← Chapters

အခန်း (၁၈၁)

Vol. 14 Ch. 181

အခန်း (၁၈၁)

Vol. 14 Ch. 181

ရှမ့်လန်သည် တကယ်ပင် စိတ်ဝင်စားသွားမိ၏။ လင်းဝူ ကဲ့သို့သော လူတစ်ယောက်သည် လက်ရှိအချိန်အထိ အဘယ့်သို့ အသက်ရှင်နေရသနည်း။ ထို့ပြင် ၎င်းကို ကြည့်ရှုရသည်မှာ ခပ်တည်တည်ဖြင့် လာရောက်ကာ မောက်မာရဲလို့နေ၏။ သူ၏နောက်ဘက်တွင် ရှိနေသည့် အရာရှိများက မည်သူဖြစ်သနည်း။ အနည်းငယ် ရင်းနှီးနေပုံပေါ်၏။

ထိုသူသည် ရွှဲ့ပြည်နယ် ရက်ကန်းဌာနဆီမှ အရာရှိတစ်ယောက်ပင် ဖြစ်၏။ ရှစ်ကွမ်းယွမ်သည် ရက်ကန်းဌာနနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်၏။ ယခု ရှစ်ကွမ်းယွမ် သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် လင်းဝူက ထိုနေရာကို အစားထိုး ဝင်ရောက်လိုက်လေသည်လား။

ရှမ့်လန်က ပြောလိုက်သည်။ “ဆရာကြီးလင်း ... ရှစ်ကွမ်းယွမ်ရဲ့ စီးပွားရေးကို ခင်ဗျား ဆက်ခံလိုက်ပြီလား”

လင်းဝူက ပြန်လည်ပြောဆိုလိုက်၏။ “ကျုပ်က ပါရမီ မပါပါဘူး။ ဒါပေမဲ့ ရက်ကန်းဌာနက ဆရာကြီးတွေက ကျုပ်နဲ့ ရင်းနှီးကြတယ်။ သူတို့က ကျုပ်ကို ရှစ်ကွမ်းယွမ်နေရ ယူဖို့အတွက် လျာထားပေးခဲ့ကြတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဂုဏ်ယူပါတယ်။ ဂုဏ်ယူပါတယ်။ လူကြီးမင်းရှစ်က သနားစရာ သေဆုံးသွားခဲ့တာလေ။ ကျုပ်တို့ ရွှမ်ဝူအိမ်တော်ကလည်း ပိုးချည်မျှင်တွေ လုပ်တဲ့ စီးပွားရေးကို စိတ်ဝင်စားပါတယ်။ အနာဂတ်မှာ ကျုပ်တို့က ဆရာကြီးလင်းရဲ့ အကူအညီကို မှီခိုရတော့မှာပေါ့”

‘မင်းတို့ ရွှမ်ဝူအိမ်တော်က အနာဂတ်ဆိုတာ မရှိတော့ဘူး’

လင်းဝူသည် အပြုံးတုတစ်ခုကို ဆင်မြန်းထား၏။ သူ့ကို ကြည့်ရသည်မှာ အလွန်သတိထားသည့် ဟန်ပန် အမူအရာမျိုးဖြစ်၏။ သို့ပေမည့် သူ၏သား လင်းကျိုးသေဆုံးခဲ့ရပြီးသည့်နောက် သူသည် ကျိန်းသေပေါက် တစ်ဖက်လူများကို ဖိနှိပ်နင်းချေပစ်ရန် စိတ်အားထက်သန်လျက် ရှိနေ၏။

သူသည် ရှစ်ကွမ်းယွမ်၏နေရာ၌အစားထိုးဝင်ရောက်ခဲ့ပြီး ရက်ကန်းဌာနနှင့် ပူးပေါင်းလုပ်ဆောင်သည့် လူတစ်ယောက် ဖြစ်လာခဲ့၏။ ချင်းကန်မြို့စားအိမ်တော်၊ ဝူကျောက်ကျုံးသည် လူပေါင်းများစွာကို စေလွှတ်ပြီး လင်းကျိုးကို သတ်ဖြတ်ပစ်ခဲ့၏။ သူသည် လင်းဝူကို ပုရွက်ဆိတ်လေး တစ်ယောက်ကဲ့သို့ ဖိနှိပ်နင်းချေနိုင်သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် မလုပ်ခဲ့ချေ။

ထိုကဲ့သို့ မလုပ်ခြင်းကပင်လျှင် လင်းဝူအတွက် ကြီးမားသည့် အခွင့်အရေးတစ်ခု ဖြစ်စေခဲ့၏။ ရှစ်ကွမ်းယွမ်က သေဆုံးသွားခဲ့ပြီဖြစ်၏။ ရှစ်မိသားစုကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ရက်ကန်း ဌာနတွင် ရှိနေသည့် လုပ်ငန်းစဉ်အားလုံးကို သူက ဆက်ခံရယူခဲ့၏။ ထျန်းလန်စီရင်စုတွင် ပိုးချည်မျှင်ပြုလုပ်သည့် စီးပွားရေးသမား အများအပြားရှိ၏။ သို့ပေမည့် သူတို့လောက် အတွေ့အကြုံမရှိကြချေ။

ရှစ်မိသားစု ကျန်ရှိခဲ့သည့် ကြီးမားသည့် စျေးကွက်ဝေစုသည် သူတို့ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ထို့ကြောင့် လူကုံတန်ပွဲရုံ၏ လင်းဝူသည် ရှားရှားပါပါးအခွင့်အရေးကို ရရှိခဲ့ခြင်း ဖြစ်၏။ ချင်းကန်သည် လင်းဝူကို သေသေချာချာ ကူညီခဲ့၏။ ထို့ကြောင့်ပင်လျှင် လက်ရှိအခြေအနေဆီသို့ ရောက်ရှိ ခဲ့ခြင်းပင်။ ထိုကဲ့သို့ ရရှိရန် တစ်ဖက်တစ်လမ်းက ဘာများ ပြန်လည်ပေးဆပ်ရမည်ဆိုသော် သူသည် ရှမ့်လန်ဆီသို့ ရောက်ရှိလာခဲ့ပြီး ဤကဲ့သို့ ဒုက္ခပေးရမည် ဖြစ်၏။

ရွှမ်ဝူအိမ်တော်သည် ပြိုလဲကျတော့မည်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ခွေးများ၊ ကြောင်များပင်လျှင် ခုန်ဝင်ကာ တိုက်ခိုက်လျက် ရှိနေကြ၏။

ယခု လင်းဝူသည် သူတို့၏ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး ပါးပိတ်ရိုက်ရန် စဉ်းစားထားခဲ့၏။ ထို့အတူ အခြေအနေတစ်ခုလုံးကို စမ်းသပ်ချင် စိတ်လည်း ရှိ၏။ ရွှမ်ဝူအိမ်တော်သည်သာ တကယ်တမ်း စိတ်ပျက်လက်ပျက် အခြေအနေမျိုးကို ကျရောက်နေသည်ဆိုပါက သူလုပ်သမျှကို ခါးစည်းခံရပေမည်။

ပြီးနောက် သူသည် ကျူးဝမ်ဟွာကို သွားရောက်ကာ ရှာဖွေခဲ့၏။ ကျူးဝမ်ဟွာသည် အရာရှိဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး မြို့၏ အရာရှိတစ်ယောက်အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သူသည် ဝမ်လျှံ၏ နေရာ၌ အစားထိုးဝင်ရောက်ခဲ့သူတစ်ယောက်လည်း ဖြစ်၏။ ယခင်တုန်းက သူသည် စာရေး တစ်ယောက်မျှသာ ဖြစ်၏။ ယခုအချိန်မှာတော့ ပိုမိုကောင်းမွန်သည့် ရာထူးဖြင့် အဆင့်တိုးတက်ခဲ့သည်။

မြို့စား လျှိုဝူယမ်ကလည်း ရောက်ရှိလာခဲ့၏။ ထိုက်ချူးစီရင်စုဆီမှ အရာရှိများအားလုံး ရောက်ရှိ လာခဲ့ခြင်းဟု ပြောဆိုရပေလိမ့်မည်။ ထိုတင်မကသေးချေ နန်းမြို့တော်ဆီမှ အရာရှိတစ်ယောက်ကလည်း ပါဝင်လာသေး၏။

“ကျုပ်နာမည်က ဝမ်ကွက်ပါ။ အထူးတရားရုံးရဲ့ ဒုတိယ အရာရှိတစ်ယောက်ပဲ။ သခင်လေးရှမ့်လန်က လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက တောင်ဘက်ပိုင်းကို ခရီးသွားခဲ့တယ်လို့ ဆိုတယ်။ ခင်ဗျားတို့ သွားခဲ့တဲ့ ခရီးစဉ်လမ်းလျှောက်မှာ မြို့စားလေးကျူးလန်ထင် သေဆုံးခဲ့တဲ့နေရာနဲ့ နီးစပ်နေတယ်။ ဒါ့ကြောင့် ကျုပ်တို့ လာပြီး စုံစမ်းစစ်ဆေးရတာပါ”

အထူးတရားရုံးဆိုသည်မှာ ရွှဲ့ပြည်နယ် တစ်ခုလုံးတွင် အရေးကြီးဆုံးသော စစ်ဆေးရေးရုံးတစ်ခုဖြစ်၏။ ထို့ကြောင့်ပင်လျှင် အထူးတရားရုံးကိုလည်း ခေါ်ဆိုခြင်းဖြစ်၏။ အဓိကအမှုတွဲကြီးများကို ကိုင်ဆောင်သည့် ဌာနတစ်ခုလည်း ဖြစ်သည်။

ကျူးဝမ်ဟွာတစ်ယောက်တည်းနှင့် ဤကဲ့သို့ အထူးတရားရုံးကို လှုပ်ရှားအောင် ပြုလုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အနောက်ဘက်တွင် တကယ့် ထိပ်သီးခေါင်းဆောင်ကြီးများ ပါဝင်နေမှာ သေချာ၏။ အထူးတရားရုံး၏ ဒုတိယခေါင်းဆောင်ကိုပင်လျှင် ရှမ့်လန်ကို ပြဿနာရှာရန် ခိုင်းစေနိုင်သည် ဆိုသောကြောင့် မည်သူညွှန်ကြားခဲ့သနည်း။ ဘုရင်မင်းမြတ်၏ မိဖုရားတစ်ပါးပါလား။ သို့မဟုတ် မင်းသား တစ်ပါးပါလား။

ကျိန်းသေပေါက် ဘုရင်မင်းမြတ်တော့ ဟုတ်မည်မထင်ချေ။ ရွှမ်ဝူသည် ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်နေ၏။ ရွှမ်ဝူအိမ်တော်တစ်ခုလုံးကလည်း ပျက်စီးလုနီးပါး ဖြစ်နေ၏။ ထိုသို့သောအချိန်တွင် ဘုရင်မင်းမြတ်သည် ညှာတာထောက်ထားမှုကို ပြသရမှာ ဖြစ်ပြီး သူ၏ကြင်နာသနားမှုကို အားလုံးသောသူတို့ သိအောင် ထုတ်ဖော်ပြသမှာ ဖြစ်၏။

အခြားတစ်ဖက်က ပြောရမည်ဆိုလျှင် မင်းကို ငါသတ်မည်။ သို့ပေမည့် တခြားသောတစ်ဖက်မှာတော့ ရွှမ်ဝူကို ကုသရန်အတွက် သမားတော်များကိုပင် စေလွှတ်ပေးလျက် ရှိနေ၏။ ဤကဲ့သို့ အောက်ခြေလူတန်းစားများ စေလွတ်ကာ အနိုင်ကျင့်စေခြင်းအမှုကို ဘုရင်မင်းမြတ်က ကျိန်းသေပေါက် ပြုလုပ်လိမ့်မည် မဟုတ်ချေ။

ထိုသို့ဆိုလျှင် အုပ်ချုပ်ရေးမှူး ကျူးကျွင်းလည်း မဖြစ်နိုင်ပေ။ သူသည်လည်း ရွှမ်ဝူအိမ်တော်အား ကြင်နာသနားမှု ပြသရမှာ ဖြစ်၏။ ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရခြင်း၏နောက်ကွယ်တွင် ရှိနေသော အဓိကအင်အားစုများထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူသည် အားလုံးသော အခြေအနေတို့ကို သတိထားရပေမည်။ မြို့စားလေး ကျူးလန်ထင် သေဆုံးခြင်းကဲ့သို့သော အရာမျိုးကို အလုပ်ရှုပ်ခံကာဖြင့် ပါဝင်ပတ်သက် လိမ့်မည် မဟုတ်ပေ။

ဘုရင်မင်းမြတ်လည်း မဟုတ်ချေ။ ထို့အပြင် အုပ်ချုပ်ရေးမှူး ကျူးကျွင်းလည်း မဟုတ်ချေ။ ရှမ့်လန်၏ စိတ်ထဲတွင် အရာအားလုံး ရှင်းလင်းသွားခဲ့ပြီဖြစ်၏။

ထို့ကြောင့် သူသည် လူကုံတန်ပွဲရုံ၏ လင်းဝူကို လှမ်းကာ ပြောလိုက်သည်။ “ဆရာကြီးလင်း... အင်း ဒီလိုမျိုး အတူတူရောက်ရှိလာမယ်လို့ ကျုပ်မထင်မိဘူးလေ”

လင်းဝူသည် နှာခေါင်းကို ရှုံ့လိုက်၏။ နံရံပြိုကျပြီဆိုမှတော့ အားလုံးသောသူတို့သည် ဝိုင်းဝန်းကာ ကန်ကျောက်ရမှာ ဖြစ်၏။ ဤအရာသည် သာမန်သာလျှင် ဖြစ်၏။

‘ရွှမ်ဝူအိမ်တော်က မကြာခင် ဖျက်ဆီးခံရတော့မယ်။ ပြီးတော့ လက်စားချေခြင်းကိုလည်း ခံရတော့မယ် ဒီအခြေအနေမှာ လူပေါင်းများစွာ တို့က ဝိုင်းပြီးနင်းချေတယ်ဆိုတာ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ပြိုကျတာ ကိုယ့်အပြစ်ပဲ’

ရှမ့်လန်သည် ကျေနပ်စွာဖြင့် ပြောလိုက်သည်။ “ဆရာကြီးလင်း.. ကျုပ် ရွှေဒင်္ဂါး တစ်ထောင် အကြွေးတင်နေတယ် ဟုတ်လား”

လင်းဝူက ပြောလိုက်၏။ “အင်း... အတိုးအပါအဝင်ဆိုရင် ရွှေဒင်္ဂါး ၁၃၀၀ ဖြစ်သွားပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “အားနာပါတယ်။ အားနာပါတယ် ... ကျုပ် ဒီအကြွေးကို မေ့လျော့နေတယ်။ တစ်ယောက်ယောက် လာခဲ့စမ်းပါအုံး။ ရွှေဒင်္ဂါး ၁၃၀၀ လောက် ပေးပါအုံး”

ကျင်းကျူးက ကြောင်အသွားခဲ့၏။ “သမက်တော် အိမ်မှာ အဲ့လောက်ကြီး ပိုက်ဆံမရှိဘူးလေ”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ဘာပဲပြောပြော အကြွေးရှိရင် ပေးရတော့မှာပေါ့။ ပိုက်ဆံ သွားယူလိုက်”

“ကောင်းပါပြီ” ကျင်းကျူးက ပြောလိုက်၏။

ခဏလောက်ကြာပြီးသည့်နောက် ကျင်းကျုံးသည် သေတ္တာတစ်လုံးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့၏။ ထိုသေတ္တာသည် အနည်းငယ်လေးလံလို့နေသည်။

ရှမ့်လန်က ပြောလိုက်၏။ “ဆရာကြီးလင်း ရေကြည့်ပါအုံး”

လင်းဝူသည် နှာခေါင်းကို အဝတ်နှင့်ဖိပြီးသည့်နောက် လက်အိတ်တစ်ခုကို ဝတ်ဆင်ကာဖြင့် သေတ္တာကို ဖွင့်လိုက်၏။ အထဲတွင် ရှိနေသည့် ရွှေဒင်္ဂါးများကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် သေသေချာချာ ရေတွက်လိုက်၏။ သို့ပေမည့် သူသည် ထိုရွှေဒင်္ဂါးများကို လက်ဖြင့် ထိကိုင်ကာ ရေတွက်ခဲ့ခြင်း မဟုတ်ချေ။ တူတစ်စုံကို အသုံးပြုကာဖြင့် တစ်ပြားချင်းစီ လှမ်းကာ ရေတွက်ခဲ့ခြင်းပင် ဖြစ်သည်။

ရွှေဒင်္ဂါးများကို ဘာလုပ်ထားမည်ဆိုသည်ကို သူ မသိချေ။ ရှမ့်လန်ဆိုသည့်ကောင်သည် တကယ်ပင် မောက်မာပြီး ကောက်ကျစ်လွန်းသည် မဟုတ်ပါလား။ သူသည် အသက်ရှူနှုန်းများကိုပင် ထိန်းချုပ်ထားခဲ့၏။ အသက်ပင် ရဲရဲ မရှူရဲချေ။

ရှမ့်လန်က ပြောလိုက်၏။ “ဆရာကြီးလင်း... ဒါဆိုရင် ကျေသွားပြီနော်။ ကျုပ် ခင်ဗျားအပေါ် ဘာကြွေးမှ မရှိတော့ဘူး”

လင်းဝူက အေးစက်စက် ပြောလိုက်သည်။ “အင်း... အကြွေးတော့ ပေးခဲ့ပြီးပြီ ဒါပေမဲ့ ရွှမ်ဝူအိမ်တော်က ကျုပ်ကို အကြွေးတင်နေသေးတယ်။ အခု ရှင်းသွားတာ မင်းရဲ့အကြွေးတွေ”

ရှမ့်လန်က ကြောင်အသွား၏။ “ရွှမ်ဝူအိမ်တော်က ခင်ဗျားကို ဘယ်တုန်းက အကြွေးတင်သွားတာလဲ”

လင်းဝူက ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်က လူတွေက ပိုးစာပင်တွေ ရောင်းခဲ့တယ်လေ။ ဟုတ်တယ် မဟုတ်လား”

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်ပါတယ်.. ဒီလိုကိစ္စရှိတယ်။ ပိုးအိမ် ၇၀ ရာခိုင်နှုန်းကို ရှစ်ကွမ်းယွမ်ဆီ ရောင်းပြီးတော့ ၃၀ ရာခိုင်နှုန်းကို ခင်ဗျားတို့ဆီကို ရောင်းခဲ့တယ်”

လင်းဝူက ပြောလိုက်သည်။ “အဲဒါကြောင့်ပဲလေ ခင်ဗျားတို့က နှစ်စဉ်နှစ်တိုင်း ပိုးအိမ်တွေကို ပေးခဲ့တယ်။ ဒီနှစ် ရွှမ်ဝူအိမ်တော်က ပေးခဲ့တဲ့ အရေအတွက်က အရမ်း နည်းနေတယ်။ ဒီတော့ ကျုပ်တို့ရဲ့ စီးပွားရေးက မမြတ်တော့ဘူး။ ရှုံးတောင်ရှုံးတယ်။ ရွှမ်ဝူအိမ်တော် အနေနဲ့ လျော်ကြေး ပေးရမယ် မဟုတ်လား။ ရွှေဒင်္ဂါး ၂၅၀၀.. လေးလစာ အတိုးနဲ့ဆို ရွှေဒင်္ဂါး ၃၃၀၀ ဖြစ်သွားပြီ”

ရှမ့်လန်သည် ပြုံးလိုက်မိ၏။ အစတုန်းက ရွှမ်ဝူအိမ်တော်သည် ပိုးအိမ်များကို ရောင်းချရန် ပြင်ဆင်ခဲ့၏။ သို့ပေမည့် လင်းဝူသည် ရှစ်ကွမ်းယွမ်နှင့် ပူးပေါင်းပြီးနောက် ပိုးအိမ်များကို မဝယ်ခဲ့ချေ။ ဈေးတင်ချိန်မှ အလုအယက် ဝယ်ယူခဲ့သည်။ ပြီးနောက် နစ်နာသည်ဆိုကာ ယခု ပိုက်ဆံလာတောင်းလို့နေ၏။

ရွှမ်ဝူအိမ်တော်၏ အောက်ခြေစည်းမျဉ်းကို စမ်းသပ်ရန် ကြိုးစားနေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သူတို့ မည်မျှဆိုးရွားသည့်အခြေအနေဆီသို့ ရောက်ရှိနေကြောင်း လာရောက်စမ်းသပ်ခြင်းလည်း ဖြစ်သည်။

ရှမ့်လန်သည် ကြောင်အအဖြင့် ပြောလိုက်၏။ “ရွှမ်ဝူအိမ်တော်က ဒီတလောအတွင်းမှာ ရှုံးနှိမ့်မှုတွေ အများကြီး ခံစားနေရတယ်။ ဒါ့ကြောင့် ကျုပ်တို့အနေနဲ့ ပိုက်ဆံသုံးစရာနေရာတွေ အများကြီး ဖြစ်နေတယ်။ လောလောဆယ် ပိုက်ဆံပြတ်နေပါတယ်။ လူကြီးမင်းလင်းအနေနဲ့ ခဏလောက် စောင့်ပေးနိုင်မလား”

လင်းဝူက ပြောလိုက်သည်။ “ရက်ဘယ်လောက် လောက်လဲ”

ရှမ့်လန်က ပြောလိုက်၏။ “သုံးရက်လောက်ပါပဲ။ သုံးရက်”

လင်းဝူက ပြောလိုက်သည်။ “ကောင်းပြီ။ ပိုက်ဆံဆိုတာ အကြွေးရှိရင် ပေးရတယ်နော်။ သုံးရက်ထက်ပိုပြီး နှောင့်နှေးလို့မရဘူး။ ကျုပ် ပိုက်ဆံအကြွေးလာယူမယ်”

အောက်ခြေစည်းမျဉ်းကို စမ်းသပ်နေခြင်းဖြစ်သည်ဆိုလျှင်တောင် လင်းဝူသည် မောက်မောက်မာမာနှင့် မပြုလုပ်ရဲချေ။ သို့ပေမည့် သူ၏ဘေးတစ်ဖက်တွင် အထူးတရားရုံးဆီမှ လူရှိနေ၏။ ထို့ကြောင့် သူသည် မောက်မာရဲလို့နေသည်။ ရှမ့်လန်သည်သာ ထိုသူတို့၏ ဖမ်းဆီးခြင်းကို ခေါ်ရသည်ဆိုပါက ကျိန်းသေပေါက် စစ်ဆေးမေးမြန်းမှုကို ခံရမည်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေမျိုးသို့ ရောက်ရှိ သွားပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် လူကြီးမင်းလင်း.. သုံးရက်အတွင်း ကျုပ်ပေးပါ့မယ်။ ရွှေဒင်္ဂါး ၃,၅၀၀ တိတိကို ကျုပ်ပေးပါ့မယ်။ ဒီမှာ ကျုပ်သဘောတူညီမှုစာချုပ် ရေးပေးလိုက်မယ်။ ဘယ်လိုထင်လဲ”

လင်းဝူသည် ခဏလောက် တွေးတောပြီး ပြောလိုက်သည်။ “အင်း.. ရွှမ်ဝူရဲ့မျက်နှာကြောင့် ကျုပ်သဘောတူ လိုက်မယ်”

ပြီးနောက် ရှမ့်လန်သည် သဘောတူညီမှုစာချုပ်ကို ရေးထိုးခဲ့၏။ သူသည် ရွှေဒင်္ဂါး ၃,၅၀၀ ကို လင်းဝူဆီမှ ချေးငှားမိခဲ့ကြောင်းနှင့် သုံးရက်အတွင်း ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းကို ရေးသားခဲ့ခြင်းပင်။ ပြန်မပေးပါက လူကြီးမင်းလင်းဝူအနေနှင့် ရွှမ်ဝူအိမ်တော်၏ မြေဧက ၅၀၀ ဧကကို ယူဆောင်သွားနိုင်သည် ဟူသော အဓိပ္ပာယ်ပင်။

“နှုတ်ဆက်ပါတယ်”

လင်းဝူသည် အသာပင် ပြောဆိုလိုက်၏။ ပြီးနောက် သူသည် တိုက်ရိုက်ဆိုသလိုပဲ အပြင်ဘက်သို့ ထွက်လျှောက်သွားခဲ့၏။ ထွက်လျှောက်သည့်အချိန်မှာတော့ လင်းဝူသည် မည်သူ့ကိုမှ မနေနိုင်တော့ချေ။ လှမ်းကာ ပြောလိုက်မိ၏။ “ရှမ့်လန်.... အင်း မင်း ဘယ်လောက်အရင်တုန်းက ဘယ်လောက် မောက်မာ ၊ မောက်မာ အခု တော်တော်ကို အခြေအနေဆိုးနေပြီထင်တယ်။ အခု နောင်တရနေပြီ မဟုတ်လား”

ပြီးနောက် လင်းဝူက လျှောက်ထွက်သွားခဲ့သည်။

ရွှမ်ဝူမြို့၏ အရာရှိအသစ်ဖြစ်သော ကျူးဝမ်ဟွာသည် လှမ်းကာ ပြောဆိုလိုက်၏။ “ရှမ့်လန်... အကြွေးကိစ္စတွေ ရှင်းသွားပြီဆိုတော့ အခု ကျုပ်အလှည့်ပဲ။ ကျုပ်တို့နဲ့ အခု လိုက်ခဲ့ပါ။ ကျုပ်အဖေကို ခင်ဗျား ဘယ်လို အသေးစိတ် သတ်ဖြတ်ခဲ့တယ်ဆိုတာ စစ်ဆေးရမယ်”

ယခု လင်းဝူ၏ကိစ္စက ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ရှမ့်လန်ကို ဆက်တိုက်ဆိုသလိုပင် ဖိအားပေးရန် အတွက် ပြင်ဆင်လိုက်ခြင်းပင်။ အားနည်းနေတုန်း သွားရောက်ကာ တိုက်ခိုက်ခြင်းဆိုသည်မှာ တကယ်ကို ပြုလုပ်၍ကောင်းသည့် အရာမျိုးပင်။

‘ရှမ့်လန်.... မင်းအရင်တုန်းက မောက်မာခဲ့တယ် မဟုတ်လား။ အခုရော မောက်မာရဲသေးရဲ့လား’

ယခု ရွှမ်ဝူအိမ်တော်သည် ဆိုးရွားသည့်အခြေအနေဆီသို့ ရောက်ရှိလျက်ရှိနေ၏။ ရှမ့်လန်သည် ဘာတစ်ခုမှ အသုံးမဝင်တော့ချေ။ သေးငယ်သည့် စီးပွားရေးသမားတစ်ယောက်ပင်လျှင် ရှမ့်လန်၏ ခေါင်းပေါ်သို့ တက်နင်းသွားခဲ့ပြီဖြစ်၏။

လက်ရှိအခြေအနေ၌ သူသည် တကယ့်ကို အားကောင်းသည့် အရာရှိများကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။ အထူးတရားရုံးဆီမှ အရာရှိကြီးတစ်ယောက်ပင် ပါဝင်လျက် ရှိနေ၏။ သာမန်လူများသည် အထူးတရားရုံး ဆိုသည့်အသံကို ကြားသည်နှင့်တစ်ပြိုင်နက် ချီးပါထွက်ကျနိုင်သည်။

ယခု အထူးတရားရုံးဆီမှ လူများသည် အထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်လေ၏။ အရေခွံခွာရန် အဆင်သင့်ပင်။

ရှမ့်လန်သည် ဦးညွတ်ကာ ပြောလိုက်၏။ “ကဲ ဆရာကြီးတို့ ဘာ့ကြောင့်လဲဆိုတာတော့ ကျုပ်မသိပါဘူး။ ဒါပေမဲ့ ကျုပ် နည်းနည်းလေး အလုပ်များနေတယ်ဗျာ။ ရိုင်းတယ်လို့တော့ မထင်ပါနဲ့။ ချွေးတွေပြန်နေလို့ အဝတ်သွားလဲလိုက်အုံးမယ်။ ပြီးတော့ ပြန်ပြောကြတာပေါ့”

ကျူးဝမ်ဟွာက ရယ်မောကာ ပြောလိုက်သည်။ “အင်း အခုက ဆောင်းဦးရာသီ၊ နွေဦးအဝင်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သမက်တော်ရှမ့်လန်က ချွေးတောင်ထွက်နေပြီ။ ဘာလဲ ကြောက်နေလို့လား”

“ခဏလေးပါ။ ခဏလေးပါ” ရှမ့်လန်သည် ဦးညွတ်ကာ ပြောလိုက်၏။ ပြီးနောက် သူသည် အနောက်ဘက်ခန်း ဆီသို့ အသာဆုတ်လိုက်၏။

ရှမ့်ဆယ့်သုံးသည် သူ၏ရှေ့တွင် ဒူးထောက်ကာဖြင့် လှုပ်ရှားမှုကင်းမဲ့စွာ ရှိနေသည်။

“သွား.. လင်းဝူကို သွားသတ်လိုက်” ရှမ့်လန်က အမိန့်ပေးလိုက်၏။

“ကောင်းပါပြီ” ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ ပြီးနောက် သူသည် တာဝန် ထမ်းဆောင်ရန် ပြင်ဆင်လိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “မင်းက တကယ့်ကို စိတ်မရှည်ဘူးပဲ။ ဘယ်လိုသတ်ရမလဲဆိုတာ သိလို့လား”

ရှမ့်ဆယ့်သုံးသည် ခပ်တည်တည်ဖြင့် မေးမြန်းလိုက်သည် “ကျေးဇူးပြုပြီး ပြောပြပါအုံး ဆရာ”

ရှမ့်လန်က ပြောလိုက်၏။ “ဒီလူကုံတန်ပွဲရုံရဲ့ ပိုင်ရှင်က အံ့အားသင့်စရာပဲ။ ထျန်းဟန်လည်း သေသွားပြီ။ ရှစ်ကွမ်းယွမ်လည်း သေသွားပြီ။ ကျူးလန်ထင်လည်း သေသွားပြီ။ သူကတော့ အသက်ရှင်လျက် ရှိနေသေးတယ်။ ပြီးတော့ ဒီလို အခြေအနေမျိုးမှာ အရှေ့ကို ထွက်လာပြီးတော့ မျက်နှာလာရိုက်ရဲတယ်။ အံ့အားသင်စရာပဲ”

ရှမ့်ဆယ့်သုံးသည် မြေပေါ်တွင် ဒူးထောက်လျက် ရှိနေ၏။ မလှုပ်ရှားရဲချေ။

ရှမ့်လန်က ပြောလိုက်သည်။ “သူက တကယ့်ကို အံ့အားသင့်စရာကောင်းတယ်။ ဒီတော့ သူ့ကို ထူးခြားတဲ့ နည်းလမ်းနဲ့ ပေးသေရမယ်။ အဆိုးဆုံး၊ ရွံစရာအကောင်းဆုံးနည်းလမ်းနဲ့ သေရမယ်။ ပြီးတော့ ကျုပ်တို့ ရွှမ်ဝူအိမ်တော် လုပ်တာလည်း မဖြစ်ရဘူး”

ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “ကျုပ်က ညံ့ဖျင်းပါတယ်။ ကျေးဇူးပြုပြီး ပြောပြပါအုံး ဆရာ”

ရှမ့်လန်က ပြောလိုက်သည်။ “လင်းမိသားစုထဲမှာ တခြားသူတွေ ရှိသေးလား”

ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “လင်းကျိုးသေသွားပြီးတဲ့အချိန်မှာ လင်းဝူရဲ့ကျေးကျွန်နဲ့ မယားငယ်တွေ အကုန်လုံးက ထွက်ပြေးသွားကြတယ်။ အခု လင်းဝူရဲ့ မိန်းမတစ်ယောက်နဲ့ တခြား သားနှစ်ယောက်ပဲ ကျန်တော့တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အားလုံးကို သတ်လိုက်။ ပြီးတော့ အဲဒီ ရက်ကန်းဌာနက အရာရှိကိုကောပဲ သတ်ရမယ်။ သူက လင်းဝူအိမ်မှာ နေတယ်ဆိုရင် သတ်”

ရှမ့်ဆယ့်သုံးသည် ပုခုံးပင် တွန့်လိုက်မိ၏။ ဤရက်ကန်းဌာနဆီမှ အရာရှိသည် အဆင့်ခုနစ် အရာရှိ တစ်ယောက်သာ ဖြစ်သော်လည်း ရက်ကန်းဌာနမှ အရာရှိတစ်ယောက်ပင် ဖြစ်၏။ သတ်ဖြတ်မည် ဆိုပါက အကျိုးဆက်က ကြောက်မက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။

ရှမ့်လန်သည် မျက်လုံးကိုမှိတ်ပြီး လင်းဝူမိသားစုကို မည်သည့်သဲလွန်စမှ မကျန်အောင် မည်သို့ သတ်ဖြတ်ရမည် ဖြစ်ကြောင်း စဉ်းစားနေမိ၏။ မိနစ်ဝက်ခန့်ကြာမြင်ပြီးသည့်နောက် သူ အကြံအစည် တစ်ခုကို ရခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “လင်းမိသားစု အိမ်တော်က အချိန်အတော်ကြာတည်းက စွန့်ပစ်ခြင်းကို ခံခဲ့ရတာဆိုတော့ သူတို့ဆီမှာ ကျေးကျွန်တွေ မရှိဘူး။ အိမ်သာတွေကိုလည်း ဘယ်သူမှ သန့်ရှင်းမှာ မဟုတ်ဘူး။ ဒီတော့ ညစ်ပတ်နေလိမ့်မယ်။ လင်းမိသားစုရဲ့ အိမ်ထဲကို ခိုးဝင် ... ပြီးတော့ သူတို့မှာ အိမ်သာရှိလား ရှာကြည့်။ အိမ်သာက ညစ်ပတ်နေပြီဆိုရင် ဘယ်သူမှ သန့်ရှင်းရေးမလုပ်ထားတာပဲ”

ရှမ့်ဆယ့်သုံး၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားခဲ့၏။ သူက ပြောလိုက်၏။ “ကောင်းပါပြီ”

ရှမ့်လန်က ပြောလိုက်၏။ “ပြီးတော့ သူတို့ အစားအစာထဲကို ဝမ်းသွားစေမယ့်အရာတွေ ထည့်လိုက်”

ရှမ့်ဆယ့်သုံးက ပြောလိုက်သည်။ “ကောင်းပါပြီ”

ရှမ့်လန်က ထပ်မံကာ မှာလိုက်၏။ “ဒါဆိုရင် သူတို့ မဖြစ်မနေ အိမ်သာကို အသုံးပြုရတော့မယ်။ အိမ်သာက မသန့်ရှင်းထားဘူးမို့လား။ အိမ်သာထဲကို ငါတို့က မီသိုင်းတွေ ထည့်ရမယ်။ ဆာလဖျူရစ်အက်ဆစ် တစ်ပုံးလောက် လောင်းရမယ်။ ဆာလဖျူရစ်အက်စစ် လောင်းလိုက်မယ်ဆိုရင် ဟိုက်ဒရိုဂျင်တွေက ထပြီး ပေါက်လာလိမ့်မယ်”

“မလုံလောက်သေးဘူး။ ဒီလောက်နဲ့ မလုံလောက်သေးဘူး။ အိမ်သာထဲက ကြမ်းခင်းတစ်ဝက်လောက်ကို အရင်ဆုံး ပိုင်းဖြတ်ထားမယ်။ အဲဒါမှ သူတို့ အောက်ထဲကို ကျပြီးသေမှာ။ ဒါဆိုရင် တကယ့်ကို ရွံစရာကောင်းတဲ့ နည်းလမ်းနဲ့ သေပြီပဲ။ အိမ်သာထဲထဲကို ကျမယ်။ ချီးတွေက ပါးစပ်ထဲကို ဝင်မယ်။ ကဲ ဘယ်လောက်ကောင်းလဲ”

ရှမ့်လန်သည် ရှမ့်ဆယ့်သုံးကို အသေးစိတ်တစ်ခုချင်းစီ မှာကြားနေသည်။

“ကောင်းပါပြီ။ သွားလုပ်ပါတော့မယ်” ရှမ့်ဆယ့်သုံးသည် ဒူးထောက်ရာမှ ထကာ ထွက်ခွာသွားခဲ့၏။ သူသည် ခြေထောက်များပင် ပျော့ခွေလျက်ရှိနေ၏။ သူ၏ဆရာသည် တကယ်ကို မိစ္ဆာတစ်ကောင်ပင် ဖြစ်၏။ လူကို သတ်ရုံတင် မကသေးချေ။ အဆိုးဝါးဆုံးနှင့် ရွံစရာအကောင်းဆုံး နည်းလမ်းဖြင့် သတ်ရန် မှာကြားခဲ့၏။

ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ မေးလိုက်သည်။ “ရှမ့်ဆယ့်သုံး... ဘာဖြစ်လို့ မင်းခန္ဓာကိုယ်က တဆတ်ဆတ် တုန်နေတာလဲ”

ရှမ့်ဆယ့်သုံး၏ နှလုံးသားများသည် တုန်ယင်လျက်ရှိနေ၏။ ‘ဆရာ... ကျုပ် ဘာ့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေတယ်လို့ ထင်လဲ’

ကံကောင်းစွာဖြင့် သူ၏ဆရာသည် သူ့ကို သတ်ဖြတ်ပစ်ရန် မစဉ်းစားခဲ့ချေ။ တကယ်တမ်းသာ သတ်ဖြတ်ရန် ဆုံးဖြတ်မည်ဆိုပါက သူ အရင်ဆုံး ကိုယ့်ကိုယ်ကို သတ်သေလိုက်ပေလိမ့်မည်။ ထိုမှသာလျှင် အဆိုးဝါးဆုံး နည်းလမ်းနှင့် မသေဆုံးရမှာ ဖြစ်သည်။

……….

ရှောင်ပင်းသည် ရှမ့်လန်ကို ကူညီကာဖြင့် အဝတ်အစားများ လဲပေးလျက်ရှိ၏။ ရှမ့်လန်သည် သူ၏ ဦးနှောက်ကို အလျှင်အမြန် အလုပ်ပေးကာဖြင့် စဉ်းစားလျက်ရှိ၏။

ရှောင်ပင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်လျက်ရှိနေလေ၏။ အဘယ့်ကြောင့်ဆိုသော် သမက်တော်သည် တစ်စုံတစ်ခုကို စဉ်းစားသည့် နေရာတွင် လက်ကို အငြိမ်မနေတတ်သောကြောင့်ပင်။

.........

သူ ဘာလုပ်ရမည်နည်း။ ကျူးဝမ်ဟွာ၊ လျှိုဝူယမ် .... ထို့အပြင် အထူးတရားရုံးဆီမှ အရာရှိတစ်ယောက်ကို သတ်ပစ်ရမည်လား။ မဖြစ်သေးပေ။ လင်းဝူမိသားစုနှင့် ရက်ကန်းဌာနမှ အရာရှိတစ်ယောက်ကို သတ်ဖြတ်ပစ်ပြီဆိုရင် လုံလောက်ပြီဖြစ်၏။ ထို့အပြင် အထူးတရားရုံးဆီမှ အရာရှိ ဆိုသည်မှာ နန်းမြို့တော် ဆီမှ အရာရှိဖြစ်၏။ ထိုသူကို သတ်ဖြတ်မိပါက ကြီးမားသည့် တာဝန်ဝတ္တရားကို ယူဆောင်ရပေမည်။ ထို့အပြင် ထိုသူတို့သည် မြို့စားအိမ်တော်၌သာ ရှိနေသေး၏။ တစ်စုံတစ်ယောက် သေဆုံးသွားမည် ဆိုပါက အကျိုးဆက်ကို သူသာ ခံရပေမည်။

ထိုအချိန်မှာပဲ ရှောင်ပင်းက ရုတ်တရက် တုန်ယင်သွားခဲ့၏။ “သမက်တော်.. ကျွန်မ ဘယ်လိုမှ မရတော့ဘူး”

ရှမ့်လန်က ကြောင်အသွားမိ၏။ ပြီးနောက် သူသည် အမှတ်မထင် လက်ကို ပြန်ရုတ်လိုက်မိ၏။ သူ့ဦးနှောက်၏ စဉ်းစားမှုပုံစံသည် အလွန်ရှုပ်ထွေးနေသောကြောင့် သူ၏လက် မည်သို့ အလုပ်လုပ်နေကြောင်း သူ မေ့လျော့သွားခဲ့၏။

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ကျင်းကျုံး၏ အသံက ထွက်ပေါ်လာသည်။ “သခင်လေး .... ကျူးဝမ်ဟွာနဲ့ တခြားသူတွေက စိတ်မရှည် ဖြစ်နေပြီ။ မြန်မြန်ထွက်ခဲ့ဖို့ ပြောနေပါတယ်။ မဟုတ်ရင် လာပြီး ဖမ်းရလိမ့်မယ်တဲ့”

All Chapters