← Chapters

စီဝေ့အင်ပါယာနန်းတော်

Vol. 155 Ch. 2206

စီဝေ့အင်ပါယာနန်းတော်

Vol. 155 Ch. 2206

အင်ပါယာကြယ်သည် စီဝေ့ကြယ်ကမ္ဘာတွင် အကြီးမားဆုံးကြယ်တစ်ခု ဖြစ်ပြီး မရေတွက်နိုင်သော တန်ခိုးရှင်များရှိကြသည်။

ဤကြယ်ကမ္ဘာမှ ကျင့်ကြံသူများက စီဝေ့အင်ပါယာနန်းတော်၏ ကိုးကွယ်သူများ ဖြစ်ကြသည်။ စီဝေ့အင်ပါယာနန်းတော်သည် ဤကြယ်ကမ္ဘာ၏ သန့်စင်မြင့်မြတ်နယ်မြေဖြစ်သော အင်ပါယာမြို့၌ တည်ရှိပေသည်။ မည်သူကမှ ၎င်း၏ အာဏာရှိမှုကို မေးခွန်းမထုတ်နိုင်ပေ။ စီဝေ့ကြယ်ကမ္ဘာအတွင်းမှ ကျင့်ကြံသူများအားလုံးက စီဝေ့မဟာအင်ပါယာကို ယုံကြည်ကြသည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် စီဝေ့မဟာအင်ပါယာ၏ ပြောရေးဆိုခွင့်ရှိသူများဖြစ်ကြပြီး သူတို့ လုပ်ဆောင်သမျှ အရာအားလုံးက မဟာအင်ပါယာ၏ ဆန္ဒကို ဖော်ဆောင်ပေသည်။

ဤကမ္ဘာတွင် ပါရမီအရှိဆုံးနှင့် အသန်မာဆုံးကျင့်ကြံသူများက ကျင့်ကြံခြင်း​နေရာများ၏ အဆင့်မြင့်ဆုံးသော စီဝေ့အင်ပါယာနန်းတော်ကို ဝင်ရောက်ကြသည်။

ထို့ကြောင့်ပင် စီဝေ့အင်ပါယာနန်းတော်၏ ခွန်အားက ခန့်မှန်းထားသည်ထက် သာလွန်ကာ စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အင်အားစုမှ တွန်းလှန်ရန် မဖြစ်နိုင်ပေ။ နှစ်ပေါင်းများစွာကြာပြီးနောက်၌ပင် စီဝေ့အင်ပါယာကြယ်သည် စီဝေ့ကြယ်ကမ္ဘာမှ လူများ၏ အကိုးကွယ်ခံအဖြစ် အထွတ်အထိပ်တွင် အမြဲ ရပ်တည်နိုင်ခဲ့ပေသည်။

ရီဖူရှင်းနှင့် အခြားလူများက နတ်ဘုရားကြယ်စုမှ အင်ပါယာကြယ်၏ အင်ပါယာမြို့သို့ ရောက်လာသည်။ သူတို့ မြို့ထဲသို့ ရောက်သည့်အခါ ခမ်းနားထည်ဝါသည့် အရှိန်အဝါကို ခံစားမိလိုက်သည်။ ဤနေရာရှိ ကျင့်ကြံသူအားလုံးသည် အလွန် အားကောင်းသန်မာကြပြီး ရီဖူရှင်းသွားရောက်ခဲ့သည့် ကောင်းကင်ဒေသ၏ အဓိကမြို့များထဲရှိ ကျင့်ကြံသူများထက်ပင် ပို၍ အားကောင်းလှသည်။

စီဝေ့ကြယ်ကမ္ဘာတွင် အင်ပါယာမြို့၏ အဆင့်အတန်းက ပြင်ပဘုံအတွင်း ကောင်းကင်ဒေသ၏ အလယ်ဗဟိုဖြစ်သော အရှင်ဒွန်ဟောင်နေထိုင်ရာ အင်ပါယာမြို့နှင့် ဆင်တူပေသည်။

စီဝေ့အင်ပါယာနန်းတော်သည် ခမ်းနားထည်ဝါသော မြို့တစ်မြို့ကဲ့သို့ပင် ဖြစ်သည်။ ရီဖူရှင်းနှင့် အခြားလူများ အင်ပါယာနန်းတော် အပြင်ဘက်သို့ ရောက်သောအခါ သူတို့သည် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော မြို့တစ်မြို့အတွင်းမှ မြို့တစ်မြို့ကို မြင်တွေ့လိုက်ရသည်။ အတွင်းတွင် သန့်စင်ကာ ခမ်းနားထည်ဝါသည့် အရှိန်အဝါတို့နှင့် ပြည့်နေပြီး သူတို့ ယခင်က ရောက်ခဲ့သည့် ထျန်းဟွမ်နန်းတော်ထက် ပို၍ ခမ်းနားထည်ဝါပေသည်။

စီဝေ့အင်ပါယာနန်းတော်အပြင်ဘက်မှ ဖြတ်သွားသည့် မည်သူမဆို သူတို့မျက်လုံးများထဲ၌ ရိုသေလေးစားမှုအပြည့်နှင့် ဖြစ်ပေသည်။ ဤသည်မှာ စီဝေ့ကြယ်ကမ္ဘာအတွင်းမှ ကျင့်ကြံသူများ နှလုံးသားအတွင်း သိမ်းပိုက်ထားသော စီဝေ့အင်ပါယာနန်းတော်၏ အဆင့်အတန်းကို ဖော်ပြနေ၏။

“အ​ပြင်လောကက လူတွေ ဒီကြယ်ကမ္ဘာကို တစ်ချိန်တည်း ရောက်လာကြတယ်။ ကျုပ်တို့က ပထမဆုံး ရောက်တာမဟုတ်ဘူး။ ကြည့်ရတာ တစ်ယောက်ယောက် ဒီကို အရင်ရောက်လာပုံပဲ။” သွမ့်ထျန်းရှုံက ပြောလိုက်ပြီး လူတိုင်းက သဘောတူညီလိုက်ကြသည်။ အင်ပါယာနန်က ပြောလိုက်၏။ “ဒီနေရာက အတော်လေးကို ခက်ခဲနက်နဲတယ်။ ကမ်းလှမ်းချက်လုပ်ဖို့ အဲဒီစီဝေ့အင်ပါယာနန်းတော်က အသန်မာဆုံးကျင့်ကြံသူကို ကျုပ်တို့ ဘယ်သူမှ အနိုင်မယူနိုင်မှာစိုးရတယ်။”

...

လူအုပ်ကြီးက အချိန်အနည်းငယ် စိတ်ပူပန်သွားသော်လည်း ချက်ချင်း နားလည်သွားကြသည်။ ထျန်းဟွမ်နန်းတော်တွင် သူတို့အဆင့်မှ ကျင့်ကြံသူများ ရှိသည်။ ထျန်းဟွမ်နန်းတော်သခင်က သူတို့အားလုံးသည် စီဝေ့အင်ပါယာနန်းတော်၏ အမိန့်ကို နာခံကြရသည်ဟု ရှင်းပြခဲ့သည်။ ဤသည်မှာ စီဝေ့အင်ပါယာနန်းတော်က မည်မျှ အစွမ်းထက်ကာ ကြီးမြတ်လှကြောင်း ပြသနေသည်။

ဤနေရာက စီဝေ့မဟာအင်ပါယာ ကျင့်ကြံခဲ့ရာ နေရာဖြစ်ပြီး ၎င်းတွင် သူတို့ ခန့်မှန်းထားသည်ထက် ကျော်လွန်သော ရှေးဟောင်းလျှို့ဝှက်ချက်များ ပါဝင်နေနိုင်သည်။ အင်ပါယာနန်ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ စီဝေ့ကြယ်ကမ္ဘာကို အုပ်စိုးနိုင်သော အသန်မာဆုံး ကျင့်ကြံသူက မည်သူမှ ဖက်ပြိုင်နိုင်စွမ်း မရှိသည့် တစ်စုံတစ်ယောက် ဖြစ်နိုင်ပေသည်။

“သွားစို့။ သူတို့ဆီ သွားလည်ပြီး စီဝေ့အင်ပါယာနန်းတော်မှာ ကျင့်ကြံတဲ့ နေရာက ဘယ်လိုမျိုးလဲသွားကြည့်ရအောင်။” အင်ပါယာနန်က ရှေ့ကို လှမ်းရင်း ပြောလိုက်သည်။ အင်ပါယာနန်းတော်အပြင်ဘက်မှ အစောင့်ကို မြင်သည့်အခါ သူက ပြောလိုက်သည်။ “ကျုပ်တို့က အင်ပါယာနန်းတော်ကို လာလည်တဲ့ ပြင်ပတန်ခိုးရှင်တွေပါ။”

“ဝင်ပါ။” အင်ပါယာနန်းတော် အပြင်ဘက်မှ အစောင့်က ချက်ချင်း ပြန်ဖြေလိုက်သည်။ သူက အမိန့်ရထားပြီးသား ဖြစ်ပုံရသည်။ သူသည် သတင်းပင်ပို့မနေဘဲ သူတို့ကို ချက်ချင်း ဝင်ခွင့်ပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ်။” အင်ပါယာနန်က ပြောရင်း သူ့လူများနှင့်အတူ အထဲသို့ လျှောက်သွားခဲ့သည်။ ဝင်သွားပြီးသည်နောက် သူတို့က လေထဲ၌ လှုပ်ရှားခဲ့ကြသည်။ စီဝေ့အင်ပါယာနန်းတော်က အလွန် ကျယ်ပြောလှသည်။ လေထဲမှ ခရီးသွားခြင်းက မြေပြင်တွင် လျှောက်နေခြင်းထက် ပိုမြန်ပေသည်။

သူတို့က ရှေးကျပြီး ခမ်းနားထည်ဝါသော နန်းတော်တစ်ခုချင်းစီကို ဖြတ်သန်းခဲ့စဥ် ရန်ဟောင်များစွာထံမှ ကြောက်မက်ဖွယ် အစွမ်းထက်လှသော အရှိန်အဝါကို ခံစားမိခဲ့ကြသည်။ နတ်အာရုံများက သူတို့ကို လွှမ်းခြုံကာ စစ်ဆေးကြည့်နေသည်။

အရှေ့တွင် ကောင်းကင်သို့ တက်လာသည့် ပုံရိပ်များစွာရှိပြီး နန်းတော်များ၏ ထိပ်တွင် မတ်တပ်ရပ်နေကြသည်။ သူတို့ကို ကြယ်အလင်းများ ဝန်းရံထားပြီး သူတို့၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှသည်။ တစ်ယောက်ချင်းစီက ထူးချွန်ထက်မြက်သော အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားပြီး အားလုံးက အစွမ်းထက်သော ရန်ဟောင်များဖြစ်သည်။

ထိုလူစုသည် ရီဖူရှင်းနှင့် သူ့လူများကို အဓိပ္ပါယ်ရှိသော အကြည့်တို့ဖြင့် ကြည့်နေကြသည်။

နောက်ထပ်လူတစ်ယောက်က လေထဲသို့ တက်လာကာ ထိုနေရာရှိ အမြင့်ဆုံးနန်းတော်ထိပ်တွင် ရပ်ကာ လူတိုင်းကို ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ “လူတိုင်းပဲ စီဝေ့အင်ပါယာနန်းတော်ကနေ ကြိုဆိုပါတယ်။”

“ဒီလို လာပြီး အနှောက်အယှက် ပေးရတာ တောင်းပန်ပါတယ်။” အင်ပါယာနန်က ယဥ်ကျေးစွာ ပြောလိုက်သည်။

“ကန့်သတ်ချက်တွေ ပြေလျော့သွားတဲ့အခါ လူတိုင်း ဒီနေရာကို လာချင်တာ သဘာဝပါပဲ။ ခင်ဗျားတို့မတိုင်ခင်လည်း လူအများကြီး ရောက်လာခဲ့ပြီးပါပြီ။” ထိုလူက ဆက်ပြောလိုက်သည်။ “စီဝေ့ကြယ်ကမ္ဘာက ချိပ်ပိတ်ခံထားရတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒါကြောင့် အပြင်ဘက်လောကက ကျင့်ကြံသူတွေနဲ့ အဆက်အသွယ် မရှိခဲ့ဘူး။ သူတို့က စီဝေ့ကြယ်ကမ္ဘာအတွင်းမှာပဲ ကျင့်ကြံနေခဲ့ရတာမို့ အပြင်ဘက်က ကျင့်ကြံသူတွေရဲ့ ခွန်အားကို သိချင်နေကြတယ်။ ခင်ဗျားတို့ သူတို့ကို အကူအညီပေးနိုင်မလား။ အချင်းချင်း သင်ယူလေ့လာလို့ ရနိုင်တယ်လေ။”

အင်ပါယာနန်က ရန်ဟောင်အဆင့်မှ အစွမ်းထက်သော ကျင့်ကြံသူများကို ကြည့်လိုက်လျှင် ထိုသူများထံ၌ မဟာလမ်းစဥ်အရှိန်အဝါတို့နှင့် ပြည့်နှက်နေသည်ကို မြင်တွေ့ခဲ့ရသည်။ သူတို့အားလုံးက ပြီးပြည့်စုံသောမဟာလမ်းစဥ်နှင့် ရန်ဟောင်များ ဖြစ်ကြသည်။ ဤသည်မှာ အင်ပါယာနန်ကို အနည်းငယ် သတိအနေအထား ဖြစ်သွားစေသည်။ ကြည့်ရသည်မှာ စီဝေ့မဟာအင်ပါယာက ဤလောက်ကို ချိပ်ပိတ်ခဲ့ပြီးနောက် သူသည် တစ်ခုခုကို ချန်ရစ်ပေးထားခဲ့ပုံရသည်။ ထျန်းဟွမ်နန်းတော်သခင် ပြောခဲ့သည့် စကားအရ မဟာအင်ပါယာ၏ စွမ်းအားက ထိုနေရာ၌ အမြဲ ရှိနေခဲ့ပြီး ဤလောကကို ကာကွယ်ပေးသည်ဟု ဖြစ်သည်။ ထိုစကားမှာ ချဲ့ကားပြောနေခြင်း ဟုတ်ပုံမရပေ။

သူက ဘေးမှ ရီဖူရှင်းနှင့် အခြားလူများကို ကြည့်လိုက်သည်။ သူက ရီဖူရှင်းအား ကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကောင်းပြီ။”

သူသည် ထိုလူများက သူတို ကျင့်ကြံခြင်းခွန်အားကို မြင်တွေ့လိုကြမည်ဖြစ်ကြောင်း သိရှိသဖြင့် သူက လေ့လာရင်း အတည်ပြုချင်နေသည်။

ထို့ပြင် သူတို့ကလည်း တူညီစွာပင် စီဝေ့ကြယ်ကမ္ဘာမှ ထိပ်သီးကျင့်ကြံသူများ၏ ခွန်အားကို အတွေ့အကြုံ ယူလိုပေသည်။

စီဝေ့အင်ပါယာနန်းတော်သည် စီဝေ့ကြယ်ကမ္ဘာအတွင်း အထူးချွန်ဆုံးသော ကျင့်ကြံသူများ စုဝေးနေသည့် နေရာဖြစ်သည်။ ထိုသည်မှာ ကောင်းကင်ဒေသ၏ နယ်မြေဆယ့်ရှစ်ခုမှ အထူးချွန်ဆုံး ပါရမီရှင်များအားလုံးက ရွေးချယ်ခံများအဖြစ် ကောင်းကင်ဒေသတွင် ကျင့်ကြံရန် အတူတကွ စုဝေးနေသည်နှင့် တူပေသည်။

ဤနေရာရှိကျင့်ကြံသူများက သည်ကမ္ဘာ၏ အထွတ်အထိပ် စွမ်းအားတို့ကို ကိုယ်စားပြုနေသည်။

ထို့ကြောင့် နှစ်ဖက်လုံးက သိချင်စိတ်များဖြင့် အချင်းချင်း စမ်းသပ်ကြည့်ချင်နေသည်။

“ဒီလိုဆိုမှတော့ လွတ်လွတ်လပ်လပ် တိုက်ခိုက်ပါ။” အခြားတစ်ဖက်မှ အဓိကခေါင်းဆောင်က ပြောလိုက်ပြီး မမြင်နိုင်သော စွမ်းအားတစ်ခုက ချက်ချင်းပင် လေဟာနယ်ကို လွှမ်းခြုံလာသည်။ ရီဖူရှင်းနှင့် သူ့လူများက ရှေ့သို့ လျှောက်လာ၏။ ရှေ့သို့ တက်လာသော လူတိုင်းက ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားကြပြီး လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများ ပါဝင်သည်။ အခြားတစ်ဖက်ကလည်း ထိုသို့သော အဆင့် တည်ရှိမှုများပင် ဖြစ်သည်။

“ကျုပ် အရင်သွားမယ်။” သောကျောက်က လေဟာနယ်အတွင်း ခြေလှမ်းလိုက်လျှင် လေဟာနယ်က တုန်ခါသွားပြီး ပြင်းထန်သည့် မြည်ဟီးမှုတစ်ခု ဖြစ်ပေါ်လာသည်။ တူညီသော အဆင့်မှ ကျင့်ကြံသူတစ်ယောက်က တစ်ဖက်မှ ထွက်လာခဲ့သည်။ သူ့မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပနေခဲ့၏။

ဘုန်း....

ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာပြီး သောကျောက်၏ လွှမ်းမိုးနိုင်သော တိုက်ခိုက်မှုက ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ တိုက်ရိုက်တိုးဝင်သွားသည်။

သူက ရန်သူကို တိုက်ခိုက်လိုက်သည့်အခါ အလွန်တောက်ပသော ကြယ်အလင်းစီးဆင်းမှုကို မြင်တွေ့လိုက်ရသည်။ တိုက်ပွဲမြေပြင်က ကြယ်ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားပုံရလေသည်။ သူ၏ ပြိုင်ဘက်က လက်ကို မြှောက်ကာ ရိုးရှင်းလှသော လက်သီးတစ်ချက် ပစ်သွင်းလာသည်။ သို့သော် ၎င်းက အလွန် လေးလံနေသလို ခံစားရပေသည်။ ၎င်း၏ အနီးတွင် ကြယ်များဝန်းရံနေပြီး သူ့ထံသို့ တစ်ချိန်တည်း စီးဆင်းလာကြောင်း ခံစားမိလိုက်သည်။

ဘန်း..

ကျယ်လောင်သော ဆူညံသံနှင့်အတူ သောကျောက်၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးက နောက်သို့ လွင့်စင်သွားခဲ့သည်။ ဤမြင်ကွင်းက သောမျိုးနွယ်စု ခေါင်းဆောင်၊ ရီဖူရှင်းနှင့် အခြားလူများကို အဆုံးမရှိ အံ့သြသွားစေသည်။ သူတို့၏ တိုက်ခိုက်မှုစွမ်းအားက ထိုမျှထိ အားကောင်းလှသည်လား။

“ဒါက သန့်စင်တဲ့ မဟာလမ်းစဥ် ကြယ်စွမ်းအားပဲ။” အင်ပါယာနန်က ရေရွတ်လိုက်သည်။ သောကျောက်သည် သူက ရန်သူကို လျှော့တွက်မိကြောင်း သိပေသည်။ ရုတ်တရက် သူ၏ နဖူးနှစ်ခုကြား အလယ်ဗဟိုမှ နတ်အလင်းတစ်ခု ထွက်ပေါ်လာသည်။ တိုက်ခိုက်ရေးနတ်ဘုရား၏ စွမ်းအားက နိုးထလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်၌ ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားများနှင့် လောင်ကျွမ်းလာသည်။ သူက ရှေ့သို့ တစ်ဖန်လှမ်းလိုက်၏။

ဘုန်း...

အလင်းတန်းတစ်ခုက ​လေဟာနယ်ထဲ ထိုးဖောက်လာပြီး သောကျောက်၏ ခန္ဓာကိုယ်က တိုက်ခိုက်ရေးနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူက ရှေ့သို့ ရွေ့လျားလာသည်နှင့် သူ့ခန္ဓာကိုယ်က တိုက်ခိုက်ရေးနတ်ဘုရား၏ နတ်ရောင်ဝါတို့ဖြင့် လွှမ်းခြုံခံထားရပေသည်။ ထိုစဥ်တွင် သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်တွင်လည်း ကြယ်အလင်းများ စီးဆင်းနေခဲ့သည်။ သူက ကြယ်များဖြင့် ဝန်းရံခံထားရသလို ထင်မှတ်ရ၏။ သူက လက်ဝါးကို မြှောက်ကာ အရှေ့သို့ ရိုက်ချလိုက်သည်။ ကြယ်များဖြင့် ဝန်းရံခံထားရသော ကြယ်မြေပုံတစ်ခု ပေါ်ပေါက်လာလေသည်။

ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး ကြယ်အလင်းလွှာက သောကျောက်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သော်လည်း ဝန်းရံ​နေသည့် ကြယ်များက အက်ကွဲလာပုံရသည်။ ထိုကြယ်များကို ကြည့်ရသည်မှာ ကြယ်မြေပုံပေါ်မှ အစီအရင်ကို ဖျက်ဆီး၍ မရနိုင်စေရန် ထောက်ပံ့ပေးနေပုံရသည်။

တစ်ဖက်လူ၏ လက်ဝါးများက ကြယ်မြေပုံပေါ်သို့ ကျရောက်လာသည်။ ချက်ချင်းပင် နဂါးငွေ့တန်းအတွင်းမှ မရေတွက်နိုင်သော ကြယ်များစွာက သောကျောက်ကို လွှမ်းခြုံသွားတော့မလို စီးဆင်းလာသည်။ သောကျောက်၏ ခန္ဓာကိုယ်က ၎င်းတို့အတွင်း ဆွဲချခံလိုက်ရသလို ထင်မှတ်ရပေသည်။

ယခု အဖြစ်အပျက်မှာ သူ ရန်သူကို လျှော့တွက်မိခြင်းနှင့် လုံးဝမသက်ဆိုင်တော့ပေ။ သောကျောက်အတွက် သူ၏ ရန်သူကို အနိုင်ယူရန်မှာ လွယ်ကူမည် မဟုတ်ပါချေ။

“ဖွင့်......”

တိုက်ခိုက်ရေးနတ်ဘုရား၏ ပိုမိုကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ အဆင့်ခြောက်၊ အဆင့်ခုနစ်နှင့် အဆင့်ရှစ် စသည်ဖြင့် အောင်မြင်စွာ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ ထို့ပြင် တိုက်ခိုက်ရေးနတ်ဘုရားတစ်ပါးက အမှန်တကယ် ထွက်ပေါ်လာသလို ထင်မှတ်ရသည်။ မရေတွက်နိုင်သော လက်သီးချက်များက ထိုကျဆင်းလာနေသည့် ကြောက်မက်ဖွယ် ကြယ်အလင်းတိုက်ခိုက်မှုများကို ထိခတ်သွားခဲ့သည်။

“ဒါက မဟာအင်ပါယာ ကျင့်ကြံခဲ့ရာ နေရာဖြစ်တဲ့ အင်ပါယာနန်းတော်ပဲ။ အင်ပါယာနန်းတော်က ကျင့်ကြံသူတွေရဲ့ စွမ်းအားက မဟာအင်ပါယာဆီကနေ ဆက်ခံခဲ့တာ။ မင်းတို့ရဲ့ ခွန်အား အစစ်အမှန်ကို ဖော်ထုတ်လိုက်။ ဒါက မင်းတို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ။” အင်ပါယာနန်က ပြောလိုက်သည်။ ချက်ချင်းပင် လူတစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ လျှောက်ထွက်လာကာ ပြိုင်ဘက်ကိုယ်စီ ရှာဖွေလိုက်ရင်း ဖြစ်ပေါ်လာမည့် တိုက်ပွဲကို စောင့်ဆိုင်းနေကြသည်။

“မင်းရော မတိုက်ခိုက်ဘူးလား။” ရန်ဟောင်တစ်ပါးက ရီဖူရှင်းကို ကြည့်ကာ မေးလိုက်၏။ သူသည်လည်း အဆင့်ခြောက်ရန်ဟောင်ဖြစ်ကာ ထူးချွန်ထက်မြက်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ရီဖူရှင်းက ထိုလူကို ကြည့်လိုက်သည်။ သူက အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ခင်ဗျား အဆင်သင့်ဖြစ်ရင်တော့ ကျုပ် စတိုက်ပါ့မယ်။ ဘာတွေပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့။”

ထိုအဆင့်ခြောက်ရန်ဟောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူတို့က အင်ပါယာနန်းတော်၏ ကျင့်ကြံသူများဖြစ်ပြီး စီဝေ့ကြယ်ကမ္ဘာတွင် ထိပ်တန်းအဆင့်၌ ရပ်တည်နေကာ သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းက ထူးချွန်ထက်မြက်သော ပါရမီများကို ပိုင်ဆိုင်ထားသည်။ ရီဖူရှင်း၏ စကားက မည်သည်ကို ဆိုလိုနေသနည်း။

“ကျုပ် စောင့်ကြည့်နေမယ်။” တစ်ဖက်လူက ရီဖူရှင်းကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ သူက ကြယ်အလင်းရောင်များဖြင့် ဝန်းရံခံထားရပြီး သူ့အနီးတွင် ကြယ်ကမ္ဘာတစ်ခု ပေါ်ပေါက်လာ၏။ စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများသည် စီဝေ့မဟာအင်ပါယာ၏ နတ်ရောင်ဝါနှင့် လွှမ်းခြုံခံထားရကာ သူ၏ အမွေအနှစ်ကို လက်ခံရရှိခဲ့ကြသည်။ ထို့ကြောင့် အမှန်တကယ် အစွမ်းထက်သော ကျင့်ကြံသူများက တူညီစွာပင် ကြယ်စွမ်းအား အထူးပြုသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။

ရီဖူရှင်းက တစ်ဖက်လူကို ကြည့်လိုက်သည်။ ထို့နောက် လျှပ်တပြက်အတွင်း သူက ရပ်နေရာမှ ပျောက်ကွယ်သွားသည်။

ခဏချင်းအတွင်း ရီဖူရှင်းသည် တစ်ဖက်လူ၏ ရှေ့သို့ ဆင်းသက်လာကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူ၏ လက်သီးတွင် မဟာလမ်းစဥ်ရောင်ဝါတို့ စီးဆင်းကာ အော်မြည်နေခဲ့သည်။ အလားတူပင် တစ်ဖက်လူသည်လည်း ကြယ်မြေပုံတစ်ခု ထုတ်လွှတ်၍ သူ့ အရှေ့တွင် ပိတ်ဆို့တားဆီးလိုက်သည်။

ရီဖူရှင်း၏ လက်သီးက ကြယ်မြေပုံပေါ် တိုက်ရိုက်ကျဆင်းလာခဲ့သည်။

ကြောက်မက်ဖွယ် မဟာလမ်းစဥ် မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး ကျယ်လောင်သော တုန်ခါသံများ လိုက်ပါလာသည်။ ကြယ်မြေပုံမှ ကြယ်များ ပေါက်ကွဲထွက်လာပြီး မြေပုံပေါ်တွင် အက်ကြောင်းများ စတင် ဖြစ်ပေါ်လာသည်။ တခဏကြာပြီးနောက် ကြယ်မြေပုံက ပြိုကွဲသွားပြီး မည်သည်မှ မကျန်တော့အောင် ပျက်စီးသွားခဲ့သည်။

ဘုန်း...

လက်သီးက ထိုလူ၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာကာ ထိုရန်ဟောင်က နောက်သို့ လွင့်စင်သွားခဲ့၏။ သို့သော် ရီဖူရှင်းသည် တမင်သက်သက် ပြန်ထိန်းလိုက်ကာ ပြိုင်ဘက်အား ပြင်းထန်စွာ ဒဏ်ရာမရရှိစေရန် လုပ်ဆောင်ခဲ့သည်။

သို့ဆိုလျှင်ပင် ထိုလူက ရပ်တန့်သွားပြီးနောက် သူ့ပါးစပ်ထောင့်မှ သွေးတို့ စီးကျလာနေသေးသည်။ သူက ခေါင်းကိုမော့ကာ ရီဖူရှင်းအား တအံ့တသြ ကြည့်လိုက်လေ၏။

***

All Chapters