည်။ ထို့ကြောင့်ပင် ရွှယ်ရီဖေးနှင့် နာ့ရှင်းရီ နှစ်ဦးစလုံးမှာ ဝူပိုင်ကျိုး မည်သူ့ အကြောင်း ပြောနေသည်ကို နားလည်ကြသည်။
ရွှယ်ရီဖေး ဝူပိုင်ကျိုးကို လှည့်ကြည့်လိုက်၏။ ထိုအဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်မှာ သူမ သရဖူ အပိုင်းအစ တစ်ခုကို ကျူးဟိုင်ထံ၌ လက်လွှတ်ခဲ့ရသည့် အချက်အား အနည်းငယ် ထိုးနှက်နေကြောင်း ရှင်းရှင်းလင်းလင်း သိသာသည်။ သို့သော်လည်း... သူမက ထိုအကြောင်းအရာနှင့် ပတ်သက်၍ မည်သည့် ခံစားချက်မျှ မပြပဲ...
“သူ ထွက်သွားပြီ”
ဟုသာ ရိုးရိုးရှင်းရှင်း အဖြေပေးလိုက်၏။ နာ့ရှင်းရီ အံ့အားသင့်သွားခဲ့သည်။ ကျူးဟိုင်မှာ သရဖူ အပိုင်းအစ လေးခု အထိ ပိုင်ဆိုင်ထားလေရာ ထိုငွေရောင် ဝံပုလွေနှင့် တိုက်ပွဲကြီး တစ်ခု တိုက်ခိုက်ရလိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
ဝူပိုင်ကျိုးကတော့ ထိုအဖြေကို မျှော်လင့်ထားသည့်အလား ခေါင်းညိတ်လိုက်၏။
“သူက တကယ် အစားကြီးတယ်...
ထို့နောက်... သူမက နာ့ရှင်းရီဘက်သို့ လှည့်ကြည့်ကာ ရှင်းပြလိုက်သည်။
“ငွေရောင် ဝံပုလွေက သူစားသုံးခဲ့တဲ့ အရာတွေ အတွက် အစာချေဖျက်ဖို့ လိုလိမ့်မယ်... ငါ ခန့်မှန်းတာသာ မမှားရင် ဝေ့ဝူယင်က ကျူးဟိုင်ကို အစာချေဖျက်ဖို့ ပြိုင်ပွဲကနေ ထုတ်လိုက်မှာ သေချာတယ်”
ကျူးဟိုင် အမဲလိုက်သည့် မြင်ကွင်းကို သူတို့ အစမှ အဆုံး မြင်ခဲ့ရသည်။ ကျူးဟိုင် ကျင့်ကြံနေသည့် လမ်းစဉ်ကို သူတို့ မသိကြသော်လည်း ထိုကဲ့သို့သော ကျင့်စဉ်မျိုး၊ အထူးသဖြင့် မိစ္ဆာ ကျင့်စဉ်များနှင့် ရင်းနှီးသူတိုင်း အတွက် ထိုမြင်ကွင်းက အလွန် ရှင်းလင်းပေသည်။ ကျူးဟိုင်၏ စားသုံးမှုအတိုင်းအတာမှာ အလွန်အမင်း များပြားလွန်းခဲ့သည်။
“သူ အခုပဲ ထွက်သွားပြီးပြီ”
ရွှယ်ရီဖေးက အတည်ပြုလိုက်၏။ သူမထံတွင် ကျူးဟိုင်၏ တည်နေရာကို ခံစားနိုင်သည့် နည်းလမ်းများရှိသည်။ ၎င်းမှာ ဝေ့ဝူယင်ကို ပြင်ဆင်ပေးရန် သူမတောင်းဆိုခဲ့သည့် အရာများထဲမှ တစ်ခုဖြစ်သည်။ ကျူးဟိုင်မှာ သေဆုံးပြီးသား လူတစ်ယောက်၏ ဝိညာဉ်နှင့် ဆင်တူသည်။ လူအများစုမှာ သေဆုံးခြင်းကို ခံစားနိုင်စွမ်း မရှိလေရာ ၎င်း၏ ဝိညာဉ်ကို မည်သို့ ခံစားနိုင်မည်နည်း။ သူက သင့်ရှေ့တွင် တိုက်ရိုက်ရပ်နေလျှင်ပင် သင့်အနေဖြင့် သူ့ကို ခံစားမိရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းရည်မှာ လုံး ဝရှုပ်ထွေးကာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ကျူးဟိုင် ထွက်သွားပြီ ဆိုသည့် သတင်းကြောင့် ဝူပိုင်ကျိုး စိတ်သက်သာရာ ရသွားခဲ့၏။ ကျူးဟိုင်မှာ ဝေ့ဝူယင် သူ့ ရန်သူများကို ရှင်းလင်းဖို့ အတွက် ရည်ရွယ်၍ ပျိုးထောင်ထားသည့် လူသတ်လက်နက် ဖြစ်သည်။ ရွေးချယ်ခွင့် ရှိပါက ထိုလူနှင့် ထိပ်တိုက် ရင်ဆိုင်လိုခြင်း မရှိချေ။ သို့သော်လည်း... သူမရှေ့တွင် လာရပ်နေလျှင်တော့ အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်လိမ့်မည် ဖြစ်သည်။ ဧကရီ တစ်ဦး အနေဖြင့် ကြောက်မက်ဖွယ် ကောင်းသည့် ရန်သူကို ရင်ဆိုင်ဖို့ စိတ်ခွန်အား မရှိပါက သူမမှာ ထိုဘွဲ့နှင့် မထိုက်တန်ပေ။
နာ့ရှင်းရီမှာ မိန်းကလေး နှစ်ယောက်၏ စကားများကို သံသယမဝင်ခဲ့ပေ။ ၎င်းက သူမ၏ ကိုယ်ပိုင် တွေးတောမှုများနှင့် ကိုက်ညီပေသည်။ သို့သော်လည်း ကျူးဟိုင်မှာ စွမ်းအင်များကို အပြည့်အဝ သန့်စင်ကာ ပြိုင်ပွဲ၏ နောက်ပိုင်းသို့ ရောက်ခါမှ ပြန်လည် ထွက်ပေါ်လာလိမ့်မည်ဟု သူမ မျှော်လင့် ထားခဲံခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ... သူမသည်လည်း ဝိညာဉ်အမြုတေကို ပိုမိုမြန်ဆန်စွာ သန့်စင်ရန် နည်းလမ်း တစ်ခုကို ရှာဖွေ တွေ့ရှိထားခဲ့သည် မဟုတ်ပါလား။
ပုံမှန်အားဖြင့် နာ့ရှင်းရီ အတွေး မမှားပါချေ။ ပြဿနာက ပြိုင်ပွဲမပြီးဆုံးမီ ကာလအတွင်း ကျူးဟိုင်၏ အစာခြေဖျက်မှုကို အရှိန်မြှင့်ရန် ဝေ့ဝူယင် ကိုယ်တိုင် ဝင်ပါရပေလိမ့်မည်။ ငွေရောင်ဝံပုလွေမှာ သေမျိုး တစ်ယောက် အနေဖြင့်ပင် အလွန်အကျွံ စားသုံးခဲ့လေရာ ၎င်းတို့ အားလုံးကို ချေဖျက်ရန် မယုံနိုင်လောက်အောင် များပြားသည့် အကူအညီများ လိုအပ်နေသည်။
ဝေ့ဝူယင်မှာ တိုက်ရိုက် ဝင်ရောက်စွက်ဖက်ရမည် ဖြစ်လေရာ ယင်းမှာ ကျူးဟိုင်၏ ခွန်အားကို တိုက်ရိုက်တိုးမြင့်စေသည့်အတွက် ပြိုင်ပွဲ၏ တရားမျှတမှုကို ပျက်ပြားစေလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် ဝမ်မင်ယာကို ကူညီပေးခဲ့ခြင်းမှာ သူမထံတွင် ထာဝရ သရဖူ အတွက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသောကြောင့် ဖြစ်သည်။ သူမက ကိုယ်ပိုင် အခွင့်အရေးများအား ရှာဖွေရန် အတွက်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်လေရာ ကျူးဟိုင်ကို ကူညီရန် တစ်ခုတည်းသော နည်းလမ်းမှာ ပြိုင်ပွဲ၏ အပြင်သို့ ထုတ်လိုက်ခြင်းသာ ဖြစ်ပေသည်။
“အခု ငါတို့ ဒီနေရာမှာ ရှိနေရတဲ့ ရည်ရွယ်ချက် အကြောင်း ဆွေးနွေးကြမလား...”
ကျူးဟိုင် ထွက်ခွာသွားကြောင်း အတည်ပြုပြီးနောက် ရွှယ်ရီဖေးက ပြောလိုက်၏။ ဝူပိုင်ကျိုးက ခေါင်းညိတ်လိုက်၏။ နာ့ရှင်းရီ၏ အာရုံစူးစိုက်မှုမှာလည်း တိုးလာခဲ့လေသည်။
ရွှယ်ရီဖေးက စိတ်အား ထက်သန်စွာဖြင့် ဆွေးနွေးဝိုင်းကို စလိုက်၏။
“အခု ငါတို့တွေ...”
***