← Chapters

မိုးသက်တိမ်စိုင်များ ချဉ်းကပ်လာခြင်း

Vol. 88 Ch. 1222

မိုးသက်တိမ်စိုင်များ ချဉ်းကပ်လာခြင်း

Vol. 88 Ch. 1222

ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့ဝင်ကျင့်ကြံသူများ ကြယ်တာရာကောင်းကင်တွင် မန်ဟို့အား ရှာဖွေနေကြသည့်အချိန်တစ်ဝိုက်၌ လူတစ်ယောက်သည် အဋ္ဌမတောင်နှင့် နဝမတောင်အကြားက အတားအဆီးကို ဖြတ်လာနေ၏။

သူ့မှာ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်း မယုံကြည်နိုင်ဖွယ်ဖိအားကြီး သူ့အပေါ် သက်ရောက်နေသည့်အလား တဆတ်‌ဆတ် တုန်ရီနေလေသည်။ ကြည့်ရ‌သရွေ့ သူကား ဤနေရာကိုရောက်ဖို့ အချိန်ကြာမြင့်စွာ ခရီးနှင်ခဲ့ရပုံပေါက်သည်။

"သိပ်လည်းမ‌ဝေးဘဲနဲ့ ..... ဒီခန္ဓာကိုယ်နဲ့ အတားအဆီးကို ဖြတ်တာက တော်တော်လေး ၀န်များနေတာ ဆိုးလွန်းတယ်...." ၎င်းက နက်နဲသိမ်မွေ့သော ကြယ်အလင်းရောင်တို့ တောက်ပနေသော မျက်၀န်းတစ်စုံအား ပိုင်ဆိုင်ထားသည့် ငယ်ငယ်ချောချော လူငယ်တစ်ယောက်ဖြစ်သည်။

ထိုလူငယ်သည် .... ကျီတုံယမ်းမှတစ်ပါး အခြားမဟုတ်ပေ။

"မန်ဟို ... အဋ္ဌမတောင်ပင်လယ်က မင်းနဲ့ငါ တစ်ယောက်တည်းဖြစ်လာမယ့် နေရာပဲ" ထူးဆန်းသောအပြုံးတစ်စအား သူ၏မျက်နှာပေါ်တွင် မြင်ရနိုင်ပြီး သူက မျှော်လင့်နေသောအမူအရာဖြင့် အတားအဆီးကို ဆက်လက်ဖြတ်ကျော်နေသည်။

ထိုစဉ် ကောင်းကင်နတ်ဘုရားမဟာမိတ်ပိုင်နက်၏အပြင် တစ်ခုသောဂြိုဟ်သိမ်အ‌စုအဝေးမှ တဝုန်းဝုန်းမြည်သံများ လာနေသည်ကို ကြားရလေသည်။ ဂြိုဟ်သိမ်များမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွနေပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့အတွင်းမှ မရေမတွက်နိုင်သော အရိုးများ ပျံထွက်လာနေ၏။

တဝုန်း၀ုန်းမြည်သံများက ဆက်လက်ဆူညံ‌နေပြီး ဂြိုဟ်သိမ်များမှာ တစ်လုံးပြီးတစ်လုံး ဖျက်ဆီး‌ခံနေရသည်။ မကြာမီ အရိုးများသည် အဆုံးမရှိလုအောင် စုဝေးသိပ်သည်းလာခဲ့၏။ ထိုအရိုးများအတွင်း၌မူ လွင့်မျောနေသော ဆံပင်ရှည်ရှည်များကြား၌ တင်ပျဥ်ခွေထိုင်လျက်ရှိသည့် အနက်ရောင်၀တ်လူတစ်ဦးအား မြင်ရနိုင်သည်။ သူသည် ပိန်ချုံးနေသည့်တိုင် ကြောက်မက်ဖွယ်လှိုင်းဂယက်များက သူ့ထံမှ အရပ်လေးမျက်နှာသို့ ဖြာထွက်နေ၏။ လှိုင်းဂယက်များက အရိုးများအား အရိုးပလ္လင်ကြီးတစ်ဆူ ဖြစ်လာသည့်တိုင်အောင် တဖြည်းဖြည်း ပေါင်းစုလာစေပြီးနောက် အနက်ရောင်၀တ်လူက ၎င်း‌အပေါ် ထိုင်လိုက်သည်။

ကျန်အရိုးများက ထိုလူ၏ဘေးတွင် စုဝေးလာကာ ဧရာမအရိုးဘီလူးကြီးကိုးကောင် ဖြစ်လာ၏။

အရိုးဘီလူးကိုးကောင် ပေါ်လာသည့်အခိုက်အတန့်တွင် အနက်ရောင်၀တ်လူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားတို့ တဟုန်းဟုန်းတောက်လာပြီး သူ၏ချီနှင့်သွေးတို့ ဆူပွက်လာ၏။ တစ်ချိန်တည်းမှာပင် အမှတ်အသားတစ်ခုက သူ၏နဖူးထက်တွင် ပေါ်လာသည်။

ဤသည်ကား အဋ္ဌ‌မတောင်၏ အက်ရှလွန်ကျင့်ကြံသူ ဟန်ချင်းလဲ့မှတစ်ပါး အခြားမဟုတ်ပေ။

သူ မျက်လုံးဖွင့်လိုက်သောအခါ သူ့ပတ်ပတ်လည်ရှိ လေထုသည် ပုံပျက်ရှုံ့တွသွားပြီး မကြာမီ ဟင်းလင်းပြင်၌ လူရိပ်များစွာ ဖြစ်တည်လာသည်။ လူရိပ်များသည် ဟန်ချင်းလဲ့၏အရှေ့တွင် ကပျာကယာ ဒူးထောက်၍ ဦးညွှတ်အရိုအသေပေးကြ၏။

တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုကဲ့သို့ ဒူးထောက်အရိုအသေပေးနေသော လူရိပ်များ ဒါဇင်ချီသည်ကို မြင်ရနိုင်၏။ တစ်ယောက်ပြီးတစ်ယောက်က ဟန်ချင်းလဲ့ တံခါးပိတ်ကျင့်ကြံနေခဲ့သည့် အတောအတွင်း အဋ္ဌမတောင်ပင်လယ်၌ ဖြစ်ပျက်ခဲ့သည့်အရာများနှင့်ပတ်သက်၍ တင်ပြချက်များအား ဟန်ချင်းလဲ့ထံ ပေးပို့နေကြလေသည်။

ဟန်ချင်းလဲ့၏အမူအရာက အပြုံးအရယ်ကင်းမဲ့ကာ တည်နေသည်။ သို့သော် တင်ပြချက်အားလုံးကို နားထောင်ပြီးနောက် သူ၏သူငယ်အိမ်များက ကျုံ့သွားပြီး သူ့အကြည့်သည် ဒူးထောက်နေသောလူရိပ်တစ်ခုအပေါ် ရောက်သွား၏။

"မန်ဟိုလို့ ပြောလိုက်တာလား" သူက ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေသော အသံဖြင့် မေးလိုက်သည်။ သတင်းတင်ပြခဲ့သောကျင့်ကြံသူအား စိုက်ကြည့်နေစဉ် သူ၏အကြည့်သည် လျှပ်စီးသဖွယ် စူးရှ၍ ခက်ထန်နေ၏။

သတင်းပို့ကျင့်ကြံသူမှာ တုန်ရီလာပြီး စိတ်အာရုံမှတစ်ဆင့် ကူးပြောင်းပေးပို့မည့်အစား ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ကောင်းကင်နတ်ဘုရားမဟာမိတ်က သတင်းတွေနဲ့ တချို့သဲလွန်စတွေအရ ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်ခဲ့တဲ့လူက သေချာပေါက် မန်ဟိုဖြစ်ပါတယ် .... ဒီသုံးသပ်မှုက သခင်လေး‌ လေဟုန်ခွင်းလောကအကြောင်း တင်ပြခဲ့တဲ့ အစီရင်ခံစာပေါ်မှာ အခြေခံထားပါတယ်ခင်ဗျာ။ တကယ်တော့ ကောင်းကင်နတ်ဘုရားမဟာမိတ်က သခင်လေးကို အချက်အလက်တစ်ချို့ အတည်ပြုပေးဖို့လည်း ဖိတ်ခေါ်ထားပါတယ်"

ဟန်ချင်းလဲ့က မျက်လုံးများပိတ်လျက် လေဟုန်ခွင်းလောကတွင် ဖြစ်ပွားခဲ့သော အရာအားလုံးကို ပြန်ပြောင်းတွေးတောရင်း တိတ်ဆိတ်စွာ ထိုင်နေသည်။ သူသည် မန်ဟိုနှင့်တွေ့ဆုံခဲ့ပုံ၊ အသတ်ခံခဲ့ရပုံအပြင် နောက်ဆုံးတိုက်ပွဲ၌ မန်ဟို သူ့အား မည်ကဲ့သို့ ကယ်ခဲ့ပုံကို ပြန်တွေးတောနေ၏။

ထိုဖြစ်ရပ်က သိပ်မကြာခဲ့သေးသော်လည်း ထိုအကြောင်းတွေးလေလေ လေဟုန်ခွင်းလောကစွန့်စားခန်းမှာ အန္တရာယ်အများဆုံးခရီးထဲက တစ်ခုဖြစ်ခဲ့ကြောင်း သူ သဘောပေါက်လေလေ ဖြစ်သည်။ သူ့ကဲ့သို့ အက်ရှလွန်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၎င်းကြောင့် အံ့ဩတုန်လှုပ်ရ၏။

"ဆိုတော့ သူက တကယ်ပဲ အဋ္ဌမတောင်ပင်လယ်ကို လာခဲ့တာပေါ့လေ" ဟန်ချင်းလဲ့ မသိမသာ ပြုံးလိုက်သည်။ အမှန်တွင် သူသည် မန်ဟို့ကို မမုန်း။ ယှဥ်ပြိုင်လိုစိတ်သာ ရှိ၏။

"ပြီးတော့ ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့ ကျင့်ကြံသူတွေက သူ့ကို  ‌ခြေရာခံပြီး သတ်ဖို့ ကြိုးစားနေတယ်တဲ့လား .... သူကတော့ အဲ့ဒီအပြုအမူကို သည်းခံကောင်းသည်းခံနိုင်လောက်ပေမယ့် အက်ရှလွန်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါကတော့ သည်းမခံနိုင်ဘူး" သူ၏မျက်လုံးများက အေးစက်စက် တောက်ပသွားသည်။ အက်ရှလွန်စာရင်း၀င်မဟုတ်သူများသည် အက်ရှလွန်ကျင့်ကြံသူများ သူတို့၏အဆင့်အတန်းနှင့်ပတ်သက်၍ ခံစားရသည့် မာနအတိုင်းအတာကို စဉ်းစားကြည့်နိုင်မည်မဟုတ်ပေ။ ဟန်ချင်းလဲ့အနေဖြင့် မန်ဟို ရှုံးနိမ့်သည်ကိုသော်လည်းကောင်း၊ သေဆုံးသည်ကိုသော်လည်းကောင်း လက်ခံနိုင်သည်။ သို့သော် ၎င်းက အက်ရှလွန်ကျင့်ကြံသူတစ်ဦး၏ လက်‌ချက်ကြောင့်သာ ဖြစ်ရမည်။

အက်ရှလွန်စာရင်း၀င်မဟုတ်သော ကျင့်ကြံသူများ သူ့ကို ခြေရာခံ၍ လိုက်သတ်နေသည့် ကိစ္စမှာ လက်ခံနိုင်သည့်ကိစ္စမဟုတ်ပေ။

ဟန်ချင်းလဲ့က အေးစက်စက်နှာမှုတ်၍ အရိုးပုလ္လင်အား ရိုက်လိုက်သည်။ ချက်ချင်း ပလ္လင်တစ်ခုလုံး တဂျိန်းဂျိန်း မြည်ဟည်းလာပြီး အဝေးသို့ ထွက်သွားသော အဖြူရောင်အလင်းတန်းအသွင် ပြောင်းသွား၏။

"ကောင်းကင်နတ်ဘုရားမဟာမိတ်ကို သွားဖို့ အချိန်ကျပြီ" သူ့စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေသည့်လူရိပ်များက အစွမ်းမြှင့်၍ သူ့နောက် လိုက်လာကြသည်။ မကြာမီ တစ်အုပ်စုလုံး ကောင်းကင်နတ်ဘုရားမဟာမိတ်ဆီ သွားနေကြလေပြီ။

ထိုစဉ် ကောင်းကင်နတ်ဘုရားမဟာမိတ်တွင် မန်ဟို့အတွက် ထုတ်ပြန်ထားသည့် ဆုကြေးကြောင့် ကောင်းကင်နတ်ဘုရားမဟာမိတ်ရှိ ဂိုဏ်းအမျိုးမျိုး၏ ရွေးချယ်ခံများပင်လျှင် ပူးပေါင်းပါဝင်လာကြသည်။

ဤအထဲတွင် ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ တာအိုကလေးလည်း ပါ၀င်၏။ ဤရွေးချယ်ခံများက သက်ဆိုင်ရာဂိုဏ်းအသီးသီးမှ အစွမ်းထက်ပညာရှင်များဖြစ်အောင် မယုံကြည်နိုင်ဖွယ်အရင်းအမြစ်များသုံးစွဲ၍ မြေတောင်မြှောက်ပေးခံထားရသော နဝမတောင်ပင်လယ်၏‌ ရွေးချယ်ခံများသဖွယ် ဖြစ်လေသည်။ သူတို့ထဲက မည်သူမဆို ကျင့်ကြံခြင်းအဆင့်ထက် များစွာသာလွန်သော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထား၏။

သူတို့သည် ရှေးဟောင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သော်လည်း လေ့ကျင့်စဉ်ကာလအတွင်း တစ်နည်းနည်းဖြင့် အသတ်မခံရစေဖို့ တာအိုစောင့်ရှောက်သူများဖြင့် စောင့်ရှောက်ခံထားရသည်။ အမှန်တွင် တာအိုစောင့်ရှောက်သူများက သူတို့အား တာအိုနယ်ပယ်ရောက်သည်အထိ စောင့်ရှောက်ပေးကြမည်ဖြစ်သည်။

အချိန်တိုအတွင်း လောက၏ ချောင်ကြိုချောင်ကြားမှ ကျင့်ကြံသူများကို ဆွဲငင်နေသော ဧရာမဝဲကြီးသဖွယ် မိုးသက်တိမ်စိုင်များသည် ကောင်းကင်နတ်ဘုရားမဟာမိတ်အတွင်း၌ အလိပ်လိပ်ထလာခဲ့၏။

**

တစ်လောကလုံး ဗြောင်းဆန်နေသည့်တိုင် မန်ဟိုကတော့ အတော်လေး အေးချမ်းနေသည်။ ထိုကဲ့သို့တိတ်ဆိတ်အေးချမ်းမှုမျိုးအား တောင်ကောင်းကင်ဂြိုဟ်ပေါ်က အရှေ့ဘက်နယ်မြေ၌ပင် သူ မခံစားခဲ့ရဖူးပေ။ ယခုတွင် သူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကိုပင် အမှန်တကယ် မေ့လျော့သွားခဲ့ပုံရပြီး အမဲလိုက်ခံနေရသည့်အဖြစ်ကိုလည်း တွေးမနေတော့ပေ။ ထိုအစား သူက စာပေသမားဘဝတွင် စိတ်ရောကိုယ်ပါ နစ်မျောလျက်ရှိလေသည်။

မြို့တွင် စားသောက်ဆိုင်တစ်ဆိုင်ရှိသည်။ ထိုစားသောက်ဆိုင်ထဲရှိ ရေနံဆီမီးအိမ်အောက်ဝယ် မန်ဟိုသည် စာထိုင်ဖတ်နေ၏။ ရံဖန်ရံခါ အပြုံးလေးတစ်စက သူ့မျက်နှာတွင် ဖြတ်ပြေးသွားတတ်ပြီး ရံဖန်ရံခါ သူက ခေါင်းကို ခါတတ်သည်။ သူ့ကြည့်ရသည်မှာ စာအုပ်ကိုသာ စိတ်ဝင်စားနေပုံပေါ်သည်။

အချိန်အနည်းငယ်ကြာတိုင်း သူ ထရပ်မည်။ ထို့နောက် စုတ်တံကို ကိုင်၍ တစ်စုံတစ်ခု ချရေးမည်။ သူ့ပုံစံမှာ ဟိုးအရင်နှစ်တွေတုန်းက တာ့ချင်းတောင်ပေါ်တွင် နေထိုင်ခဲ့သလို စာပေသမားစစ်စစ်နှင့် ဖြစ်နေတော့သည်။

“အင်ပါယာစာမေးပွဲမဖြေခင် လဝက်ကျန်သေးတယ်...” သန်းခေါင်ရောက်သော် သူက မီးအိမ်ကို ငြှိမ်း၍ အိပ်ရာထဲ ဝင်လိုက်သည်။ အိပ်ရာ၌လှဲလိုက်လျှင် ပြတင်းပေါက်မှတစ်ဆင့် ကြယ်တာရာကောင်းကင်ကို သူ လှမ်းကြည့်နိုင်လေသည်။ မြို့ငယ်လေးထဲရှိ အိမ်တချို့မှ ထွက်လာသော ခပ်တိုးတိုးဟောက်သံများမှအပ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်းချမ်းနေ၏။

“ငါ ဟိုတုန်းက စာမေးပွဲတွေ ကျခဲ့ပေမယ့် အခုတော့ ဝင်ဖြေကြည့်လိုက်ဦးမယ်” အတိတ်ကို ပြန်တွေးရင်း သူ သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတွင် သူသည် မှော်စည်းများအထပ်ထပ် စီရင်ထားသော နံ့သာအိုးတစ်လုံးကို ထုတ်လိုက်၏။

ချူယွီယန်၏ဝိညာဉ်မှာ ဤနံ့သာအိုးထဲတွင် ရှိသော်လည်း မပြည့်စုံတော့ပေ။ တစ်ဝက်ကျော်မှာ ပြိုကွဲသွားခဲ့၍ ... လေလွင့်ဝိညာဉ်မျိုးသာ ကျန်ရစ်ခဲ့သည်။

ထိုလေလွင့်ဝိညာဉ်မှာ ချူယွီယန်ကို အသက်ပြန်သွင်းဖို့ မလုံလောက်ပေ... ထိုမျှသာမက လေလွင့်ဝိညာဉ်အဖြစ် ဘဝပြန်ဝင်စားခြင်းသံသရာသို့ ဝင်သွားလျှင်တော့ သူမသည် သူမ ဖြစ်နိုင်တော့မည်မဟုတ်။ သူမ ပြန်ဝင်စားမည့် လူ၏တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ရလိမ့်မည်။

မန်ဟို့အနေဖြင့် ထိုကဲ့သို့အရာမျိုးကို လက်မခံနိုင်ပေ။

“နည်းလမ်းတစ်ခုတော့ ရှိရမယ်” သူက သူ့ကိုယ်သူ အဆက်မပြတ် ကုစားနေဖို့ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း မျက်လုံးများအား ပိတ်လိုက်သည်။

အရုဏ်တက်သော် သူသည် အထုတ်အပိုးများကို သိမ်း၍ သူ့မြည်းကို စားသောက်ဆိုင်၏မြင်းဇောင်းမှ ခေါ်ထုတ်လာခဲ့၏။ ဆိုင်ပိုင်ရှင်က လမ်းတစ်လျှောက်လုံး သူ့ကို စာမေးပွဲဖြေနိုင်အောင် ဆုတောင်းပေးရင်း အပြင်လိုက်ပို့သည်။ ထို့နောက် မန်ဟိုသည် မြည်းပေါ်တက်၊ ဝါးပေလိပ်တစ်လိပ်ကို ဖြန့်ပြီးနောက် ခုနစ်ရက်ခရီးနှင်ရမည့် မြို့တော်ရှိရာသို့ ဦးတည်သွားလေ၏။

မန်ဟိုက မလောပေ။ သူသည် လမ်းမကြီးအတိုင်း မြည်းကို သွားစေ၏။ ညဆိုလျှင် အနားယူမည်၊ နေထွက်လာလျှင် ခရီးဆက်မည်။ ဤသို့ဖြင့် ရွာများ၊ လယ်ကွင်းများကို ဖြတ်လျက် တောတောင်ရေမြေရှုခင်းများကို စီးမြောခံစားရင်း နေ့ရက်များ ကုန်ဆုံးသွားခဲ့လေသည်။ တမင်တကာ စီစဉ်ထားခဲ့ခြင်းမဟုတ်သော်လည်း သူ့ခရီးမှာ သူ့အား ပို၍တည်ငြိမ်အေးချမ်းနေစေသည်။

ရံဖန်ရံခါ အလင်းတန်းများက ခေါင်းအထက်ရှိ ကောင်းကင်ကို ဖြတ်သွားတတ်သည်။ အပြင်ဘက် ကြယ်တာရာကောင်းကင်တွင် မန်ဟို့ကို ရှာနေကြသော ကျင့်ကြံသူများမှာ ပို၍စိတ်မရှည်ဖြစ်လာကြသည်။ မန်ဟို့ကို ရှာဖို့ အချိန်ကာလအား ထပ်တိုးခဲ့ကြသော်လည်း ယခုထက်ထိ သူ၏အရိပ်အယောင်ကိုပင် သူတို့မတွေ့ခဲ့ကြရပေ။

သူတို့အတွက် အားကိုးနိုင်သည့် တစ်ခုတည်းသောအရာမှာလည်း .... လူများ ထပ်လွှတ်နေရုံသာ။ လော့မြစ်ဂြိုဟ်အား နတ်ဘုရားအာရုံဖြင့် ကြိမ်ဖန်များစွာ စစ်ဆေးလေ့ရှိသော်လည်း ကောင်းကင်နတ်ဘုရားမဟာမိတ်မှာ ကြီးမားလှ၍ လူတစ်ယောက်ကို ရှာတွေ့ဖို့ရန်မှာ လွယ်ကူသောအရာတော့မဟုတ်ပေ။

တစနှင့်တစ နေရာရွှေ့ပြောင်းခြင်းမုခ်ဝများကို ပြန်ဖွင့်ဖို့ သတ်မှတ်ထားသည့်ရက်နှင့် နီးကပ်လာသည်။ အမှန်တွင် လူလေးတစ်ယောက်ကို ရှာဖို့ ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ဖွဲ့လုံးကို အဝင်အထွက်ပိတ်ထားခြင်းက မသင့်တော်ဟု ခံစားနေရသော ကောင်းကင်နတ်ဘုရားမဟာမိတ်ထဲရှိ တချို့သော အစုအဖွဲ့များအကြား စကားသံများထွက်လာကြသည်။

သို့သော် ဝိညာဉ်နက်ခေါင်းဆောင်ကြီးက လက်မလျှော့လိုပေ။ သူက အံတင်းတင်းကြိတ်ရင်း ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းသို့ ကိုယ်တိုင်သွားရောက်သည်။ သူ ထွက်လာပြီးနောက် မန်ဟို့အတွက် ဆုကြေးထုတ်ခဲ့သော အဘိုးကြီးက ကူရှာပေးရန် တင်ပျဉ်ခွေထိုင်၍ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။

သို့သော် ကောင်းကင်နတ်ဘုရားမဟာမိတ်မှာ သူ့အတွက်လည်း ဧရာမကြီးမားသေး၍ အချိန်နှင့်အရင်းအမြစ်များစွာ လိုအပ်သည်။ ဝိညာဉ်နက်ခေါင်းဆောင်ကြီး ပေးခဲ့သော မက်လောက်ဖွယ်ပမာဏကြောင့်သာ မဟုတ်လျှင် သူက ကူညီရန် ဘယ်တော့မှ သဘောတူခဲ့မည်မဟုတ်ပေ။

အချိန်တွေကြာလာသည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် မန်ဟို၏ခရီးသည် အေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်း၏။ အန္တရာယ်များကို ထည့်တွက်ပါက သူသာ သေမျိုးဖြစ်နေလျှင် ခရီးကား တစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မည်။ ဤသို့ထွက်လာခဲ့ရင်း တစ်နေရာရောက်သော် ဓားပြတချို့နှင့် သူ တိုးလေသည်။

ဓားပြများက ကုန်သည်အဖွဲ့တစ်ဖွဲ့အား ယခုလေးတင် တိုက်ခိုက်ခဲ့ပြီး၍ မီးရှို့၊ သတ်ဖြတ်၊ မုဒိန်းကျင့်၊ ငွေညစ်နေသောခုလတ်တွင် ဖြစ်သည်။ မန်ဟိုက ဖြတ်သွားသည့်အခါ ဓားပြများကို လှမ်းကြည့်လိုက်ရာ သူတို့လည်း သူ့ကို ပြန်ကြည့်သည်။ သူတို့က ချက်ချင်းပင် ဟားတိုက်ရယ်ကြလေသည်။

လူထွားကြီးတစ်ယောက်က အော်ပြောသည်။ “ကြည့်စမ်း စာပေသမားချောချောလေးပါလား။ သူက ငါ့အပိုင်ပဲ”

ထို့နောက် သူက ရမ္မက်ခိုးဝေနေသော မျက်လုံးများဖြင့် ယုတ်မာကောက်ကျစ်စွာ ပြုံးရင်း မန်ဟို့ဆီ လျှောက်လာသည်။

မန်ဟိုမှာ အဋ္ဌမတောင်ပင်လယ်တွင် ယခုလိုတဏှာဘီလူးများ မည်ကဲ့သို့ ရှိနေရသလဲ စဉ်းစားရင်း မျက်မှောင်ကြုတ်နေသည်။ လူထွားကြီးအနားရောက်လာသည့်အခါ မန်ဟိုက သက်ပြင်းချပြီးနောက် ကောင်းကင်ကို မော့ကြည့်၍ စောင့်ကြည့်နေသူရှိမရှိ စစ်ဆေးပြီး အေးစက်စက် နှာမှုတ်လိုက်သည်။

ထိုနှာမှုတ်သံအား ဓားပြများမှအပ မည်သူမျှ မကြားရပေ။ သူတို့အတွက် အသံသည် မိုးခြိမ်းသံနှင့်တူ၏။ သွေးများ သူတို့ပါးစပ်မှ ပန်းထွက်သွားပြီး အတုံးအရုံး လဲကုန်ကြသည်။

သို့သော် သေသွားကြခြင်းတော့မဟုတ်၊ သတိလစ်သွားကြရုံသာ။ မန်ဟိုက မည်သည့်မှော်သိုင်းကွက်မှမသုံးဘဲ သူ၏အပြင်အားကိုယ်ခွန်အားထည့်ထားသော နှာမှုတ်သံလေးကိုသာ ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် သတိလစ်နေသော ဓားပြတစ်ယောက်ပြီးတစ်ယောက်ဆီ သွားပြီး မြန်မြန်ဆန်ဆန် အစဖျောက်လိုက်၏။

ထို့နောက် သူက တစ်ချိန်လုံး စိတ်မရှည်စွာဖြင့် စောင့်နေသော မြည်းဆီ ပြန်သွားပြီး ခရီးဆက်သည်။ ရက်အနည်းငယ်ကြာသော် ဧရာမတံတိုင်းကြီးကာရံထားသော မြို့တစ်မြို့သည် အရှေ့တွင် ပေါ်လာလေသည်။

ဤသည်မှာ ဤအင်ပါယာ၏ အင်ပါယာမြို့တော်ဖြစ်သည်။

မန်ဟို မျှော်နေခဲ့သည့် အင်ပါယာစာမေးပွဲများက ရက်ပိုင်းအတွင်း ဤနေရာတွင် ကျင်းပလိမ့်မည်။

နေ့ရက်များသည် အေးအေးချမ်းချမ်း ကုန်ဆုံးသွားပြီး မကြာမီ စာမေးပွဲကျင်းပမည့်အချိန် ကျရောက်လာ၏။ တစ်မြို့လုံးမှာ အနယ်နယ်အရပ်ရပ်မှ အင်ပါယာစာမေးပွဲဖြေဖို့ ရောက်လာကြသော ကျောင်းသားများ၊ စာပေသမားများဖြင့် စည်ကားသိုက်မြိုက်နေသည်။

မန်ဟိုလည်း ထိုလူများထဲတွင် ပါဝင်သည်။ သူက သူ့မြည်းကို စားသောက်ဆိုင်တွင် ထား၍ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ပြီးနောက် ကျန်စာပေသမားများနှင့်အတူ စာမေးပွဲကွင်းပြင်သို့ ဦးတည်သွားသည်။ ထိုနေရာတွင် ခိုးချနိုင်မည့် ပစ္စည်းများ ယူမလာကြောင်း သေချာစေရန် ခုံရုံးအရာရှိတစ်ဦး၏ စစ်ဆေးခြင်းခံရလေသည်။ နောက်ဆုံးတွင် မန်ဟိုသည် သူ့တစ်ယောက်စာအတွက် လုံလောက်သော အခန်းငယ်လေးတစ်ခန်းသို့ လိုက်ပို့ခံရ၏။ စားပွဲတစ်ခုံအား တွေ့ရပြီး ထို့အပေါ်တွင် စာရေးကိရိယာများ သေသေသပ်သပ် ချထားသည်။ မေးခွန်းများကို မဖွင့်ခင် မန်ဟိုက ဘေးရှိ သစ်သားဇလုံတွင် လက်နှစ်ဆေးပြီးနောက် အသက်ဝဝရှူလိုက်သည်။ စာဖြေခေါင်းလောင်း ထိုးသောအခါ သူသည် ခုံ၌ ဝင်ထိုင်ပြီး မေးခွန်းပေလိပ်ကို ဖွင့်ကြည့်၏။ မေးခွန်းများကို မြင်လျှင်ချင်း အပြုံးတစ်စက သူ့မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာလေသည်။

All Chapters