← Chapters

အင်ပါယာစာမေးပွဲ ဖြေနေသော စာပေသမားလုလင်

Vol. 88 Ch. 1221

အင်ပါယာစာမေးပွဲ ဖြေနေသော စာပေသမားလုလင်

Vol. 88 Ch. 1221

အဘိုးကြီးစကားပြောလိုက်သည့်အချိန်မှာပင် မန်ဟိုနှင့် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏တိုက်ပွဲကို ပြန်ပြနေသော မှန်သားပြင်တစ်ခုသည် သူ့အရှေ့၌ ပေါ်လာသည်။

တစ်နေရာတွင် အဘိုးကြီးက လက်ချောင်းကို လှုပ်ရှားလိုက်ကာ ရွေ့လျားနေသော ပုံရိပ်များကို ရပ်သွားစေပြီး မန်ဟို့မျက်နှာအား ထင်ရှားလာစေသည်။ သို့သော် အဘိုးကြီးသည် မန်ဟို့ကို လေ့လာမနေဘဲ မျက်လုံးပိတ်၍ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။

ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ ပုံရိပ်အား ပျောက်ကွယ်သွားစေပြီး အဖြူရောင်ချီမျှင်တစ်မျှင်သာ ချန်ရစ်ခဲ့သည်။

အဘိုးကြီးသည် အေးစက်စက်လေသံဖြင့် ပြောလိုက်၏။ “ပုံပန်းသွင်ပြင်တွေ၊ သွေးတွေကို ပြောင်းလဲနိုင်တယ်။ အရှိန်အဝါတွေကိုလည်း ပြောင်းလဲလို့ရတယ်။ ဒါပေမဲ့ ဝိညာဉ်အနံ့ကတော့ ဘယ်တော့မှ ပြောင်းလဲလို့မရတဲ့အရာပဲ....”

ကျင့်ကြံသူများစွာ သူ့ပတ်ပတ်လည်တွင် စုဝေးနေကြပြီဖြစ်သော်လည်း မည်သူမျှ စကားမပြောကြပေ။ သူတို့က သူ့အား လေးစားစွာသာ ကြည့်နေကြသည်။

အဘိုးကြီးက အဖြူရောင်ချီမျှင်ကို လှမ်းဆုပ်ကိုင်၍ ဆောင့်ဆွဲလိုက်သည်။ သူ့လက်ကို ပြန်ဖွင့်လိုက်သောအခါ အဖြူရောင်သလင်းကျောက်တစ်ခဲအား မြင်ရနိုင်သည်။ သူက လက်ကို ဝှေ့ယမ်းရင်း အဖြူရောင်သလင်းကျောက်ကို နှစ်ပိုင်းခွဲလိုက်၏။ ထို့နောက် လေးပိုင်း၊ ရှစ်ပိုင်း... အချိန်တိုလေးအတွင်း သလင်းကျောက်တစ်သိန်းအား မြင်ရနိုင်သည်။

သလင်းကျောက်တစ်သိန်းအနက် တစ်ရာကျော်က တဝီဝီမြည်သံများ ထုတ်လွှတ်ရင်း  အရပ်မျက်နှာတစ်ခွင် ခွဲထွက်၍ ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ဂိုဏ်းအသီးသီးထံ ဦးတည်ကာ ပျောက်ကွယ်သွားကြသည်။

“တိုင်းတစ်ပါးသားအနား မင်းတို့ရောက်သွားရင် သလင်းကျောက်တွေက တုံ့ပြန်လိမ့်မယ်... ဒီပုဂ္ဂိုလ်ကို သတ်နိုင်တဲ့လူက ဘယ်သူဖြစ်ဖြစ် နှစ်တစ်ထောင် ကျွန်ခံပေးပါ့မယ်လို့ ဝိညာဉ်နက်ခေါင်းဆောင်ကြီးက ကတိပေးထားတယ်” ထို့နောက် အဘိုးကြီးသည် လှည့်ထွက်သွား၏။

သူ့အနောက်ရှိ ကျင့်ကြံသူများက လေးလေးစားစား လက်ယှက်အရိုအသေးလိုက်ကြသည်။ ထို့နောက် သူတို့သည် အဖြူရောင်သလင်းကျောက်များကို ယူလိုက်ကြပြီး မျက်လုံးများ ထူးဆန်းစွာ တောက်ပလာကြ၏။ နောက်ဆုံးတွင် မန်ဟို့ကို ရှာဖို့ အလျှိုလျှို ထွက်သွားကြသည်။

ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ဖွဲ့လုံး လှုပ်ရှားကြသည်။ မကြာမီ ဝိညာဉ်နက်အဖွဲ့အစည်းအား တစ်ယောက်တည်း အမြစ်ဖြုတ်သုတ်သင်ခဲ့သည့်အပြင် သူတို့၏ဂြိုဟ်ကိုပါ ဖျက်စီးပစ်ခဲ့သော တိုင်းတစ်ပါးကျင့်ကြံသူအကြောင်း ပျံ့နှံ့လာခဲ့၏။ အရေးအကြီးဆုံး ဒဏ်ရာအပြင်းအထန်ရသွားသည့် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏သတင်းမှာ ကောင်းကင်နတ်ဘုရားမဟာမိတ်ပိုက်နက်တစ်လျှောက် တောမီးသဖွယ် ပျံ့နှံ့သွားသည်။

မရေမတွက်နိုင်သော စိတ်နှလုံးများ တုန်လှုပ်ကုန်ကြ၏။ ကောင်းကင်နတ်ဘုရားမဟာမိတ်မှ ထုတ်ပြန်ထားသည့် ဆုကြေးမှာ အနှစ်သာရ ၃ ခု တာအိုသခင် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ နှစ်တစ်ထောင်ကျွန်ဘဝ မဟုတ်ပါလော။ ၎င်းသည် ကျင့်ကြံသူများကိုသော်လည်းကောင်း၊ တစ်ဂိုဏ်းလုံးကိုသော်လည်းကောင်း မလှုပ်ရှားဘဲ မနေစေနိုင်သည့် ဆုကြေးဖြစ်ပေ၏။

၎င်းက ရုပ်ဝတ္ထုရတနာ သို့မဟုတ် အထူးကျင့်စဉ်တစ်ခုထက် များစွာပိုကောင်းမွန်သည်။

ထိုမျှသာမက မည်သူမှ အလိမ်ခံရမည် စိုးရိမ်နေစရာမလိုပေ။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးသာ ကတိတည်မည့်သူမဟုတ်လျှင် ကောင်းကင်နတ်ဘုရားမဟာမိတ်သည် အစကတည်းက ဆုကြေးကို ထုတ်ပြန်ခဲ့မည်မဟုတ်ပေ။

အရေးအကြီးဆုံးမှာ .... ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်ခဲ့သောလူသာ ထိခိုက်ဒဏ်ရာမရဘဲ ထိုသို့လုပ်နိုင်ခဲ့ပါက အတော်များများမှာ ထိုင်ကြည့်နေဖို့သာ ရွေးချယ်ခဲ့မည်ဖြစ်သည်။ သို့သော် ကောင်းကင်နက်အဖွဲ့အစည်းမှ သတင်းအချက်အလက်အရ ထိုလူသည် ဒဏ်ရာအပြင်းအထန်ရခဲ့၍ ရှေးဟောင်းနယ်ပယ် အလယ်အလတ်အဆင့်ထက် ကျော်လွန်သော ကျင့်ကြံခြင်းအခြေခံစွမ်းအားကို မထုတ်လွှတ်နိုင်ပေ။

ဝိညာဉ်နက်ခေါင်းဆောင်ကြီးပင်လျှင် ထိုအချက်အလက်ကို ထောက်ခံခဲ့၏။

သို့နှင့် ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူအားလုံး အသည်းအသန် ဖြစ်ကုန်ကြသည်....

မရေမတွက်နိုင်သော ကျင့်ကြံသူများ လှုပ်ရှားကြပြီး ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ပိုင်နက်တစ်ခွင် မြေလှန်ရှာကြတော့သည်။ ကောင်းကင်နတ်ဘုရားမဟာမိတ်ထဲရှိ နေရာရွှေ့ပြောင်းမုခ်ဝအားလုံးနီးပါး ပိတ်ခံထားရပြီး ဖွင့်ထားသောမုခ်ဝများတွင်မူ အစောင့်များတင်းကြပ်ထားသည်။ ထွက်သွားချင်သောမည်သူမဆို နှံ့နှံ့စပ်စပ် စစ်ဆေးမေးမြန်းခံရမည်။

အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်နက်အဖွဲ့အစည်းပျက်သုဉ်းသွားသည့် သတင်းသည် ကောင်းကင်နတ်ဘုရားမဟာမိတ်၏အပြင်သို့ ပျံ့နှံ့လာခဲ့ကာ ဟန်မျိုးနွယ်စုနှင့် မန်မျိုးနွယ်စု၏နားထဲ ရောက်လာခဲ့သည်။ အဋ္ဌမတောင်ပင်လယ်ရှိ ကျန်အဖွဲ့အစည်းအားလုံး တုန်လှုပ်ကုန်ကြ၏။

ထိုမျှသာမက ကောင်းကင်နတ်ဘုရားမဟာမိတ် အသေရရအရှင်ရရ လိုက်ရှာနေသူက မည်သူလဲ လူတိုင်း စိတ်ဝင်စားလာကြသည်။ အတန်ငယ်စုံစမ်းပြီးနောက်တွင် ထိုလူသည် အဋ္ဌမတောင်ပင်လယ်မှ မဟုတ်ဘဲ တခြားတောင်ပင်လယ်မှ ဖြစ်သည်ဆိုသော သတင်းပြန့်လာ၏။ ထို့အပြင် သူက ... ပါရာဂွန်မှော်သိုင်းနှင့် အက်ရှလွန်တစ်ဦးလည်း ဖြစ်နေသည်။

ပွစိတက်နေသော သတင်းများစွာကြောင့် ... မန်ဟို့နာမည်အား အင်အားကြီးမျိုးနွယ်စုများနှင့် ဂိုဏ်းများ သိလာရန် သိပ်မကြာလိုက်ပေ။

အခြေအနေသည် အတည်ပြုစရာပင် မလိုအပ်သော အတိုင်းအတာသို့ ရောက်ရှိနေခဲ့လေပြီ။ မန်ဟိုက.... ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်သုတ်သင်ခဲ့သော လူဖြစ်၏။

မန်ဟို မသိသောအရာတစ်ခု ရှိသည်။ ထိုအရာက လေဟုန်ခွင်းလောကခရီးပြီးနောက် အက်ရှလွန်ကျင့်ကြံသူများ သူတို့၏တောင်ပင်လယ်အသီးသီးသို့ ပြန်ရောက်လာခဲ့သောအခါ .... အင်အားကြီးမျိုးနွယ်စုများနှင့် ဂိုဏ်းများသည် မန်ဟို့အကြောင်း အချက်အလက်များ၊ မှတ်တမ်းများအား စတင်စုဆောင်းလာခဲ့ခြင်း ဖြစ်သည်။

လောလောဆယ်တွင် ဝိညာဉ်နက်ခေါင်းဆောင်ကြီးသည် ကောင်းကင်နတ်ဘုရားမဟာမိတ်ထဲရှိ ဂြိုဟ်တစ်လုံးအပေါ်တွင် အသစ်ပြန်ဖန်ဆင်းထားသော ကိုယ်ဖြင့် တည်ရှိနေ၏။ သူ့မျက်နှာက ဖြူဆုပ်နေသော်လည်း သူ့ကို ပြနေသည့် မှန်သားပြင်ထက်ရှိ မန်ဟို့ပုံရိပ်အား မြင်လျှင် တုန်ရီလာပြီး သူ့မျက်လုံးများက အမျက်ဒေါသ၊ သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်ပလာသည်။

“သေချာပေါက် သူပဲ”

သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူနှစ်ယောက်က ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ဘေးတွင် ရပ်နေသည်။ သူတို့သည် မိုးကြိုးသင်္ကေတ ရေးဆွဲထားသော အဖြူရောင်ဝတ်ရုံရှည်များကို ဝတ်ထားကြ၏။ ထိုမိုးကြိုးသင်္ကေတတစ်ခုစီ၏ အထဲတွင် မိုးကြိုးပြစ်ဒဏ်ကို ကျော်လွှားနေသော လူတစ်ယောက် ရှိနေသည်။

ဤကဲ့သို့ တာအိုဝတ်ရုံများအား ... ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ အဖွဲ့ဝင်များသာ ဝတ်ဆင်ရလေသည်။

ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းသည် ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ဗဟိုချက်ဖြစ်သည်။ သူတို့က အဋ္ဌမတောင်ထိပ်ကို သိမ်းပိုက်ထားပြီး အမှန်တွင် အဋ္ဌမတောင်ပင်လယ်သခင်သည် ကောင်းကင်နတ်ဘုရားနန်းတော်၌ နေထိုင်စံမြန်းနေ၏။

ကောင်းကင်နတ်ဘုရားဖြစ်သော သူတို့၏အရှင်သခင်နှင့် ပတ်သက်သည့် ကောလဟာလများစွာ အဋ္ဌမတောင်ပင်လယ်တွင် ရှိလေသည်။ ကောလဟာလများအရ သူသည် မန်မျိုးနွယ်စုနှင့် နည်းလမ်းပေါင်းများစွာဖြင့်် ပတ်သက်နေသည်ဟူသတတ်။ သို့သော် ထိုအခြေအမြစ်မရှိကောလဟာလများက မန်မျိုးနွယ်စု ယခုနှစ်ပိုင်း ဩဇာအာဏာဆုတ်ယုတ်လာခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်တန်ရာသည်။

တခြားကောလဟာလများက အဋ္ဌမတောင်ပင်လယ်သခင်၏ သွေးကြောထဲတွင် ဟန်မျိုးနွယ်သွေးများလည်း စီးဆင်းနေသည်ဟု ဆိုသည်။ တချို့ကျ အဋ္ဌမတောင်ပင်လယ်သခင်က တာအိုနယ်ပယ်အဆင့်သို့ ရောက်ခဲ့သည့် သင်းကွဲကျင့်ကြံသူတစ်ဦးဟု ပြောပြန်သည်။

လောလောဆယ်တွင် ထိုထူးခြားသောတာအိုဝတ်ရုံများနှင့် သက်လတ်ပိုင်းလူနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် မှန်သားပြင်ကို သိမ်းလိုက်ကြသည်။ သူတို့မှာ အတည်ပြုဖို့အတွက် ဝိညာဉ်နက်ခေါင်းဆောင်ကြီးအား မှန်သားပြင်ပေါ်ရှိ ပုံရိပ်ကို သွားပြရန် အမိန့်ပေးခံခဲ့ရခြင်းဖြစ်သည်။ ယခုတွင် သူတို့မေးခွန်းအတွက် အဖြေရပြီဖြစ်၍ လှည့်ပြန်ဖို့ ပြင်ကြလေသည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီးက အံကြိတ်ပြီး ကျင့်ကြံသူနှစ်ယောက်အား တလေးတစား အရိုအသေပေးလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းမှ တာအိုရောင်ရင်းတို့။ ဒီလူက သေကိုသေမှဖြစ်မယ်။ သူက ရက်စက်ပြီး အန္တရာယ်များလွန်းတယ်။ နတ်ဘုရားတွေနဲ့ လူသားမျိုးနွယ်တွေအတွက် ကပ်ဘေးပဲ”

သူ့နှလုံးသားတွင် ခါးသီးမှုတို့ ပြည့်နှက်နေသည်။ သူ့ကျင့်ကြံခြင်းအဆင့်နှင့် သူ့အဆင့်အတန်းအရ သူ့အနေဖြင့် ယခုလို လုပ်မနေသင့်ပေ။ သို့သော် သူ့မှာ လောလောဆယ်တွင် ခွေးလေခွေးလွင့်ပမာ ဖြစ်နေ၏။ သူ့ဝိညာဉ်မှာ တစ်ဝက်ခန့် ပြိုကွဲသွားခဲ့ပြီး ကျင့်ကြံခြင်းအခြေခံလည်း တည်ငြိမ်မနေရာ အောက်ကျို့ခေါင်းငုံ့ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ဖွဲ့လုံး မန်ဟို့ကို လိုက်ရှာနေကြသည်.... သို့ထိတိုင် အချိန်ကြာလာသည့်တိုင် မန်ဟို့သတင်းအစအနလေးပင် မရပေ။ ပိတ်ထားသော နေရာရွှေ့ပြောင်းမုခ်ဝများကြောင့်လည်း လူများ စိတ်မရှည်ဖြစ်လာကြသည်။ မကြာမီ အခြေအနေက ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ဖွဲ့လုံးအတွက် ကျဉ်းကြပ်လာပေတော့မည်။ ထိုမျှသာမက ဝိညာဉ်နက်ခေါင်းဆောင်ကြီးအနေဖြင့်လည်း မဟာမိတ်အတွင်း၌ အတိုင်းအတာတစ်ခုအထိသာ လွှမ်းမိုးနိုင်သည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီး နှစ်တစ်ထောင်ကျွန်ခံမည်ဆိုသော ဆုကြေးကြောင့် အခြေအနေက များစွာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ ဆုကြေးသာ ထိုသို့မဟုတ်ခဲ့ပါက ရှာဖွေမှုအား တစ်နည်းမဟုတ်တစ်နည်းဖြင့် ဆောင်ရွက်ကြဦးမည်ဖြစ်ပြီး ဆုကြေးတစ်မျိုးမျိုးလည်း ရှိနေဦးမည်။ မန်ဟိုလည်း လူလုံးထွက်ပြလျှင် အသတ်ခံရဦးမည်သာ။ သို့သော် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ ကမ်းလှမ်းမှုကြောင့်သာမဟုတ်လျှင် မဟာမိတ်နေရာအနှံ့အပြားအား ပိတ်ဆို့ထားမှုမှာ အချိန်အတော်ကြာကတည်းက ပြန်ဖွင့်ခံရပြီးလေပြီ။

ထိုနေရာရွှေ့ပြောင်းခြင်းမုခ်ဝများ ပိတ်ထားသည့်နေ့ တစ်ရက်တိုးတိုင်း ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ဝင်ငွေအား များစွာ ထိခိုက်နေသည်။

ထွက်မသွားခင် သက်လတ်ပိုင်းလူနှစ်ယောက်အနက် တစ်ယောက်က ဝိညာဉ်နက်ခေါင်းဆောင်ကြီးဘက် လှည့်ကာ ပြောသည်။ “အလွန်ဆုံး မုခ်ဝတွေကို ဆယ်ရက်တာ ပိတ်ထားလိမ့်မယ်။ အဲဒီအချိန်မှာ သူ့ကို မတွေ့ရင်တော့ မုခ်ဝတွေ ပြန်ဖွင့်လိမ့်မယ်။ ဒါပေမဲ့ စိတ်မပူနဲ့ သူ အဋ္ဌမတောင်ပင်လယ်မှာ ရှိနေသရွေ့ တစ်နေ့နေ့တော့ ရှာတွေ့မှာပါ”

ထိုစဉ် .....

ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ပိုင်နက်၊ အဋ္ဌမတောင်ကို လှည့်ပတ်နေသော ဂြိုဟ်လေးလုံးအနက် လော့မြစ်ဂြိုဟ်ဆိုသော ဂြိုဟ်တစ်လုံးပေါ်တွင် သေမျိုးအင်ပါယာမြို့တော်တစ်မြို့ ရှိသည်။ မရေမတွက်နိုင်သောသေမျိုးများ ထိုနေရာတွင် နေထိုင်ရှင်သန်ကြ၏။ ညနေစောင်းသော် တဟီဟီအော်ရင်း နှာမှုတ်နေသော မြည်းတစ်ကောင်သည် လမ်းမထက်တွင် လျှောက်လာသည်။

မြည်းတွင် ဟိုတစ်ကွက်၊ သည်တစ်ကွက် ကျိုးတိုးကြဲတဲ ပေါက်နေသောအမွှေးများမှအပ မည်သည့်အမွှေးမှ မရှိသလောက်ပင်။ ၎င်းသည် စုတ်ပြတ်နုံချာနေသော်လည်း ၎င်းကိုယ်၎င်း အဆင့်အတန်းမြင့်မားသော အင်အားကြီးပုဂ္ဂိုလ်ပမာ ထင်မှတ်နေပုံပေါက်နေ၏။

စာပေသမားလုလင်လေးတစ်ဦးက စာအုပ်များကို အဝတ်စနှင့်ထုတ်ပိုးလျက် ကျောတွင် သိုင်းလွယ်ထားရင်း မြည်းအပေါ်တွင် ထိုင်နေသည်။ အမှန်တွင် ထိုစာပေသမားလေးမှာ မြည်းစီးနေရင်းတန်းလန်း စာဖတ်နေလေသည်။

စာပေသမားလေးတွင် ကျောက်စိမ်းကဲ့သို့ ဖြူဆွတ်သော အသားအရေရှိကာ ခံ့ညားချောမော၏။ သူက ဆယ်ကျော်သက်အရွယ်ဖြစ်ဟန်တူပြီး ခပ်နွမ်းနွမ်း အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူနှင့်မြည်းက ညနေစောင်းနေ၏အောက်တွင် တရွေ့ရွေ့ ခရီးနှင်နေလေသည်။

ရံဖန်ရံခါ ကြော့ကြော့မော့မော့ မြင်းသန်သန်များက လမ်းမထက်တွင် ဒုန်းစိုင်းနှင်သွားရာ ဖုန်လိပ်များ တထောင်းထောင်းထလျက် ကျန်ရစ်စေခဲ့တတ်သည်။ ထိုအခါ စာပေသမားလေးက နှာခေါင်းကို အင်္ကျီလက်စဖြင့် ဖုံးရင်း ဖုန်များကို ခါတတ်၏။ မြည်းမှာမူ လွန်စွာဒေါကန်သွားတတ်ပြီး လိုက်မှီရန်အလား အရှိန်တင်တတ်သည်။ သို့သော် အတန်ငယ်ပြေးပြီးနောက် ပျင်းရိပျင်းတွဲနှင့် အရှိန်လျော့သွားတတ်လေသည်။

အချိန်များကုန်လွန်သွားပြီး ညနေခင်းနေ၏ရောင်ခြည်များလည်း မှေးမှိန်စပြုလာသည်။ သို့သော် ဤအခိုက်အတန့်တွင် အရှေ့၌ မြို့တစ်မြို့ ပေါ်လာ၏။ သို့သော် စာပေသမားလေးမှာ သတိပြုမိပုံမရဘဲ မှိန်ပျပျအလင်းရောင်ကို အားပြုကာ သူ့လက်ထဲရှိ ဝါးပေလိပ်ကိုသာ ကုန်းရုန်းဖတ်နေသည်။

ရံဖန်ရံခါ အလင်းတန်းများက ကောင်းကင်၌ ဖြတ်သွားတတ်သည်။ အမှန်တွင် နတ်ဘုရားအာရုံစွမ်းအားက လောလောဆယ်တွင် မြေပြင်များကိုဖြတ်လာသည့်အပြင် စာပေသမားလေးကိုပင် ထိသွားလေ၏။ သို့သော် ၎င်းက သူ့ကို ကျော်သွားသည်။ ကြည့်ရသရွေ့ လော့မြစ်ဂြိုဟ်၏ သေမျိုးများမှာ ကျင့်ကြံသူများကို ကြောက်လန့်ကြပုံမပေါ်ပေ။ တစ်နေ့လုံး ထိုကဲ့သို့အလင်းတန်းများ မကြာခဏ ပေါ်လာခဲ့သည်။ သေမျိုးများက လေးစားအားကျစွာ မော့ကြည့်ကြသော်လည်း နည်းနည်းလေးမှ မထိတ်လန့်ကြပေ။

လောလောဆယ်တွင် ထိုကဲ့သို့ အလင်းတန်းတစ်တန်းသည် အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ နောက်ဆုံးတော့ စာပေသမားလေးက ဝါးလိပ်ကို ချ၍ အကြောဆန့်ပြီးနောက် နီးလာနေသောမြို့ကို သတိထားမိသွားသည်။ သူက ပြုံးလိုက်သော်လည်း ထိုအပြုံးအတွင်း၌ အေးစက်မှုကို မြင်ရနိုင်၏။

ဤစာပေသမားလုလင်လေးကား ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူများ မြေလှန်ရှာနေသော လူ ... မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။

မန်ဟိုသည် ထွက်လာပြီးနောက် ကောင်းကင်နတ်ဘုရားမဟာမိတ်အား ရှောင်တိမ်းနေဖို့မှာ ခက်ခဲမည်ဖြစ်ကြောင်း သိခဲ့၍ သူကြိုတင်စဉ်းစားထားခဲ့သည့် အရန်အစီအစဉ်တစ်ခုအတိုင်း ဂြိုဟ်လေးလုံးထဲမှ အနီးဆုံးလော့မြစ်ဂြိုဟ်တွင် ပုန်းအောင်းခဲ့လေသည်။ ကြက်တူရွေး၊ အသားဂျယ်လီအပြင် လွန်ခဲ့သောနှစ်ပေါင်းများစွာက ရရှိခဲ့သော အနက်ရောင်ငှက်မွှေးဖြင့် သူ၏ဝိညာဉ်နှင့်အရှိန်အဝါအငွေ့အသက်များကို ဖုံးကွယ်ကာ စာပေသမားအသွင် ပြောင်းခဲ့၏။

သူ့ကို ရင်းနှီးသောခံစားချက် ပေးစွမ်းနိုင်သည့်အသွင်မှာ စာပေသမားအပြင် တခြားမရှိပေ။

“အင်ပါယာစာမေးပွဲဖြေဖို့ သွားနေတဲ့ စာပေသမားဘဝ ထပ်ရောက်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး..” သူက ရေရွတ်လိုက်သည်။ မြည်းမှာ သိပ်ပျော်နေဟန်မတူပေ။ ၎င်းက မပျော်ကြောင်းပြဖို့ လည်ပင်းကို တစ်ပတ်လိမ်ပြသည်။ ထို့နောက် မျက်လုံးကြီးများ ပြူးထွက်လာသည့်တိုင်အောင် ဆက်လိမ်နေတော့သည်။ မန်ဟိုက ၎င်း၏တင်ပါးကို ရိုက်လိုက်၏။

“လည်လိမ်ပြနေတဲ့ မြည်းမျိုး မင်း မြင်ဖူးလား” မန်ဟိုက မာန်မဲသည်။ “လုပ်စမ်းပါ နည်းနည်းလောက် ယုတ္တိရှိစမ်းပါ။ လူတွေက ငါတို့ကို ခြေရာခံပြီး လိုက်သတ်နေတာကွ မင်းသိလား။ သူတို့ ငါတို့ကို ရှာတွေ့ရင် မင်းတို့နှစ်ကောင်လည်း လွတ်မယ်မထင်နဲ့”

မြည်းကား ... ပုံစံပြောင်းထားသော အသားဂျယ်လီမှတစ်ပါး အခြားမဟုတ်ပေ။

“လုပ်လုပ် ဒီမြို့ကို သွားကြရအောင် ... ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့ အကုန်လုံးကို အမြဲပိတ်ထားလိမ့်ဆိုတာ ငါ မယုံဘူး” မျက်လုံးများ အေးစက်စက် တောက်ပနေလျက် မန်ဟိုက ယခုထိထိ အသားပြန်မပြည့်သေးသော သူ၏ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။

သူ့ကျင့်ကြံခြင်းအခြေခံသည် ပြင်းထန်သောတိုက်ပွဲကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့၏။ သို့သော် ကောင်းကင်နတ်ဘုရားမဟာမိတ် ယူဆထားခဲ့သလို ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့်အထိသာ ကန့်သတ်ခံထားရသည်အထိ မဆိုးရွားသေးပေ။ သူ့အနေဖြင့် သူ၏အထွတ်အထိပ်စွမ်းအားကို သုံးနိုင်သေးသော်လည်း ကံဆိုးစွာနှင့် ကြာကြာတောင့်ခံနိုင်မည်တော့မဟုတ်။

“ငါ့ ဒဏ်ရာတွေကို နည်းနည်းထပ်ကုစားဖို့ ဒီအခွင့်အရေးကို ဖမ်းဆုပ်ရမယ်” သူက ရေရွတ်လိုက်သည်။ နေမင်းကြီး မိုးကုပ်စက်ဝန်းတွင် ငုပ်လျှိုးသွားနေစဉ် သူက သက်ပြင်းချလိုက်ပြီး သူ့မျက်နှာသည် ပို၍တင်းမာခက်ထန်လာ၏။

လော့မြစ်ဂြိုဟ်သို့ ရောက်ရောက်ချင်း မန်ဟို လုပ်ခဲ့သည့် ပထမဆုံးအရာမှာ နံ့သာအိုးကို ဖွင့်ခြင်းပင်။ သို့သော် သူ အထဲတွင် တွေ့ခဲ့ရသည်မှာတော့ ချူယွီယန်၏ဝိညာဉ်အတွက် သူ မျှော်လင့်ထားခဲ့သည့်အရာ မဟုတ်ခဲ့ပေ။

ထိုစဉ်....

သင်္ဘောပျံတစ်စင်းသည် ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ကြယ်တာရာကောင်းကင်ကို ဖြတ်၍ အသော့နှင်လာနေ၏။ မရေမတွက်နိုင်သောမှော်သင်္ကေတများက ၎င်း၏မျက်နှာအပေါ်တွင် အတူတကွ စုပေါင်းကာ မန် 孟 ဆိုသော စာလုံးကို ဖော်ဆောင်ထားသည်။

ဤသည်ကား မန်မျိုးနွယ်စု၏ ကုန်သွယ်သင်္ဘောမှတစ်ပါး အခြားမဟုတ်ပေ။

လူငယ်လေးတစ်ယောက်အား ထိုကုန်သွယ်သင်္ဘောထဲတွင် မြင်ရနိုင်သည်။ သူသည် ရုပ်ရည်အသင့်အတင့်ဖြင့် ချောမောပြီး လောလောဆယ်တွင် သူ့ကို အေးစက်စက် ကြိမ်းမောင်းဆုံးမနေသော သတ်လတ်ပိုင်းလူတစ်ယောက်၏ အရှေ့၌ လက်သီးကျစ်ကျစ်အောင်ဆုပ်လျက် ခေါင်းငုံ့ထား၏။

“မန်ချိန် မင်းမှာ ဒီအခွင့်အရေးကိုတောင် ရပိုင်ခွင့်မရှိတာ ဘယ်တော့မှ မမေ့နဲ့။ ဟိုးအရင်နှစ်တွေက မင်းအဘိုးအပေါ် ငါတင်ခဲ့တဲ့ကျေးဇူးအကြွေးကြောင့်သာ မဟုတ်ရင် ငါ မင်းကို ဒီနေရာပေးနိုင်မှာမဟုတ်ဘူး။ မင်းနေရာမင်း မမေ့စမ်းနဲ့။ မင်းက ဒီနေရာမှာ ကိုယ်ရံတော်တစ်ယောက်သာသာပဲဆိုပေမယ့် အဲဒီအဆင့်အတန်းကို မင်း တန်ဖိုးထားရမယ်ကွ။ သခင်လေးဒဲ့ကို စိတ်မကွက်အောင်သာ နေနိုင်ရင် မင်းသွေးဆက်အတွက် အများကြီးအဆင်ပြေလိမ့်မယ်

“အဲဒီတော့ ဟန်မျိုးနွယ်စုရဲ့ သခင်လေးဖုန်းနဲ့ အချိန်နည်းနည်းပါးပါး ကုန်ဆုံးဖို့ သူ စီစဉ်ပေးတော့ရော ဘာအရေးလဲ။ မင်းက ဘာတွေဖြစ်နေတာလဲ ဟမ်။ သခင်လေးဒဲ့က သဘောတူပြီးပြီ။ မင်း သွားချင်ချင်မသွားချင်ချင် သွားရမှာပဲ”

All Chapters